ကိုယ့်​အရည်အချင်း​တွေ ကိုယ့်​လုပ်​ရည်​ကိုင်​ရည်​တွေ မြင့်​လာ​ရင် ကိုယ့်ကိုယ်ကို ယုံကြည်​မှု တိုး​လာ​ပြီး​တော့ အဆင်​ပြေ​တာ ပို​များ​လာ​မှာ​ပါ၊၊ ဒါ​ကြောင့် စိတ်​ဓာတ် မ​ကျ​ချင်​ရင် အရည်အချင်း​ကို အမြဲ​တမ်း မြှင့်​တင်​ပေး​ပါ၊၊

နှောင်ကြိုး​မ​ပါ​ပဲ၊ ဘာ​မှ ပြန်​ပြီး မမျှော်​လင့်​တဲ့ စေတနာ​နဲ့ အများ​အကျိုး​ကို ဆောင်ရွက်​နိုင်​ရင် အဲ​ဒီ​လွတ်လပ်​တဲ့ မေတ္တာ​ဟာ အင်မတန်​ကောင်း​တဲ့ ဆေး​ဖြစ်​ပါ​တယ်၊၊ ကရုဏာ​ဟာ​လည်း စိတ်​ရဲ့ မြင့်မြတ်​တဲ့ အရည်အသွေး​တ​မျိုး ဖြစ်​လို့ တကယ်​စစ်​မှန်​တဲ့ ကရုဏာ ထား​နိုင်​ရင် စိတ်​ရဲ့ ကျန်းမာ​ရေး​အတွက် အထောက်​အကူ ဖြစ်​ပါ​တယ်၊၊ ကိုယ့်​ကြောင့် သူ​များ ဒုက္ခ မ​ရောက်​ရအောင် သတိ​နဲ့ ဥာဏ်​နဲ့ ထိမ်း​သိမ်း​မယ်​ဆို​ရင် အဲ​ဒီ စိတ်​စေတနာ မြင့်​မား​မှု​ကြောင့် ကိုယ့်​မှာ စိတ်​အေးချမ်း​တယ်၊၊ သူ​များ​အဆင်​ပြေ​နေ​တာ၊ ကြီးပွား​နေ​တာ၊ ပျော်ပျော်​ရွှင်​ရွှင် နေ​ကြ​တာ မြင်​ရ ကြား​ရ​ရင် မ​နာလို ဝန်တို​စိတ် မ​ဖြစ်​ဘူး၊၊ ငြူစူ​စောင်း​မြောင်း​ပြီး မ​ပြော​ဘူး၊၊ သူ​တ​ပါး​ရဲ့ အဆင်​ပြေ​မှု​ကို ဝမ်းသာ အားရ​တဲ့​စိတ် ဖြစ်​တယ်၊၊ အဲ​ဒီ​လို မုဒိတာ​စိတ်​ဟာ​လည်း စိတ်​ကျမ်း​မာ​ရေး​အတွက် ဆေး​ပါ​ပဲ၊၊ ကိုယ်​တတ်နိုင်​သ​လောက် ကိုယ့်​အတွက်​ကော အများ​အတွက်​ပါ အဆင်​ပြေ​အောင် ကြိုးစား​ပြီး​တော့ ကိုယ်​မတတ်​နိုင်​တဲ့ အဆင်​မ​ပြေ​မှု​တွေ တွေ့​ရ​တဲ့​အခါ စိတ်​မ​ညစ်​ပဲ ဥ​ပက္ခာ​စိတ်​နဲ့ နေ​နိုင်​ရင်​လည်း အဲ​ဒီ​ဥ​ပက္ခာ​က စိတ်​အတွက် ဆေး​ဖြစ်​ပါ​တယ်၊၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥ​ပက္ခာ​နဲ့ သတိ​ပဋ္ဌာန် တရား​တွေ​ကို ဘဝ​ထဲ​ရောက်လာ​အောင် လုပ်​နိုင်​ရင်၊ ကျင့်​သုံး​နိုင်​ရင် depression မ​ဖြစ်​ဘူး၊၊

