ရန်ကုန်၊ မန္တလေး၊ ဘန်​ကောက်၊ စင်​ကာ​ပူ၊ တို​ကျို၊ န​ယူး​ယောက် .. ကမ္ဘာ့​မြို့​ကြီး​များ​မှာ လူ​တွေ​ခရီးသွား​လာ​တဲ့​အခါ ကား၊ရထား၊လေ​ယဉ်၊သင်္ဘော တွေ​မှာ ထိုင်​ခုံ​ရ​ရှိ​ရေး​ဟာ အလွန်​အရေးကြီး​ပါ​တယ်။ ၂​၀​၁​၄ မြန်မာ​နိုင်ငံ မြို့​များ​ကို လှည့်လည်​သွား​လာ​ချိန်​မှာ ခရီး​တို​သွား​ချိန်၊ ကိုယ့်​ဖိနပ်​ကို​ခု​ပြီး ထိုင်​ရင်း​သွား​လာ​ခဲ့​တဲ့ ခရီး​စဉ်​များ​စွာ ရှိ​ပါ​တယ်။ ရန်ကုန်မြို့​မှာ​လည်း ဘတ်​စကား​ထိုင်​ခုံ​ရ​ရှိ​ဖို့ ကား​စ​ပယ်​ယာ​က တာဝန်​ယူ​ပါ​တယ်။ ယောင်္ကျား၊မိန်းမ​ကြီး​ငယ် ကားပေါ် လက်မောင်း​ဆွဲ​တင်၊ တင်ပါး​ကို​တွန်း​ပြီး နေရာ​ချ​ပေး​ရ​တဲ့ ကား​စ​ပယ်​ယာ​ကို ဘယ်​မိန်းမ၊ယောင်္ကျား​မှ စိတ်​မ​ဆိုး​ပါ​ဘူး။ ကား​ထဲ​ရောက်​ဖို့​က အရေးကြီး​ပါ​တယ်။ စင်​ကာ​ပူ​ရောက်​တော့ အထူးသဖြင့် MRT လို့ခေါ်​တဲ့ ရထား မနက်၊ညနေ ရုံး​သွား​ချိန်​ဆို အရမ်း​ကြပ်​ပါ​တယ်။ ဟိုး​တုန်း​က ဂျပန်၊တို​ကျို၊အို​ဆာ​ကာ ရထား​တွေ အရမ်း​ကျပ်​တယ်​ဆို​တာ စင်​ကာ​ပူ​မှာ​လဲ ဖြစ်​နေ​ပါ​ပြီ။ အကျီ​အနီ​နဲ့​ရထား​စ​ပယ်​ယာ၊ အမျိုးသမီး​ဝန်​ထမ်း​များ ရထား​ထဲ​လူ​တွေ​ကို တွန်း​ပေး​နေ​ရ​ပါ​တယ်။

စင်​ကာ​ပူ​မှာ​တော့ ထိုင်​ခုံ ၁​ဝ​ခု​ဆို​ရင် တစ်​ခု​ကို သက်ကြီး​ရွယ်​အို၊ ကိုယ်ဝန်ဆောင်​မိန်းမ၊ မ​သန်စွမ်း​သူ ..စ​တဲ့​လူ​တွေ​အတွက် နေရာ​သတ်​မှတ်ထား​ပါ​တယ်။ မနက်​ပိုင်း ရုံး​ချိန်​ဆို​တော့ ဒီ​ထိုင်​ခုံ​တွေ​မှာ လူ​ငယ်၊များ​လည်း ထိုင်​ခုံ​ရ​ရင်​ပြီး​တာ​ပဲ ဆို​ပြီး လု​ထိုင်​ရ​ပါ​တယ်။ ရ​ထားပေါ် ထိုင်​ခုံ​၄​၀ ရှိ​ပြီး မ​သန်စွမ်း​ထိုင်​ခုံ​က ၄​ခု ရှိ​ပါ​တယ်။ မတ်​တပ်​ရပ်​သူ​က လူ​တစ်​ရာ​လောက် ကြပ်​ညှပ်​ပြီး ရထား​စီး​ရ​ပါ​တယ်။ တချို့​က မိ​နစ်​၅​၀၊ တစ်​နာရီ​ကြာ​မယ်​ဆို​တော့ လူ​တိုင်း​လူ​တိုင်း ထိုင်​ခုံ​ကို မျက်စောင်းထိုး​ကြ​ပါ​တယ်။ လူ​တစ်​ယောက် ထ​သွား​ရင် အနီး​နား​မှာ မတ်​တပ်​ရပ်​နေ​တဲ့ လူ​၃​ယောက်​လောက်၊ အရိပ်​အခြေ​နေ​ကြည့်​ပြီး လွတ်​သွား​တဲ့​နေရာ​ယူ​ရ​ပါ​တယ်။ အသက်ကြီး​သူ​များ​ကို ဦးစားပေး​ကြ​ပါ​တယ်။ တချို့​မိန်း​ကလေး​များ​နဲ့ အိန္နိ​ယ​နိုင်ငံ​က အလုပ်​လာ​လုပ်​သူ အိန္နိ​ယ​အနွယ်၊ ပညာ​မတတ်​တဲ့ လူ​ငယ်​လေး​များ​ကတော့ အတင်း​နေရာ​လု​တတ်​ပါ​တယ်။

