မြန်​မာ့​ငြိမ်း​ချမ်း​ရေး​နှင့် တိုင်း​ရင်း​သား​အရေး​ကိစ္စ​တွေ​နဲ့ ပက်​သက်​ပြီး ဂျပန်​လွှတ်တော်​အမတ်​များ သမဂ္ဂ ဥက္ကဋ္ဌ နာ​ဂါ​ဆာ​ဝါ မ​ဆာ​ဟာ​ရူး​က​နေ ၂​၀​၁​၀ ခု​နှစ် Ramon Magsaysay ဆု​ရှင် ဒေါ်​ဆိုင်းရော်​ကို ဖိတ်ခေါ်​ပြီး​တော့ သတင်းစာ​ရှင်းလင်း​ပွဲ​တ​ရပ်​ကို နိုဝင်ဘာ ၁​၇ ရက်​နေ့​က ဂျပန်​အောက်​လွှတ်တော် အစည်းအဝေး​ခန်းမ​မှာ ကျင်းပ​ပြုလုပ်​ခဲ့​ပါ​တယ်။

ဒီ​သတင်းစာ​ရှင်းလင်း​ပွဲ​မှာ ဒေါ်​ဆိုင်းရော်​က မြန်မာ​ပြည် ငြိမ်း​ချမ်း​ရေး လုပ်ဆောင်​မှု​ကိစ္စ​နဲ့ စစ်​ပြေး​ဒုက္ခ​သည် အရေး​ကိစ္စ​တွေ​ကို တင်ပြ​ဆွေးနွေး​သွား​တယ်​လို့ NOP Peace (Nonprofit Organization for Peace) အဖွဲ့ ဒါ​ရိုက်​တာ မိုင်းကျော်​ဦး​က အခု​လို ပြော​ပါ​တယ်။

“မြန်မာ​ပြည်​က ငြိမ်း​ချမ်း​ရေး process နဲ့ ဖြစ်​နေ​တဲ့ အနေအထား​တွေ​ရော၊ လက်​ရှိ ဒုက္ခ​သည်​တွေ​နဲ့ ပတ်သက်​ပြီး ကူညီ​နေ​တဲ့ အနေအထား​တွေ​ရယ်၊ လို​အပ်​ချက်​တွေ​ရော အကုန်​လုံး​ပေါ့နော် ဂျပန်​လာ​ရောက်​တင်ပြ​တာ​လေ။ ငြိမ်း​ချမ်း​ရေး​ဖြစ်​စဉ်​မှာ ရပ်​နေ​တဲ့ ဒုက္ခ​သည်​တွေ​က​လည်း နေ​ရပ်​ကို ပြန်​လို့​မ​ရ​တဲ့ အနေအထား​ဖြစ်​နေ​တယ်။ အထူးသဖြင့်​ပေါ့နော် ကျနော်​တို့ ရှမ်းပြည်နယ်​မှာ ဆောင်းရာသီ ရောက်​တော့​မယ်။ ဆောင်းရာသီ ရောက်​တော့​မယ့်​အချိန်​မှာ သူ​တို့​တွေ ထပ်​ပြီး​တော့​မှ ဒုက္ခ​သည်​တွေ အိမ်​ပြန်​နိုင်​တဲ့ လမ်း​က မ​မြင်​သေး​ဘူး​ပေါ့နော်။ တိုက်​ပွဲ​တွေ​လည်း ပြန်​ဖြစ်လာ​တဲ့​အပေါ်​မှာ ဆရာ​မက​တော့ ဒီ​ဂျပန်​အစိုးရ​ကို သိ​အောင်​ပေါ့နော်။ နောက်​ပြီး​တော့ ဆရာ​မက သူ ကူညီ​တဲ့​အချိန်​မှာ ကြုံ​နေ​ရ​တဲ့ အခက်​အခဲ​တွေ၊ ပရဟိတ​လုပ်​ငန်း​တို့၊ ကျန်းမာ​ရေး​စောင့်ရှောက်​မှု​တို့၊ တိုင်း​ရင်း​သား​ဒေသ​တွေ​မှာ လုပ်​ခဲ့​တဲ့ အတွေ့​အကြုံ​လေး​တွေ​ကို​လည်း တိုက်ရိုက် ဂျပန်​ကို​ပြော​ပြ​တယ်။”

