ကိုယ်​စွမ်း ဥာဏ်​စွမ်း ရှိ​သ​လောက် ခက်ခဲ​တဲ့ အလုပ်​ကို အချိန်​ပြည့် ကြိုးစား အားထုတ်​ပြီး လုပ်​နေ​တဲ့​သူ​ဟာ ဂုဏ်​သိက္ခာ​ရှိ​တယ်။ ကိုယ့်​မှာ အရည်အချင်း ရှိ​သ​လောက် အစွမ်း​ကုန် မ​ကြိုးစား​ပဲ သက်သာ​အောင် နေ​တဲ့​သူ​ဟာ ဂုဏ်​သိက္ခာ​မဲ့​တဲ့​ဘဝ​ကို နေ​တာ။

သူ့​ကို လွှမ်းမိုး​ဖို့ ကြိုးစား​တာ​နဲ့ ကိုယ့်​တည်ကြည်​မှု ကျ​သွား​တော့​တာ​ပါ​ပဲ။ သူ​တ​ပါး​ရဲ့ စိတ်တည်ကြည်​မှု ကျ​သွား​အောင် လုပ်​ရင် ကိုယ့်​စိတ် တည်ကြည်​မှု​လည်း ကျ​သွား​တာ​ပဲ။ သူ​များ​ကို မ​လေးစား​တဲ့ စိတ်​ဟာ တည်ကြည်​မှု၊ လေးနက်​မှု မ​ရှိ​နိုင်​ဘူး။ လူ​မှာ တန်ဖိုး​အရှိ​ဆုံး​ဟာ စိတ်​ရဲ့ အရည်အသွေး​ပဲ။ ကိုယ်​က သူ့​ကို ကြောက်​သွား​ရင် ကိုယ့်​စိတ်​ရဲ့ အရည်အသွေး ကျ​သွား​တယ်။ ကိုယ်​က သူ့​ကို အနိုင်​ယူ​ချင်​တယ်၊ ကိုယ့်ကို ကြောက်​သွား​အောင် လုပ်​ချင်​တယ် ဆို​ရင်​လည်း ကိုယ့်​စိတ်​ရဲ့​အရည်အသွေး ကျ​သွား​တာ​ပါ​ပဲ။ ကိုယ့်ကို သူ​များ ကြောက်​နေ​တာ​ကို မ​လိုချင်​ဘူး။ ကြောက်​နေ​တဲ့ စိတ်​မှာ dignity မ​ရှိ​ဘူး။ တည်ကြည်​မှု၊ ခန့်​ငြား​မှု၊ ဣန္ဒြေ​သိက္ခာ မ​ရှိ​ဘူး။ ကြောက်​အောင် လုပ်​နေ​တဲ့ စိတ်​မှာ​ကော dignity ရှိ​သလား။ တည်ကြည်​မှု၊ ခန့်​ငြား​မှု၊ ဣန္ဒြေ​သိက္ခာ ရှိ​သလား။ မ​ရှိ​ဘူးနော်။ သူ​များ​ကို ကြောက်​အောင် ခြောက်​နေ​တဲ့​သူ​မှာ dignity မ​ရှိ​ဘူး။