အိန္နိ​ယ​နိုင်ငံ​က ခရစ်ယာန်​ဂိုဏ်​ချုပ်၊ ဘစ်​ရှော့​ကြီး​တစ်​ဦး စင်​ကာ​ပူ​အလည်​ရောက်​စဉ် တရား​ဒေသနာ ဟော​တာ၊ ကြား​ဖူး​ပါ​တယ်။ သူ​အိပ်​ရင်း ကောင်းကင်ဘုံ​ရောက်​သွား​တယ်​လို့ အိပ်မက် မက်​တယ်..တဲ့။ ကောင်းကင်ဘုံ​မှာ ယေရှု​က ထိုင်​ခုံ​ပလ္လင်​ကြီးပေါ် ထိုင်​ရင်၊ ရောက်လာ​သူ အမေ​ရိ​ကန်​ဘစ်​ရှော့​ကို ထိုင်​ခုံ​က​ထ​ပြီး၊ လက်​ဆွဲ​နှုတ်ဆက်​ပါ​တယ်။ ခဏ​ကြာ​တော့ ကိုး​ရီး​ယား​နိုင်ငံ​က ဘစ်​ရှော့​ကို​လဲ မတ်​တပ်​ရပ်​ပြီး လက်​ဆွဲ​နှုတ်ဆက်​ကြိုဆို​တယ်။ အိန္နိ​ယ​ဘစ်​ရှော့​ကြီး သူ့​အလှည့် ရောက်​တော့၊ ယေရှု​က ထိုင်​ခုံ​က​မ​ထ​ပဲ ထိုင်​ရက်​နှုတ်ဆက်​တယ်..တဲ့။ အိန္န​ယ​ဘစ်​ရှော့​ကြီး​လဲ အရမ်း​ဝမ်းနည်း​်က်​ရည်​တွေ​နဲ့ ကိုယ်တော်၊ သူ​များ​တွေ​ကို မတ်​တပ်​ရပ်​နှုတ်ဆက်​ပြီး၊ ကျနော်​မျိုး​ကို ဘာ​ကြောင့်​ထိုင်​ရက် နှုတ်​ဆက်တော်​မူ​ပါ​သလဲ…မေး​တော့…။ ငါ​မတ်​တပ်​ရပ်​လိုက်​ချိန် မင်း၊ ငါ့​ထိုင်​ခုံ​ကို ဝင်​ထိုင်​လိုက်​မှာ​စိုး​လို့​ပါ… လို့​ပြော​တယ်။ ထိုင်​ခုံ​ကို လူ​တိုင်း​မက်မော​သ​လို ဘုရား​တောင်​မှ မက်မော​တယ် ဆို​တဲ့​အကြောင်း ရယ်​စရာ​ပြော​ပါ​တယ်။

