ကား​သစ်(Brand New) များ တင်​သွင်း​ရာ​တွင် ဇန်နဝါရီ ၁​၇​ရက်​မှ​စ​၍ ဘယ်​မောင်း​သာ သွင်း​ခွင့်​ပေး​တော့​မည်​ဖြစ်​ပြီး အနိမ့်​ဆုံးမော်​ဒယ်​သတ်​မှတ်ချက်​ကို မော်တော်​ယာဉ်​တင်​သွင်း​ခွင့်​ဆိုင်​ရာ ကြီးကြပ်​ရေးကော်​မ​တီ​က ထုတ်​ပြန်​လိုက်​သည်။

‘‘အခု​ကြေညာ​ချက်​တွေ​ကို ကား​အရောင်း​ပြ​ခန်း​တွေ၊ အရောင်း​စင်​တာ​တွေ​ကို ပေး​ထား​ပြီး​ပြီ။ ဘယ်​မောင်း​ပြောင်း​တာ​နဲ့ မော်​ဒယ်​တစ်​နှစ်​တိုး​ပဲ ရှိ​တယ်။ ကျန်​တာ​တွေ​ကတော့ သိပ်​အများ​ကြီး​ပြောင်း​တာ​မ​ရှိ​ဘူး’’ဟု မော်တော်​ယာဉ်​အရောင်း​ပြ​ခန်း​လုပ်​ငန်း​ရှင်​တစ်​ဦး​က​ပြော​သည်။

အနိမ့်​ဆုံး​တင်​သွင်း​နိုင်​သည့် နှစ်​ကို တစ်​နှစ်​တိုး​မြှင့်​သတ်​မှတ် လိုက်​ခြင်း​ဖြစ်​ပြီး မော်​ဒယ်​အလိုက် သတ်​မှတ်​ခွင့်​ပြု​ချက်​များ​ကို ဒီဇင်ဘာ ၁​၅ ရက်စွဲ​ဖြင့် ထုတ်​ပြန်​လိုက်​ခြင်း​ဖြစ်​သည်။

‘‘ကား​တွေ​ဈေး​ကွက်​ထဲ​မှာ အများ​ကြီး​ရှိ​နေ​တော့ အများ​ကြီး ထိခိုက်​မှာ​မဟုတ်​ဘူး။ အစိုးရ​က ဒီ​လို​လုပ်​တာ​က​လည်း ဖြစ်​ရိုး​ဖြစ်​စဉ်​တစ်​ခု​ပါ။ ဈေး​မြှင့်​တင်​ပြီး​ရောင်း​တဲ့​ကား​က ရောင်း​ထွက်​မှာ​မဟုတ်​ဘူး။ အခွန်​လျှော့ပေး​မယ်​ဆို​ရင်​တော့ ဈေး​ကွက်​အပြောင်း​အလဲ ရှိ​သွား​နိုင်​တယ်’’ ဟု ကား​ဝယ်​ရောင်း ဦး​သန်း​နိုင်​က ပြော​သည်။

ထို့​ကြောင့် ယာဉ်​အို​ယာဉ်​ဟောင်း အစားထိုး တင်​သွင်း​မှု​တွင် အပ်​ကုန်​စနစ် အပါအဝင် လူ​စီး​ယာဉ်​များ​သည် ၂​၀⁠၀​၃ မှ ၂​၀⁠၀​၉​အတွင်း ၁,၃​၅​၀ စီ⁠စီ​အောက် လူ​စီး​ယာဉ်​များ​သည် ၂​၀⁠၀​၃​မှ ၂​၀⁠၀​၅ အတွင်း ကုန်​တင်​ယာဉ်​များ​မှာ ၂​၀⁠၀​၃ မှ ၂​၀⁠၀​၉​အတွင်း​နှင့် ခရီးသည်​တင်​ယာဉ်​များ​သည် ၂​၀⁠၀​၃ နှင့် ၂​၀⁠၀​၉ အတွင်း တင်​သွင်း​နိုင်​မည်​ဖြစ်​သည်။