ကိုယ့်​အနား​ရောက်လာ​တဲ့ လူ​တွေ​ကို​လည်း သူ​တို့​စိတ်​ထဲ​မှာ အေးချမ်း​စေ​ချင်​တယ်။ ဣန္ဒြေရ​ရ သိက္ခာ ရှိ​ရှိ နေ​စေ​ချင်​တယ်။ မေတ္တာ အပြန်​အလှန် ရှိ​စေ​ချင်​တယ်။ ကိုယ့်​မှာ အေးချမ်း​မှု ရှိ​မှ​သာ ဒါ​တွေ​ကို တန်ဖိုး ထား​တတ်​လာ​တယ်။ အသိ​အမှတ် ပြု​တတ်​လာ​တယ်။ ကိုယ့်​မှာ အေးချမ်း​မှု မ​ရှိ​ရင် ဒါ​တွေ​ကို တန်ဖိုး​မ​ထား​နိုင်​ဘူး။ ကိုယ့်ကိုယ်ကို တန်ဖိုး​ထား​မှ၊ ကိုယ့်​ရဲ့ တည်ကြည်​မှု၊ ခန့်​ငြား​မှု၊ ဣန္ဒြေ​သိက္ခာ ရှိ​မှု၊ ကြောက်​ခြင်း စိုးရိမ်​ခြင်း ကင်း​မှု​ကို တန်ဖိုး​ထား​မှ၊ ကိုယ့်​မှာ အဲ​ဒီ​လို ဣန္ဒြေ သိက္ခာ​ရှိ​မှ သူ​တ​ပါး​ကို​လည်း ကိုယ့်​လို​ပဲ ဣန္ဒြေ​သိက္ခာ (dignity) ရှိ​စေ​ချင်​တယ်။ ဣန္ဒြေမဲ့​တာ သိက္ခာ​မဲ့​တာ မ​ဖြစ်​စေ​ချင်​ဘူး။ ခွေး​တို့ ကြောင်​တို့ စ​တဲ့ တိရစ္ဆာန်​တွေ​ကို​တောင်​မှ သူ​တို့​ဟာ​သူ​တို့ ဣန္ဒြေရ​ရ နေ​စေ​ချင်​တယ်။ ကြောက်လန့်​ပြီး မ​နေ​စေ​ချင်​ဘူး။ ဂုဏ်​သိက္ခာ တကယ်​ရှိ​တဲ့​သူ၊ တည်ကြည်​မှု၊ ခန့်​ငြား​မှု၊ တကယ်​ရှိ​တဲ့ သူ​ဟာ ဘယ်​သူ​နဲ့​မှ မ​ငြင်း​ဘူး၊ ရန်​မ​ဖြစ်​ဘူး။ ပြော​စရာ​ရှိ​တာ​ကို ရှင်း​ရှင်းလင်း​လင်း တိတိ​ကျ⁠ကျ​ပဲ ပြော​တယ်။ သူ​တ​ပါး​ကို အနိုင်​ယူ​ချင်​တဲ့​စိတ်​နဲ့ သူ​တ​ပါး သိက္ခာ​ကျအောင် ပုတ်ခတ်​တဲ့ စကား​မျိုး​ကို မ​ပြော​ဘူး။ သူ​များ သိက္ခာ​ကျ​မှ ကိုယ့်​မှာ ဂုဏ်ရှိ​တယ်​လို့ မ​ယူဆ​ဘူး။

ငွေ​ဟာ လူ​တွေ​ရဲ့ စိတ်​ထဲ​မှာ အချိန်​အများ​ဆုံး ယူထား​တဲ့​အရာ ဖြစ်​နေ​တယ်။ သားသမီး​နဲ့​မိဘ ဆက်ဆံ​ရေး၊ ဇနီးခင်ပွန်း ဆက်ဆံ​ရေး၊ မိတ်ဆွေ​အပေါင်းအသင်း ဆက်ဆံ​ရေး​တွေ​မှာ ငွေ​ဟာ အရေး​ပါ​တဲ့ အကြောင်း​တ​ခု​ဖြစ်​နေ​တယ်။ လူ​တွေ​ကို အများ​ဆုံး လွှမ်းမိုး​တာ၊ ခြယ်လှယ်​တာ ငွေ​ဖြစ်​နေ​တယ်။ ငွေ​ခိုင်း​တာ လုပ်​နေ​ကြ​ရ​တယ်။ ငွေ​ကို အဓိက​ထား​ပြီး ဆက်ဆံ​တဲ့ ဆက်ဆံ​ရေး​ဟာ လူ့​တန်ဖိုး​ကို ကျ​စေ​တဲ့ ဆက်ဆံ​ရေး၊ လူ့​ဂုဏ်​သိက္ခာ​ကို ကျ​စေ​တဲ့ ဆက်ဆံ​ရေး ဖြစ်​တယ်။ ငွေ​အကြောင်း ပြော​လွန်း​တာ dignity မ​ရှိ​ဘူး။ ဣန္ဒြေ သိက္ခာ မ​ရှိ​ဘူး။ သူ့​ဘဝ​ကို ငွေ​နဲ့ မ​တိုင်းတာ​ဘူး၊ သူ့​ဘဝ​ကို ငွေ​နဲ့ မ​ရောင်း​ဘူး။ ဒါ​ကြောင့် သူ​ဟာ သိက္ခာ​ရှိ​ရှိ နေ​နိုင်​တဲ့​သူ ဖြစ်​တယ်။

