အခု​ပြော​မယ့်​အကြောင်းအရာ​သည် ဂျပန်​တွင်​မိမိ​စာရိတ်၊မိဘ​စား​ရိတ်​ဖြင့်​ဂျပန်​စာ​ကျောင်း​သို့​တက်​ရောက်​နေ​သော​ကျောင်း​သူ​ကျောင်း​သူ​များ၊ကျောင်း​ဆက်​တက်​မည့်​ကျောင်း​သူ​ကျောင်းသား​များ​အတွက်​ရည်​ရွယ်​ပါ​သည်။

ဂျပန်​မှာ​ဂျပန်​စာ​ကျောင်း​တက်​နေ​သော​ကျောင်း​သူ​ကျောင်းသား​များ⁠များ​လာ​သည်​နှင့်​အမျှ​မိမိ​ဆက်​တတ်​မည့်​ကျောင်း​ကို​ဘယ်​အချိန်​မှာ​ရွေး​သင့်​သလဲ၊ဘာ​လက်မှတ်​တွေ​လို​အပ်​သလဲ​ဆို​တာ​ကို​သိ​သ​လောက်​ဗ​ဟု​သုတ မျှဝေ​ချင်​ပါ​တယ်။

ဂျပန်​ကို မိမိ​စား​ရိတ်​ဖြင့်​ကျောင်း​လာ​တက်​သော​သူ​များ အနေ​ဖြင့်​ဂျပန်​စာ​ကျောင်း​ပြီး​လျှင်​ပြီး​ချင်း အလုပ် မ​ရ​နိုင်​ပါ။
မြန်မာ​တွင်​အလုပ်​အတွေ့​အကြုံ​၃​နှစ်​လောက်​ရှိ​ပြီး​ဂျပန်​စာ​အရည်အချင်း​ပြည့်ဝသူ​သာ​လျှင်​ဂျပန်​စာ​ကျောင်း​ပြီး​လျှင်​ပြီး​ချင်း အလုပ်​ရ​နိုင်​ပါ​သည်။

ထို့​ကြောင့်​ပုံ​မှန်​ကျောင်း​ပြီး⁠ပြီး​ချင်း ဂျပန်​ထွက်​လာ​သူ​များ၊ ဂျပန်​စာ​အရည်အချင်း​မ​ပြည့်၀​သေး​သူ​များ သည် ဂျပန်​စာ​ကျောင်း​ပြီး​လျှင်​ကျောင်း​ဆက်​တတ်​ဖို့​လုပ်​ကြ​ရ​ပါ​သည်။

ဂျပန်​စ​ကျောင်း​ပြီး​လျှင်​သွား​နိုင်​သော​ကျောင်း
၁။ ဆန်း​မွန်း ကျောင်း 専門学校(၂​နှစ်​မှ ၃​နှစ်)
၂။ကော​လိပ်  短期大学(၂​နှစ်)
၃။တက္ကသိုလ် 大学(၄​နှစ်)
၄။သု​သေ​တန​ကျောင်းသား Research students 研究生(၁​နှစ်)
၅။မာ​စ​တာ 大学院(၂​နှစ်)
၆။PHDပါ​ရ​ဂူ 博士(၂​နှစ်)

၁။ ဆန်း​မွန်း ကျောင်း 専門学校(၂​နှစ်​မှ ၃​နှစ်)

အသက်မွေး​ဝမ်း​ကျောင်း​လို့ခေါ်​ပါ​တယ်​မြန်မာ​တွေ​အသွား​များ​တဲ့​ကျောင်း​တွေ​ကတော့
၁.ကား​လုပ်​ငန်း​အသက်မွေး​ဝမ်း​ကျောင်း(ယောင်္ကျား​လေး​အများ​စု)၊
၂.ဟိုတယ်​နှင့်​ခရီးသွား​ကျောင်း၊
၃.အိုင်​တီ​ကွန်​ပြူ​တာ​နည်း​ပညာ​ကျောင်း၊
၄.စီးပွား​ရေးbusiness management ကျောင်း၊
၅.အင်္ဂလိပ်​စာ​ကျောင်း၊ တို့​ဖြစ်​ပါ​တယ်။