ဆရာ​ကြီး ကြေးမုံ​ဦး​သောင်း​ရဲ့ ဗိုလ်​နေ​ဝင်း ဇတ်​လမ်း​များ​မှာ ဖတ်​ရ​ပါ​တယ်။ အာဏာ​ရှင် ဦး​နေ​ဝင်း နယ်​လှည့်​ခရီး​စဉ်​မှာ သူ​များ​ထက် ၆​လက်မ​လောက် မြင့်​တဲ့ ထိုင်​ခုံ​ကြီး​တစ်​ခု​ကို သူ့​တပည့်​တွေ​က ကား​တစ်​စီး​နဲ့ သယ်​သွား​ပေး​ရ​တယ်..တဲ့။ တ​နေရာ​ရောက်​တော့ လူ​တွေ​အားလုံး​စုံ​နေ​ပြီ၊ ထိုင်​ခုံ​သယ်​တဲ့ ကား​ကြီး​က မ​ရောက်​သေး​ဘူး။ ဦး​နေ​ဝင်း​က လူ​မှု​ရေး​ကောင်း​သူ​ဖြစ်​တော့ သက်ကြီး​လူကြီး​များ​ကို ထိုင်​ခုံ​တွေပေါ် အတင်း​ထိုင်​ခိုင်း​တယ်။ သူ​ကတော့ မတ်တတ်​ရပ်​ပြီး အမှာ​စကား​တွေ ပြော​နေ​တယ်။ သူ့​အတွက် ထိုင်​ခုံ​အကောင်း​တ​ခု လာ​ပြင်​ထား​ပေ​မဲ့ မ​ထိုင်​ပဲ၊ မတ်​တပ်​ပဲ ရပ်​ပြီး စကားပြော​နေ​တုန်း၊ ၆​လက်မ​မြင့်​တဲ့ ထိုင်​ခုံ​သယ်​တဲ့ ကား​ရောက်လာ​ပြီး၊ ဦး​နေ​ဝင်း​အတွက် စ​ပယ်​ရှယ်​ထိုင်​ခုံ​ကို လာ​ပြင်​ပေး​တယ်။ ဒီ​တော့​မှာ ဦး​နေ​ဝင်း​လဲ သူ့​စ​ပယ်​ရှယ် ထိုင်​ခုံ​မှာ​ထိုင်​ပြီး အမှာ​စကား​တွေ ဆက်လက်​ပြော​ပါ​တယ်။ တ​ကယ့်​အဖြစ်​ပျက်​ပါ။

စင်​ကာ​ပူ အမ်​အာ​တီ ဆို​တဲ့ ရ​ထားပေါ်​က ထိုင်​ခုံ​အကြောင်း ဆက်​ရေး​ချင်​ပါ​တယ်။ ရ​ထားပေါ်​ရောက်​တာ​နဲ့ လူ​တိုင်း​ရဲ့ မျက်လုံး​ဟာ ထိုင်​ခုံ​အလွတ်​တွေ​ရှိ​တဲ့​နေရာ​ကို ရောက်​အောင်​သွား​ကြ​ပါ​တယ်။ ဟန်​မ​ဆောင်​နိုင်​သူ​များ​က ခပ်​မြန်​မြန် ပြေး​ထိုင်​ကြ​ပါ​တယ်။ အသက်အရွယ်၊ မိန်းမ​ဦးစားပေး​စနစ်​တွေ ပျောက်​သွား​ပါ​တယ်။ ကိုယ်​ရ​တဲ့ ထိုင်​ခုံ​က သက်ကြီး​ရွယ်​အို၊ ကိုယ်ဝန်ဆောင်​မိန်းမ၊ မ​သန်စွမ်း​သူ ..ထိုင်​ခုံ​ဆို​ရင်​တော့ ကျနော့်​အတွက် ပြသ​နာ​ပါ။ အသစ်​တက်​လာ​သူ​များ​ကို ကြည့်​ရ​ပါ​တယ်။ နေရာ​ထ​ပေး​ဖို့ မျက်စိရှင်​ရှင် ထား​ရ​ပါ​တယ်။ အများ​အား​ဖြင့် လူ​အများ​စု​က အဲ​ဒီ​ထိုင်​ခုံ​ကို ရ​တာ​နဲ့၊ မျက်စိ​မှိတ်လိုက်​ပြီး၊ အိပ်​လိုက်​တယ်၊ အိပ်​ချင်​ယောင်​ဆောင်​တယ်​လို့ ပြော​ကြ​တယ်။ ကြည့်​မ​ရ​တဲ့ အသက်​၆​၀ကျော်၊ အဖွား​ကြီး​တချို့​က လက်​တို့​ပြီး လူကြီး​ကို​နေရာ​ပေး​ဖို့ ပြော​မှ မျက်စိ​ဖွင့်​ကြည့်​ပြီး ဆောရီး၊ ဆို​ပြီး နေရာ​ထ​ပေး​ပါ​တယ်။ တကယ်​တော့ ဘယ်​သူ​မှ လက်​တို့​ပြီး ထိုင်​ခုံ​ဖယ်​ပေး​ဖို့ မ​ပြော​ချင်​ပေ​မဲ့၊ အမုန်းခံ​ပြီး ကြား​ခံ​ပြော​ပေး​သူ​များ​ကို​လည်း တွေ့​ရ​ပါ​တယ်။ အများ​အား​ဖြင့်​တော့ ထိုင်​ခုံ​ကိစ္စ ကိုယ်​နဲ့​မ​ဆိုင်​သ​လို​ပဲ လူ​တိုင်း​မနက်​ဆို၊ ရုံး​အချိန်မီ​ရောက်​ရေး​ပဲ ဦးတည်​ထား​တော့၊ ထိုင်​ခုံ​လု​နေ​တာ​တွေ ဝင်​မ​ပါ​ချင်​ပါ​ဘူး။ ထိုင်​ခုံ​ရ​နေ​သူ​တွေ​လဲ ထိုင်​ခုံ​ဖယ်​ပေး​ဖို့​ဆို​တာ စဉ်​စား​မယ်​တောင် မ​ထင်​ပါ​ဘူး။

