UK Visa အင်တာဗျူး​ဖို့​အတွက် သံ​ရုံး​ရှေ့​ကို (၈)နာရီ အရောက် သားအမိ နှစ်​ယောက် ရောက်​နေ​ပြီ။ ကျွန်မ စိတ်​တော့ လူပ်​ရှား​နေ​မိ​တယ်။ ဗိုလ်​တစ်​ထောင်​ဘုရား​မှာ​လည်း အင်တာဗျူး အဆင်​ပြေ​ဖို့ ဆိုင်​ရာ​ပိုင်​ရာ ပုဂ္ဂိုလ်​တွေ​ကို ပွဲ​အပ် ဆုတောင်း​ပေါ့ … (UK သံ​ရုံး​က ဗိုလ်​တစ်​ထောင် အပိုင်​နယ်​မြေ​ဖြစ်​နေ​တာ​ကိုး) မေမေ​က​လည်း သံ​ရုံး​ဘေး​ပေါက်​နား​မှာ မတ်​တပ်​ရပ်​ပြီး ဆုတောင်း မေတ္တာပို့​နေ​တယ်။

သံ​ရုံး Lobby ထဲ​မှာ​ထိုင်​စောင့်​နေ​တုန်း ကျွန်မ အလှည့်​ရောက်​တော့ သံ​ရုံး​ဝန်​ထမ်း အမ​က အင်တာဗျူး​ဖြေ​ဖို့ အခန်း​ထဲ​ကို ခေါ်​လိုက်​တယ်။ British Consular က အမျိုးသမီး … ကျွန်မ​ကို ထိုင်​ခုံ​ပေး​ထား​လို့ ထိုင်​ခွင့်​ရ​တယ်။ သူ​နဲ့ ကျွန်မ အကြား .. မှန်​ချပ်​ကာ​ထား​တယ်။ One by One သူ​မေး​သ​မျှ မေးခွန်း​တွေ​ကို ကျွန်မ စိတ်​အေးအေး​ထား​ပြီး တစ်​ခု​ချင်း ဖြေ​ခဲ့​တယ်။ အင်တာဗျူး​ချိန် မိ​နစ် (၂​၀) အတွင်း​မှာ ကျွန်မ​ကို မနက်​ဖြန် ဗီဇာ လာ​ယူ​ပါ​လို့ သူ​ပြုံး​ပြီး ပြော​လိုက်​တယ်။

သူ​မေး​ခဲ့​တဲ့ မေးခွန်း​တွေ​ကတော့ …

– ကျွန်မ မိသား​စု စီးပွား​ရေး တောင့်တင်း​မှု ရှိ​မ​ရှိ

(ပါ⁠ပါ​အလုပ်​လုပ်​တဲ့ ကုမ္ပဏီ​ရဲ့ စာ​ရွက်​စာ​တမ်း​တွေ​နဲ့ မေမေ​ပိုင်ဆိုင်​တဲ့ ဖယောင်းတိုင်​လုပ်​ငန်း​က ဝင်ငွေ ထွက်​ငွေ စာရင်း​ဇယား​တွေ ၊ ဘဏ်​ထဲ​မှာ ကျွန်မ ကျောင်း​အတွက် ငွေ​ဘယ်လောက် ထည့်​ပေး​ထား​သလဲ ဆို​တဲ့ မေမေ့ ဘဏ်​စာရင်း​စာအုပ်​တွေ​ကို သူ​စစ်​တယ်)

– ဘာ​ကြောင့် လန်ဒန်​မှာ ကျောင်း​သွား​တက်​ချင်​ရ​တာ​လဲ

(စစ်​အစိုးရ​လက်ထက်​မှာ ငါ​တို့​လူ​ငယ်​တွေ​ရဲ့ ပညာ​ရေး​ဟာ အားလုံး​အပိတ်​ခံထား​ရ​တယ်။ ငါ​တို့​မှာ အနာဂတ်​တွေ မဲ့​နေ​ပြီ .. ပညာသင်​ချင်​တဲ့​စိတ် ၊ တိုးတက်​ချင်​တဲ့​စိတ်​တွေ ရှိ​ပါ​လျက်​နဲ့ မြန်မာ​ပြည် ပညာ​ရေး​က မ​ကောင်း​တော့​လို့ စာ​သင်​ချင်​လို့ ကမ္ဘာ​မှာ ပညာ​ရေး​မှာ နာမည်​အရမ်း​ကြီး​ပြီး ဂုဏ်​သ​တင်းကျော်​ကြား​တဲ့ လန်ဒန်​ကို ကျောင်း​တက်​ဖို့ ရွေး​တယ်)