(ခြွင်း​ချက် တချို့​စာ​သိပ်​မ​သင်​ဘဲ​ဗီဇာ​ပေး​တဲ့​ကျောင်း၊ပိုက်ဆံ​ပေး​လျှင်​သိပ်​ကျောင်း​တက်​စာမ​လို​တဲ့​ကျောင်း တွေ​လည်း​ရှိ​ပါ​တယ်။ ထို​ကျောင်း​တွေ​သည် ဂျပန်​စာ​အရည်အချင်း မ​ကြည့်​ကြ​ပါ။ပိုက်ဆံ​သွင်း​နိုင်​လျှင် ကျောင်း​လျှောက်​လို့​ရ​တာ​များ​ပါ​တယ်။)

ယခု​မိမိ​ပြော​မည့်​အကြောင်းအရာ​သည်​စာသေ​ချာ​သင်​ချင်​သော​ကျောင်း​သူ​ကျောင်းသား​များ၊ကျောင်း​သေချာ ဆက်​တက်​ချင်​သော သူ​များ​ကို​ရည်​ရွယ်​ပါ​တယ်။

တကယ်​အရည်အချင်း​ရှိ​မှ​တက်​လို့​ရ​သော၊စည်းကမ်း​တင်း​ကျပ်​သော​ဆန်း​မွန်း​ကျောင်း​များ​ကို​တက်​မည်​ဆို​ပါ​က​တ​ကျောင်း​နှင့်​တ​ကျောင်း​သတ်​မှတ်ချက် မ​တူသော်​လည်း​များ​သော​အား​ဖြင့်​သတ်​မှတ်​သော Standard Status ကို​ပြော​ပါ​မယ်။

၁။ကျောင်း​ကို​ဘယ်​အချိန်​တွင်​ဘယ်​လို​ရှာ​ရ​မ​လဲ။
ဆန်း​မွန်း​ကျောင်း​များ​သည် ပုံ​မှန်​အား​ဖြင့် ၃​လ​ပိုင်း ပထမ​အပတ် အထိ​လက်ခံ​သော​ကျောင်း​တွေ များ​ပါ​တယ်။သတ်​မှတ်ထား​သော ဘောင်​အတွင်း​တွင် ရှိ​ပါ​က ဝင်​ခွင့်​အောင်​နိုင်​ချေ​သည်​လည်း​များ​ပါ​တယ်။

၂။ကျောင်း​ဝင်​ခွင့်​အရည်အချင်း​လို​အပ်​ချက်​တွေ​က ဘယ်​လို​လဲ။
(၁).ဂျပန်​စာ​အရည်အချင်း​အနည်း​ဆုံး N3 (သို့) EJU အမှတ် ၂​၀​၀ကျော်​နှင့်​အထက် ရှိ​ရန်လို​အပ်​ပါ​သည်။
(၂).ကျောင်းခေါ်​ချိန် ၈​ဝ​ရာ​ခိုင်​နှုန်း​နှင့်​အထက်​ရှိ​ရန်လို​အပ်​ပါ​သည်။
(၃).ကျောင်း​မှ​ထောက်ခံ​စာ(推薦書、すいせんしょ)လို​အပ်​သော​ဆန်း​မွန်း​ကျောင်း​များ​လည်း ရှိ​ပါ​သည်။
(၄).ကျောင်း​လခ​ကို သတ်​မှတ်​ချိန်​အတွင်း​သွင်း​နိုင်​သော​သူ။

