အမျိုးသား တစ်​ဦး​မှာ ဇနီး​သည် လေး​ဦး ရှိ​ပါ​တယ်။ ယင်း​ထဲ​က သူ​က လေး​ယောက်​မြောက် အငယ်​ဆုံး မယား​ကို အချစ်​ဆုံး ဖြစ်​သ​တဲ့။ အမြဲ​တမ်း ဂရုစိုက်​တယ်။ ပြုပြင်​ချယ်​သ​ပေး​တယ်။ တတိယ​မြောက် ဇနီး​ကို ချစ်​တာကျ​တော့ တစ်​မျိုး​လေး​ပါ။ သူ့​မိတ်ဆွေ​သူငယ်ချင်း​တွေ နဲ့ တွေ့​တဲ့ အခါ​ကျ​တော့ အမြဲ​လိုလို ထုတ်ပြ ဂုဏ်​ယူ​ချင်​ပြီး တတိယ မယား​ရှိ​ထား​ခြင်း အတွက်​လည်း သူ့ ဂုဏ်​ယူ​သ​တဲ့။ ဒုတိယ​မြောက် ဇနီး​ဖြစ်​သူ ကို​ကျ​တော့ သူ​ချစ်​တာ​က နောက်ထပ်​တစ်​နည်း​နဲ့ ဖြစ်​ပါ​တယ်။ သူ ပြဿနာ​ဖြစ်​တိုင်း အခက်​အခဲ​တွေ့ ကြုံတွေ့​ရ​တဲ့ အမြဲ​တမ်း တိုင်ပင်​လို့​ရ​တယ်။ အဖြေ​ကောင်း​တွေ ပေး တယ်။ ကူညီ​ဖြေ​ရှင်း​ဖို့​အတွက် အမြဲ​အထောက် အကူ ဖြစ်​စေ​ပါ​တယ်။ ဒါ​ကြောင့်​မို့ သူ့​ကို​လည်း မ​ခွဲ​နိုင် ပါ​ဘူး။ သူ့​ရဲ့ ပထမ ဇနီး (မယား​ခေါင်​ကြီး) ကို​ကျ​တော့ သူမ​ချစ်​ပါ​ဘူး။ ပထမ ဇနီး ကတော့ သူ့​ကို ဂရုစိုက်​ရှာ​ပါ​တယ်။ ဒါ​ပေ​မယ့် တစ်​ခါ​တစ်​ရံ ရှိ​တယ်​လို့​တောင် အမျိုးသား​က သတ်​မှတ်ထား​သူ မဟုတ်​ပါ​ဘူး။

တစ်​နေ့​တော့ ရောဂါ​တစ်​ခု​ကြောင့် သေ​ဆုံး​ခါ​နီး​အချိန်​ကို အမျိုးသား ရောက် ရှိ​လာ​ပါ​ပြီ။ သူ့​သေ​ဖို့ အင်မတန် ကြောက်ရွံ့​လို့ သူ့​ဇနီး လေး​ဦး​ထဲ​မှာ ဘယ်​သူ​တွေ သူ​နဲ့ လိုက်​မ​လဲ​လို့ မေး​ပါ​တယ်။

အငယ်​ဆုံး (လေး​ယောက်​မြောက်) ဇနီး​က : မ​လိုက်​နိုင်​ပါ​ဘူး​ရှင် လို့ ဖြေ​ပြီး အခြား​ဘာ​မှ မ​ပြော​ပဲ ထွက်​ခွာ​သွား​ပါ​တယ်။

တတိယ ဇနီး​က : ရှင်​သေ​ရင် ကျ​မ နောက်​တစ်​ယောက် ထပ်​ယူ​ရုံ​ပဲ​လို့ ပေါ်​တင်​ပြော​ပြီး လှည့်​ထွက်​သွား​ပါ​တယ်။

ဒုတိယ ဇနီး​က: ရှင်မ​သေ​ခင်​နဲ့ အုတ်​ဂူ​မ​သွင်း​ခင်​အထိ​တော့ ကျ​မ ပြုစု​စောင့်​ရှောင့်​ပေး​နိုင်​ပါ​တယ်။ အတူ​သေ​ပေး​ဖို့ ကတော့ ကျ​မ​လည်း မတတ်​နိုင်​လို့ ဝမ်းနည်း​ပါ​တယ်။

ပထမ ဇနီး​က : ကျ​မ ရှင်​နဲ့ လိုက်​ပါ​မယ်။ ဘယ်​တော့​မှ မ​ခွဲ​ပါ​ဘူး။

အဲ့​တော့ သေ​လု​မြော​မြော အမျိုးသား​က သူ့​ပထမ ဇနီး​ကို ဂရု​မ​စိုက်​ခဲ့​ရ​လေ​ခြင်း​ဆို​ပြီး​တော့ နောင်တရ​ပါ​တော့​တယ်။ အကြောင်း​က သူ့​ပထမ ဇနီး​ကို သေချာ မ​ပြုစု မ​ကျွေးမွေး​ခဲ့​လို့ ပိန်​လို့ ပင်ပန်း​နေ​ရှာ​ပါ​တယ်။ ဒါ​တောင် လိုက်​ဖို့ သေချာ​ဆုံးဖြတ်​ထား​သူ ဖြစ်​နေ​လေ​ရဲ့