တချို့​လူ​တွေ​ဟာ လူ​တ​ယောက်​နဲ့ အဆင်​မ​ပြေ​ရင် အဲ​ဒီ​လူ​ကို အဆက်​ဖြတ်​တယ်၊၊ နောက်​တ​ယောက်​နဲ့ အဆင်​မ​ပြေ​ရင် အဲ​ဒီ​လူ​ကို​လည်း အဆက် ဖြတ်​တယ်၊၊ အဲ​ဒီ​လို လုပ်​တဲ့​သူ​ဟာ ကြာ​ရင် တ​ယောက်​တည်း ဖြစ်​သွား​လိမ့်​မယ်၊၊ ကိုယ့်​လောက​ကြီး​ဟာ ကြာ​လေ ကျဉ်း​လေ ဖြစ်လာ​တယ်၊၊ လောက​ကြီး​တင်​မက​ပါ​ဘူး စိတ်ပါ ကြာ​လေ ကျဉ်း​လေ ဖြစ်လာ​တယ်၊၊ သဘောထား​တွေ သေး​သိမ်​လာ​တယ်၊၊ လောက​ကြီး​ကို အပြစ်​မြင်​လာ​တယ်၊ စိတ်ပျက်​လာ​တယ်၊ ကိုယ့်ကိုယ်ကို​လည်း အား​မ​ရ​ဖြစ်​ပြီး အားငယ်​လာ​တယ်၊ သိမ်ငယ်​လာ​တယ်၊ စိတ်​ဓာတ် ကျ​လာ​တယ်၊၊ သူ့​စိတ်​ထဲ​မှာ​ရှိ​တဲ့ သိ​နိုင်​တဲ့ အင်အား​တွေ၊ ကောင်း​တာ​ကို လုပ်​နိုင်​တဲ့ အင်အား​တွေ၊ ယုံကြည်​နိုင်​တဲ့ အင်အား​တွေ​က လုပ်​ရ​မဲ့​အလုပ်​ကို မ​လုပ်​ရ​တဲ့ အတွက်​ကြောင့် စိတ်​ရောဂါ ဖြစ်​သွား​တယ်၊၊ လူ​ရဲ့ စိတ်​ဓာတ်​အင်အား​တွေ အသိ​ဥာဏ် အင်အား​တွေ​ဟာ ကောင်း​တာ​ကို လုပ်​နေ​ရင် ကောင်း​တဲ့​ဘက်​ကို သွား​နေ​တယ်၊၊ ကောင်း​တာ​ကို မ​လုပ်​ရ​ရင် ဆိုး​တာ​ကို လုပ်​တော့​တာ​ပဲ၊၊ လူ​ဆို​တဲ့ သတ္တဝါ​ဟာ မ​ကောင်း​မ​ဆိုး ဆို​တာ တော်တော်​ရှား​တယ်၊၊ ကောင်း​ရင်​ကောင်း၊ မ​ကောင်း​ရင်​တော့ ဆိုး​တော့​မှာ​ပဲ၊၊

စိတ်ဝေ​ဒ​နာ​ရဲ့ အကြောင်းရင်း​ခံ​က ဘာ​လဲဆို​တော့ ကိုယ်​တကယ်​လိုချင်​တာ ဘာ​လဲဆို​တာ​ကို မ​သိ​တာ​ပဲ၊၊ ကိုယ့် personality ကိုယ့်​စရိုက် ဝါသနာ​နဲ့ ကိုက်​တာ ဘာ​လဲဆို​တာ မ​သိ​ဘူး၊၊ ကိုယ့်​ရဲ့​ပါရမီ​နဲ့ ကိုက်​တာ ဘာ​လဲဆို​တာ မ​သိ​ဘူး၊၊ ကိုယ့်​စိတ်​ထဲ​မှာ အဆိုး​ကို တွေး​တိုင်း အဲ​ဒီ အဆိုး​တွေး​တာ​ကို မြင်​အောင်​ကြည့်ပါ၊၊ ငါ​အခု ဘာ​တွေး​နေ​သလဲ၊ ငါ့​တွေး​ပုံ​တွေး​နည်း​က ဘယ်​လို တွေး​ပုံ​တွေး​နည်း​လဲ ဆို​တာ သတိထား​ပြီး​ကြည့်​တဲ့ အကျင့်​ကို လုပ်​ပါ၊၊ အဆိုး​တ​ခု​ခု ဖြစ်​တော့​မယ်​လို့ ယုံကြည်​ထား​ရင် အဲ​ဒီ ယုံကြည်​မှု​က ကိုယ့်​စိတ်​ကို လွှမ်းမိုး​ပြီး​တော့ အဆိုး ဖြစ်လာ​အောင် ဖန်တီး​ပေး​တတ်​တယ်၊၊ ယုံကြည်​မှု​ဟာ စွမ်းအား အင်မတန် ကြီး​ပါ​တယ်၊၊ ဖြစ်လာ​တဲ့​အခါ ငါ​ပြော​သား​ပဲ​ဆို​ပြီး ကိုယ့်​အဆိုး​ဟော​ကိန်း မှန်​ကြောင်း အထောက်​အထား ဖြစ်​တတ်​တယ်၊၊ အဲ​ဒါ​မျိုး​ကို self-fulfilling prophecy လို့ ခေါ်​တယ်၊၊ ကြိုတင် ဟော​ကိန်း​ထုတ်​လို့ ဖြစ်​ရ​တာ၊၊ တချို့ အတိတ်​ကောက်​တာ န​မိတ်​ကောက်​တာ ဝါသနာ​ပါ​တဲ့​သူ​တွေ၊ ယုံ​တဲ့​သူ​တွေ​ဟာ တ​ခု​ခု မြင်​ရ​ကြား​ရ​ရင် အဓိပ္ပါယ်​ကောက်​ပြီ၊၊ အဆိုး​အဓိပ္ပါယ် ကောက်​မိ​ရင် စိတ်ပူ​ပြီ၊ စိတ်​ဆင်းရဲ​ပြီ၊၊ ဘာ​မှ အဓိပ္ပါယ်​မ​ကောက်​တဲ့​သူ​မှာ ဘာ​မှ ခံစား​မှု မ​ဖြစ်​ဘူး၊၊ အဲ​ဒီ​လို​ပဲ လူ​တ​ယောက်​ရဲ့ အမူအရာ​နဲ့ စကား​ကို တခြား​တ​ယောက်​က အဓိပ္ပါယ် ကောက်​တယ်၊၊ အဆိုး​ကို​မှ ပို​ပြီး အဓိပ္ပါယ် ကောက်​ချင်​တဲ့​သူ ဆို​ရင်​တော့ မ​ကြာ​မ​ကြာ စိတ်​ဆင်းရဲ​ရ​မယ်၊၊

