တကယ်​တော့ ကျွန်တော်​တို့ ပါဝင်​ခွင့်​ရ​တဲ့ ကော်​မီ​တီ နာမည်​ဟာ လက်​ကျန်
နိုင်ငံ​ရေး အကျဉ်းသား စီ​စစ်​ရေး ကော်​မီ​တီ ဖြစ်​ပါ​တယ်။ လက်​ကျန်​ဆို​တဲ့
စကားလုံး​ကို တမင်​သက်သက် ရွေးချယ် သုံးစွဲ​ထား​တာ​ပါ။ အစိုးရ​ရဲ့ ဗျူဟာ
တွေ​ထဲ​က အရေး​အပါ​ဆုံး နံပါတ် (တစ်) အချက်​ကတော့ စကားလုံး ရွေးချယ်
သုံးစွဲ​မှု​ပါ​ပဲ။ ကျွန်တော်​တို့ (အတိုက်​အခံ​ဆို​သူ) တော်တော်​များ⁠များ​က စကားလုံး
သုံးစွဲ​မှု​ကို လစ်​လျူ​ရှု တတ်​ပါ​တယ်။ အစိုးရ​ကတော့ သုံး​ချင်​တဲ့​အခါ အကာအကွယ် လုပ်​လို့​ရအောင် တမင်​သက်သက် ရွေး​သုံး​လိုက်​ပြီး မ​သုံး​ချင်​တော့​တဲ့​အခါ
တမင်​သက်သက် မ​သိ​ချင်​ယောင် ဆောင်​ပစ်​တတ်​ပါ​တယ်။

ဆို​ပါ​တော့ လက်​ကျန်​နိုင်ငံ​ရေး အကျဉ်းသား​ဆို​တဲ့ ဝေါဟာရ အရ​ဆို​ရင် ကော်​မီ​တီ
ကို စ​ပြီး​ဖွဲ့​တဲ့​နေ့​ရက် မ​တိုင်​ခင်​အထိ ထောင်ကျ​ခံ​နေ​ရ​တဲ့ နိုင်ငံ​ရေး အကျဉ်းသား
အားလုံး​ကို ဆိုလို​ပါ​တယ်။ ဒါ​ဆို သိပ်​စီ​စစ်​နေ​စရာ မ​လို​ပါ​ဘူး။ ကို​ဘို​ကြည်
ကို​တိတ်​နိုင်​တို့​ရဲ့ AAPP (နိုင်ငံ​ရေး အကျဉ်းသား​များ စောင့်ရှောက်​ရေး အသင်း)
မှာ​ရော ကို​ရဲ​အောင်​တို့​ရဲ့ နိုင်ငံ​ရေး အကျဉ်းသား အဖွဲ့​ချုပ်​မှာ​ပါ စာရင်း​တွေ​က
ရှိ​ပြီး​သား​ပဲ။ အစိုးရ​ရဲ့​လက်​ထဲ​မှာ ရှိ​နေ​တဲ့ ထောင်ကျ​စာရင်း​နဲ့ တိုက်​ပြီး လွှတ်
လိုက်​ရင် ပြီး​တာ​ပါ​ပဲ။

ဒါပေမဲ့ ကော်​မီ​တီ​ရဲ့ အစည်းအဝေး အစ​မှာ​တင် နိုင်ငံ​ရေး အကျဉ်းသား​ဆို​တာ​ကို
ဘယ်​လို အဓိပ္ပါယ် ဖွင့်​ဆို​မ​လဲ ဆို​တာ​မှာ ပြဿနာ တက်​တော့​တာ​ပါ​ပဲ။ ဦး​ဥာဏ်​ဝင်း
က နိုင်ငံ​ရေး​နှင့် ပတ်သက်​ဆက်​စပ်​ပြီး ဖမ်းဆီး​ခံ​ရ​သူ မှန်​သ​မျှ​ကို နိုင်ငံ​ရေး အကျဉ်းသား​လို့ ကောက်ယူ​ဖို့ အကြံ​ပြု​ခဲ့​တဲ့​အခါ သည်​ဖွင့်​ဆို​ချက်​နဲ့​ပဲ အလုပ်​စတင်
လိုက်​ဖို့ သဘောတူ လိုက်​ရ​ပါ​တယ်။ တစ်ဖက်​မှာ​တော့ ကို​ဘို​ကြည်​တို့ ကို⁠ကို​ကြီး
တို့​က နိုင်ငံ​ရေး အကျဉ်းသား​ဆို​တာ ဘာ​လဲ၊ ဘယ်​သူ​တွေ​ကို နိုင်ငံ​ရေး
အကျဉ်းသား​လို့ သတ်​မှတ်​မ​လဲ ဆို​တာ​ကို ဆွေးနွေး​ပွဲ လုပ်​ပြီး​မှ အဖြေ​ရှာ​ချင်
တယ်။ ဒီ​လို​ရှာ​လာ​တဲ့ အဖြေ​ကို လက်​ကျန် နိုင်ငံ​ရေး အကျဉ်းသား စီ​စစ်​ရေး
ကော်​မီ​တီ​ရဲ့ လ​ပတ် အစည်းအဝေး​မှာ တင်ပြ​ပြီး အတည်ပြု​မယ်​ပေါ့။

