ကိုး​ကန့်​ဒေသ​တွင် စစ်​အုပ်ချုပ်​ရေး ကြေညာ​ပြီး နောက်​တစ်​နေ့​၌ ချင်း​ရွှေဟော် မြို့​အနီး​တွင် စစ်​ယာဉ်​တန်း​တိုက်ခိုက်​ခံ​ရကာ တပ်​မတော်​မှ ဗိုလ်​ကြီး​တစ်​ဦး​ကျ​ဆုံး​ပြီး အခြား​အဆင့်​သုံး​ဦး ဒဏ်ရာ​ရ​ရှိ​ခဲ့​သည်။

ထို့​ကြောင့် ဖေဖော်ဝါရီ ၁​၅ ရက်​နောက်​ပိုင်း တပ်​မတော်​သား​သုံး​ဦး ထပ်မံ​ကျ​ဆုံး​သွား​ခြင်း ဖြစ်​ပြီး ၂​၇ ဦး ဒဏ်ရာ​ရ​ရှိ​ခဲ့​သည်။

တိုက်​ပွဲ​စတင် ဖြစ်ပွား​သည့် ဖေဖော်ဝါရီ ၉ ရက် မှ ၁​၈ ရက် အထိ တပ်​မတော်​မှ ကျ​ဆုံး​သူ စုစုပေါင်း ၅​၀ ဦး​နှင့် ဒဏ်ရာ​ရ​ရှိ​သူ ၁​၀​၀ ဦး ရှိ​ပြီ​ဖြစ်​ကြောင်း နိုင်ငံ​ပိုင်​မီ​ဒီ​ယာ​များ​၏ ထုတ်​ပြန်​ချက်​အရ သိ​ရ​သည်။

သမ္မတ​က ဖေဖော်ဝါရီ ၁​၇ ရက်​တွင် လောက်​ကိုင်​ဒေသ​၌ စစ်​အုပ်ချုပ်​ရေး ကြေညာ​ခဲ့​ပြီး ဖေဖော်ဝါရီ ၁​၈ ရက်​တွင် ချင်း​ရွှေဟော်​နှင့် ငါး​မိုင်​ခန့်​သာ​ကွာ​သည့် လုံ​ထန်​ရွာ​အနီး​၌ တပ်​မတော်​စစ်​ယာဉ်​တန်း တိုက်ခိုက်​ခံ​ရ​ခြင်း​ဖြစ်​သည်။

ထို​တပ်​မတော် စစ်​ယာဉ်​တန်း​ကို တပ်မ (၁​၁) နှင့် စစ်ဆင်​ရေး​ကွပ်​ကဲ​မှု​ဌာန​ချုပ်​မှ တပ်မ​မှူး​က ဦးဆောင်​သွား​ခြင်း​ဖြစ်​သည်။

တပ်မ (၁​၁) မှ ဗိုလ်​ကြီး ရဲ​စည်​သူကျော် သေ​နတ်​ဒဏ်ရာ​ရကာ ကျ​ဆုံး​ခဲ့​ပြီး အခြား​တပ်​မတော်​သား​သုံး​ဦး​လည်း သေ​နတ်​ဒဏ်ရာ​များ​ဖြင့် ကွမ်း​လုံ​ဆေး​ရုံ​တွင် ကု​သ​မှု​ခံ​နေ​ရ​သည်။

တိုက်ခိုက်​ခံ​ရ​သည့် တပ်​မတော်​စစ်​ယာဉ်​တန်း​သည် ကြက်ခြေ​နီ​အဖွဲ့ ပစ်ခတ်​ခံ​ရ​သည့် မြေပြင်​အခြေအနေ​ကို လေ့​လာ​ရန် နှင့် ရှေ့​တန်း တပ်​မတော်​သား​များ​အတွက် ရိက္ခာ​ပို့​ရန် သွား​ခြင်း ဖြစ်​ပြီး နေ့လယ် ၁ နာရီ​ခွဲခန့်​မှ​စ​ကာ ညနေ ၆ နာရီ​အထိ တိုက်ခိုက်​ခံ​ရ​ခြင်း​ဖြစ်​သည်။

ကိုး​ကန့် တိမ်းရှောင်​တပ်ဖွဲ့​ဝင်​များ​ဘက်​က​မှ ဖေဖော်ဝါရီ ၁​၅​ရက်​အထိ ၂​၆ ဦး ကျ​ဆုံး​ခဲ့​ကြောင်း​ကြေညာ​ထား​ပြီး ထို့နောက်​ပိုင်း အခြေအနေ​ကို​မူ မ​သိရှိ​ရ​သေး​ပေ။

‘‘ကျွန်တော်​တို့ ယာဉ်​တန်း လုံ​ထန်​နား​ရောက်​တော့ တောင်ပေါ်​က​နေ စ​နိုက်​ပါ​တွေ​နဲ့ ဆက်တိုက်​ပစ်​တာ။ အင်​အားတော်တော်​များ​တယ်။ ကား​တစ်​စီး​လုံး လက်နက်​ကြီး​ထိ​ပြီး မှောက်​ကျန်​ခဲ့​တာ’’ ဟု ဒဏ်ရာ​ရ တပ်​မတော်​သား​များ​ကို ကား​ဖြင့် ပြန်​သယ်​ထုတ်​လာ​ခဲ့​သည့် တပ်​မတော်​သားတစ်​ဦး​က ပြော​သည်။

ငါး​နာရီ​ခန့်​ကြာ​အောင် တိုက် ပွဲ​ဖြစ်ပွား​ခဲ့​သည့် လုံ​ထန်​ရွာ​သည် လောက်​ကိုင်​မြို့​နှင့် မိုင် ၃​၀ ကျော် ဝေး​ပြီး ချင်း​ရွှေဟော်​မြို့​နှင့် ငါး​မိုင်​ခန့် ကွာဝေး​သည်။