ဒီ​သတင်းစာ​ရှင်းလင်း​ပွဲ​ကို မြန်​မာ့​ဒီ​မို​က​ရေ​စီ​အရေး အကူအညီ​ပေး​ရေး ဂျပန်​လွှတ်တော်​အမတ်​များ သမဂ္ဂ ဥက္ကဋ္ဌ နာ​ဂါ​ဆာ​ဝါ မ​ဆာ​ဟာ​ရူး​က​နေ ဦးဆောင်​ပြီး ဂျပန်​နိုင်ငံ​ရောက် မြန်မာ​တိုင်း​ရင်း​သား​များ စုပေါင်း​ဖွဲ့​စည်း​ထား​တဲ့ NOP Peace (Nonprofit Organization for Peace) အဖွဲ့​တို့​က​နေ စုပေါင်း စီစဉ်​မှု​နဲ့ ပြုလုပ်​ခဲ့​တာ​ပါ။

ဂျပန်​နိုင်ငံ​ဟာ မြန်မာ​နိုင်ငံ​ကို အဓိက အကူအညီ​တွေ ပေး​နေ​တဲ့ နိုင်ငံ​ဖြစ်​သ​လို နောင်​မြန်မာ​နိုင်ငံ​အတွက် အကူအညီ​ပေး​ရာ​မှာ အရပ်သား လူ​မှု​အဖွဲ့​အစည်း​တွေ​က​နေ​တ​ဆင့် အကူ​ညီ​ပေး ဆောင်ရွက်​သွား​ဖို့ ဆရာ​မဒေါ်​ဆိုင်းရော်​က တိုက်တွန်း​ပြော​ကြား​သွား​တယ်​လို့ မိုင်းကျော်​ဦး​က အခု​လို ပြော​ပါ​တယ်။

“အကူအညီ​တွေ​အများ​ကြီး မြန်မာ​နိုင်ငံ​ကို ရောက်​နေ​တဲ့​အချိန်​မှာ အထူးသဖြင့် ဒုက္ခ​သည်​တွေ​နဲ့ ပတ်သက်​ပြီး အကူအညီ​တွေ​ဟာ တကယ်​ပဲ ထိ⁠ထိ​ရောက်​ရောက် ရောက်​ဖို့​အတွက် အစိုးရ​က​လုပ်​နေ​တဲ့ MPC သွား​တာ​လည်း တ​ပိုင်း​ပေါ့နော်။ တိုက်ရိုက်​အရပ်သား လူ​မှု​အဖွဲ့​အစည်း​တွေ​ကို ပေး​မယ်​ဆို​ရင် ပိုမို ထိ​ရောက်​တဲ့​ဟာ​မျိုး​တွေ​ကို ဆရာ​မက ရှင်း​ပြ​တယ်​လေ။”

ဂျပန်​လွှတ်တော်​အမတ်​များ သမဂ္ဂ ဥက္ကဋ္ဌ မစ္စတာ နာ​ဂါ​ဆာ​ဝါ မ​ဆာ​ဟာ​ရူး​ဟာ မြန်​မာ့​ဒီ​မို​က​ရေ​စီ​အရေး​ကို အားပေး​သူ​တ​ယောက်​ဖြစ်​ပြီး မြန်​မာ့​အရေး​ကို စိတ်ဝင်စား​သူ​တ​ဦး​လို့ မိုင်းကျော်​ဦး​က ပြော​ပါ​တယ်။