လောက​ရဲ့ သ​ဘာ​ဝ​ဆို​တာ အကောင်း​လည်း ရှိ​တာ​ပဲ၊ အဆိုး​လဲ ရှိ​တာ​ပဲ၊၊ အဆိုး​မြင်​တတ်​တဲ့​သူ​ဟာ ဒီ​လို အဆိုး​မြင်​တာ​မှ သ​ဘာ​ဝ​ကျ​တယ်​လို့ ထင်​တတ်​တယ်၊၊ အဆိုး​မြင်​တာ​မှ အမှန်​အတိုင်း မြင်​တာ​လို့ ထင်​တတ်​တယ်၊၊ ဘဝ​မှာ တ​ခါ​တ​လေ အကောင်း​ဖြစ်​တာ ရှိ​တယ်၊ တ​ခါ​တ​လေ အဆိုး​ဖြစ်​တာ ရှိ​တယ်၊၊ ရာသီ​ဥတု လို​ပဲ​ပေါ့၊၊ အဆိုး​ဖြစ်​ပြီး​ရင်​လည်း အကောင်း ပြန်​ဖြစ်​တာ​ပဲ၊၊ တ​ခါ​တ​လေ အဆိုး​ထဲ​က အကောင်း ပြန်​ထွက်​လာ​တတ်​သေး​တယ်၊၊ အဆိုး​နဲ့ ကြုံ​လိုက်​ရ​လို့ အကြံ​ဥာဏ်​တွေ​ရ​ပြီး​တော့ ကောင်း​တာ​ကို လုပ်​နိုင်​တဲ့​သူ ဖြစ်​သွား​တယ်၊၊ အကောင်း​အဆိုး နှစ်​မျိုး​လုံး​ကို နားလည်​လက်ခံ​ပြီး ခံ​နိုင်​ရည်​ရှိ​မှ ပို​ပြီး ရင့်​ကျက်​တဲ့​သူ ဖြစ်​မယ်၊၊ အဆိုး​နဲ့ လုံး​ဝ မ​ကြုံ​ဘူး​တဲ့ သူ​ဟာ ပို​ပြီး ရင့်​ကျက်​လာ​ဖို့​ရာ မလွယ်​ဘူး၊၊ အမှန်​တော့ ဘဝ​နဲ့ ပတ်သက်​ပြီး အလေး​နက်​ဆုံး အသိ​ဥာဏ်​ကို အဆိုး​နဲ့ ကြုံ​ရ​ပြီး ဒီ​အဆိုး​ကို ခံ​နိုင်​ရည်​ရှိ​ပြီး​တော့ အဆိုး​ထဲ​က အသိ​ဥာဏ်​ရ​ပြီး လွန်မြောက်​လာ​တဲ့ သူ​တွေ​က​မှ ရ​တယ်၊၊ အဆိုး​နဲ့ မ​ကြုံ​ဘူး​တဲ့​သူ၊ အဆိုး​ထဲ​က အသိ​ဥာဏ်​မ​ရ​တဲ့​သူ၊မ​လွန်မြောက်​ဘူး​တဲ့ သူ​ဟာ အသိ​ဥာဏ် လေးနက်​မှု​ကို မ​ရ​နိုင်​ဘူး၊၊