သင်​ခန်း​စာ –

စတုတ္ထ​ဇနီး ။ ။ အငယ်​ဆုံး ဇနီး​ဆို​တာ မိမိ​တို့ နေ့စဉ် သယ်​ဆောင်​နေ​တဲ့ ကိုယ်​ခန္ဓာ​ဖြစ်​ပါ​တယ်။ သေ​တဲ့​တစ်​နေ့​ကျ​ရင် ယူသွား​လို့ မ​ရ​ပဲ ထားခဲ့​ရ​ပါ​မယ်။ မြေကြီး​မှုန့်​သာ ဖြစ်​သွား​ပါ​လိမ့်​မယ်။

တတိယ ဇနီး။ ။ မိမိ​တု့​ိ အသက်​ရှိ​ရင် လက်​ဝယ်​ပိုင်ဆိုင်​ထား​တဲ့ စည်းစိမ် ဥစ္စာ​များ ဖြစ်​ပါ​တယ်။ မိမိ​သေ​သွား​တဲ့​အခါ တစ်ပါး​သူ​ရဲ့ လက်​ထဲ​ကို ရောက်​ရှိ​သွား​ပါ​လိမ့်​မယ်။ မိမိ မ​ပိုင်​တော့ ပါ​ဘူး။

ဒုတိယ ဇနီး။ ။ မိမိ​ရဲ့ မိသား​စု​ပါ။ အသက်​ရှိ​စဉ်၊ အတူ​နေ​ရ​စဉ် မိမိ​အတွက် အကောင်း​ဆုံး အကြံ​ဥာဏ်​များ ပေး​အပ်​ခြင်း၊ ကူညီ​ပေး​ခြင်း​တို့ ပြုလုပ်​ပေး​နိုင်​ပေ​မယ့် အတူ​တော့ လိုက်​သေ​နိုင်​သူ​များ မဟုတ်​ပါ​ဘူး။ ကံ​ရှိ​လို့​သာ ဒီ​တစ်​ဘဝ​မှာ တွေ့​ဆုံ ကြုံတွေ့ ရ​ခြင်း ဖြစ်​ပါ​တယ်။

ပထမ ဇနီး ဆို​တာ

ပထမ ဇနီး​ဆို​တာ မိမိ​တို့ ပြုလုပ်​တဲ့ ကံ ဖြစ်​ပါ​တယ်။ ကံ​ဆို​တာ မိမိ​တို့ ပြုလုပ်​တဲ့ မကောင်းမှု၊ ကောင်းမှု​များ ဖြစ်​ပြီး သံသရာ​မှာ ကြင်​လယ်​နေ​ရ​သေး​သ​ရွေ့ တစ်​လှည့်​စီ အကျိုး​ပေး​နေ​မှာ ဖြစ်​ပါ​တယ်။ မကောင်းမှု များ​များ ပြု​ထား​သူ​ဟာ မ​ကောင်း​တဲ့ ဝဋ္ဋ်​ဒုက္ခ​များ​ကို ကြုံတွေ့ ခံစား​ရ​မှာ ဖြစ်​ပါ​တယ်။ ကောင်း​တဲ့ အမှု​ကိစ္စ​များ​ကို ပြု​ထား​ပါ​က ကောင်း​တဲ့ ကံ​များ၊ ရလဒ်​များ​ကို ခံစား​ရ​မှာ ဖြစ်​ပါ တယ်။ အကယ်၍ ဝိပဿနာ ကုသိုလ်​ကောင်းမှု ပြုလုပ်​ခြင်း​ဖြစ်​တဲ့ တရား​ထိုင်​ခြင်း၊ တရား​အားထုတ်​ခြင်း​တို့​ကတော့ မိမိ​ကို သံသရာ​က​နေ လွတ်​ကင်း​လို့ နိဗ္ဗာန် ရောက်​ရှိ​စေ​မှာ ဖြစ်​ပါ​တယ်။ ဒါ​ကို လူ​အများ​စု​ဟာ မေ့လျော့​ကြ​ပြီး မိမိ​ရဲ့ ဒီပ​ထ​မ ဇနီး၊ ပထမ ခင်ပွန်း​ကို ပစ်​ပယ်ထား​လေ့ ရှိ​ပါ​တယ်။ မ​ပစ်​ပယ်​သည့်​တိုင် မကောင်းမှု​များ​မှာ​သာ မွေ့လျော်​နေ​ကြ​တာ များ​ပါ​တယ်။ မိမိ​က မခေါ်​ရင်တောင် ဘဝ​ဆက်​တိုင်း​မှာ သူ​က လိုက်​ပါလာ​မှာ ဖြစ်​ပါ​တယ်။ ဒါ​ကြောင့်​မို့ ယနေ့​က စ​လို့ မိမိ​တို့ အနေ​နဲ့ ကောင်းမှု ကုသိုလ် နဲ့ ဝိပဿနာ ကုသိုလ်​များ​ကို စတင်​ပြုလုပ်​နိုင်​ကြ​စေ​ဖို့ အကြံပေး စေတနာ​ဖြင့် ရေးသား တိုက်တွန်း လိုက်​ရ ပါ​တယ်။

Written by အောင်​ခမ်း (ရိုးရာ​လေး)
Credit to Yoeyarlay