အချိန် – ၂​၀⁠၀​၆ ခု​နှစ်
နေရာ – Rock am Ring Concert, Germany

တ​ကိုယ်​လုံး​မှာ တက်​တူး​အပြည့်​နဲ့၊ ဦးထုပ်​ကို​နောက်ပြန်​ဆောင်း၊ မျက်မှန်​အမဲ​နဲ့ အဆိုတော်​ရဲ့​နာမည်​က M. Shadows ပေါ့။ မက်​တယ်​ဝိုင်း​ဖြစ်​တဲ့ Avenged Sevenfold တို့​ရဲ့​အဆိုတော်။ အားပါးတရ​အားပေး​နေ​တဲ့ ပရိတ်​သတ် (၁) သိန်း​ခွဲ​လောက်​ကို သူ​ဆို​မယ့်​သီချင်း​တ​ပုဒ်မ​စ​ခင်​မှာ ဟော​ဒီ​လို​ပြော​တယ်။

“မင်း​တို့​ကို လွန်​ခဲ့​တဲ့ (၁​၂) နှစ်​လောက်​ကို ပြန်ခေါ်​သွား​မယ်။ ဒီ​သီချင်း​ကို မ​သိ​တဲ့​ကောင်​တွေ အခု​ချက်ချင်း နာက်​ပြန်​လှည့်​ပြီး ဒီ​ပွဲ​ထဲ​က​နေထွက်​သွား။ Synyster အဲ​ဒီ​သီချင်း​ကို စ​တီး​လိုက်​ကွာ။”

ပရိတ်​သတ် (၁) သိန်း​ခွဲ​လောက်​ကို အဲ​ဒီ​လို​ပြော​လိုက်​တာ​ဟာ ရုတ်​တရက်​ဆို ခင်​များ​လန့်​ချင်​လန့်​သွား​လိမ့်​မယ်။ သူ​ဆို​တဲ့​သီချင်း​နာမည်​နဲ့ ရာဇဝင်​ကို​သိ​ရင် သူ​ပြော​တာ​ကို ပို​ပြီး​နားလည်​သွား​မှာ​ပါ။ သီချင်း​နာမည်​က Pantera တို့​ရဲ့ Walk ဖြစ်​ပါ​တယ်။ ဒီ​သီချင်း​ဟာ မက်​တယ်​ဂီ​တ​ချစ်​သူ​တွေ​အတွက် နိုင်​ငံတော်​သီချင်း​လို​ပါ​ပဲ။ မ​သိ​လို့​မ​ဖြစ်​ဘူး။ မက်​တယ်​ဂီ​တ​တွေ သွေးကြော​ထဲ​မှာ ပွက်⁠ပွက်​ဆူ​တဲ့​သူ​တ​ယောက်​အတွက် ဒီ​သီချင်း​ဟာ ကိုယ့်​အတွက်​ဦးတိုက်​ပြီး​ရေးထား​သလား အောင့်​မေ့​ရ​တယ်။

၁​၉⁠၉​၀ နှစ်​ဟာ သရေ​ဂျာ​ကင်​ဝတ်​ပြီး ဆံပင်​အပျံ​စား​ပြင်ဆင်​ထား​တဲ့ Hair Metal/Glam Rock အစ​ရှိ​တဲ့ ဟဲ​ဗီး​ရော့ခ်​သမား​တွေ​အတွက် အတော်​လေး​အခက်​ကြုံ​ရ​တဲ့​နှစ်​ပေါ့။ ဓါတ်​ပြား​တိုက်​တွေ​က သူ​တို့​ကို အယ်လ်​ဘန်​ထုတ်​မ​ပေး​ချင်​ကြ​တော့​ဘူး။ လူ​တွေ​က ညည်း​ငွေ့​လာ​ပြီ​ကိုး။ သူ​တို့​ရဲ့​ဂီ​တဖော်​မြူ​လာ​ကြီး​က ရိုး​အီ​လာ​ကြ​ပြီ​ကိုး။ အဲ​ဒီ​မှာ my hair is my flag လို့​ကြွေးကြော်​ပြီး ဆံ​ရှည်​ထားခဲ့​သူ​တွေ​လဲ ဆံပင်​တို​ညှပ်​ကြ​တယ်။ အဲ​ဒီ​မှာ Nirvana Nevermind အယ်လ်​ဘန်​ထွက်​လိုက်​ချိန်​မှာ အားလုံး​သိ​လိုက်​တယ်။ ဂီ​တ​ခေတ်​သစ်​တ​ခု​ပြောင်းလဲ​သွား​ပြီ​ဆို​တာ။ မေး​စရာ​ရှိ​တာ​က မက်​တယ်​ဆို​တာ မ​ရှိ​တော့​ဘူး​လား။