ကိုယ့်ကိုယ်ကို အထင်​မ​သေး​တဲ့​သူ​ဟာ ကိုယ့်​ချို့​ယွင်း​ချက်၊ အမှား နဲ⁠နဲ​ပါး​ပါး အသေး​စားလောက်​လေး​နဲ့ ကိုယ့်ကိုယ်ကို စိတ်ပျက်​တဲ့​အတွေး​မျိုး မ​တွေး​ဘူး၊၊ တခြား​လူ​တွေ​ကို ကြည့်​တဲ့​အခါ အပြစ်​ကို ရှာ​ကြည့်​တတ်​တဲ့​သူ၊ အဆင့်​အတန်း​ကို ကြည့်​တတ်​တဲ့​သူ​ဟာ ကိုယ့်​မှာ ချို့​ယွင်း​ချက် တ​ခု​ခု ရှိ​နေ​ရင် ကိုယ့်ကို လူ​တွေ အပြစ်တင်​နေ​ပြီ​လို့ တွေး​မယ်၊၊ ကိုယ့်​မှာ ကိုယ်​အထင်ကြီး​တဲ့ အဆင့်​အတန်း​မျိုး မ​ရှိ​တော့​ရင် ကိုယ့်ကိုယ်ကို အထင်​သေး​ပြီး သိမ်ငယ်​စိတ် ဖြစ်​မယ်၊၊ သူ​များ​ကို ကိုယ်​က တိုင်းတာ​တဲ့ အတိုင်း​အတာ အတိုင်း​ပဲ ကိုယ့်ကိုယ်ကို ပြန်​ပြီး တိုင်းတာ​ရ​တော့​တယ်၊၊ လူ​တွေ​ကို ဂုဏ်​တွေ၊ အဆင့်​တွေ၊ ရာထူး​တွေ၊ ရုပ်​ရည်​တွေ၊ အသား​ဖြူ​တာ၊ မဲ​တာ၊ ဘာ​လူ​မျိုး ညာ​လူ​မျိုး ဆို​တာ​တွေ​နဲ့ လုံး​ဝ မ​တိုင်းတာ​ပဲ​နဲ့ စိတ်​နေ​သဘောထား​ကို​ပဲ ကြည့်​ပြီး တန်ဖိုး​ထား​တတ်​တဲ့​လူ​ဆို​ရင် ကိုယ့်​မှာ ဂုဏ်​တွေ အဆင့်​အတန်း​တွေ ရာထူး​တွေ မ​ရှိ​ရင်​လည်း စိတ်​ဓာတ် မ​ကျ​ဘူး၊၊ အား​မ​ငယ်​ဘူး၊၊ စိတ်ထား​ကို တန်ဖိုး​ထား​တတ်​တဲ့​သူ​ဟာ စိတ်​ချမ်းသာ​မယ်၊၊ ရုပ်​ကို​သိပ်​တန်ဖိုး​ထား​တဲ့​သူ၊ ငွေ​ကြေး၊ ဂုဏ်၊ အဆင့်​အတန်း၊ ရာထူး၊ လူ​အထင်ကြီး​မှု၊ ကျော်​ကြား​မှု အဲ​ဒါ​တွေ​ကို သိပ်​တန်ဖိုး ထား​တဲ့​သူ​ဟာ ဧကန်​မုချ depression ဖြစ်​မယ်၊၊ ငွေ​ရှာ​နိုင်​တာ တ​ခု​ထဲ​နဲ့ ကိုယ့်​တန်ဖိုး​ကို တိုင်းတာ​ရင် စီးပွား​ရေး ကျ​တာ​နဲ့ စိတ်​ဓာတ်​ကျ​တာ​ဟာ ထပ်တူ​လို ဖြစ်​နေ​မယ်၊၊

အခု​ခေတ်​မှာ ပစ္စည်း​ဂုဏ် ရာထူး​ဂုဏ် တို့​ကို ပို​မက်​လာ​ကြ​တယ်၊၊ ရုပ်​ဝတ္တု ပစ္စည်း​ကို တန်ဖိုး​ထား​မှု​ကို ပို​ပြီး အရေး​ပေး​တယ်၊၊ ကိုယ့်​တန်ဖိုး​ကို ရုပ်​ရည်​နဲ့ တိုင်းတာ​တယ်၊ ဘွဲ့​ထူး​တွေ​နဲ့ တိုင်းတာ​တယ်၊ ပိုင်ဆိုင်​တဲ့ ပစ္စည်း​ဥစ္စာ​နဲ့ တိုင်းတာ​တယ်၊ ရာထူး​အဆင့်​နဲ့ တိုင်းတာ​တယ်၊၊ ယှဉ်​ပြိုင်​မှု​တွေ ပို​များ​လာ​တယ်၊ ဂုဏ်တုဂုဏ်ပြိုင် ပို​များ​လာ​တယ်၊၊ ကိုယ့်​တန်ဖိုး​ကို အကျင့်​စာ​ရိတ္တ​ကောင်း​တာ၊ မေတ္တာ ကရုဏာ ထား​နိုင်​တာ၊ သည်းခံ​နိုင်​တာ၊ ခွင့်လွှတ်​နိုင်​တာ၊ ရောင့်ရဲ​တင်းတိမ်​နိုင်​တာ တို့​နဲ့ တိုင်းတာ မဟုတ်​တော့​ဘူး၊၊ တိုင်းတာ​တာ​က ရုပ်​ဖြစ်​သွား​တဲ့​အတွက် စိတ်​က ပို​ပြီး​ခံ​ရ​တယ်၊၊ မတတ်​နိုင် လောက်​အောင် မြင့်​လွန်း​နေ​တာ​မျိုး​ကို မ​မှန်း​ပါ​နဲ့၊၊ ကိုယ့်​ရည်​မှန်း​ချက်​ဟာ ကိုယ့်​အခြေအနေ​နဲ့ ကိုက်​ညီ​ဖို့ လို​တယ်၊၊ ကိုယ့်​ရည်​မှန်း​ချက်​ကို နဲ⁠နဲ​ချင်း တ​ဖြည်း​ဖြည်း မြှင့်​ပါ၊၊

