ငါး​ကင်​ရောင်း​ရင်း အခ​မဲ့​စာကြည့်​တိုက်​ဖွင့်​ထား​သူ

အသိ​ပညာရှာ​မည်၊ အလုပ်​လုပ်​မည်​ဟူ​သော ခိုင်မာ​သည့် ရည်​ရွယ်​ချက်​ဖြင့် စာအုပ်​သုံး​အုပ် ခရီး​ဆောင် အိပ်​တွင်း​ထည့် ရန်ကုန်​တက်​လာ​ခဲ့​သူ​မှာ ကိုဇော်ဇော်​ဖြစ်​သည်။ သို့သော် စ⁠စ​ချင်း ဆောက်​နှင့်​ထွင်း​ဆို​သ​လို ဘဝ​သည် ခက်ခဲ​ကြမ်းတမ်း​ခဲ့​ရ​သည်။ ခြေထောက်​တွင် ဝဲ​များ ထူ​လ​ပျစ် ပေါက်​အောင် အလုပ်​မျိုး​စုံ ပတ်ဝန်းကျင် မျိုး​စုံ​တွင် ကျင်လည်​ရင်း ကိုဇော်ဇော်​တစ်​ယောက် မောပန်း​ချိန်​ပင် မ​ရ​ခဲ့။ သာမန်​စားပွဲ​ထိုး​ဘဝ​က​နေ ထ​မင်းကြော်၊ ကြာ​ဇံကြော် ကြော်​တတ်​ရန်​အတွက် အကြော်​ဆရာ​၏ အင်္ကျီ​များ​ကို လျှော်​ပေး​ခဲ့​ရ​သည်၊ အကြော်​ဆရာ အိပ်​ရန် အိပ်ရာ​ကို​ပင် ခင်း​ပေး​ခဲ့​ရ​သည်။ မိမိ​လိုချင်​သော​အတတ် ပညာ တစ်​ခု အတွက် ခက်ခဲ​ပင်ပန်း​ချိန်​များ​ကို ကျော်​လွှား​ခဲ့​သည်။
အဲ​ဒီ​နောက်​ပိုင်း​တွင် ကိုဇော်ဇော်​သည် ငါး​ကင် အတတ်​ပညာ​ကို သင်​ယူ​ရ​ရှိ​ခဲ့​ပြီး ငါး​ကင် ရောင်း​၍ ရ​သည့် ဝင်ငွေ​ထဲ​မှ အချို့​ကို ဖယ်​ကာ မိမိ​ဝါသနာ​ပါ​သည့် စာ​ဖတ်​ခြင်း​ကို အများ​အကျိုး​အတွက် မျှဝေ​နိုင်​ရန် အခ​မဲ့ စာကြည့်​တိုက်​လေး တစ်​ခု တည်ထောင်​ဖြစ်​ခဲ့​သည်။
ကိုဇော်ဇော်​သည် မန္တလေးတိုင်း၊ ကျောက်​ပန်း​တောင်း​မြို့​နယ်၊ က​တောအုပ်​စု ဆီ​သာ​ကျေးရွာ ဇာတိ​ဖြစ်​သည်။ ကိုဇော်ဇော်​၏​အဖိုး​ဖြစ်​သူ​က တော​ထဲ​တွင် နှမ်း​တောင်​လှည်း​စောင့်​ရင်း စာအုပ်​တွေ​ဖတ်​တာ​ကြောင့် လိုက်လံ​ဖတ်​ရှု​ရာ​မှ စာ​ဖတ်​ခြင်း​ဝါသနာ​ရ​လာ​ခဲ့​ကြောင်း ကိုဇော်ဇော်​က သူ့​ငယ်​စဉ်​ဘဝ​ကို ပြော​ပြ​သည်။
“စာအုပ်​ကို​တော့ ၁​၄ နှစ်​သား​လောက်​က စ​ပြီး ဖတ်​ခဲ့​တာ​ပါ။ ငယ်⁠ငယ်​က နွမ်းပါး​ခဲ့​ပေ​မယ့် ကျွန်တော် ဘာ​ကို​မှ မ​ကြောက်​ပါ​ဘူး။ စာအုပ်​တွေ ဖတ်​ခဲ့​တာ​ကြောင့် စာအုပ်​တွေ​ထဲ​က စာပေ​ခွန်အား​တွေ ကျွန်တော်​ရ​ခဲ့​တယ်”ဟု ဆို​သည်။