၃။ဆန်း​မွန်း​ကျောင်း​ပြီး​၍ မိမိ​ဘာသာ​သေချာ​ကြိုးစား​ပြီး ဂျပန်​တွင်​အလုပ်​ရှာ​မည်​ဆို​ပါ​က
(၁)ဂျပန်​စာ အနည်း​ဆုံးN2နှင့်​အထက်​ရှိ​ရ​ပါ​မည်။
(၂)အင်္ဂလိပ်​စာ​အရည်အချင်း အလယ်​အလတ်​ရှိ​ရ​ပါ​မည်။
(၃)ဆန်း​မွန်း​ကျောင်း​မှ ကျောင်း​သေချာ​တတ်​ပြီး​ကျောင်း​မှ​ပေး​သည့်​လက်မှတ် ရ​နိုင်​မည့်​သူ​ဖြစ်​ရ​ပါ​မည်။ထို​လက်မှတ်​သည်​လည်း​ကျောင်း​တတ်​ရာ​ခိုင်​နှုန်း​သတ်​မှတ်ချက် ပြည့်​မှ​ရ​နိုင်​မှာ​ပါ။

၄။အလုပ်​ဗီဇာ​ရ​နိုင်​ပါ့​မ​လား။
ဆန်း​မွန်း​ပြီး​ပြီး အလုပ်​ဝင်​မည်​ဆို​ပါ​က ဗီဇာ​ရ​ပါ​သည်။သို့သော်​မိမိ​အလုပ်​ဝင်​မည့် ကုမ္မ​ဏီ​သည် မိမိ​တတ်​ထား​သော​အသက်မွေး​ဝမ်း​ကျောင်း​ဆန်း​မွန်း​ကျောင်း​မှ သင်​ထား​သော​ပညာ​ရပ်​ဖြင့်​ဆက်​စပ်​ပြီး လုပ်ကိုင်​ရ​သော အလုပ်​ဖြစ်​ရ​ပါ​မည်။ ဆန်း​မွန်း​ကျောင်း များ​ဖြင့် ပြီး​သော​သူ​သည်​မိမိ​နိုင်ငံ​တွင် တက္ကသိုလ်​ပြီး​ဆုံး​ချင်း မ​ရှိ​သေး​ပါ​က ၊ဂျပန်​တွင် မိမိ​သင်​ထား​သော ဆန်း​မွန်း အသက်မွေး​ဝမ်း​ကြောင်း ပညာ​ရပ်​မဟုတ်​သော အလုပ်​ဖြစ်​ပါ​က အလုပ်​ဗီဇာ ရ​ရန်​ခက်ခဲ​သော​ကြောင့်​ဖြစ် ပါ​သည်။တက္ကသိုလ်​ပြီး​ဆုံး​ထား​သူ​ဖြစ်​ပါ​က​အကြောင်းပြ​ချက်​သေချာ​ရေး​ပြီး​တင်​နိုင်​လျှင်​ရ​နိုင်​ချေ​အလားအလာ​များ​ပါ​သည်။
(ခြွင်း​ချက်- ဂျပန်​တွင်​ဗီဇာ​ကို​မ​ယူ​ဘဲ​မြန်မာ​ရုံး​ခွဲ​တွင်​မြန်မာ​လ​စာ​ဖြင့်​အလုပ်​လုပ်​မည်​ဆို​ပါ​က မ​လို​ပါ။)

၄။ဘယ်​လို​ဆန်း​မွန်း​မျိုး​တတ်​လျှင် အလုပ်​ရ​လွယ်​သလဲ။
ထို​မေးခွန်း​သည်တော်တော်​ဖြေ​ရ​ခက်​ပါ​တယ်။
ကိုယ်​အကောင်း​ဆုံး​ကြိုးစား​နိုင်​မှု​နဲ့​ဆိုင်​ပါ​တယ်။
အလုပ်​ရ​တယ်​ဆို​တာ​ကံ၊ဥာဏ်၊ဝီရိယ​၃​ခု​လုံး​နဲ့​ဆိုင်​ပါ​တယ်။ဝီရိယ​နဲ့​အလုပ်​ရှာ​နေ၊ကြိုးစား​နေ​ပြီး၊အသိ​ဥာဏ်၊အတွေ့​အကြုံ​နှင့်​ယှဉ်​ပြီး​အင်တာဗျူး​တွေ​ဖြေ​မယ်​ဆို​ရင်​အလုပ်​ရ​ပါ​တယ်။အလုပ်​က​သူ​တွေ​သဘောကောင်း​တယ်၊မ​နှိမ်​ဘူး၊နားလည်​ပေး​ကြ​တယ်​ဆို​တာ ကတော့ ကံ​နဲ့​လည်း​ဆိုင်​တာ​ပေါ့။

