ဂျပန်​မူ​လီ​ဆို​တာ​တော့ ကြား​ဖူး​တယ် မဟုတ်​လား။ တခြား​မူ​လီ​တွေ​ထက် ဂျပန်​မူ​လီ​က အရစ်​ပို​ရှည်​တယ်။ ဒါ​ကြောင့် ကိစ္စ​တ​ခု​ခု လက်​ပေါက်​ကပ်​ပြီး အရစ်​ရှည်​နေ​ရင် ဂျပန်​မူ​လီ​လို့ ပြော​ကြ​တယ်။ ဂျပန်​ကပ်​ကြေး​ကိုက်​ကတော့ ပုံစံ​တ​မျိုး​ပေါ့​လေ။

ကျနော် ဂျပန်​မှာ နေ​တုန်း​က တရက်​တော့ ဂျပန်​သူငယ်ချင်း တို​ယို​ကာ​ဝါ အကူအညီ​တောင်း​လာ​တယ်။ မြန်မာ​အစားအစာ​တွေ​ထဲ​မှာ “ယာ​ကိ​ဆိုး​ဘ” နဲ့​တူ​တာ ဘာ​ရှိ​သလဲ​တဲ့။ ယာ​ကိ​ဆိုး​ဘ​ဆို​တာ ပဲ​ငံပြာရည် ဆော့စ်​နဲ့ ကြော်​တဲ့ ဂျပန်​ခေါက်​ဆွဲကြော်​ပါ။ ကျနော်​တို့ မြန်မာ​ပြည်​မှာ တရုတ်​ခေါက်​ဆွဲကြော်​ပဲ ရှိ​တယ်။ မြန်မာ ခေါက်​ဆွဲကြော်​မ​ရှိ​ဘူး​လေ။ ရှမ်း​ခေါက်​ဆွဲ​လည်း ရှိ​တော့ ရှိ​တယ်၊ ဒါ​ပေ​မယ့် သူ​က အကြော်​မဟုတ်​ဖူး၊ အရည်​နဲ့ အသုပ်​ပဲ ရ​မယ်။ သူ့​ကို ပြော​ပြ​တော့ ထပ်​ပြီး စဉ်းစား​ကြည့်ပါ​ဦး​ကွာ​တဲ့။

တို​ယို​ကာ​ဝါ​က အင်​နီ​မေး​ရှင်း ဝါသနာ​ကြီး​တယ်။ ဂျပန်​လို အာ​နီ​မဲ​လို့ အတို​ကောက်ခေါ်​တဲ့ ရုပ်​ပြ​ရုပ်​ရှင် ဇာတ်​လမ်း​တွေ ဖန်တီး​တာ ဝါသနာ​ပါ​လို့ သူ​တို့​ချင်း​စု​ပြီး အသင်း​ဖွဲ့​ထား​တယ်။ ဘွဲ့​လွန်​တန်း​တက်​နေ​တာ​တောင် ကလေးကလား ကာ​တွန်း​ရုပ်​ရှင်​ဇာတ်​လမ်း​တွေ ဝါသနာ​ပါ​တုန်း​ပဲ​လား​လို့ မ​အံ့ဩ​ပါ​နဲ့။ ဂျပန်​မှာ အသက် ၄​၀-၅​၀ လူကြီး​တွေ​လည်း ‘မန်း​ဂ’ လို့ခေါ်​တဲ့ ရုပ်​ပြ​ကာ​တွန်း​တွေ ဖတ်​ကြ​တယ်။

အာ​နီ​မဲ​ဝါသနာ​ရှင်​များ အသင်း​အတွက် ရန်​ပုံငွေ​ရှာ​ဖို့ နာမည်ကြီး ဘုရား​ပွဲ​တ​ခု​မှာ မနှစ်​က ယာ​ကိ​ဆိုး​ဘ သွား​ရောင်း​တာ အမြတ်​သိပ်​မ​ကျန်​ဘူး​တဲ့။ ဘုရား​ပွဲ​ထဲ​မှာ ယာ​ကိ​ဆိုး​ဘ​ဆိုင်​တွေ အများ​ကြီး​မို့ ဒီ​နှစ်​တော့ ထူး​ထူးခြား​ခြား​ဖြစ်​အောင် တခြား​ဟာ​တ​ခု ရောင်း​ကြ​မယ်​လို့ စိတ်ကူး​ပြီး မြန်မာ​အစားအသောက်​ကို စဉ်းစား​ကြည့်​တာ​လို့ သူ​က ပြော​တယ်။