၂​၀⁠၀​၇ မှာ စာကြည့်​တိုက်​လေး​စ​တယ်

ကိုဇော်ဇော်​သည် မန္တလေး​အခ​မဲ့ စာကြည့်​တိုက်​လေး​ကို ၂​၀⁠၀​၇ ခု​နှစ်​တွင် တည် ထောင်​ခဲ့​သည်။ ကိုယ်​ကိုယ်တိုင်​က မူလ​တန်း​သာ​အောင်​ခဲ့​ကာ စာအုပ်​စာပေ တွေ​ထဲ​က အသိ​ပညာ​တွေ​ရ​ခဲ့​သည်​ဟု ဆို​ပါ​လျှင် ဘွဲ့​ရ​ပညာ​တတ်​များ စာ​ဖတ်​ကြ​သည့်​အခါ သူ့​ထက် အသိ​ပညာ​တွေ​ရ​လာ​မှာ​ဖြစ်​ပြီး တိုင်း​ပြည်​အနာ​ဂါတ်​လည်း အများ​ကြီး​ကောင်း​လာ​မည်​ဟု ထင်​သော​ကြောင့် စာကြည့်​တိုက်​လုပ်​ဖြစ်​ခဲ့​တာ​ဖြစ်​ကြောင်း ကိုဇော်ဇော်​က ရှင်း​ပြ​သည်။
ကိုဇော်ဇော်​တည်ထောင်​ထား​သော မန္တလေး​အခ​မဲ့​စာကြည့်​တိုက်​သည် အခြား​သော စာ ကြည့်​တိုက်​များ​နှင့် မ​တူ​ဘဲ တမူ​ထူးခြား​သည်​ဟု ပြော​နိုင်​ပေ​သည်။ စာကြည့်​တိုက်​တွင် ဂစ်​တာ ခုနစ်​လုံး၊ ဇယ်​ခုံ ခုနစ်​လုံး ထား⁠ထား​ပြီး စာအုပ် နှစ်​အုပ်​လာ​ဖတ် ပါ​က ဂစ်​တာ​နှင့် ဇယ်​ခုံ​ကို အိမ်​ငှား​ပေး​သည်​ဟု​ကိုဇော်ဇော်​က ပြော​ပြ​သည်။
“နောက်​ပြီး ဒီ​နား​က အရက်​သောက်​တဲ့​သူ​တွေ​ကို​လည်း အရက်ဖိုး​လို​ရင် ကျွန်တော်​က ငါးရာ​ပေး​မယ် စာအုပ် တစ်​အုပ်​တော့ လာ​ဖတ်​ရ​မယ်​လို့ ပြောထား​တယ်။ သူ​တို့ လာ​ကြ​တယ်။ ဘာ​ပဲ​ဖြစ်⁠ဖြစ်​ဗျာ နောက်ဆုံး ယှဉ်​ကြည့်​ရင် စာမ​ဖတ်​တဲ့​အရက်​သမား​ထက် စာ​ဖတ်​တဲ့ အရက်​သမား​က ပို​သာ​မယ်”
ကိုဇော်ဇော်​သည် ရပ်​ကွက်​တွင်း ရှိ လူ​များ​ကို စာ​ဖတ်​စေ​ရန် ယခုကဲ့သို့ နည်း​မျိုး​စုံ​နှင့် ကြိုးစား နေ​ပြီး အခြား​သော ရပ်​ကွက်​မှ​လူ​များ​လည်း စာ​ဖတ်​နိုင်​ရန်​အတွက် သူ့​ကိုယ်​ပိုင် စက်ဘီး ပေါ် စာအုပ်​များ​တင်​ကာ အိမ်​တိုင်​ရာ​ရောက် စာအုပ်​လိုက်လံ ငှား​ပေး​သည့် ဝန်​ဆောင်​မှု​ကို​လည်း အခ​မဲ့ လုပ်ဆောင်​နေ​သူ​ဖြစ်​သည်။
“တချို့ ကျွန်တော့်​စာကြည့်​တိုက်​ကို မ​လာ​နိုင်​ရင် ကျွန်တော်​က စာအုပ်​ကို အိမ်​လိုက်ပို့​ပေး​တယ်။ တောင်​ဥက္က​လာ လို ဝေး​တဲ့​နေရာ​ထိ​ကတောင် ငှား​တယ်​ဗျ။ ပုံ​မှန်​ကတော့ သမိုင်း​လမ်းဆုံ​က​နေ MRTV 4 ရုံး​နား လောက်​ထိ စက်ဘီး​နဲ့ လိုက်ပို့​ပေး​ရ​တယ်။ သူ​တို့​က ဖုန်း​ဆက်​ပြီး မှာ​တာ​ပေါ့​ဗျာ”ဟု ကိုဇော်ဇော်​က ပြော​ပြ​သည်။

