စား​သောက်​ဆိုင်​မှာ ကျွန်မ​တို့​စားပွဲ​ဝိုင်း​ကို တာဝန်​ယူစား​ပွဲ​ထိုး​တဲ့​မိန်း​ကလေး​က ငယ်ရွယ်​နုပျို​သူ​တစ်​ဦး​ပါ။ သူ့​ကို ကျွန်မ​သတိထား​မိ​ရ​တာ​က သူ​ဟာ စားပွဲ​ထိုး​ရာ​မှာ တုံ့​နှေး​တုံ့​နှေး​နဲ့ ကျွမ်း​ကျွမ်းကျင်​ကျင် မ​လုပ်​တတ်​သေး​တဲ့ ပုံစံ​မို့​ပါ။ သူ​ဟင်း​တွေ​ချ​နေ​တုန်း ဟင်းရည်​တွေ ကျွန်​မပေါ် သူ​မတော်တဆ လောင်း​ချ​လိုက်​မှာ​ကို ကျွန်မ​စိုးရိမ်​နေ​မိ​တယ်။

ကျွန်မ​ရဲ့​ဆဌမ​အာရုံ​က ကျွန်မ​ကို မ​ညာ​ခဲ့​ပါ​ဘူး။ ကျွန်မ​ဘေး​က​နေ ငါး​ပေါင်း​ဟင်း​ကို သူ​လာ​ချ​တော့ ပန်းကန်​က ရွဲ့⁠ရွဲ့​စောင်း⁠စောင်း​နဲ့။ ညှီ​နံ​တ​ထောင်းထောင်း​ထ​နေ​တဲ့ ငါး​ဟင်းရည်​တွေ​က စားပွဲ​ခုံပေါ်​တင်​ထား​တဲ့ ကျွန်မ​ပိုက်ဆံ​အိတ်ပေါ် တစ်​စက်စက်​စီး​ကျ​လာ​ခဲ့​တယ်။ ဒါ​ကို​မြင်​တော့ ဖျတ်​ခနဲ ကျွန်မ​အလိုလို ထ​ရပ်​လိုက်​မိ​တယ်။ ကျွန်မ​ရဲ့​မျက်နှာ​က​လည်း ဒေါသ​တ​ကြီး​နဲ့ ထစ်​ချုန်း​တော့​မယ်​မိုး​လို ရုတ်​ချည်​မည်း​သွား​တယ်။ ဒီ​ပိုက်ဆံ​အိတ်​က ကျွန်မ​အီ​တ​လီ​က​နေ ဝယ်​ခဲ့​တဲ့ ပိုက်ဆံ​အိတ်၊ ဈေး​ကြီး​ပေး​ပြီး ဝယ်​ခဲ့​ရ​တဲ့ အကောင်း​စား​ပိုက်ဆံ​အိတ်၊ ကျွန်မ​အနှစ်​သက်​ဆုံး ပိုက်ဆံ​အိတ်။

ဒါ​ပေ​မယ့် ကျွန်မ​ဒေါသ​တွေ သူ့​အပေါ်​မ​ကျ​ရောက်​ခင် ကျွန်မ​အချစ်​ဆုံ​သမီး​က လှစ်​ခနဲ​ထ​ပြီး စားပွဲ​ထိုး​ကောင်​မ​လေး​ဘေး​မှာ လာ​ရပ်​တယ်။ ပြီး​တော့ နွေး​ထွေး​တဲ့​အပြုံး​နဲ့ ကောင်​မ​လေး​ပခုံး​ကို​ကိုင်​ပြီး“ဘာ​မှ​မ​ဖြစ်​ဘူး.. ကိစ္စ​မ​ရှိ​ဘူး”လို့ ဆို​တယ်။

စားပွဲ​ထိုး​ကောင်​မ​လေး​က ချောက်ချား​ပြီး အကူအညီ​မဲ့​တဲ့​အကြည့်​နဲ့ ဟင်းရည်​တွေ​ပေ​သွား​တဲ့ ကျွန်မ​ရဲ့​ပိုက်ဆံ​အိတ်​ကို ကြည့်​ပြီး “ဟို.. ဟို.. ကျွန်.. ကျွန်..မ အဝတ်​စ​ယူ​ပြီး သုတ်​လိုက်​မယ်”လို့ တုန်တုန်​လှုပ်⁠လှုပ်​ပြော​တယ်။