ရသ​လောက်​နဲ့ စိတ်​ချမ်းသာ​အောင် နှလုံးသွင်း​ပြီး​တော့ နောက်ထပ် ရ​နိုင်​သ​လောက် ရအောင် စိတ်​ချမ်း​ချမ်းသာ​သာ​နဲ့ ကြိုးစား​နိုင်​မှ နောက်ထပ် ရ​လာ​တဲ့​အခါ စိတ်​ချမ်းသာ​မယ်၊၊ ရသ​လောက်​ဆို​တာ ပြင်​ပ​ရုပ်​ဝတ္တု​ကို​တင် မက​ဘူး၊ စိတ်​ပိုင်း​ကို​ပါ ပြော​လို​တယ်၊၊ ပညာ တတ်​ချင်​တဲ့​သူ​ဟာ အခု ရသ​လောက်​ကို သင်​ထား၊ လေ့​လာ ထား​လိုက်၊၊ နောက် တ​ဖြေးဖြေး ကိုယ်​တတ်​ထား​တာ​အပေါ် အခြေ​ခံ​ပြီး​တော့ ထပ်ဆင့်​သွား​လို့ ရ​တယ်၊၊ အလုပ်​လုပ်​ချင်​တဲ့​သူ​ဟာ အခု လုပ်​လို့​ရ​တာ၊ လုပ်​လို့ ဖြစ်​တာ​ကို လုပ်​နေ၊၊ အတွေ့​အကြုံ ရ​လာ​တဲ့​အခါ ဒီ​ထက် အဆင့်​မြင့်​တာ​ကို တ​ဖြည်း​ဖြည်း တိုး​ပြီး လုပ်​သွား​ပေါ့၊၊ ဘာ​မှ​မ​လုပ်​ပဲ နေ​ရင် ဘာ​မှ​ဖြစ်​မ​လာ​နိုင်​ဘူး၊၊ ရသ​လောက်​ကို ယူထား၊ ဖြစ်​သ​လောက်​ကို လုပ်​ထား၊ ပြီး​မှ တိုးတက်​မှု​ရှိ​အောင် ဆက်​ပြီး​ကြိုးစား​ပါ၊၊

လူ​တွေ​ဟာ ရာ​ခိုင်​နှုန်း​ပြည့် နေရာ​တိုင်း​မှာတော်​တဲ့​သူ မ​ရှိ​ဘူး၊၊ တ​နေရာ​မှာတော်​မယ်၊ နောက်​တ​နေရာ​မှာ သင့်​ရုံ​ပဲ၊၊ ကိုယ်​အားသန်​တဲ့ အလုပ်​ကို​လုပ်​ပြီး ကိုယ့်​ဘဝ​ကိုယ် အဆင်​ပြေ​အောင် စိတ်​ချမ်းသာ​အောင် နေ​သွား​နိုင်​ဖို့​ပဲ အရေးကြီး​ပါ​တယ်၊၊ တ​ခါ​မ​အောင်မြင်​ရုံ​နဲ့၊ တ​နေရာ​မှာ မ​ထူး​ချွှန်​ရုံ​နဲ့ ဘယ်​နေရာ​မှာ​မှ သုံး​မ​ရ​တော့​ဘူး၊ ဘယ်​တော့​မှ အဆင်​မ​ပြေ​နိုင်​တော့​ဘူး၊ ဘယ်​တော့​မှ လူ​ရာ​မ​ဝင်​တော့​ဘူး​လို့ မ​တွေး​သင့်​ဘူး၊၊ ကျောင်း​မှာ ခြောက်​တန်း​လောက်​ပဲ နေ​ရ​တဲ့ Thomas Edison ဆို​တဲ့ လူ​ဟာ ကမ္ဘာကျော် တီထွင်​သူ သိပ္ပံ​ပညာ​ရှင်​ကြီး ဖြစ်လာ​တယ်၊၊ ကိုယ့်ကိုယ်ကို အကျဉ်း​အကျပ်​ထဲ​ရောက်​အောင် မ​လုပ်​သင့်​ဘူး၊၊ ကိုယ်​မှန်း​သ​လောက် ရာ​နှုန်း​ပြည့်​ဖြစ်​မှ၊ ကိုယ်​စိတ်ကူး​ယဉ် ထား​သ​လို ဖြစ်​မှ​လို့ တွေး​ထား​ရင် ကိုယ် တကယ် တွေ့​ကြုံ​ရ​တာ​တွေ၊ အခြေအနေ​တွေ၊ လူ​တွေ (ဒီ​အထဲ​မှာ ကိုယ်​လည်း​ပါ​တယ်) ဟာ ကိုယ်​မှန်း​ထား​တာ​နဲ့ အံ​ဝင်​ဂွင်​ကျ ဖြစ်​မှာ မဟုတ်​တဲ့​အတွက် စိတ်​ဆင်းရဲ​ရ​မယ်၊ စိတ်​ဓာတ်​ကျ​မယ်၊ ကိုယ့်ကိုယ်ကို အထင်​သေး​မယ်၊၊ အဲ​ဒီ​တော့ လက်တွေ့​မ​ဆန်​တဲ့ မြင့်​လွန်း​တဲ့ အဆင့်​ကို မှန်း​ထား​ရင် မ​မှီ​နိုင်​တော့​ဘူး၊၊ ပေး​ရ​တဲ့​အချိန်​နဲ့ အင်အား​လည်း မတန်​တ​ဆ​ကုန်​မယ်၊၊ တတ်နိုင်​မှာ မဟုတ်​ဘူး၊၊ အဲ​သ​လို​ဆို​ရင် ကိုယ့်ကိုယ်ကို အကျပ်အတည်း​ထဲ ရောက်​အောင်၊ အပြစ်တင်​စရာ မ​လွတ်​အောင်၊ အကွက်​ဆင်​ပြီး ချောက်​ချ​သ​လို ဖြစ်​နေ​ပြီ၊၊ ကောင်း​အောင် မ​ကြိုးစား​ရ​ဘူး​လို့ မ​ဆိုလို​ဘူးနော်၊ စိတ်​ချမ်း​ချမ်းသာ​သာ​နဲ့ လုပ်​ဖို့​လို​တယ်​လို့ ပြော​ချင်​တာ​ပါ၊၊ စိတ်​ရောဂါ အဖြစ်​ခံ​ပြီး မ​လုပ်​သင့်​ဘူး ဆို​တာ​ကို သဘောပေါက်​စေ​ချင်​တယ်၊၊