စာမ​တတ်​ဘဲ စာ​ဖတ်​ရုံ​နဲ့ ခွန်အား​ရ​ခဲ့​တယ်

“ဘွဲ့​မ​ရ ကျောင်း​မ​နေ​ရ​ပေ​မယ့် စာပေ​ပညာ​နဲ့ တတ်​တဲ့​ပညာ​ကို ပေါင်း​ပြီး အသုံး​ချ​တယ်။ ကျွန်တော် လေး​တန်း​ပဲ အောင်​ပါ​တယ်။ အဓိက က မ​ခံ​ချင်​တဲ့​စိတ်​က ကျွန်တော့်​ကို စာ​ဖတ်​ဖြစ်​အောင် တွန်း​ပို့​ခဲ့​တာ လို့ ပြော​လို့​ရ​ပါ​တယ်။ ကျွန်တော်​တို့ နိုင်ငံ​မှာ​က ဘွဲ့​ရ​ရုံ​နဲ့ စာတတ်​တယ် ထင်​နေ​ကြ​တာ။ ကိုယ်​တတ်​တဲ့ ပညာ​ကို တကယ်​အသုံး​ချ​နိုင်​ရင် ပို​ကောင်း ပါ​တယ်” ဟု​လည်း သူ့​အမြင်​ကို ပြော​သည်။
ကိုဇော်ဇော်​၏ မန္တလေး အခ​မဲ့​စာကြည့်​တိုက်​ဖွင့်​ချိန်​မှာ မနက် ၉ နာရီ​မှ ည ၁​၁ နာရီ​အထိ ဖြစ်​သည်။ ငါး​ကင်​ရောင်း​ချိန်​က ညနေ ခြောက်​နာရီ ခုနစ်​နာရီ​ဖြစ်​ပြီး ငါး​ကင်​သွား​ရောင်း​နေ​ချိန် မှာ​လည်း စာကြည့်​တိုက် တံခါး​ကို ဒီ​အတိုင်း​ပင် ဖွင့်​ထားခဲ့​သည်​ဟု​လည်း ပြော​ပြ​သည်။
“ကျွန်တော် မ​ရှိ​ခင် စာအုပ်​ဖတ်​ချင်​သူ​ရှိ​ရင် ဖတ်​ရအောင်။ တချို့​က​လည်း ယူ​တဲ့​စာအုပ်၊ ကိုယ့်​နာမည်၊ လိပ်စာ ရေး​ပေး​သွား​တယ်။ တချို့​က​လည်း ဒီ​တိုင်း ယူသွား​တာ​ပေါ့။ ယူ​လည်း သူ​တို့​က ကောင်း​ပေ့ ဆို​တဲ့ စာအုပ်​မျိုး​ကို ရွေး​ယူ​တယ်။ ကျွန်တော်​လည်း ယူ​ပေ့​စေ သူ​တို့ စာအုပ် တစ်​အုပ် ရ​သွား နည်း​လား ဆို​တဲ့ စိတ်​မျိုး​ထား​ပါ​တယ်”
ကြိုးစားပမ်းစား တည်ထောင်​ထား​သည့် စာကြည့်​တိုက်​ကလေး ရေ​ရှည်​ဖြစ်မြောက် တည်တံ့ စေ​ရန်​အတွက် ငါး​ကင်​ရောင်း​ရ​သည့် ငွေ​ထဲ​မှ တစ်​လ​ကို ကျပ်​ခုနစ်​သောင်း​ခန့် စာ​ကြည့်တ်ိုက် အတွက် အသုံးပြု​ကြောင်း ကိုဇော်ဇော်​က ပြော​သည်။
“တချို့​က​လည်း ကျွန်တော့်​ကို အလှူခံ​ပုံး​ထား​ဖို့ အကြံပေး​ကြ​တယ်။ ကျွန်တော် မ​လုပ်​ချင်​ဘူး”