ဒါ​ကို သမီး​က မ​ထင်မှတ်​ဘဲ “ကိစ္စ​မ​ရှိ​ပါ​ဘူး… အိမ်​ရောက်​ရင် ရေ​နဲ့​ဆေးလိုက်​မယ်.. တကယ် ဘာ​မှ​မ​ဖြစ်​ဘူး.. စိတ်​ထဲ​မ​ထား​နဲ့.. လုပ်​စရာ​ရှိ​တာ​လုပ်​ပါ”လို့ သူ့​ကို​ပြန်​နှစ်သိမ့်​လိုက်​တယ်။

ကြည့်​ရ​တာ သူ​က​ပဲ အမှား​လုပ်​တဲ့​လူ​လို သမီး​ရဲ့​အသံ​က ညင်သာ​ပျော့​ပျောင်း​နေ​တယ်။ ဒီ​လို​အချိန်​ကျ​မှ စားပွဲ​ထိုး​ကောင်​မ​လေး​ရဲ့ ချောက်ချား​ထိတ်လန့်​နေ​တဲ့​မျက်နှာ​က တ​ဖြေးဖြေး​ပြေ​လျော့​ပြီး အသံ​တိုးတိုး​လေး​နဲ့ “ကျွန်မ တောင်းပန်​ပါ​တယ်”လို့​ပြော​တယ်။ ပြီး​တော့ ခေါင်း​ငုံ့​ပြီး ထွက်​သွား​တော့​တယ်။

သမီး​ကို ကျွန်မ​စူးစူး​ရဲ​ရဲ စိုက်​ကြည့်​လိုက်​တယ်။ လေ​အပြည့်​လွန်သွား​တဲ့ ပူ​စီ​ဖောင်း​တစ်​လုံး​လို ကျွန်မ​ရဲ့​ဒေါသ​တွေ ဖောက်ခွဲ​ချင်​ပေ​မယ့် ပေါက်ကွဲ​ခွင့်​မ​ရ​လိုက်​ဘူး။ သမီး​လည်း ကျွန်မ​ကို ငြိမ်⁠ငြိမ်​ဆိတ်⁠ဆိတ်​ပြန်​ကြည့်​နေ​တယ်။ စား​သောက်​ဆိုင်​ရဲ့ ကြည်လင်​တဲ့​မီး​ရောင်​အောက်​မှာ​သမီး​မျက်​ဝန်း​ကျယ်​ထဲ​က မျက်ရည်​တချို့​လဲ့​နေ​တာ​ကို ကျွန်မ​ထင်​ထင်ရှား​ရှား​တွေ့​လိုက်​မိ​တယ်။ စိတ်တို​ရ​မယ့်​အစား ကျွန်မ​ထိတ်လန့်​သွား​မိ​တယ်။ ငါ့​သမီး​လေး.. ဘာ​များ​ဖြစ်​တာ​ပါ​လိမ့်….

အဲ​ဒီ​နေ့​ည အိမ်​ပြန်​ရောက်​တော့ ကျွန်မ​တို့​သားအမိ​နှစ်​ယောက် ကု​တင်ပေါ်​မှာ ပူး​ပူးကပ်​ကပ်​လဲလျောင်း​နေ​ချိန်​မှ​ပဲ သမီး​က သူ့​အဖြစ်​ကို ရင်​ဖွင့်​တော့​တယ်။

သမီး​ကို ကိုယ့်​အား​ကိုယ်​ကိုး​တတ်​အောင် အင်္ဂလန်​လွတ်​ပြီး ကျွန်မ​ကျောင်း​ထားခဲ့​တယ်။ ကျောင်း​ပိတ်​ရက်​အတွင်း​မှာ​လည်း သူ့​ကို အိမ်​ပေး​မ​ပြန်​ခဲ့​ဘူး။ အင်္ဂလန်​မှာ အလုပ်​လုပ်​ရင်း ကျောင်း​တက်​တဲ့​ဘဝ​ကို သူ​ခံစား​နိုင်​ဖို့ ကျွန်မ​တို့မျှော်​လင့်​ခဲ့​တယ်။