အဲ​ဒါ​နဲ့ ကိုယ်​နဲ့​ခင်​တဲ့ မြန်မာ​စား​သောက်​ဆိုင်​တ​ခု​ကို ခေါ်​သွား​ပြီး မီ​နူး​ကို နှစ်​ယောက်​သား သဲ​ကြီး​မဲကြီး ရှာ​တော့ “မြိတ်​ကပ်​ကြေး​ကိုက်” ကို တွေ့​ပါ​လေ​ရော။

တ​ပွဲ​မှာ​စား​ကြည့်​ပြီး ကြိုက်​သွား​တယ်။ ကြော်​ပုံကြော်​နည်း ကျ​နော့​ကို မေး​တော့ ဘယ်​သိ​ပါ့​မ​လဲ​ဗျာ။ ဒီ​တော့ အဲ​ဒီ မြန်မာ​စား​သောက်​ဆိုင်​က စာဖို​မှူး​လုပ်​တဲ့ အစ်မ​ကို သင်​ပြ​ပေး​ဖို့ အကူအညီ​တောင်း​ရ​တာ​ပေါ့။ သူ​က​လည်း ဂျပန်​ကျောင်းသား​တွေ ရန်​ပုံငွေ​ပွဲ​အတွက်​မို့ ကူညီ​မယ်​လို့ ပြော​ပါ​တယ်။

အဲ​လို​ဆို​တော့ ဆိုင်​မှာ အလုပ်​မ​များ​တဲ့​တရက်၊ ညနေ ၄ နာရီ​လောက်​မှာ သင်​ဖို့ ချိန်း​လိုက်​ကြ​တယ်။

အဲ​ဒီ​နေ့​က ဆိုင်​ကို ရောက်လာ​ကြ​တဲ့ ဂျပန်​အဖွဲ့​ကို ကြည့်​ပြီး လန့်​သွား​တယ်။ ယောက်ျား​လေး နှစ်​ယောက်၊ မိန်း​ကလေး သုံး​ယောက်၊ ဗီ​ဒီ​ယို​ကင်​မ​ရာ၊ မှတ်စုစာ​အုပ်၊ အလေး​ချိန်​ကိရိယာ၊ ချင်​တွယ်​ခွက်၊ အချိန်​မှတ်​နာရီ​တွေ အပြည့်​အစုံ​နဲ့​ခင်​ဗျ။

ဓာတ်ခွဲ​ခန်း​ထဲ​က​ဟာ​တွေ​လား​လို့ မေး​တော့ သူ​တို့ အူ​ကြောင်ကြောင် ဖြစ်​သွား​တယ်။ မဟုတ်​ဖူး၊ မီးဖို​ချောင်​သုံး​ပစ္စည်း​တွေ​လေ ဆို​ပြီး သူ​တို့​က ကျ​နော့​ကို​တောင် အံ့ဩ​နေ​သေး။ ဂျပန်​အိမ်ရှင်​မ​တွေ ထမင်း​ဟင်း​ချက်​ရင် အဲ​ဒီ​လို အလေး​ချိန်၊ ပမာဏ၊ အချိန်​နဲ့ တိတိ​ကျ​ကျ ချက်​သ​တဲ့။

ဒါ​ပေ​မယ့်၊ အလွယ်​နည်း​လည်း ရှိ​ကြောင်း ကောင်​မ​လေး​တ​ယောက်​က ရှင်း​ပြ​တယ်။ ဥပမာ အသား​ဝယ်​ရင် ထည့်​ထား​တဲ့ ဖော့​ခွက်​လေးပေါ်​မှာ ဘယ်နှစ်​ကီ​လို၊ ဘယ်နှစ်​ဂ​ရမ်​ဆို​တာ ဆိုင်​က တံဆိပ်​ကပ်​ပြီး​သား။ တစ်​ကီ​လို​ကို တ​ဝက်⁠ဝက်​ရင် ၅​၀​၀ ဂ​ရမ်၊ လေး​ပုံ​တ​ပုံ​ဆို​ရင် ၂​၅​၀ ဂ​ရမ်​ဆို​ပြီး ထပ်​ချိန်​နေ​စရာ မ​လို​တော့​ဘူး။ ကျနော်​တို့ မြန်မာ​တွေ ဈေး​ဝယ်​ရင် ဈေးနှုန်း​ကို​ပဲ ကြည့်​တာ​များ​တယ်​လေ၊ အလေး​ချိန်​တို့ ဘာ​တို့ မ​ကြည့်​မိ​ပါ​ဘူး။