အတိတ် အနာဂတ်​နဲ့ ပတ်သက်​ပြီး​တော့ အဆိုး​တွေး​တာ နဲ​ပြီး​တော့ ပစ္စုပ္ပန်​မှာ လုပ်​သင့်​တာ​လေး​တွေ​ကို လုပ်​ပြီး​တော့ သိ​နေ​တဲ့​အကျင့်​ကို လုပ်​ပါ၊၊ အတိတ်​ကို တွေး​တဲ့​အခါ သင်​ခန်း​စာ​ယူ​တဲ့​အနေ​နဲ့ တွေး၊၊ သင်​ခန်း​စာ​ကို​ကျေ​အောင် ပြန်​နွေး​တဲ့​အနေ​နဲ့ တွေး၊၊ ဒီ​အတွေ့​အကြုံ​ထဲ​က ငါ ဘာ​ပညာ​ရ​မ​လဲ ဆို​တာ​မျိုး တွေး​ဖို့​လို​တယ်၊၊ အနာဂတ်​ကို တွေး​တဲ့​အခါ​လည်း အနာဂတ်​မှာ အဆင်​ပြေ​အောင် အခု ဘာ​တွေ ကြို​လုပ်​ထား​သင့်​သလဲ​ဆို​တာ တွေး​ပါ၊ ကြို​လုပ်​ထား​တဲ့​အကျင့်​ကို လုပ်​ပါ၊၊ တရား​ထိုင်​တဲ့ အလေ့​အကျင့် ရှိ​နေ​တဲ့​သူ၊ ကိုယ့်​စိတ်​ကို​ကိုယ် ကြည့်​တတ်​တဲ့​သူ ဆို​ရင်​တော့ တရား​ထိုင်​လိုက်​လို့ နဲ​နဲ စိတ်​တည်​ငြိမ်​လာ​တဲ့​အခါ၊ အေးချမ်း​လာ​တဲ့​အခါ၊ လောဘ၊ ဒေါသ၊ မာန၊ မ​နာလို ဝန်တို​စိတ်​တွေ ကင်း​နေ​တဲ့​အခါ​မှာ အသိ​ဥာဏ်​ရှင်း​တယ်၊ သဘောထား​မှန်​တယ်၊၊ အဲ​ဒီ​အခါ​မှာ “ငါ​လုပ်​နိုင်​သ​လောက် လုပ်​မယ်၊ ဖြစ်​သင့်​သ​လောက် ဖြစ်​မယ်၊ ဆုံးရှုံး​မှု​ဆို​တာ မလွှဲသာ မ​ရှောင်​သာ တ​ခါ​မဟုတ်​တ​ခါ တွေ့​ရ​တာ​ပဲ၊၊ ဒီ​တ​ခါ ဆုံးရှုံး​တာ​နဲ့​ပဲ တ​သက်​လုံး ဘာ​မှ​လုပ်​လို့ မ​ဖြစ်​တော့​ဘူး၊ မျှော်လင့်​ချက် မ​ရှိ​တော့​ဘူး၊ ငါ အသုံး​မ​ကျ​တော့​ဘူး​လို့ တွေး​နေ​ဖို့ မ​လို​ဘူး၊၊” ဆို​တဲ့ မှန်ကန်​တဲ့ အမြင်​ကို ပြန်​ရ​နိုင်​တယ်၊၊ အဲ​ဒီ​လို အမြင် မှန်​သွား​ရင် စိတ်​ဓာတ်​ကျနေ​တာ​ထဲ​က ပြန်​ထွက်​နိုင်​တယ်၊၊ တ​ခါ အဆင်​မ​ပြေ​တာ​နဲ့​ကြုံ​ရင် ဒီ​အတွေ့​အကြုံ​ထဲ​က ပညာ ယူ​ပြီး​တော့ နောက်​တ​ခါ အဆင်​ပြေ​အောင် ကြိုးစား​မယ်​ဆို​တဲ့​စိတ်​မျိုး မွေး​ရ​မယ်၊၊