သူ့​အစ်ကို​ကြီး အမေ​ရိ​ကား​မှာ​ကျောင်း​တက်​တုန်း​က ကျောင်း​တွင်း​စာပို့​လုလင်​လုပ်​ခဲ့​ဖူး​တယ်။ သူ့​အစ်ကို​ငယ်​လည်း လက်တွေ့​စမ်းသပ်​ခန်း​မှာ အကူ​အဖြစ် ဝင်​လုပ်​ခဲ့​ဖူး​တယ်။ သွက်သွက်​လက်လက် ချစ်စရာ​ကောင်း​တဲ့ ဒီ​သမီး​ထွေး​လေး​က အိမ်​အလုပ် ဘာ​မှ​လုပ်​ခဲ့​ဖူး​တယ်​ဆို​တာ မ​ရှိ​ဘူး။ အိမ်​အလုပ်​တွေ သူ​လုပ်​ဖို့ အလှည့်​မ​ကျ​ခဲ့​ဘူး။ ဒီ​လို​သမီး​လေး​က နယ်ခြား​မြေ​ခြား အင်္ဂလန်​ရောက်​တော့ စား​သောက်​ဆိုင်​တစ်​ဆိုင်​မှာ စားပွဲ​ထိုး​လုပ်​ရင်း ကျောင်း​တက်​ခဲ့​တယ်။

ပထမ​တစ်​ရက် အလုပ်​စ​တက်​တဲ့​နေ့​မှာ​ပဲ သူ​အမှား​လုပ်​ခဲ့​တယ်။

အဲ​ဒီ​နေ့​က မီးဖို​မှာ ဝိုင်​ဖန်ခွက်​တွေ​ဆေး​ဖို့ သူ​တာဝန်​ကျ​တယ်။ ခြေ​တံ​သေး⁠သေး​သွယ်⁠သွယ်​နဲ့ ဝိုင်​ဖန်ခွက်​တွေ​က ပုစဉ်း​ရဲ့​တောင်ပံ​လို ပါး​လွှာ​လှ​တယ်။ အား​လေး​နည်း⁠နည်း​ပါသွား​ရင်တောင် တ​စ​စီ​ကျိုး​ကြေ​သွား​မယ့် ပုံစံ​ပါ​ပဲ။

ဖန်ခွက်​တွေ​ကို သမီး​သတိထား​ပြီး ဆေးလိုက်​ပါ​တယ်။ တစ်​သက်​လုံး​ဆေး​လည်း ကုန်​မှာ​မဟုတ်​ဘူး​လို့ တွေး​ထင်​ထား​တဲ့ ဖန်ခွက်​တွေ​ကို အားလုံး​ဆေး​ပြီး​တော့ သမီး​ရင်​ပေါ့သွား​တယ်။ ဒါ​ပေ​မယ့် မ​ထင်မှတ်​ဘဲ ကိုယ်​ကို​လှည့်​လိုက်​ချိန် မှောက်​ထား​တဲ့ ဖန်ခွက်​တွေ​ကို သူ​တိုက်​လိုက်​မိ​တယ်။ “ချွမ်.. ခ​လွမ်…”ဆို​တဲ့ အသံ​တွေ ဆက်​တိုက်ပေါ်​လာ​ပြီး​နောက် ကြမ်း​ပြင်ပေါ်​မှာ လက်လက်​ထ​နေ​တဲ့ ဖန်ခွက်​အပိုင်း​အစ​တွေ စုပုံ​သွား​တော့​တယ်။

“မေမေ.. အဲ​ဒီ​တ​ခဏ သမီး​လေ ငရဲ​ပြည်​အောက် ပြုတ်​ကျ​သွား​သ​လို​ပဲ ခံစား​မိ​တယ် သိ​တယ်..”