လက်တွေ့ မကြော်​ခင်​မှာ ထည့်​မယ့် ပစ္စည်း​အမယ်​တွေ​ကို အလေး​ချိန်၊ ပမာဏ အရင်​ပြ​ခိုင်း​ပြီး ကြော်​နည်း​ကို ပါး​စပ်​နဲ့ ပြော​တာ ရေးမှတ်​ကြ​ပါ​တယ်။

ဆိုင်​က မီးဖို​ကျဉ်း⁠ကျဉ်း​မို့ ကြော်​ပြ​မယ့် အစ်မ​ရယ်၊ တို​ယို​ကာ​ဝါ​နဲ့ ကာ​တို​တို့ နှစ်​ယောက်​ရယ် သုံး​ယောက်​ပဲ ဝင်​ကြ​တယ်။ ကာ​တို​က ဗီ​ဒီ​ယို​ရိုက်​တယ်။ စ​ပြီ​ဆို​တာ​နဲ့ ဆီ​ဘယ်လောက် မီ​လီ⁠လီ​တာ ထည့်​တယ်​လို့ တို​ယို​ကာ​ဝါ​က အော်​ပြော​ရင် အပြင်​က ကောင်​မ​လေး​တွေ​က မှတ်စု​ထဲ​မှာ မှတ်​တယ်။ ပြီး​ရင် သူ​တို့​က​လည်း ဆီ​ဘယ်လောက် မီ​လီ⁠လီ​တာ​လို့ ပြန်အော်​ပြော​တယ်။ အထဲ​က ဂေါ်​ဖီ​ထုပ် ဘယ်နှစ်​ဂ​ရမ်​ဆို​ရင် အပြင်​က​လည်း အချိန်​ကို​ပါ မှတ်​ပြီး​တာ​နဲ့ ဂေါ်​ဖီ​ထုပ် ဘယ်နှစ်​ဂ​ရမ်​ဆို​တာ ပြန်အော်​တယ်။ အဲ​ဒီ​လို အပြန်​အလှန် အော်​ပြော​တာ​က နား​ကြား​လွဲ​မှာ​စိုး​လို့ သေချာ​အောင် ပြန်​အတည်ပြု​တာ​ပါ။

အဲ​ဒါ​နဲ့ တ​ပွဲကြော်​ပြီး​သွား​ရော။ သူ​တို့​ချင်း ဗီ​ဒီ​ယို​ကြည့်၊ မှတ်စုစာ​အုပ်​နဲ့​တိုက်​ပြီး ပြန်​ဆွေးနွေး​ကြ​တယ်။ ကြော်​ပြ​ရ​တဲ့ အစ်မ​လည်း တော်တော် စိတ်လေ​သွား​ရှာ​တယ်။ ဒီ​လို အတိ​အကျ တ​ခါ​မှ မကြော်​ခဲ့​ဖူး​ပါ​ဘူး​လို့ ညည်း​တာ​ပေါ့။

နောက်​တ​ပွဲ ကြော်​ပြန်​ရော၊ ဒီ​အတိုင်း​ပဲ အားလုံး မှတ်သား​ပြီး ပထမ​ပွဲ​နဲ့ ပြန်​တိုက်​ကြည့်​ကြ​တယ်။ ပြီး​တော့ တို​ယို​ကာ​ဝါကြော်​တာ​ကို အစ်မ​က ဘေး​က ကြည့်​ပေး​ရ​တယ်။ နောက်​တ​ပွဲကျ ကာ​တို​ရဲ့ အလှည့်။ နောက်ဆုံး​ပွဲ​ကတော့ အစ်မ​ကို အပြင်​ထွက်​ခိုင်း​ပြီး သူ​တို့​ဖာ​သာ ကြော်​ကြ​တယ်။