ကျွန်တော်​က ဘဝ​ကို စာအုပ်​စာပေ​ထဲ​ပဲ မြှုပ်​နှံထား​တယ်

ကိုဇော်ဇော်​သည် သူ​၏ စာကြည့်​တိုက်​လေး​ကို လူ​အများ​သိရှိ​ပြီး လာ​ရောက်​ဖတ်​ရှု ငှားရမ်း​နိုင် အောင် ကြော်ငြာ​စာ​ရွက်​များ လုပ်​ထား​ပြီး လှည်း​တန်း​မှ သမိုင်း​အထိ တစ်​နေ့​ကို အခု ငါး​ဆယ် လိုက်​ကပ် ခဲ့​ကြောင်း၊ သို့ရာတွင် ရည်​ရွယ်​ချက်မ​ရှိ​ဘဲ လက်ဆော့​သူ အချို့​က ကြော်ငြာ စာ​ရွက်​များ​ကို ဆုတ်​ဖြဲ​ကြ​သော​ကြောင့် ၁​၀ ခု​လောက်​သာ ကျန်​လေ့​ရှိ​ကြောင်း၊ နေ့စဉ် ထပ် ထပ် ကပ်​နေ​ရ​ကြောင်း​လည်း ကိုဇော်ဇော်​က လက်​ရှိ​ကြုံတွေ့​နေ​ရ​တဲ့ အခက်​အခဲ​ကို ပြော​ပြ​သည်။
“ကျွန်တော်​က ဘဝ​ကို စာအုပ်​စာပေ​ထဲ မြှုပ်​နှံထား​တယ်။ ကလေး​တွေ​ကို​လည်း စာ​ဖတ်​ချင်​အောင် ကာ​တွန်း​လေး​တွေ၊ အရုပ်​လေး​တွေ​က​နေ ဆွဲ​ဆောင်​ရ​တယ်။ စာ​များ⁠များ​ဖတ်​စေ​ချင်​တယ်​ဗျာ။ ဒီ​မှာ​က ပညာ​ရေး​က​သူ​များ​နဲ့​ယှဉ်​ရင် နိမ့်​ပါး​တယ်။ မျက်လုံး​ချင်း​ဆုံ​ရင်တောင် ရန်​ဖြစ်​ချင်​ကြ​တာ။ ကျွန်တော်​ထင်​တာ​ကတော့ စာအုပ်​လေး​တွေ ဖတ်​ရင် အသိ​အလိမ္မာ​တိုး​ပြီး အရိုင်း​စိတ်​ပျောက်​မယ်​ပေါ့​ဗျာ” ဟု ကိုဇော်ဇော်​က သူ့​အမြင်​ကို ဆို​သည်။