အံ့ဩ​စရာ​ကတော့ ၁​၀​နှစ်​လောက်​အကြာ​မှာ စင်​ကာ​ပူ​လူ​ငယ်​များ​စွာ ထိုင်​ခုံ​နေရာ​ထ​ပေး​တဲ့ စာ​ရိတ္တ​တိုးတက်​လာ​တာ​ကို တွေ့​မြင်​ရ​ပါ​တယ်။ ကလေး​ဘဝ ကတည်းက Good Attitude စာ​ရိတ္တ​ပညာ၊ တ​နည်း​အား​ဖြင့် ပြည်​သူ့​နီ​တိ၊ လောက​နီ​တ ပညာ​ကို ကျောင်း​များ​မှာ သင်ကြား​ပေး​တယ်။ လူ​များ​လည်း စား​ဝတ်နေ​ရေး အဆင်​ပြေ​တော့ ထိုင်​ခုံ​မက်မော​မှု မ​ရှိ​တော့​တာ​ကို တွေ့​ရ​ပါ​တယ်။

ထိုင်​ခုံ မြန်မာ​ပြည်​ကို အလည်​အပတ် ပြန်လည်​ရောက်​ရှိ​လာ​တဲ့ US Campaign for Burma စတင်​တည်ထောင်​ခဲ့​သူ ကို​အောင်​ဒင် (ဆရာ​အောင်​ဒင်-စာရေး​ဆရာ) အကြောင်း မိုးမခ​မှာ ဖတ်​ရ​ပါ​တယ်။ ထိုင်​ခုံ မက်မော​မှု မ​ရှိ​သူ​လူ​နည်း​စု​ထဲ​မှာ သူ​လည်း​ပါဝင်​တယ်​လို့ သတ်​မှတ်​ပါ​တယ်။ ရ​ရင်​တော့ ထိုင်​ခုံ ထိုင်​ချင်​တာ လူ့​သဘော​သ​ဘာ​ဝ​ဖြစ်​ပေ​မဲ့ ထိုင်​ခုံ​ကို မက်မော​စွာ၊ ဆုပ်​ကိုင်​မ​ထား​သူ​တစ်​ဦး​အဖြစ် ခင်မင်​လေးစား​ပါ​တယ်။ အမေ​ရိ​ကန်​မှာ နေထိုင်​ရင်း မြန်​မာ့​ဒီ​မို​က​ရေ​စီ​လုပ်​ငန်း​များ၊ စာပေ​များ​ရေးသား၊ တဲ့​အခါ​မှာ မြန်​မာ့​လွှတ်တော်​သို့​အဝေး​ကြည့် ဆောင်းပါး​ပေါင်း​များ​စွာ ရေးသား​ခဲ့​သူ​ဖြစ်​ပါ​တယ်။ အမေ​ရိ​ကန် ဘိုးအေ​ဒီ​မို​က​ရေ​စီ နိုင်ငံ​ကြီး​ရဲ့ ကောင်း​ဆိုး​များ​ကို မြန်မာ​နိုင်ငံ​ရဲ့ အသစ်စက်စက် ဒီ​မို​က​ရေ​စီ​လွှတ်တော်​အကြောင်း​များ​ကို ဗ​ဟု​သုတ၊ လေ့​လာ​စရာ​များ​စွာ ဖတ်​ရှု​ဆင်​ချင်​ရ​ပါ​တယ်။