အားလုံး​ပြီး​တဲ့​အခါ ၅ ပွဲ​စလုံး​ကို မြည်း​ကြည့်​ကြ​တယ်။ သူ​တို့​ဖာ​သာ ကြော်​ထား​တဲ့​ပွဲ​ကို ကျနော်​နဲ့ အစ်မ​က မြည်း​ကြည့်​ပြီး တူမ​တူ၊ ကောင်း​မ​ကောင်း ပြော​ပြ​ရ​တယ်။

ပြီး​တာ​နဲ့၊ ၅ ပွဲ​စာ ကျ​သင့်​တဲ့ ပိုက်ဆံ​ကို​ရှင်း၊ ဆိုင်​က ငွေ​ရ​ပြေစာ​ကို ကောင်​မ​လေး​တ​ယောက်​က ငွေ​စာရင်း​စာအုပ်​ထဲ​မှာ တိပ်​နဲ့​ကပ်​ပြီး သိမ်း​တယ်။ လို​အပ်​တဲ့ ပစ္စည်း​တွေ​ကို ဝယ်​ဖို့ ကောင်​မ​လေး နှစ်​ယောက်​က စာရင်း​လုပ်​တယ်။ တ​ပွဲ​အတွက် ထည့်​ရ​တဲ့ ပစ္စည်း​ပမာဏ​ကို မူ​တည်​ပြီး ပွဲ ၁​၀​၀ စာ ဆို​ရင် ဘယ်လောက်​လို​မယ်​ဆို​တာ​ကို တွက်ချက်၊ ဘယ်​ဆိုင်​မှာ ဘယ်​သူ​က သွား​ဝယ်​မယ်​ဆို​တာ ဆွေးနွေး​အတည်ပြု​ပြီး လူစု​ခွဲ​ကြ​ရော။

ဘုရား​ပွဲ​နေ့​မှာ ဟို​နေ့​က ၅ ယောက်​အပြင် တခြား အသင်းဝင်​တွေ​ပါ လာ​ကြ​တယ်။ တို​ယို​ကာ​ဝါ​က ခေါင်းဆောင်၊ တ​တန်း​ပို​ကြီး​တဲ့ ကာ​တို​က ဒုတိယ​ခေါင်းဆောင်၊ ကျန်​တဲ့ အသင်း​သူ​အသင်း​သား​တွေ​ကို ဘယ်​သူ​က ဘာ​တာဝန်၊ ဘာ​လုပ် ဆို​ပြီး တာဝန်​ခွဲ​တဲ့​အခါ “ဟိုက်” “ဟိုက်” “ဟိုက်” ဆို​တဲ့ အသံ​တွေ​ပဲ ကြား​ရ​တယ်။ စော​ဒ​က​တက်​တာ၊ ဆင်ခြေ​ပေး​တာ၊ ဝေဖန်​တာ၊ လေ​ကန်​တာ​တွေ မ​ရှိ​ဘူး။ အဲ​ဒီ​လို အပြန်​အလှန် ဆွေးနွေး​ငြင်း​ခုန်​တာ​တွေ​က အရင်​နေ့ အစည်းအဝေး တ​ခု​မှာ ပြီး​ခဲ့​ပြီး​ပြီ။ ဒီ​နေ့​ကျ​တော့ ခေါင်းဆောင် တာဝန်​ပေး​တဲ့​အတိုင်း တ​သွေ​မ​တိမ်း လုပ်​ရုံ​ပဲ။ မ​လုပ်​ချင်​ရင် စောစောစီးစီး ထွက်​သွား။

အဲ​ဒီ​နေ့​က ကောင်​မ​လေး တ​ယောက်​က ခေါက်​ဆွဲ​ဖတ်​နဲ့ အမယ်​ပစ္စည်း​တွေ​ကို အလေး​ချိန် ချိန်​ပြီး အဆင်သင့်​လုပ်​ပေး​တာ​ကို တို​ယို​ကာ​ဝါ​နဲ့ ကာ​တို​တို့ နှစ်​ယောက် တ​လှည့်​စီ တ​ဒယ်​ပြီး တ​ဒယ်ကြော်​တာ လက်မ​လည်​ဘူး။ ဒယ်​ဆို​ပေ​မယ့် တကယ်​က ယာ​ကိ​ဆိုး​ဘကြော်​တဲ့ သံပြား​အပြန့်​ကြီး​ပါ။ ကျန်​တဲ့ ကောင်​လေး၊ ကောင်​မ​လေး​တွေ​က ကြော်​ပြီး​တဲ့ ခေါက်​ဆွဲ​တွေ ဖော့​ခွက်​ထဲ​ထည့်၊ ငွေ​လက်ခံ၊ ဇယ်​စက်​သ​လို လုပ်​တာ​တောင် မ​နိုင်​ဘူး။ ဆိုင်​ရှေ့​မှာ လူ​တွေ တန်း​စီ​နေ​တာ အရှည်​ကြီး​ပဲ။