– ကျောင်း​ပြီး​ရင်​ရော ဘာ​လုပ်​ဖို့ အစီ​အစဉ်​ရှိ​သလဲ

(ကျောင်း​ပြီး​ရင် မြန်မာ​ပြည်​ကို ချက်ချင်း​ပြန်လာ​မယ်။ ငါ​က စာ​သင်​တာ​ကို ဝါသနာ​ပါ​တဲ့​အတွက် အင်္ဂလိပ်​စာ သင်​တဲ့ မူလ​တန်း​ကျောင်း​လေး ဖွင့်​မယ် စိတ်ကူး​ထား​တယ်။ (အမေ​ရိ​ကန်​သံ​ရုံး​မှာ ဗီဇာ​ဝင်​တုန်း​က ပြန်လာ​မှာ​လား​မေး​တော့ ပြန်​မ​လာ​ဘူး​လို့ ဖြေ​လိုက်​လို့ ဗီဇာ မ​ရ​ခဲ့​တဲ့ သင်​ခန်း​စာ​ရှိ​တော့ ပြန်လာ​မယ်​လို့ မ​ဆိုင်း​မ​တွ ဖြေ​ထည့်​လိုက်​တယ်) ငါ့​မိဘ​တွေ​မှာ​လည်း သားသမီး​ဆို​လို့ ငါ​တစ်​ယောက်​ပဲ ရှိ​တဲ့​အတွက် ငါ့​မိဘ စီးပွား​ရေး လုပ်​ငန်း​တွေ​ကို ဆက်​လုပ်​ဖို့​နဲ့ မိဘ​ကို စောင့်ရှောက်​ဖို့ ငါ မ​ဖြစ်​မ​နေ ပြန်လာ​မှ​ကို ရ​မယ်​လို့ ဖြေ​လိုက်​တယ်)

– ဘာ​ကြောင့် အင်္ဂလိပ်​စာ ဘာသာ​ရပ်​ကို​ပဲ အဓိက​ထား​ပြီး ကျောင်း​လျှောက်​သလဲ

(မြန်မာ​ပြည်​မှာ​လည်း အင်္ဂလိပ်​စာ (အထူး​ပြု)နဲ့ နောက်ဆုံး​နှစ် တက်​နေ​တယ်။ အခြား ဘာသာ​ရပ်​တွေ​ကို​လည်း အင်္ဂလိပ်​စာ​လောက် စိတ်​မ​ဝင်စား​ဘူး ။ ဒါ​ကြောင့် ဒီ​နိုင်ငံ​မှာ သင်​ထား​တာ​နဲ့ လန်ဒန်​မှာ အသစ်​ဘာသာ​ရပ်​တွေ​ကို ဆက်​မ​သင်​ချင်​လို့ English to English ဘာသာ​ရပ်​ချင်း ဆက်​စပ်​မှု​လည်း ရှိ​မယ်​ထင်​လို့ အင်္ဂလိပ်​စာ ကျောင်း​သီး​သန့် ကို​ပဲ ရွေးချယ်​ပြီး ကျောင်း​အပ်ခဲ့​တယ်)

နောက်ဆုံးပိတ် မေး​တဲ့​မေးခွန်း​လေး​ကို​တော့ ကျွန်မ အခု​ထိ အမှတ်ရ​ပြီး ပြုံး​မိ​နေ​တုန်း​ပါ။

– မင်း​မှာ ချစ်​ရ​မယ့်​သူ ရှိ​သလား​တဲ့ (ဘာ​မှ​မ​ဆိုင်​တဲ့ Personal Question ကို​သူ​မေး​တယ်)

ကျွန်မ​ကို အင်္ဂလိပ်​စာ သင်ပေး​တဲ့ ဆရာ​ချစ်​က ကျွန်မ​ချစ်​သူ​နဲ့ ကျွန်မ တွဲ​ရိုက်​ထား​တဲ့ ဓါတ်​ပုံ​လေး​ကို ပိုက်ဆံ​အိတ်​ထဲ ထည့်​သွား​ဖို့ အကြံပေး​ခဲ့​တယ်။ အကယ်၍​များ လို​အပ်ခဲ့​ရင် ထုတ်ပြ​ဖို့ … တစ်​ကယ်​ပဲ လို​အပ်​လာ​တယ်။ ကျွန်မ Wallet ကို ဖွင့်​ပြီး ဒီ​မှာ ငါ​နဲ့ ငါ့​ချစ်​သူ​ပုံ ..