‘‘နိုင်ငံ​တိုင်း​မှာ ကားပေါ်​လ​စီ ရှိ​တယ်။ အခု​ထုတ်​ပြန်​တာ​လည်း အရင်​က ကားပေါ်​လ​စီ​ပဲ။ ပေါ်​လ​စီ​တစ်​ခု​ထုတ်​ရင် ကား​ဈေး​တွေ​ကျ​မယ်၊ တက်​မယ်​ထင်​နေ​ကြ​တယ်။ အစိုးရ​က​လည်း အခု​လို​ခွင့်​ပြု​တာ ဘယ်လောက်​ထိ ခွင့်​ပြု​မှာ​လဲ​အရေးကြီး​တယ်။ ဈေး​လျှော့​ဖို့​က အစိုးရ​အခွန်​နဲ့ ဆိုင်​တယ်’’ ဟု Capital Automotive.Ltd အုပ်ချုပ်​မှု​ဒါ​ရိုက်​တာ ဦး​ခင်​ထွန်း​က​ပြော​သည်။

နိုင်ငံ​ခြား​ငွေ​စာရင်း​ဖွင့်​လှစ်​ပြီး တစ်​ဦး​ချင်း​၏ ဖ​ရီး​ပါ​မစ်​များ​မှာ လူ​စီး​ယာဉ်​များ အတွက် ၂​၀​၁​၀ မှ ၂​၀​၁​၅ အတွင်း ၁​၃​၅​၀ စီ⁠စီ​နှင့်​အောက် လူ​စီး​ယာဉ်​များ​သည် ၂​၀⁠၀​၃​မှ ၂​၀​၁​၅​အတွင်း ကုန်​တင်​ယာဉ်​များ ၂​၀⁠၀​၅ မှ ၂​၀​၁​၅​အတွင်း ခရီးသည်​တင်​ယာဉ်​များ express သည် ၂​၀​၁​၀ မှ ၂​၀​၁​၅​အတွင်း​နှင့် မြို့တွင်း​ပြေး​ဆွဲ​ယာဉ်​များ​မှာ​လည်း ၂​၀​၁​ဝ​မှ ၂​၀​၁​၅​အတွင်း​ဘယ်​မောင်း​များ​ကို​သာ တင်​သွင်း​ရန် သတ်​မှတ်ထား​သည်။

တိုင်း​ဒေသ​ကြီး​နှင့် ပြည်နယ် အစိုးရ​အဖွဲ့​ဖြင့် တက္က​စီ​လျှောက်ထား​မှု​များ​မှာ လူ​စီးမော်တော်​ယာဉ်​များ ၂​၀​၁​ဝ​မှ ၂​၀​၁​၅​အတွင်း ယာဉ်​များ ဖြစ်​ရ​မည်​ဖြစ်​သည်။ ပုံ​မှန်​လိုင်စင်​ဖြင့်မော်တော်​ယာဉ် လျှောက်ထား​နိုင်​သော ယာဉ်​များ (FOC စနစ်​ဖြင့် ပြည်​ပ​မှ လှူဒါန်း သည့် မော်တော်​ယာဉ်​ပါ​မစ် လျှောက်ထား​မှု)၌ လူ​စီး​ယာဉ်​များ​သည် ၂​၀​၁​ဝ​မှ ၂​၀​၁​၅​ခု​နှစ်​အတွင်း လုပ်​ငန်း​သုံး​ယန္တရား​ယာဉ်​များ သည် ၂​၀⁠၀​၅ မှ ၂​၀​၁​၅ ခု​နှစ်​အတွင်း မီးသတ်​ယာဉ်၊ လူ​နာ​တင်​ယာဉ်၊ နိဗ္ဗာန်​ယာဉ်​များ​သည် ၁​၉⁠၉​၉ ခု​နှစ် မှ ၂​၀​၁​၅ ခု​နှစ်​အတွင်း တင်​သွင်း​ရ​မည်​ဖြစ်​ပြီး သာသနာ​ရေး​ယာဉ်​များ​ကို ၂​၀⁠၀​၅​မှ ၂​၀​၁​၅ အတွင်း တင်​သွင်း​ရန်​သတ်​မှတ်ထား​သည်။

အစိုးရ​ဌာ​နမော်တော်​ယာဉ် လျှောက်ထား​မှု​များ​အတွက် ၂​၀⁠၀​၅​နှင့် ၂​၀​၁​၅ အတွင်း တင်​သွင်း​ခွင့်​ပြု​မည်​ဖြစ်​သည်။

‘‘ကား​အများ​စု​က တစ်​နှစ်​တိုး သတ်​မှတ်​လိုက်​တော့ လေလံ​မှာ​တော့မော်​ဒယ်​မြင့်​တာ​တွေ​က ဈေး​နည်း⁠နည်း​တက်​သွား​နိုင်​တာ ပေါ့’’ဟု မော်တော်​ယာဉ်​တင်​သွင်း​သူ​တစ်​ဦး​က​ဆို​သည်။

Credit to 7Day Daily