ဂျပန်​တွေ​ရဲ့ အကျင့်​က စု​ပြုံ​တိုး​ဝှေ့​တာ ဘယ်​သော​အခါ​မှ မ​ရှိ​ဘူး။ သေ​ရေး​ရှင်​ရေး​တောင် စနစ်​တ​ကျ တန်း​စီ​ပြီး ထွက်​တာ မြင်​ဖူး​တယ်။

ဘုရား​ပွဲ​တ​ခု​က ဆိုင်​မှာ အခု​လို လူ​တွေ တန်း​စီ​ဝယ်​တယ်​ဆို​ရင် ကောင်း​မှန်း​သိ​တယ်။ ရှား​ရှားပါး​ပါး စား​ရ​ခဲ​တဲ့ အာ​ရှ​နိုင်ငံ​တ​ခု​က အစားအသောက်​မို့ စား​ကြည့်​ချင်​တဲ့​လူ​တွေ၊ စား​ပြီး​သူ​တွေ​က ကောင်း​တယ်​ပြော​လို့ လာ​ဝယ်​သူ​တွေ​နဲ့ စည်ကား​နေ​တာ​ပေါ့။ ပြီး​တော့ ဂျပန်​တွေ​ရဲ့ နောက်​အကျင့်​တ​မျိုး​က​လည်း အဲ​လို တန်း​စီ​နေ​တာ​တွေ့​ရင် ကိုယ်​ပါ ဝင်​တန်း​စီ​ကြ​တာ​လေ။

လူ​တွေ​တန်း​စီ​နေ​လေ​လေ၊ ရောင်း​ကောင်း​လေ⁠လေ​နဲ့ အဲ​ဒီ​နေ့​က ကုန်​ကြမ်း​ပြတ်​သွား​လို့ နှစ်​ခါ​လောက် ထွက်​ဝယ်​ကြ​ရ​သေး​တယ်။ မြန်မာ​အစားအသောက်​ကို ဝိုင်း​ပြီး အားပေး​ကြ​တော့ ကျနော်​လည်း ဘေး​က အချောင် ပီ​တိ​ဖြစ်​နေ​တာ​ပေါ့။

စာရင်း​ချုပ်​လိုက်​တော့ ယန်း တ​သိန်း​တ​သောင်းကျော် (ဒေါ်​လာ ၁,၀⁠၀​၀ ကျော်) လောက် အမြတ်​ကျန်​တယ်။ တ​ခါ​မှ အဲ​ဒီ​လောက် များ​များ မ​မြတ်​ဖူး​တော့ အား​လုံးပျော်​တာ​ပေါ့နော်။ ဒီ​တော့၊ အောင်ပွဲ​ခံ​ပြီး စား​ကြ​သောက်​ကြ​မယ်။

အားလုံး​စား​သောက်​ပြီး​ရင် ကျ​သင့်​ငွေ​ကို ရ​တဲ့ အမြတ်​ထဲ​က ထုတ်ပေး​လိမ့်​မယ်​လို့ ကျနော်​ထင်​တာ မှား​တယ်။ ကျနော်​တ​ယောက်​သာ အာ​နီ​မဲ​အသင်းဝင်​မဟုတ်​ပဲ ကူညီ​တဲ့ ဂုဏ်​ထူး​ဆောင် ဧည့်သည်​မို့ အသင်း​က ဧည့်ခံ​ကျွေးမွေး​ပါ​တယ်။ ကျန်​တဲ့​လူ​တွေ​အတွက် အစား​တ​ပွဲ​ဖိုး​ပဲ အသင်း​က​ပေး​တယ်။ ဘီ​ယာ၊ ဆာ​ကေ၊ သောက်​စရာ​အတွက် ကိုယ့်​ဖာ​သာ ရှင်း​ရ​တယ်​ခင်​ဗျ။