ဖုန်​ကြား​ရှင်​၏ လက်နက်ကိုင်​တပ်ဖွဲ့​သည် လောက်​ကိုင်​မှ​တစ်​ဆင့် ချင်း​ရွှေဟော်​မြို့​သို့ တ​ဖြည်း⁠ဖြည်း​တိုး​ကာ ပြောက်ကျား​စနစ်​ဖြင့် တိုက်ခိုက်​လာ​နေ​ကြောင်း တပ်​မတော် အရာရှိ​တစ်​ဦး​က ဆို​သည်။

ချင်း​ရွှေဟော်​မြို့​နှင့် ကိုး​မိုင်​ခန့်​ကွာ​သည့် ကွမ်း​လုံ​ဒေသ​ခံ​များ​မှာ​လည်း ချင်း​ရွှေဟော်​မြို့​အနီး တိုက်​ပွဲ​များ ဖြစ်ပွား​နေ​သော​ကြောင့် လုံခြုံ​ရေး​အတွက် စိုးရိမ်​မှု​များ ဖြစ်ပွား​နေ​သည်။

ချင်း​ရွှေဟော်​မြို့ လမ်းဆုံ​တွင် ပိတ်ကာ လုံခြုံ​ရေး​စောင့်​နေ​သည့် တပ်မ (၁​၁) မှ တပ်​မတော် အရာရှိ​တစ်​ဦး​က​လည်း လုံခြုံ​ရေး အာမ မ​ခံ​နိုင်​သော​ကြောင့် ချင်း​ရွှေဟော်​တွင် ည​မ​အိပ်​ရန် သ​တင်း​ထောက်​များ​နှင့် ကြက်ခြေ​နီ​အဖွဲ့​အား ပြော​သည်။

လောက်​ကိုင်​နှင့်​အနီး မြန်မာ-တရုတ်​နယ်စပ်​တွင် ဖေဖော်ဝါရီ ၁​၈ ရက်​အထိ ကျန်​ရှိ​နေ​သေး​သည့် ကြံ​ခုတ်​အလုပ်​သမား နှစ်​သောင်းကျော် ရှိ​နေ​သေး​ပြီး ၎င်း​တို့​က တရုတ်​လုပ်​ငန်း​ရှင် ပေး​မည်​ဆို​သည့် လုပ်​အား​ခ​ကို စောင့်​နေ​ခဲ့​ခြင်း​ဖြစ်​ကြောင်း လောက်​ကိုင်​မှ ခြေကျင်​လျှောက်​ပြန်လာ​ခဲ့​သည့် ကို​ခင်​ဝင်း​ဆို​သူ​က ပြော​သည်။

ဖေဖော်ဝါရီ ၁​၈ ရက်​က လောက်​ကိုင်၊ ကုန်း​ကြမ်း၊ တာ​ရွှေ​ထန်​မြို့​တို့​တွင် အစိုးရ​တပ်​မတော်​နှင့် ဖုန်​ကြား​ရှင်​၏ ကိုး​ကန့် လက်နက်ကိုင်​အဖွဲ့ ပစ်ခတ်​မှု​အနည်းငယ် ဖြစ်ပွား​ခဲ့​ပြီး ချင်း​ရွှေဟော်​မြို့​အနီး လုံ​ထန်​ရွာ​တွင် အပြင်း​ထန်​ဆုံး ဖြစ်ပွား​ခဲ့​ကြောင်း တပ်မ (၁​၁)မှ တပ်​မတော်​အရာရှိ​တစ်​ဦး​က ပြော​သည်။

ဖေဖော်ဝါရီ ၁​၅ ရက် နောက်​ပိုင်း​တွင် တိုက်​ပွဲ​များ​ကြောင့် အရပ်သား​နှစ်​ဦး သေ​ဆုံး​ပြီး၊ ခြောက်​ဦး ဒဏ်ရာ​ရ​ရှိ​ခဲ့​ကြောင်း​လည်း အစိုးရ​က ထုတ်​ပြန်​သည်။

ဖေဖော်ဝါရီ ၁​၅ မှ ၁​၈ ရက်​အထိ ကျောက်​မဲ​နှင့် သီ​ပေါ​ကြား​တွင် SSA ဝမ်​ဟိုင်း​မှ​တစ်​ကြိမ်၊ လားရှိုး​နှင့် သိန်း​နီ​ကြား​တွင် SSAဝမ်​ဟိုင်း​မှ တစ်​ကြိမ်၊ သိန်း​နီ​နှင့် ကြူ​ကုတ်​ကြား​တွင် KIA နှင့် TNLA အဖွဲ့​တို့​က သုံး​ကြိမ်၊ ကွတ်​ခိုင်​နှင့် မုန်း​ဆီး​ကြား​တွင် KIA အဖွဲ့​နှစ်​ကြိမ်၊ မုန်း​ဆီး​နှင့် တာ​ဘား​ကြား​တွင် KIA နှင့် တစ်​ကြိမ်၊ ချင်း​ရွှေဟော်​နှင့် ပါ​စင်ကျော်​ကြား​တွင် ကိုး​ကန့် သောင်းကျန်း​သူ​တို့​က လေး​ကြိမ် အလစ်​အငိုက် နှောင့်​ယှက်​တိုက်ခိုက်​ခြင်း၊ အဝေး​ထိန်း မိုင်း​ဖြင့် ဖောက်ခွဲ​တိုက်ခိုက်​ခြင်း တို့ ပြုလုပ်​ခဲ့​ကြောင်း နိုင်ငံ​ပိုင်​မီ​ဒီ​ယာ​များ​က​ကြေညာ​သည်။
Credit to 7Day Daily