ကိုယ့်​စိတ်​ထဲ​မှာ တ​ခု​ခု ခံစား​နေ​ရ​တဲ့​အခါ ဘယ်​လို အကြောင်းအရာ​ကို ဘယ်​လို ရှု​ထောင့်​က​နေ တွေး​နေ​သလဲ ဆို​တာ​ကို သတိထား​ပြီး​ကြည့်​တဲ့ အလေ့​အကျင့်​ကို လုပ်​ပါ၊၊ အတွေး​ကြောင့် ဝမ်းသာ၊ ဝမ်း​နဲ ဖြစ်​တယ်၊၊ အတွေး​ကြောင့် အားငယ်​တာ၊ စိတ်​ဓာတ်​ကျ​တာ ဖြစ်​တယ်၊၊ ဘာ​အတွေး​မှ မ​ရှိ​တဲ့​အခါ ဝမ်းသာ၊ ဝမ်း​နဲ ခံစား​မှု​မ​ရှိ​ဘူး၊၊ တရား​အားထုတ်​တာ အလေ့​အကျင့်​ရ​လာ​လို့ ကိုယ့်​စိတ်​ကို ကိုယ် ကောင်း​ကောင်း သိ​လာ​တဲ့​အခါ တ​ခါ​တ​လေ အတွေး​တွေ​ရပ်​ပြီး တိတ်​နေ​တဲ့​စိတ်၊ ကြည်လင်​နေ​တဲ့ စိတ်​ကို တွေ့​ရ​မယ်၊၊ အဲ​ဒီ တိတ်​နေ​တဲ့ စိတ်​ကို​ပါ သိ​နေ​နိုင်​ရင် ပို​ပြီး​တော့ တည်​ငြိမ်​လာ​တယ်၊၊ သတိ​အား ပို​ကောင်း​လာ​တယ်၊၊ အဲ​ဒီ​အခါ​မှာ ခံစား​မှု တွေ​ကို အတွေး​က ဖန်တီး​တယ်​ဆို​တာ ကောင်း​ကောင်း သဘောပေါက်​တယ်၊၊ စိတ်​အတက်အကျ​ဆို​တာ လူ​တိုင်း ဖြစ်​တယ်၊၊ ဒါသ​ဘာ​ဝ​ပါ​ပဲ၊၊ တချို့​က တက်​တဲ့​အခါ​မှာ သိပ်​တက်​ပြီး​တော့ ကျ​တဲ့​အခါ​မှာ သိပ်​ကျ​တယ်၊၊ တချို့​က အတက်အကျ နဲ​တယ်၊၊ ပုံ​မှန်​နေ​တယ်၊၊ ကိုယ့်​စိတ်​ကို ကိုယ် ကောင်း​ကောင်း သိ​တဲ့​သူ​ဟာ စိတ်​ကို အတက်အကျ နဲ​အောင် ထား​နိုင်​တယ်၊၊ တရား​ကို စွဲ​စွဲမြဲ​မြဲ ထိ⁠ထိ​ရောက်​ရောက် အားထုတ်​လို့ ကိုယ့်​စိတ်​ကို​ကိုယ် ကောင်း​ကောင်း မြင်​နိုင်​တဲ့​သူ​ဟာ တ​ဖြေးဖြေး စဉ်းစား​ပုံ တွေးခေါ်​ပုံ သ​ဘာ​ဝ​ပို​ကျ လာ​တယ်၊၊ ရင့်​ကျက် လာ​တယ်၊၊ ဘဝ​မှာ တန်ဖိုး​ထား​ရ​မဲ့ အရာ​ဟာ မှန်ကန်​လေးနက်​မြင့်မြတ်​တဲ့ အသိ​ဥာဏ်​ပဲ​ဆို​တာ နားလည်​လာ​တယ်၊၊ စိတ် အေးအေး​ချမ်း​ချမ်း နေ​နိုင်​ဖို့ ဦးတည်​ချက်​ထား​တယ်၊၊ ဒီ​လို အသိ​ဥာဏ်​ကို ဦးတည်​ချက် ထား​လိုက်​ရင် နေ့စဉ် တွေ့​ရသ​မျှ လုပ်​ရသ​မျှ ကိစ္စ​တွေ​ထဲ​က အသိ​ဥာဏ်​တွေ ရ​နေ​မယ်၊၊ အသိ​ဥာဏ် ရ​နေ​ရင် ဘဝ​ကို​ကျေနပ်​နေ​မယ်၊၊ တရား မှန်⁠မှန်​အားထုတ်​တဲ့ အလေ့​အကျင့် များ​လာ​ရင် တရား​အားထုတ်​တိုင်း စိတ်​အေးချမ်း​မှု ရ​တယ်၊၊ စိတ်​အေးချမ်း နေ​ရင် ဘဝ​ကို တ​မျိုး​ကျေနပ်​တယ်၊၊