ဒီ​လောက်​နဲ့ ပွဲ​မ​ပြီး​သေး​ပါ​ဘူး။ ဂျပန်​မူ​လီ​မို့ အရစ်​က ရှည်​တယ်။ နောက်​တ​နေ့​မှာ ကျနော်​နဲ့​ချိန်း​ပြီး ပထမ သွား​ခဲ့​တဲ့ ၅ ယောက်​က သင်ပေး​တဲ့ မြန်မာ​အစ်မ​ဆိုင်​ကို သွား​ကြ​တယ်။ ဘူ​တာ​နား​က ပန်း​ဆိုင်​မှာ ပန်း​စည်း​တ​စည်း ဝယ်၊ ဂျပန်​တွေ လက်ဆောင်​ပေး​ရင် သုံး​တဲ့ စာ​အိတ်​ထဲ​မှာ ယန်း ၃,၀⁠၀​၀ ထည့်​ပြီး အစ်မ​ရဲ့ ကူညီ​သင်​ပြ​မှု​ကြောင့် သူ​တို့ ဘယ်​လို အောင်မြင်​မှု​ရ​ခဲ့​ကြောင်း သေသေချာချာ ရှင်း​ပြ​ပြီး​မှ ဦး​ညွှတ်​ပြီး ပန်း​စည်း​နဲ့ စာ​အိတ်​ကို ပေး​ကြ​တယ်။

အခု​လို သေသေချာချာ မှတ်တမ်း​တင်​ထား​တဲ့​အတွက် နောက်​နှစ်​တွေ​မှာ​လည်း သူ​တို့​အသင်း​က ကပ်​ကြေး​ကိုက်​ရောင်း​ပြီး ရန်​ပုံငွေ နှစ်​တိုင်း​ရှာ​နိုင်​ကြောင်း သိ​ရ​ပါ​တယ်။

အဲ​ဒီ​ပွဲ​မှာ ကျနော်​သင်​ခန်း​စာ ရ​ခဲ့​တာ​ကတော့ ဂျပန်​တွေ အလုပ်​လုပ်​ရင် တ​ပွဲ​တိုး မဟုတ်​ဘဲ၊ ရေ​ရှည်​အတွက် စနစ်​တ​ကျ ပြင်ဆင်​လုပ်ကိုင်​ကြောင်း ကိုယ်တိုင် မြင်​တွေ့​ရ​တာ​ပါ​ပဲ။ အသင်း​လိုက် လုပ်ဆောင်​ရာ​မှာ တွက်​ကပ်​ငြိုငြင်​တာ မ​ရှိ​ဘဲ ခေါင်းဆောင်​ပြော​တဲ့​အတိုင်း ညီ​ညီညွတ်​ညွတ် လုပ်​ကြ​တယ်။ ပြီး​ရင်​လည်း ကျေးဇူးတင်​ထိုက်​သူ၊ ဂုဏ်​ပြု​ထိုက်​သူ​ကို မ​မေ့​မ​လျော့ ကျေးဇူးသိ​တတ်​တယ်။

ကျ​နော့​မှာ​လည်း အဲ​ဒီ​လို ဝင်​ပြီး ကူညီ​ပေး​တာ​တောင် မြိတ်​ကပ်​ကြေး​ကိုက် ကြော်​နည်း တတ်​မ​လာ​ဘူး​ဗျာ။ ပြီး​တော့၊ ခု​ထက်​ထိ ကျနော်​နား​မ​လည်​နိုင်​တာ​က ဘယ်​နေရာ​မှ ကပ်​ကြေး​နဲ့ ကိုက်​တာ​မ​တွေ့​တော့ ဘာ​ဖြစ်​လို့ ကပ်​ကြေး​ကိုက်​လို့ ခေါ်​မှန်း မ​သိ​ရ​ပါ​ဘူး​ဗျာ။

ဘာ​ပဲ​ဖြစ်⁠ဖြစ်​လေ၊ “ဂျပန်​ကပ်​ကြေး​ကိုက်” ကတော့ အသေး​စိတ်​က​အစ စနစ်​တ​ကျ လုပ်​သွား​တာ မှတ်သား​မိ​ပါ​တော့​တယ်။

Credit to FB