ဆရာ​အောင်​ဒင် စာပေ​နှင့် နိုင်ငံ​ရေး လုပ်ဖော်​ကိုင်​ဖက် မိတ်ဆွေ​များ၊ ကွဲကွာ​နေ​ခဲ့​ရ​သည့် မိ​ခင်​နှင့်​လည်း ပြန်လည်​ဆုံ​မယ်​ဖြစ်​ပြီး၊ ကွယ်​လွန်သွား​တဲ့ ဖ​ခင်​ဖြစ်​သူ ဝါ​ရင့်​သတင်းစာဆရာ​ကြီး ဦးကျော်​ရှိန် (မြေ​လတ်​ဖိုး​အောင်) နှင့် ညီ​ဖြစ်​သူ စာရေး​ဆရာ တာရာ​မင်း​ဝေ တို့​ကို​တော့ မ​တွေ့​နိုင်​တော့​ပါ​ဘူး။ ၁​၉ ၈​၈ အရေးတော်​ပုံ​ကာလ​အတွင်း​က ဗ​က​သ အဖွဲ့​ချုပ်၊ ဘီ​ဝိုင်​အက်ဖ် လူ​ငယ်​တပ်ဦး​တို့​တွင် ကျောင်းသား​ခေါင်းဆောင်​တ​ဦး​ဖြစ်​ပြီး၊ နိုင်ငံ​ရေး​အကျဉ်းသား​တ​ဦး​အဖြစ် စစ်​အစိုးရ​၏ ဖမ်းဆီး​ခံ​ခဲ့​ရ​ပါ​တယ်။ နောက်​ပိုင်း ရန်ကုန်​စက်​မှု​တက္ကသိုလ်​ပြန်ဖွင့်​ချိန် ကျောင်း​ဆက်​တက်​ပြီး စက်​မှု​အင်​ဂျင်​နီ​ယာ​ဘွဲ့ ၁​၉ ၉​၄ မှာ ရ​ရှိ​ခဲ့​ပါ​တယ်။ ၁​၉ ⁠၉ ၅ မှ ၂​၀⁠၀​၀ ခု​နှစ် စင်္ကာ​ပူ​နှင့် ထိုင်း​နိုင်ငံ​များ​တွင် နေထိုင်​ပြီး ၂​၀⁠၀​၁ မှာ၊ အမေ​ရိ​ကန်​ပြည်ထောင်​စု​သို့ ရောက်​ခဲ့​ပါ​တယ်။ မိုးမခ ၂​၀⁠၀​၃ ခု​နှစ်​တွင် စတင်​ထူထောင်​စဉ်​က အတိုင်​ပင်​ခံ​ဒါ​ရိုက်​တာ​တ​ဦး​အဖြစ် ဆောင်ရွက်​ပေး​သူ​ဖြစ်​ပါ​တယ်။

သူ​ရေး​ခဲ့​တဲ့ လွှတ်တော်​မှာ ထိုင်​ခုံ​တွေ အများ​ကြီး​ရှိ​ပါ​တယ်။ အင်​အယ်​ဒီ​ကိုယ်စားလှယ်​များ​စွာ​နဲ့ ဒေါ်​အောင်​ဆန်း​စု​ကြည် တို့​ကို အဲ​ဒီ ကုလား​ထိုင်ပေါ်​မှာ ထိုင်​ခွင့်​ပြု​ခဲ့​ပြီး မြန်​မာ့​အသစ်စက်စက် ဒီ​မို​က​ရေ​စီ​စနစ်​ကို သမ္မတ​ဦး​သိန်း​စိန် အစိုးရ​က ပိုမို​ပီပြင်​စေ​ခဲ့​တာ ၃​နှစ်ကျော်​ခဲ့​ပါ​ပြီ။ လွတ်တော်​နဲ့​အစိုးရ ကုလားထိုင်​တွေ​ကို နေရာ​ချ​ပေး​ပါ​တယ်။ အာဏာ ကုလားထိုင်​ကတော့ လူ​ကြိုက်​များ၊ ရေပန်း​အစား​ဆုံး ဖြစ်​လို့ နိုင်​ငံတော် သမ္မတ ဆို​တဲ့ ကုလားထိုင်​ကို လိုချင်​မက်မော​မှု​ကို ရင်​ထဲ​ရှိ​တာ ပွင့်​ပွင့်လင်း​လင်း ပြော​ရဲ​တဲ့၊ သမ္မတ​ဖြစ်​ချင်​သူ​တွေ အကြောင်း​လဲ ဖတ်​ရ​ပါ​တယ်။