တချို့​က တရား​နဲ⁠နဲ​အားထုတ်​ပြီး​တော့ အဲ​ဒီ​လို စိတ်​ဓာတ်​ကျ​တဲ့ စကား​တွေ ပြော​တတ်​တယ်၊၊ တကယ် တရား အသိ​ဥာဏ် ရင့်​ကျက်​တဲ့​သူ​ဟာ စိတ်​ဓာတ်​မ​ကျ​ဘူး၊၊ ဒုက္ခ​ကို ပုဂ္ဂိုလ်​သတ္တဝါ​နဲ့ မ​ရော​လို့ ဒုက္ခ​ကို မြင်​ပေ​မဲ့ စိတ်​မ​ညစ်​ဘူး၊၊ ဒုက္ခ​ကို​မြင်​တဲ့ အသိ​ဥာဏ်​ဟာ လွတ်လပ်​တဲ့​အသိ​ဥာဏ် ဖြစ်​တယ်၊၊ ပြီး​တော့ ဒုက္ခ​နဲ​အောင် သဘောထား​မှန်⁠မှန်​နဲ့ လုပ်​သင့်​တာ​တွေ လုပ်​ပြီး​တော့ အေးအေး​ချမ်း​ချမ်း နေ​နိုင်​တယ်၊၊ အနတ္တ​ဥာဏ် ရင့်​ကျက်​တဲ့ သူ​ဟာ စိတ်​မ​ညစ်​ဘူး၊၊ အနတ္တ​ဥာဏ်​နဲ့ စိတ်ညစ်​လို့ မ​ရ​ဘူး၊၊ အတ္တ​စွဲ ကြီး​လွန်း​ရင် စိတ်ညစ်​မယ်၊၊ တရား​အသိအမြင် လေးနက်​လာ​ရင် စိတ် ကြည်လင် အေးချမ်း နေ​တယ်၊၊ ကိုယ်​ဖြစ်​ချင်​သ​လို မ​ဖြစ်​ရ​လို့ စိတ်​ဓာတ်​ကျ​တာ​မျိုး မ​ဖြစ်​ဘူး၊၊ ဟို​ဟာ​လည်း မ​ကောင်း​ဘူး၊ ဒီ​ဟာ​လည်း မ​ကောင်း​ဘူး ဆို​ပြီး ညီး⁠ညီး​ညူ​ညူ ပြော​နေ​တာ​ဟာ တရား​အသိအမြင် ရင့်​ကျက်​လို့ ပြော​တဲ့​စကား မဟုတ်​ဘူး၊၊ စိတ်​ဓာတ် ကျနေ​တာ​ကို​ပဲ ဂုဏ်​ယူ​စရာ​လို့ ယူဆ​ရင် တော်တော်​ဒုက္ခ​ကြီး​တဲ့ ဂုဏ်​ပဲ​လို့ ဆို​ရ​မယ်၊၊ စိတ်​ဓာတ်​ကျနေ​တဲ့​အခါ တ​ယောက်​ထဲ ကြိတ်​ပြီး​တော့ မ​နေ​သင့်​ဘူး၊၊ တ​ယောက်​တည်း ကြိတ်​ပြီး​တော့ တွေး​လေ​လေ ပို​ဆိုး​လေ⁠လေ​ပဲ၊၊ ကိုယ့်​စိတ်​ဓာတ်​ကို ကိုယ်​တ​ယောက်​ထဲ ပြန်​ပြီး မြှင့်​တင်​နိုင်​ရင် ကောင်း​ပါ​တယ်၊၊ သို့မဟုတ်​ရင်​တော့ မိတ်ဆွေ​ကောင်း​နဲ့ ဆွေးနွေး​မှ​ဖြစ်​မယ်၊၊

ဆရာတော်ဦးဇောတိက
( မဟာမြိုင်တောရ )

“ တွေးမိတိုင်းပျော်တယ် ”
စာအုပ်​မှ ကူး​ယူဖော်​ပြ​ပါ​သည်၊၊

အများအတွက် အကျိုး​ရှိ​စေ​မဲ့ စာပေ​တွေ​ကို Share လုပ် မျှဝေ​ပေး​ခြင်း​ဟာ မေတ္တာ​တ​မျိုး၊ ကုသိုလ်​တ​မျိုး ဖြစ်​ပါ​တယ်၊၊

Credit to fb LIFE