“သူ​ကတော့ တ​စိုက်​မတ်​မတ် ကျနော်​တို့ တိုင်း​ရင်း​သား​အရေး​ကို ကူညီ​နေ​တော့​လေ သူ​တို့​အာဏာ​ရ​လာ​တဲ့​အချိန်​မှာ သူ​က ပညာ​ရေး​ဝန်ကြီး​တာဝန်​ကို ထမ်း​ဆောင်​တယ်။ တိုင်း​ရင်း​သား​အရေး​ကို အဓိက သူ ပြောဆို​လှုပ်ရှား​တာ လွှတ်တော်​မှာ သူ​ကိုယ်တိုင်​က​လည်း သိ​တယ်၊ နောက် ဆရာ​မက​လည်း လာ​ပြော​တဲ့​အတွက် နောက်​ပြီး သူ လွှတ်တော်​မှာ တင်ပြ​ပြောဆို​တဲ့​အခါ​မှာ ပို​ပြီး အား​ဖြစ်​သွား​တာ​ပေါ့နော်။ သူ​ကိုယ်တိုင်​က နယ်စပ်​မှာ​လည်း ရောက်​ဖူး​တယ်၊ ပြည်​တွင်း​ကို​လည်း အကြိမ်ကြိမ် ဝင်​ပြီး​တော့​မှ လေ့​လာ​တော့ အမတ်​ကတော့ တော်တော်​လေး သိ​ပါ​တယ်။ သူ​တို့​တိုင်​လည်း တချို့​အချက်​ကလေး​တွေ သိ​တာ ရှိ​ပါ​တယ်။ ”

တိုင်း​ရင်း​သား​ဒေသ​တွေ​မှာ ဖြစ်ပွား​နေ​တဲ့ လက်နက်ကိုင်​ပဋိပက္ခ​တွေ​နဲ့ နိုင်ငံ​ရေး​ပြဿနာ​ရပ်​တွေ​ဟာ ဒေသ​တွင်း​ထွက်​တဲ့ သယံဇာတ​တွေ​နဲ့ ဆက်​စပ်​မှု​ရှိ​နေ​သ​လို လူ​မျိုး​စု​ဆိုင်​ရာ အခွင့်အရေး​နဲ့ ပက်​သက်​လို့ တိုင်း​ရင်း​သား​တွေ​နဲ့ အစိုးရ​အကြား လွန်ဆွဲ​ပွဲ​ဖြစ်​နေ​တယ်​လို့​လည်း ဒေါ်​ဆိုင်းရော်​က​နေ စာ​တမ်း​တင်​သွင်း ထောက်​ပြ​ခဲ့​ပါ​တယ်။

ဒါ့​အပြင် အစိုးရ​နဲ့ တိုင်း​ရင်း​သား လက်နက်ကိုင်​အဖွဲ့​တွေ တွေ့​ဆုံ​ဆွေးနွေး​ရေး ကိစ္စ​ရပ်​တွေ​မှာ တိ​ကျ​ခိုင်မာ​တဲ့ ကတိကဝတ်​နဲ့ နိုင်ငံ​ရေး​အရ တွေ့​ဆုံ​ဆွေးနွေး​ပွဲ ကျင်းပ​ဖို့ သဘောတူ​ညီ​ချက် မ​ရ​သေး​သ​လို မြန်​မာ့​နိုင်ငံ​ရေး အခြေအနေ​ဟာ​လည်း ပဋိပက္ခ အလွန်​ကာလ​သို့ မ​ရောက်​ရှိ​သေး​ကြောင်း ဒေါ်​ဆိုင်းရော်​က​နေ အစည်းအဝေး​မှာ တင်ပြ​ခဲ့​ပါ​တယ်။

ဂျပန်​နိုင်ငံ တို​ကျို​မြို့ အောက်​လွှတ်တော် အဆောက်အဦး အစည်းအဝေး ခန်းမ​မှာ ပြုလုပ်​ခဲ့​တဲ့ အခမ်းအနား​ကို ဂျပန်​လွှတ်တော်​အမတ်​များ သမဂ္ဂ ဥက္ကဋ္ဌ နာ​ဂါ​ဆာ​ဝါ မ​ဆာ​ဟာ​ရူး အပါအဝင် ဂျပန်​နိုင်ငံ​ခြား​ရေး​ဌာန​မှ တာဝန်ရှိ​သူ​တွေ အထက်​နဲ့ အောက်​လွှတ်တော်​အမတ်​တွေ Japan International Cooperation Agency – JICA က တာဝန်ရှိ​သူ​တွေ၊ ဂျပန်​နိုင်ငံ​ရောက် မြန်မာ​တိုင်း​ရင်း​သား​များ စုစုပေါင်း ၁​၀​၀ နီးပါး တက်​ရောက်​ခဲ့​ကြ​ပါ​တယ်။

Credit to ဗွီ​အို​အေ (မြန်မာ​ပိုင်း)