တစ်​နိုင်ငံ​လုံး​အနှံ့​စာကြည့်​တိုက်​များ

လက်​ရှိ​မှာ ငါး​ကင်​ရောင်း​ရင်း စာကြည့်​တိုက်​ကို အောင်မြင်​အောင် ကြိုးစား​နေ​သော ကိုဇော်ဇော်​၏ ရည်​မှန်း​ချက်​မှာ မြန်မာ​တစ်​နိုင်ငံ​လုံး​တွင် စာကြည့်​တိုက်​များ ဖွင့်​လှစ်​နိုင် ခြင်း​ပင် ဖြစ်​သည်။
“လောလော ဆယ်​တော့ လမ်း​ဘေး​ဈေးသည်​ပေါ့​လေ။။ ဖိနပ်​ကို နှစ်​ထောင်​တန်​ပဲ​စီး​တယ်။ စာအုပ်​တွေ​ဝယ်​တယ်” ဟု ကိုဇော်ဇော်​က စာကြည့်​တိုက် ဖြစ်မြောက်​စေ​ရန် ချွေတာ​ရ​မှု အချို့​ကို ပြော​ပြ​သည်။
အစိုးရ စာကြည့်​တိုက်​များ​သည် ကန့်သတ်​ချက်​များ များ​နေ​သော​ကြောင့် လူ​ငယ်​များ အနေ​ဖြင့် အလွယ်​တ​ကူ ငှား​ရန် မလွယ်​ကူ​ကြောင်း ကိုဇော်ဇော်​က သူ့​အမြင်​ကို ခု​လို ပြော​သည်။
“ဒီ​နား​မှာ စာကြည့်​တိုက် နှစ်​ခု ရှိ​တယ်။ ကျွန်တော့် စာကြည့်​တိုက်​နဲ့ ရပ်​ကွက် စာကြည့်​တိုက်။ ရပ်​ကွက် စာကြည့်​တိုက်​က ည ၈ နာရီ​ခွဲ​ဖွင့်​တယ်။ ၉ နာရီ​ဆို​ပိတ်​တယ်။ ကျွန်တော် သွား​ငှား တုန်း​က ပေး​မ​ငှား​ဘူး။ Member ဝင်​ရ​မယ်​တဲ့။ ၁ ရပ်​ကွက်​က စာကြည့်​တိုက်​က ၂ ရပ်​ကွက်​က လူ​ကို ပေး​မ​ငှား​ဘူး​ဆို​တာ​လည်း​ရှိ​တယ်။ အစိုးရ​စာကြည့်​တိုက်​တွေ​က ကန့်သတ်​ချက် တွေ များ တယ်​လို့ ကျွန်တော်​ထင်​တယ်။ စည်းကမ်း​တွေ​များ​တော့ လူ​ငယ်​တွေ လက်​တွန့် တာ​ပေါ့။ ကျွန်တော့်​ဆီ​မှာ​တော့ စာ​လာ​ဖတ်​တဲ့ ကလေး​တွေ​က ဦး​ဇောဇော် မုန့်​ဖိုး​လိုချင်​တယ် ပေး​ပါ​လို့​ဆို​ရင်တောင် ကျွန်တော်​က ပေး​တာ”

စက်ဘီး​လေး​နဲ့ ရွေ့​လျား​စာကြည့်​တိုက်

“စွယ်စုံ​ကျမ်း​လို တန်ဖိုး​မြင့်​တဲ့ စာအုပ်​မျိုး​တွေ​ကို​တော့ အိမ်​လိုက်ပို့​ရ​တဲ့​အခါ​မျိုးပဲ ငှား​တယ်။ လိပ်စာ​ကို ကိုယ်​က သိ​ထား​တော့ စာအုပ်​မ​ပျောက်​တော့​ဘူး​ပေါ့” ဟု တန်ဖိုး​မြင့်​သည့် စာအုပ်​များ ငှားရမ်း​ခြင်း​နှင့် ပတ်သက်​၍​လည်း ကိုဇော်ဇော်​က ပြော​သည်။
ကိုယ်​ပိုင် စက်ဘီး​လေး​မှာ စာအုပ်​များ အကြိမ်ကြိမ်​ပို့​ရ​သည့် ဒဏ်​ကြောင့် ရေ​ရှည်​မ​ခံ တော့​ဘဲ ဟောင်း​လာ​ကာ ပျက်​သည့် အခါ​တွင် တွန်း​၍ ပင် သွား​ရ​သည်။ လိုက်ပို့​ရ​သော နေရာ​ဝေး​ပါ​က ဝေး​သည့်​အလျောက် စက်​ဘီးပေါ် စာအုပ်​များ​တင်​ကာ တွန်း​ပို့​နေ​ရ​သည်​များ ရှိ​ကြောင်း​လည်း ကိုဇော်ဇော်​က ဆို​သည်။
“ကျွန်တော်​က စက်ဘီး​လေး စီး​ပြီး စာအုပ်​တွေ သွား​ပို့​တယ်။ ပို့​ပါ​များ​တော့​စက်ဘီး​က ပျက်​တယ်။ ဦးကျော်​သူ (နာ​ကူ) က ကျွန်တော့်​ကို စက်ဘီး​လေး လှူ​ပါ​တယ်။ သူ​က ကား​တောင်​ပေး​တာ​ပါ။ ကျွန်တော်​က မ​လိုချင်​ဘူး။ မောင်း​လည်း မ​မောင်း​တတ်​ဘူး။ သူ​များ ဥစ္စာ​ကြီး​ယူ​ပြီး မ​လုပ်​နိုင်​ရင် တာဝန်​ကြီး​တယ်။ ကိုယ့်​သမိုင်း​ကို ကိုယ်​ရေး​ရ​တာ။ ကိုယ်​နိုင်​တာ​ပဲ ကိုယ်လုပ်​ပါ​တယ်။ American Centre က​လည်း စာအုပ်​တွေ လှူ​သေး​တယ်” ဟု မန္တလေး စာကြည့်​တိုက်​အတွက် ဝိုင်း​ကူ​ပေး​ကြ​ကြောင်း​ကို ပြော​ပြ​သည်။

