ကမ္ဘာ​အေး​ဂမုန်း​ပွင့်​ကုန်​တိုက် မီးလောင်​မှု​သည် တရုတ်​နိုင်ငံသား​အချို့​က တရုတ်​နှစ်ကူး​ဗြောက်​အိုး​ဖောက်​ရာ​တွင် အသံကျယ်​စေ​ရန် ပြုလုပ်​ရာ​မှ စတင်​လောင်ကျွမ်း​ခဲ့​ခြင်း​ဖြစ်​ပြီး မီးလောင်​မှု​နှင့်​ပတ်သက်​၍ တရုတ်​နိုင်ငံသား နှစ်​ဦး​ကို ပုဒ်မ ၂​၈​၅ ဖြင့် အမှု​ဖွင့်​အရေးယူ​ထား​ကြောင်း သတင်းရ​ရှိ​သည်။

ဂမုန်း​ပွင့်​အိမ်ရာ​လေး​လွှာ​တွင် နေထိုင်​သော ဟွာ​ဝေး​ကုမ္ပဏီ​မှ တရုတ်​နိုင်ငံသား​မိသား​စု​သည် တရုတ်​နှစ်ကူး ဗြောက်​အိုး​ဖောက်​ရာ​တွင် အသံကျယ်​စေ​ရန် သုံး​ထပ်​ရှိ ခေါင်​မိုး PVC ရေ​ဆင်း​ပိုက်​အတွင်း​သို့ ဗြောက်​အိုး​ထည့်​ဖောက်​ရာ​မှ ဗြောက်​အိုး​များ ပထမ​ထပ်​ရှိ ရေ​ဆင်း​ပိုက်​အတွင်း ပေါက်ကွဲ​ကာ ပိုက်​မီးလောင်​၍ ဖက်​ရှင်​ဆိုင် အဝတ်​အစား​များ ပေါ်​သို့​ကျ​ကာ မီးလောင်​မှု​ဖြစ်ပွား​ခဲ့​သည်​ဟု မီးသတ်​ဦးစီး​ဌာန​မှ တာဝန်ရှိ​သူ​တစ်​ဦး​က​ပြော သည်။ ‘‘ပ​လတ်​စ​တစ်​ပိုက်​မှာ မီးလောင်​ပြီး အဲ​ဒီ့​ပ​လတ်​စ​တစ်​တွေ​က အရည်ပျော်​ပြီး အောက်​က အဝတ်​အစား​တွေပေါ်​ကျ​ပြီး လောင်​တာ​ပါ’’ ဟု ၎င်း​က​ပြော​သည်။

ဖေဖော်ဝါရီ ၁​၈ ရက် ည ၉​နာရီ ၄​၀ အချိန်​ခန့်​တွင် မီးစ​တင်​လောင်ကျွမ်း​ခဲ့​ခြင်း​ဖြစ်​ပြီး ဈေး​ဝယ်​စင်​တာ​အတွင်း လှိုက်​၍ လောင်​သော​ကြောင့် မီးသတ်​တပ်ဖွဲ့​ဝင်​များ ခက်​ခက်ခဲ​ခဲ ငြှိမ်း​သတ်​ခဲ့​ရကာ ည ၁​၂ နာ​ရီကျော်​တွင် မီး​ငြှိမ်း​နိုင်​ခဲ့​ကြောင်း မီးသတ်​ဦးစီး​ဌာန​က သ​တင်း​ထုတ်​ပြန်​ထား သည်။