အဲ​ဒီ​အချိန်​မှာ Pantera တို့​ရဲ့ Cowboys from Hell အယ်လ်​ဘန်​ထွက်​လာ​တယ်။ အဆိုတော်​က ကတုံး၊ ကျန်​တဲ့​သူ​တွေ​က ဆံ​ရှည်​တွေ။ ဘွန်​ဂျီ​ဗီ​တို့​လို ရုပ်​ချော​တဲ့​သူ​တွေ​မဟုတ်​ဘူး။ ဘောင်းဘီ​အတို၊ တီ​ရှပ်​အနက်။ မ​ပြင်​မ​ဆင်။ အပေါ်ယံ​တွေ​ကို ဘေး​ဖယ်​ပြီး သူ့​ဂီ​တ​အကြောင်း​ပြော​ရ​ရင် အခု ဒီ​ပို့စ်​ရေး​နေ​တဲ့​၂​၀​၁​၅ ခု​နှစ်​အထိ ထွက်​သ​မျှ​မက်​တယ်​ဂီ​တ​အယ်လ်​ဘန်​အများ​စု​ဟာ ပန်​တား​ရား​တို့​ရဲ့​အရိပ်အာဝါသ​လွတ်​ကင်း​တဲ့​သူ ခပ်​ရှား⁠ရှား​ပဲ။ ပန်​တား​ရား​တို့​ဂီ​တ​က အဲ​ဒီ​လို​မျိုး ဩဇာ​ရှိ​တာ။

အဆိုတော်​ဖီးလ်​ရဲ့ အသံ​ဟာ သီချင်းဆို​နေ​တာ​ထက် ဒဏ်ရာ​အနာတရ​တ​ခု⁠ခု​ရထား​တဲ့ သားရဲ​ကောင်​တ​ကောင်​ရဲ့​ညည်းတွား​နေ​တာ​မျိုး။ ဒ​ရမ်​မာ​ကတော့ (ဂစ်​တာ​သမား​နဲ့ ညီအစ်ကိုတော်​တယ်) ရုတ်​တရက်​ဆို​ရင် ဒီ​ကောင့်​မှာ ခြေ​တွေ​လက်​တွေ ဘယ်နှစ်​ခု​ပါ​လဲ​လို့ ထင်​ရ​လောက်​အောင် မြန်ဆန်​တိ​ကျ​တာ။ ဘေ့စ်​ဂစ်​တာ​သမား​က Rex။ ဂစ်​တာ​သမား​ကတော့ မ​သိ​လို့​မ​ဖြစ်​တဲ့ Dimebag Darrell ပေါ့​ဗျာ။

ပထမ​ဆုံး မေ​ဂျာ​အခွေ​ဖြစ်​တဲ့ Cowboys from Hell ဟာ မက်​တယ်​ဂီ​တ​ကို ပိုမို​ဂုဏ်တက်​စေ​ပြီး အနာဂတ်​မက်​တယ်​ဂီ​တ​ကို မျိုးစေ့​ချ​ပေး​ခဲ့​တယ်။ အယ်လ်​ဘန်​နာမည်​ဖြစ်​တဲ့ Cowboys from Hell သီချင်း​ရဲ့ အဖွင့်​ဂစ်​တာ Riff ဟာ နောင်​လာ​နောက်​သား ဂစ်​တာ​သမား​တွေ​အတွက် မတတ်​မ​ဖြစ်၊ မ​သိ​မ​ဖြစ်​တဲ့ ဂစ်​တာ​သင်​ခန်း​စာ​တ​ခု​ဖြစ်​တယ်။ မ​ရေတွက်​နိုင်​အောင်​များပြား​လှ​တဲ့ ဝိုင်း​တွေ​က ကာ​ဗာ​သီချင်း​အဖြစ်​ပြန်ဆို​ကြ​တယ်။

ပြော​လက်စ စကားပြန်​ကောက်​ချင်​တယ်။ Walk သီချင်း​ဟာ ခပ်​ပျော့⁠ပျော့​သီချင်း​တွေ​နားထောင်​လေ့​ရှိ​ပြီး မက်​တယ်​ဂီ​တ​ကို အသွေးအသား​တွေ​ထဲ​က​ကြိုက်​တဲ့​သူ​တွေ​ဆီ ဇွတ်တရွတ်​လာ​ရော​တတ်​တဲ့ အရူး​တွေ​အတွက် မေး​ရိုးပေါ်​တိုက်ရိုက်​ထိ​တဲ့ လက်သီး​ပြင်း⁠ပြင်း​တ​လုံး​ဖြစ်​တယ်။ တည့်⁠တည့်​ထပ်ပြော​ရ​ရင် မက်​တယ်​ဂီ​တ​ကြိုက်​တယ်​ဆို​တာ တော်​ရုံ​စိတ်​ဓါတ်​နဲ့​မ​ဖြစ်​ဘူး။ မ​ကြိုက်​ရင် မ​ကြိုက်​ဘူး။ ကြိုက်​ရင်​ကြိုက်​တယ်​ပေါ့။ မ​ကြိုက်​လဲ​ရှင်း⁠ရှင်း​လေး။ ဟိုး​အဝေး​မှာ​သွား​နေ​လိုက်​ကြ​ဖို့​ပဲ။

ကဲ အခု​ဆို​ရင် M.Shadows က ဒီ​သီချင်း​ကို​မ​သိ​ရင် သူ​တို့​ပွဲ​က​နေထွက်​သွား​ခိုင်း​တာ ခင်​များ အနည်း​ဆုံး​တော့ နားလည်​ကောင်း နားလည်​လိမ့်​မယ်။

Written by ကို​ဝီ

မှတ်ချက်။ ။ Walk သီချင်း ပန်​တား​ရား​တို့​ရဲ့ Vulgar Display of Power အခွေ​ထဲ​မှာ ပါဝင်​ပါ​တယ်။
Credit to Scorpion Soup for Souls