ရွာ​မှာ​လည်း စာကြည့်​တိုက်​လေး လုပ်​ထား​တယ်

ကျောက်​ပန်း​တောင်း​သား ဇာတိ​ဖြစ်​သော ကိုဇော်ဇော်​သည် ဇာတိ​မြေ​နှင့် ဝေး​သော ရန်ကုန် တွင် အခ​မဲ့​စာကြည့်​တိုက်​လေး တည်ထောင်​ကာ လူ​ငယ်​များ စာ​ဖတ်​လာ​အောင် လုပ်​ခြင်း​သာ မက သူ့​မွေး​ရပ်​ဇာတိ ဆီ​သာ​ရွာ​တွင်​လည်း စာကြည့်​တိုက်​တစ်​ခု ဖြစ်မြောက် အောင်​တည်ထောင် ထား​သေး​သည်။
ရွာ​စာကြည့်​တိုက်​ကို ကိုယ်တိုင်​မ​စီမံ​နိုင်​သ​ဖြင့် အစ်မ​ဖြစ်​သူ​က တာဝန်​ယူ​ပြီး လုပ်ဆောင် ပေး​နေ​ပြီး အသံ​ချဲ့​စက်​ဖြင့် စာပေ​ဟောပြော​ပွဲ အခွေ​များ ဖွင့်​ပေး​ကြောင်း​လည်း ကိုဇော်ဇော် က ပြော​ပြ​သည်။
“ရွာ​မှာ​ကျ ဒီ​လောက် မ​ဖြစ်မြောက်​ဘူး။ ဟိုမှာ စာ​ဖတ်​ဖို့ မ​နည်း​လုပ်​ရ​တယ်။ ခေါင်​လည်း​ခေါင်​တယ်။ စာ​ဖတ်​အား နည်း​တယ်” ဟု ကိုဇော်ဇော်​က မြို့​နှင့် ရွာ စာ​ဖတ်​အား ကွာ​ခြား​ပုံ​ကို ဆို​သည်။

စာကြည့်​တိုက်​မှူး​က စာပေ​ကို တကယ်​ချစ်​ဖို့​လို​တယ်

The Asia Foundation ၏ ၂​၀​၁​၄ ခု​နှစ် ဖေဖော်ဝါရီ​လ​အတွင်း ထုတ်​ပြန်​သော စစ်တမ်း တစ်​ခု​အရ မြန်မာ​တစ်​နိုင်ငံ​လုံး​မှာ ဖွင့်​လှစ်​ထား​သော စာကြည့်​တိုက်​များ​၏ ၉​၀ ရာ​ခိုင်​နှုန်းကျော်​သည် အများ​ပြည်​သူ​အသုံးပြု​ခြင်း​မ​ရှိ​ဟု သိ​ရ​ပေ​သည်။ မြန်မာ​နိုင်ငံ​တွင် စာကြည့်​တိုက်​ပေါင်း ၅​၅ ၇​၅​၅ ခု​ရှိ​ပြီး ၄​၈​၆​၈ ခု​သာ အသုံးပြု​နိုင်​ကာ ပြည်​သူ ၉​၇ ရာ​ခိုင်​နှုန်း မှာ စာကြည့်​တိုက်​များ အကျိုး​ရှိ​ပုံ​ကို သိသော်​လည်း အသုံးပြု​မှု နည်းပါး​ကြောင့် အဆို​ပါ စစ်တမ်း​မှာ ဖော်​ပြ​ထား​သည်။
မြန်မာ​နိုင်ငံ​တွင် ထို​ကဲ့သို့​စာကြည့်​တိုက်​များ ရှားပါး​လာ​ပြီး အသုံးပြု​သူ လူ​ငယ်​များ​လည်း နည်းပါး လာ​ကြောင်း​နဲ့ ပတ်သက်​၍ ကိုဇော်ဇော်​က သူ့​အမြင်​ကို ပြောဆို​သည်။
“ခေတ်​က ပြောင်း​လာ​ပြီ။ စာကြည့်​တိုက်​တွေ နည်း​လာ​တယ်။ ကျ​ရှုံး​ကုန်​ကြ​တာ​ပေါ့။ အဓိက က စာကြည့်​တိုက်​ကို ထူထောင်​တဲ့​သူ​က စာကြည့်​တိုက်​မှူး​က ကိုယ့်​စာကြည့်​တိုက်​ကို ကိုယ်တိုင် စိတ်ဝင်စား​မှု ရှိ​ဖို့​လို​တယ်။ စာပေ​ကို တကယ်​ချစ်​ဖို့ လို​တယ်”