‘‘ည​ကိုး​နာရီ​လောက်​ကတည်းက တရုတ်​နှစ်ကူး ဗြောက်​အိုး​ဖောက်​သံတွေ​ကြား​တာ အသံ​အကျယ်​ကြီး​မို့​လို့ အိမ်​မှာ​တီ​ဗီ​ကြည့်​ရင်း လန့်​တောင်​လန့်​တယ်။ သိပ်​မ​ကြာ​ဘူး မီးလောင်​တာ​ပဲ’’ဟု အဆို​ပါ​အိမ်ရာ အနီး​တွင် နေထိုင်​သူ အမျိုးသား​တစ်​ဦး​က ပြော​သည်။ ယင်း​ဈေး​ဝယ်​စင်​တာ​အပေါ်ထပ်​ရှိ အိမ်ခန်း​များ​သို့ မီးခိုး​များ​ဝင်​ခဲ့​သော​ကြောင့် ယင်း​အိမ်ရာ​တွင် နေထိုင်​သည့် နိုင်ငံ​ခြား​သား ၇ ဦး အပါအဝင် စုစုပေါင်း​လူ ၃​၀ ဦး​ကို​လည်း မီးသတ်​တပ်ဖွဲ့​ဝင်​များ​နှင့် ကြက်ခြေ​နီ​တပ်ဖွဲ့​ဝင်​များ​က ကယ်ဆယ် ပေး​ခဲ့​ရ​သည်။ ကယ်ဆယ်​ရေး ပြုလုပ်​ရာ​တွင် အရေးပေါ် ထွက်ပေါက်​မှ ကယ်ဆယ်​မှု​များ ပြု လုပ်​ခဲ့​ရ​ပြီး အချို့​ကို​မူ မီးသတ်​လှေကား​တင်​ယာဉ်​တို့​ဖြင့် တစ်​ဆင့်​ကယ်တင်​ခဲ့​ရ​သည်။

‘‘နိုင်ငံ​ခြား​သားတစ်​ယောက်​က မီးသတ်​လှေကား​ကို စိတ်​မ​ချ​လို့ မ​ဆင်း​ဘူး​လို့​ပြော​တယ်။ ခု​ချိန်​ထိ​တော့ လှေကား​ထိပ်​မှာ​ပဲ​ရှိ​သေး​တယ်’’ ဟု ကြက်ခြေ​နီ​ဝန် ထမ်း​တစ်​ဦး​က ဖေဖော်ဝါရီ ၁​၉ ရက် နံနက် ၁ နာရီ​ခန့်​တွင် ပြော​ကြား​သည်။

မီးလောင်​မှု​ကြောင့် Level 1 အထပ်​နှင့် Level 2 အထပ်​ရှိ ပစ္စည်း​များ​နှင့် မျက်နှာကြက်​များ မီးလောင်​ခဲ့​ပြီး ဆုံးရှုံး​မှု​တန်ဖိုး ငွေ​ကျပ် ၉​၅ သိန်း​ရှိ​သည်​ဟု မီးသတ်​ဦးစီး​ဌာန​က သ​တင်း​ထုတ်​ပြန်​ထား​သည်။ မီးလောင်​မှု​ကြောင့် ထိခိုက်​ဒဏ်ရာ​ရ​ရှိ​သူ​များ​မ​ရှိသော်​လည်း လာ​ရောက်​မီး​ငြှိမ်း​သတ်​သည့် မီးသတ်​တပ်ဖွဲ့ ဝင်​လေး​ဦး​မှာ မီးခိုး​မွှန်​၍ အသက်ရှူ​ကျပ်​သော​ကြောင့် ဆေး​ရုံ​သို့ တင်​ပို့​ခဲ့​ရ​ပြီး စိုးရိမ်​စရာ အခြေအနေ​မ​ရှိ​ကြောင်း သတင်းရ​ရှိ​သည်။

အဆို​ပါ အဆောက်အအုံ​တွင် ဂမုန်း​ပွင့်​ကုန်​တိုက်​ကို ပထမ​ထပ်​နှင့် ဒုတိယ​ထပ်​၌ ဖွင့်​လှစ်​ထား​ခြင်း​ဖြစ်​ပြီး တတိယ​ထပ်​မှ ၁⁠၁​ထပ်​အထိ အခန်း​များ​မှာ လူ​နေအိမ်​ခန်း​များ​ဖြစ်​ကာ အခန်း​ပေါင်း ၉​၀ ပါရှိ​သည်။

မီးလောင်​မှု​ကြောင့် ဂမုန်း​ပွင့်​ကုန်​တိုက် ပိတ်​ထား​ကာ ပြန်လည် ပြင်ဆင်​ပြီး​ချိန်​တွင် ဖွင့်​လှစ်​သွား​မည်​ဖြစ်​ပြီး ပြန်လည်​ဖွင့်​လှစ်​ရန် သီတင်း​နှစ်​ပတ်၊ သီတင်း သုံး​ပတ်​ခန့်​အချိန်​ယူ​ရ​မည်​ဟု ယင်း​ကုန်​တိုက်​မန်နေဂျာ ဦး​လှ​မြင့်​က ပြော​သည်။

Credit to 7Day Daily