ထိုင်​ခုံ​မ​ထိုင်​ချင်​လို့ မြန်မာ​နိုင်ငံ​ချစ် ရုပ်​ရှင်​မင်းသား​ကြီး​ဘဝ​ကို စွန့်​လွှတ်​ပြီး ဆင်းရဲ​လွန်း​တဲ့ မြန်မာ​ပြည်​သူ​လူထု​ကို အသုဘ​ချ​ပေး​တဲ့ ဦးကျော်​သူ​ရဲ့ နာ​ရေး​အသင်း​ကြီး​လည်း နာမည်ကြီး​ပါ​တယ်။ ဦးကျော်​သူ​လည်း သမ္မတ​ဖြစ်​လို​သူ​များ​ကို အားပေး​တဲ့​အနေ​နဲ့ အကယ်၍​သူ​သာ သမ္မတ​ဖြစ်​ရင် ဆို​တဲ့​ဆောင်းပါး​များ​ကို စာအုပ်​အဖြစ်​ထုတ်​ဝေ​ခဲ့​ပါ​တယ်။ ရုပ်​ရှင်​မင်းသား​ကြီး ဦးကျော်​သူ ထိုင်​ခုံ​မက်​တဲ့ လူ​မဟုတ်​တာ လူ​တိုင်း​သိ​ပါ​တယ်။ သူ​ဝါသနာ​ပါ​တဲ့ ရုပ်​ရှင်​လုပ်​ငန်း​နဲ့ တိုင်​ပြည်​ဒီ​မို​က​ရေ​စီ​စနစ်​ကို အကျိုး​ပြု​နေ​ဦး​မယ်​လို့ မျှော်လင့်​ပါ​တယ်။

နိဂုံး​ချုပ်​အဖြစ်

စင်​ကာ​ပူ ရထား​ထိုင်​ခုံ​နဲ့​ပဲ ဇတ်​လမ်း​သိမ်း​လို​ပါ​တယ်။ အရင်​ကတော့ ကျနော်​လည်း ထိုင်​ခုံ​လိုက်​ရှာ​ပါ​တယ်။ အသက်ကြီး​တော့ အထူးသဖြင့် ကိုယ့်​ထက်​ကျန်းမာ​ရေး​ချို့တဲ့​တဲ့ ဇနီး​သည်​အတွက် ထိုင်​ခုံ​ရ​ရှိ​ရေး၊ အရေးကြီး​ပါ​တယ်။ သူမ ပုံစံ​က​လည်း ခန္တာ​ဝဖြိုး၊ အသက်​ရွယ်​ကြီး၊ သနား​စရာ​မျက်နှာ​နဲ့​ဆို​တော့ အနား​မှာ​ရှိ​တဲ့ အသက်​၃​၀​အောက် လူ​ငယ်​များ​က ထ​ပြီး​နေရာ​ပေး​ပါ​တယ်။ ကျနော်​ကတော့ နေရာ​မ​ရှိ​ရင် ရထား​၂​ခု​ဆက်​ထား​တဲ့ ကြားမှာ​ပဲ မတ်​တပ်​ရပ်​လိုက်​ပါ​တယ်။ လူ​တွေ အဆင်း​အတက်၊ တ​ခါး​ပေါက်​နား​မှာ မတ်​တပ်မ​ရပ်​ချင်​ပါ​ဘူး။ ခဏခဏ မ​ရွေ့​ရ​ပဲ မတ်​တပ်​ရပ်​လို့​ရ​တဲ့ နေရာ​ကို ရွေး​ရင်၊ ရထား​၂​ခု​ဆက်​တဲ့ နေရာ​က အကောင်း​ဆုံး​ပါ​ပဲ။ ရထား ၂​ခု​ဆက်​တဲ့​နေရာ​ဆို​တော့ မတော်တဆ၊ ရထား​အဆက်​ပြုတ်​သွား​ရင် ဒုက္ခ​ပဲ၊ တွေး​ချင်​စရာ​ပါ။ သေ​လည်း ဘာ​တတ်နိုင်​မှာ​လဲ၊ စင်​ကာ​ပူ​ရောက်​တဲ့ နှစ်​ပေါင်း​များ​စွာ​ကြာ​ချိန်​မှာ ရထား​၂​ခု​ကြားမှာ မတ်​တပ်​ရပ်​စီး​တဲ့​လူ​တွေ ထိခိုက်​ဒဏ်ရာ​ရ​တာ မ​ကြား​ဖူး​ပါ။ ဒါ​ကြောင့် သူ​များ​အတွက် စိတ်​မ​ချ​ရ​ပေ​မဲ့ ကျနော့်​အတွက်​တော့ စိတ်ချ​ရ​တဲ့​နေရာ​ပါ။ မတ်​တပ်​ရပ်​နိုင်​သေး​တဲ့ ခွန်အား​ကို ရထား​လို့​လဲ ဘုရားသခင်​ကို ကျေး​ဇူ​တင်​ရ​ပါ​တယ်။ မတတ်​နိုင်​ရင် ဗမာ​ပြည်​လို ရထား ကြမ်းပြင်​မှ​ထိုင်​ချ​လိုက်​တဲ့ လူအို​တွေ စင်​ကာ​ပူ၊ မြန်မာ …ခရီး​တို​များ​မှာ မ​တွေ့​ရ​ပါ​ဘူး။ အဲ..မြန်မာ​ပြည် ခရီး​ရှည်​များ​မှာ​တော့ ရထား၊ကား ကြမ်း​ပြင်ပေါ်​ထိုင်၊ အိပ် ခရီးသွား​သူ​တွေ အမြောက်​များ​တွေ့​ရ​ပါ​တယ်။ ကိုယ်တိုင်​လဲ ၂​၀​၁​၄ ခရီး​စဉ်​များ​မှာ သွား​လာ​ခဲ့​ဖူး​ပါ​တယ်။