ဝေဖန်​တာ ခံ​ရ​တိုင်း ဒေါသ​ဖြစ်​တာ​ဟာ မ​ခိုင်မာ​တဲ့ သဘော​ဖြစ်​တယ်။ ချီးမွမ်း​တိုင်း ဝမ်းသာ​တတ်​တဲ့​သူ၊ ကဲ့ရဲ့​တိုင်း စိတ်ဆိုး​တတ်​တဲ့​သူ​ဟာ စိတ်​မ​ခိုင်​တဲ့​သူ​ဖြစ်​တယ်။ ဣန္ဒြေ​မ​ရ​ဘူး။ dignity မ​ရှိ​ဘူး။ ချီးမွမ်း​တာ ခံ​ရ​လည်း တည်⁠တည်​ငြိမ်​ငြိမ် နေ​နိုင်​တဲ့​သူ၊ ကဲ့ရဲ့​တာ ခံ​ရ​လည်း တည်⁠တည်​ငြိမ်​ငြိမ် နေ​နိုင်​တဲ့​သူ​ဟာ ဣန္ဒြေရ​တယ်၊ သိက္ခာ ရှိ​တယ်၊ dignity ရှိ​တယ်။

မြန်မာ​ပြည်​က ဒကာ ဒကာမ​တွေ၊ လူ​ငယ်​တွေ ဣန္ဒြေ သိက္ခာ​ရှိ​ရှိ ခန့်⁠ခန့်​ငြား​ငြား အဝတ်​အစား​ကို ဝတ်​စေ​ချင်​လိုက်​တာ။ အဝတ်​အစား ခန့်⁠ခန့်​ငြား​ငြား ဝတ်​တတ်​ရင်​ပဲ အဲ​ဒီ​လူ​မျိုး​ဟာ အဆင့်​အတန်း မြင့်​လာ​မယ်။ လူ့​အသိုင်းအဝိုင်း​မှာ နေ​တာ၊ လူ​တွေ​ကြား​ထဲ​မှာ နေ​တာ။ ဒါ​ကြောင့် ပတ်ဝန်းကျင်​ကို လေးစား​ရ​မယ်၊ ကိုယ့်​ကိုယ်⁠ကိုယ်​လည်း လေးစား​ရ​မယ်။ ကိုယ့်​ကိုယ်​ကိုယ် လေးစား​ရင် သပ်သပ်​ရပ်​ရပ် ဝတ်​ရ​မယ်။ ဒါ​မှ​လည်း သူ​များ​ရဲ့​လေးစား​မှု​ကို ရ​မယ်။ ငါ့ဟာ​ငါ ဝတ်​ချင်​လို့ ဝတ်​တာ​ပဲ​လို့ ပြော​လို့ မ​ရ​ဘူး။ ငါ့ဟာ​ငါ ဝတ်​ချင်​သ​လို ဝတ်​မယ်​ဆို​ရင် ဘယ်​မှာ သွား​နေ​ရင် ကောင်း​မ​လဲ။ လူ​မ​ရှိ​တဲ့​နေရာ​မှာ သွား​နေ၊ တော​ထဲ​မှာ သွား​နေနော်။ လူ​ကြား​ထဲ​မှာ​နေ​တယ်။ ဒါ​ကြောင့် သူ​များ​ကို လေးစား​ရင် ငါ အိန္ဒြေ​သိက္ခာ ရှိ​အောင် ဝတ်​ရ​မယ်။ လောက​ကို လေးစား​ခြင်း ဆို​တာ အဆင့်​အတန်း မြင့်​တဲ့​သူ​တိုင်း ကျင့်​သုံး​ရ​မယ့် ကျင့်ဝတ်​တ​မျိုး ဖြစ်​ပါ​တယ်။ ပါဠိ​လို “လောက​ဂရု” လို့ခေါ်​တယ်။ လူ​တိုင်း ကိုယ့်​ဂုဏ်​သိက္ခာ ကိုယ့်​ရဲ့ ဂုဏ်​ကျက်သရေ​ကို ထိန်းသိမ်း​နိုင်​တဲ့​လူ ဖြစ်​မှ ဒီ​လူ​မျိုး​က အဆင့်​အတန်း မြင့်​လာ​မယ်။ ဒီ​နိုင်ငံ တိုးတက်​မယ်။

ဆရာတော်​ဦး​ဇောတိ​က
( မဟာ​မြိုင်​တော​ရ ) ၏
“ တွေး​မိ​တိုင်းပျော်​တယ် ” စာအုပ်​မှ ကူး​ယူဖော်​ပြ​ပါ​သည်၊၊
Credit to FB LIFE PAGE