သမီး​ရဲ့​အသံ​မှာ ထိတ်လန့်​တုန်လှုပ်​မှု​တွေ ပါ​နေ​သေး​တယ်။

“ဒါ​ပေ​မယ့် သမီး​ရဲ့​မန်နေဂျာ​က သမီး​ကို ဘယ်​လို​ဆက်ဆံ​သလဲ မေမေ​သိ​လား… သမီး​ဆီ​ကို သူ​အေး​ဆေး​လျှောက်​လာ​ပြီး သမီး​ကို​ပွေ့ဖက်​လိုက်​တယ်… ပြီး​တော့.. Dear, သမီး​လေး ဘာ​မှ​မ​ဖြစ်​ဘူး မဟုတ်​လား လို့​မေး​တယ်။ တ​ဆက်​တည်း တခြား​ဝန်​ထမ်း​ဖက် သူ​လှည့်​ပြီး ဖန်ခွက်​ကွဲ​တွေ​ကို လှဲ​ကျင်း​ဖို့​ပြော​တယ်။ သမီး​ကို အပြစ်တင်​တဲ့​စကား​တစ်​ခွန်း​မှ သူမ​ပြော​ခဲ့​ဘူး”

နောက်​တစ်​ကြိမ်​က ဝိုင်​တွေ​ကို ဖန်ခွက်​ထဲ သမီး​သွန်​ထည့်​နေ​တုန်း မတော်တဆ​ဝိုင်​တွေ​ဖိတ်​ပြီး အမျိုးသမီး​ဧည့်သည်​ရဲ့​ဂါဝန်​ဖြူ⁠ဖြူ​ကို အရောင်​စွန်း​သွား​တယ်။ မတော်တဆ​ဆို​ပေ​မယ့် ဒါ​ဟာ ဒေါသ​ထွက်​စရာ​ပါ။ ဒါ​ပေ​မယ့် ဧည့်သည်​အမျိုးသမီး​က အမျက်​ဒေါသ​မ​ထွက်​တဲ့​အပြင် ကြောက်ရွံ့​နေ​တဲ့​သမီး​ကို

“ကိစ္စ​မ​ရှိ​ဘူး.. ဝိုင်​ပေ​တာ လျော်​ရ​လွယ်​ပါ​တယ်”လို့ နှစ်သိမ့်​စကားပြော​ခဲ့​တယ်။ ထိုင်​ရာ​က​ထ​ရပ်​ပြီး သမီး​ပခုံး​ကို ညင်​ညင်သာ​သာ​ပုတ်​ပြီး သန့်စင်​ခန်း​ဘက် သူ အေးအေး​ဆေး​ဆေး လျှောက်​သွား​ခဲ့​ပါ​တယ်။

သမီး​က သူ့​အဖြစ်​ကို မျက်ရည်​အဝဲ​သား​နဲ့ ပြော​ပြ​နေ​ရင်း​က ကျေးဇူးတင်​တဲ့​လေသံ​နဲ့ ကျွန်မ​ကို “မေမေ… တခြား​လူ​တောင် မေမေ့​သမီး​ကို ခွင့်လွှတ်​နားလည်​ပေး​နိုင်​သေး​တာ​ပဲ။ မေမေ​လည်း အမှား​လုပ်​မိ​တဲ့ တစ်ပါး​သူ​ရဲ့​သမီး​ကို ခွင့်လွှတ်​နားလည်​ပေးလိုက်​ပါနော် မေမေ”လို့ ဆို​တယ်။

သမီး​ကို ကျွန်မ​ရင်ခွင်​ထဲ တင်း⁠တင်း​လေး ပွေ့ဖက်​ထား​လိုက်​မိ​တယ်။ သူတစ်ပါး​ကတောင် ကိုယ့်​သမီး​ကို ခွင့်လွှတ်​နားလည်​ပေး​သေး​တာ​ပဲ။ ကျွန်မ​က ဘာ​လို့ သူတစ်ပါး​ရဲ့​သမီး​ကို ခွင့်​မ​လွှတ်​နိုင်​ရ​မှာ​လဲ။ သမီး​ကို ကျွန်မ​ကျေးဇူးတင်​မိ​ပါ​တယ်။ အသက်​ငယ်ရွယ်​ပေ​မယ့် ကျွန်မ​ကို ခွင့်လွှတ်​နားလည်​တတ်​ဖို့ သူ​သင်​ခန်း​စာ​ပေး​ခဲ့​လိုက်​လို့​ပါ​ပဲ။

Credit: နိုင်း⁠နိုင်း​စနေ