စွန့်​လွှတ်​ခြင်း​စိတ်​ဓါတ်​က အလွန်​အရေးကြီး​လာ​ပါ​တယ်။ လူ​တွေ​ကို ခေါင်းဆောင်​လုပ်​သူ​များ​ဟာ အာဏာ​ကို ရ​ရှိ​ချိန်​မှာ စွန့်​လွှတ်​ခြင်း​စိတ်​ကို ဆက်လက်​ကျင့်​သုံး​ရ​ပါ​တယ်။ စွန့်​လွှတ်​ခြင်း​စိတ်​ကို ဥပဒေ၊ စနစ်​နဲ့​ပဲ ထိမ်း​သိမ်း​ရ​ပါ​တယ်။ ဘာသာ​ရေး​တွေ​မှာ​တော့ ကျမ်းစာ​များ​နဲ့ အကျင့်​စာ​ရိတ္တ၊ စွန့်​လွှတ်​ခြင်း​စိတ်​ဓါတ်​ကို ထိန်းသိမ်း​ပါ​တယ်။ နိုင်​ငံတော်​အာဏာ​ကို​တော့ ဖွဲ့​စည်း​ပုံ​အခြေ​ခံ​ဥပဒေ​နဲ့ အုပ်ချုပ်​သ​လို၊ ကိုယ်တိုင်​လဲ စွန့်​လွတ်​ခြင်း​စိတ်​နဲ့ မိမိ မိသား​စု၊ အသိုင်းအဝိုင်း​တ​ခု​မှာ န​မူ​နာ​ပြ​နိုင်​ဖို့​ပါ။ လင်မယား၊ ညီ​အစ်ကို တွေ​မှာ Respect Earn ဆို​တဲ့ စကားပုံ​အတိုင်း အိမ်ထောင်​ဦးစီး​နေရာ၊ (ထိုင်​ခုံ) ကို ပေး​ကြ​ပါ​တယ်။ ထိုင်​ခုံ​ဆို​တာ ထိုင်​တတ်​မှ မြဲ​ပါ​တယ်။ ထိုင်​ခုံ​အကြောင်း ရေး​ရ​ရင် စာအုပ်​ကြီး​တစ်​အုပ် ဖြစ်လာ​ပါ​ဦး​မယ်။ ဒီ​လောက်​နဲ့​ပဲ မိမိ​ရဲ့ ထိုင်​ခုံ​အကြောင်း ဆက်လက်​စဉ်းစား​ကြ​ပါ​လို့ နိ​ဂုံ​ချုပ်​လိုက်​ပါ​တယ်။ အားလုံး ရွှင်လန်း​ဝမ်းမြောက်​ကြ​ပါ​စေ။

Written by ဇော်​အောင်(မုံရွာ)
Credit to Moemakha