ငါ့​ချစ်​သူ​က ငါ့ကို နိုင်ငံ​ခြား မ​သွား​စေ​ချင်​ဘူး .. ငါ့​မိဘ​တွေ​က ပညာ​ရေး​အတွက် လွှတ်​လို့ ငါ​သွား​ရ​မှာ။ ငါ​က ငါ့​ချစ်​သူ​ကို မ​ခွဲ​နိုင်​ဘူး . ကျောင်း​ပြီး​တာ​နဲ့​ပြန်လာ​ပြီး လက်ထပ်​မှာ​လို့ .. ကျွန်မ​ဖြေ​လိုက်​တော့ သူ​ရယ်​တယ်)

တစ်​ကယ်​တမ်း​တော့ ကျွန်မ First Bf က အမေ​ရိ​ကား​ကို ရောက်​နေ​ပြီ။ မြန်မာ​ပြည်​မှာ​လည်း မ​ရှိ​တော့​ဘူး ။ ဒါ​ပေ​မယ့် ကျွန်မ မုသား​လှ⁠လှ​လေး​တွေ​တော့ သုံး​ပြီး Consular ယုံ​အောင် ဖြေ​ခဲ့​လိုက်​တယ်။

မနက်​ဖြန် ဗီဇာ​လာ​ယူ​ပါ​လို့ ပြော​ပြီး ကျွန်မ Passport ကို သူ​သိမ်းထား​လိုက်​ပြီး နှုတ်ဆက်​လိုက်​တဲ့ အချိန် ကျွန်မ ပျော်​လွန်း​လို့ သူ့​ကို ပြန်​ခါ​နီး နှုတ်ဆက်​တာ .. Thank You So Much Sir တဲ့ .. (အခု​ပြန်​တွေး အခု​ရယ်​ချင်​တယ်)

ကျွန်မ သံ​ရုံး​အပေါက်​ဝ ထွက်​လာ​ပြီး မေမေ့ကို ဦးစွာ​လိုက်​ရှာ​တယ် ..

မျက်​ဝန်း​ထဲ​မှာ မျက်ရည်​တွေ​နဲ့ မေမေ .. မေမေ … လို့ အော်ခေါ်​မိ​တယ်။

မေမေ​က သံ​ရုံး​ဘေး​လမ်းကြား​ထဲ​က​နေ ထွက်​လာ​တာ ကျွန်မ​မြင်​တော့ …. မေမေ့ကို ကျွန်မ လက်မ​လေး​ထောင်​ပြ​ပြီး ပြေး​ဖက်​ပြီး ငို​မိ​တယ်။ သားအမိ​နှစ်​ယောက် သံ​ရုံး​ဘေး​မှာ ရှိုက်ကြီးတငင် ငို​နေ​တာ ဘေး​နား​က ကလေး​တွေ သံ​ရုံး​ဝင်​တာ​ကို လာ​စောင့်​နေ​ကြ​တဲ့ အခြား မိဘ​တွေ​က ကျွန်မ​ကို လာ​အားပေး​တယ်။

သမီး​ရယ် … မ​ငို​ပါ​နဲ့ .. နောက်​တစ်​ခါ ထပ်​ကြိုးစား​ပေါ့​တဲ့ (မြန်မာ​လူ​မျိုး​ဆို​တာ အဲ​လို​မျိုး)

ကျွန်မ အငို​မျက်လုံး အပြုံး​မျက်နှာ​နဲ့ ပြန်​ဖြေ​လိုက်​တယ် ..

သမီး UK Visa ရ​လို့ ဝမ်းသာ​လို့ ငို​မိ​တာ​ပါ .. မ​ရ​လို့ ငို​တာ မဟုတ်​ပါ​ဘူး အန်​တီ​ရှင့် ~~

မေမေ​က ကျွန်မ​ကို ဖက်​ပြီး စကား​တစ်​ခွန်း​ပြော​တယ် ..

သမီး​လေး … ဘဝ​မှာ ရူး​တဲ့​သူ​တွေ​မှ ထူး​တာ .. အခု လက်တွေ့​ပဲ မြင်​ပြီ​မ​လား ..

မေမေ​တို့ သားအမိ​ကို တစ်​မျိုး​လုံး တစ်​ဆွေ​လုံး​က နိုင်ငံ​ခြား​ရူး ရူး​နေ​တဲ့ သားအမိ ၊ နိုင်ငံ​ခြား​မှာ ဆွေ​မ​ရှိ မျိုး​မ​ရှိ ဘယ်​လို​သွား​မ​လဲ ဘယ်​လို​ကျောင်း​သွား​တက်မ​လဲ​လို့ အထင်​သေး​နေ​တဲ့ သူ​တွေ​ကို သမီး​ရဲ့ ကြိုးစား​မှု​နဲ့ မေမေ​ရဲ့ ပံ့ပိုး​ပေး​မှု​တွေ​ကြောင့် အခု မေမေ​တို့ သားအမိ ရူး​ရ​ကျိုး နပ်​ပြီ​ပေါ့ ……….

Credit to “သမီး​ဆိုး”