ဆန်း​မွန်း​ကျောင်း​ဖြစ်​လို့​အလုပ်​ရှာ​ရ​မလွယ်​ဘူး​ဆို​တာ​ကိုယ်​ကို​တိုင်​က​မ​ရှာ​လို့၊နီး​မှ​သူ​များ​တွေ​အလုပ်​ရ​တာ​မြင်​မှ​ရှာ​တာ​မျိုး​တွေ​လည်း​များ​ပါ​တယ်။

အမှန်​အတိုင်း​ပြော​ရ​လျှင်​မိမိ​၏​ဂျပန်​စာ​အရည်အချင်း​ပြည့်​ဝ​မှု၊တခြား​သော​အရည်အချင်း​များ​ရှိ​မှု၊အရည်အချင်း​လက်မှတ် နှင့်​အင်တာဗျူး​တွင် မိမိ​၏ စာ​ရိတ္တ၊ စိတ်​နေ​စိတ်ထား၊ အလုပ်​အပေါ်​ထား​သော​မိမိ​၏ အမြင်​နှင့်​ကြိုးစား​မှု​အကြောင်းအရာ​ကို​ထိ⁠ထိ​မိမိ​ပြောဆို​နိုင်​မှု၊မိမိ​၏​ပါး​နပ်​လိမ္မာ​သော​ဖြေ​ကြား​မှု​တို့​နှင့်​အများ​ကြီး​သက်ဆိုင်​ပါ​တယ်။

ဒါ​က​လည်း​မိမိ​မှာ​မ​ရှိ​ရင်​ပြော​လို့​မ​ရ​တဲ့​အရာ​တွေ​ပါ။စာ​ရိတ္တ​စိတ်​နေ​စိတ်ထား​ကို​သေချာ​စာ​ရွက်​နဲ့​လှည့်ပတ်​ပြီး​စာ​မေး​ပွဲ​တွင်​မေး​ထား​သော​ကြောင့်​အင်​တာ​ဗျုး​တွင်​မေး​လျှင်​လုပ်ကြံ​ဖြေ​ခြင်း၊အမှန်​ဖြေ​ခြင်း​ဆို​တာ​သိ​နိုင်​ပါ​တယ်…

ဂျပန်​တွေ​က အရည်အချင်း​ကို​ကြည့်သော်​လည်း ရိုးသား​ကြိုးစား​ပြီး စကား​နာခံ​နိုင်​သော​သူ​မျိုး​ကို ရွေးချယ်​ကြ​ပါ​တယ်။

ဆန်း​မွန်း​ကျောင်း​တက်​သူ​များ​အနေ​ဖြင့်​ကျောင်း​တက်​ရာ​ခိုင်​နှုန်း​၉​၀ကျော်၊ကျောင်း​စာ​မေး​ပွဲ​ရလဒ်​များ​ကောင်း​ခြင်း​သည်​လည်း အလုပ်​ရှာဖွေ​ရာ​တွင် အရေးကြီး​သော အချက်​တ​ချက်​ဖြစ်​ပါ​တယ်။

ကော​လိပ် ၊တက္ကသိုလ်၊နှင့်​တခြား​ကျောင်း​များ​နှင့်​ပက်​သက်​ပြီး ဆက်လက်​ပြော​ပြ​ပါ​မယ်။

Credit : Khine Zin Kyaw