စာအုပ်​တွေ နှမြော​တိုင်း​သာ စာကြည့်​တိုက် ပိတ်​ပစ်​ရင် ကျွန်တော် မျှော်လင့်​ချက် ဘယ်​ပြည့်​တော့ မ​လဲ

စာအုပ်​များ​ကို အခ​မဲ့​ငှား​ရ​သည့်​အပြင် ငှား​လိုက်​သည့် စာအုပ်​များ​ကို ပြန်​ပေး​သူ ရှိ​သကဲ့သို့ ပြန်​မ​ပေး​သူ​များ​လည်း အများ​အပြား​ရှိ​ပေ​သည်။
“ကျေနပ်​ပါ​တယ်။ ကျွန်တော်​က ပိုက်ဆံ​ရှိ​လို့ စာကြည့်​တိုက် ဖွင့်​တာ မဟုတ်​ပါ​ဘူး။ စာပေ​သမား​မို့ စာ​ကို ချစ်​လို့​ပါ။ တာ​တေ စနေ​သား​ဆို​ရင် ကိုး​အုပ်​ဝယ်​ထား​တာ တစ်​အုပ်​ပဲ ကျန်​တာ့​တယ်။ စာအုပ်​တွေ နှမြော​တိုင်း​သာ စာကြည့်​တိုက် ပိတ်​ပစ်​ရင် ကျွန်တော် မျှော်လင့်​ချက် ဘယ်​ပြည့်​တော့ မ​လဲ။ တစ်​ခါ​တစ်​ခါ ကျွန်တော် မ​ဖတ်​တတ်​တဲ့ သိပ်​နား​မ​လည်​တဲ့ စာအုပ်​တွေ​ရှိ​တယ်။ ဒါပေမဲ့ တခြား​လူ​ငယ်​တွေ​က ညွှန်း​ရင် ကျွန်တော် တင်​ထား​လိုက်​တယ်။ No 1 လို စာအုပ်​မျိုး​တွေ”ဟု ကိုဇော်ဇော်​က ဆို​သည်။
ကိုဇော်ဇော်​က လူ​ငယ်​တွေ​ကို စာ​များ⁠များ​ဖတ်​စေ​ချင်​ပြီး​သူ​ကိုယ်တိုင်​မှာ​မူ စာကြည့်​တိုက်​လေး ဖွင့်​ပြီး​သာ နေ​ချင်​ကြောင်း ပြော​သည်။
ကိုဇော်ဇော်​၏ မန္တလေး အခ​မဲ့​စာကြည့်​တိုက်​လေး​သည် လှိုင်​မြို့​နယ် အောင်​မေတ္တာ(၄)လမ်းတွင် တည်​ရှိ​ပြီး ဆက်​သွယ်​ရန်​ဖုန်း​နံပါတ်​မှာ ၀​၉​၂​၅​၆​၁⁠၁​၆​၇​၂​၇ ဖြစ်​သည်။

ချမ်း​ငြိမ်း​ဖြူ (The Voice Weekly)