ဒီ​နေရာ​မှာ ကျွန်တော်​ပြော​ချင်​တဲ့ စကားလုံး ရွေးချယ်​သုံးစွဲ​မှု ဆို​တာ အရေး​ပါ
လာ​ပါ​ပြီ။

(၁) နိုင်ငံ​ရေး အကျဉ်းသား ဆို​တာ​ကို အဓိပ္ပါယ် ဖွင့်​လိုက်​ရင် နိုင်ငံ​ရေး အကြောင်း
တ​မျိုး⁠မျိုး​နဲ့ ပတ်သက်​ပြီး ဖမ်း​ခံ​ရ​သူ​တွေ ဒု​နဲ့ ဒေး​ပါ။ အင်္ဂလန်၊ အမေ​ရိ​ကန်​က
အဘိဓာန် စာအုပ်​တွေ​တောင် မ​ရှင်း​ပြ​နိုင်​တဲ့ နိုင်ငံ​ရေး အကျဉ်းသား​မျိုး​စုံ
ကျွန်တော်​တို့ တိုင်း​ပြည်​မှာ ရှိ​နေ​ပါ​တယ်။ ဆို​ပါ​တော့။ မောင်​ဖြူ​ဟာ နိုင်ငံ​ရေး
သမား​တွေ​နဲ့ အဆက်​အသွယ်​ရှိ​တယ်။ တက်​ကြွ​တယ်။ ပါ​တီ​ဝင် မဟုတ်​ဘူး။
ဒါပေမဲ့ သူ့​ကို​ပွဲ​တိုင်း တွေ့​ရ​တယ်။ ဒီ​အခါ​မှာ သူ့​ကို​ထောင်​ထဲ ထည့်​ချင်​တော့
သိက္ခာ​ချ​တဲ့ သဘော​နဲ့ ထဘီ​ခိုးမှု​နဲ့ ထောင်ချ​လိုက်​တယ်။ ထဘီ​ခိုး​တယ်​ဆို
ဦး​တော့ ထောင်ကျ​ရင် အလွန်​ဆုံး တစ်​လ​ပါ​ပဲ။ ဒါပေမဲ့ တစ်​နှစ် ချ​လိုက်​တယ်။
ပိုင်​နက်​ကျူးကျော်​မှု၊ ခိုးမှု​တို့​အပြင် ဝတ္တရား နှောင့်​ယှက်​မှု​ပါ ထည့်​လိုက်​ပါ​တယ်။
ထား​ပါ​တော့။ ဒါပေမဲ့ သူ့​ကို နိုင်ငံ​ရေး အကျဉ်းသား​လို့ သတ်​မှတ်​မှာ​လား မ​သတ်
မှတ်​ဘူး​လား။ သူ့​ကို ထဘီ​ခိုး​တယ်​ဆို​တာ သက်သက်​မဲ့ ဆင်​ထား​တဲ့ အကွက်၊
ဒါ​လူ​တိုင်း သိ​တယ်။ ဒါပေမဲ့ ၅​ည​လို ၁​၇ (၁)လို နိုင်ငံ​ရေး​နဲ့ ပတ်သက်​နေ​တဲ့ ပုဒ်မ
တစ်​ခု​မှ မ​ပါ⁠ပါ​ဘူး။ ဒီ​တော့ ဘယ်​လို​လုပ်​ကြ​မ​လဲ။ အစိုးရ​ဖက်​က သူ့​ကို​နိုင်ငံ​ရေး
အကျဉ်းသား မဟုတ်​ပါ​ဘူး​လို့ ငြင်း​တယ်။ ကျွန်တော်​တို့​က အမြင်​ကပ် ပုဒ်မ​နဲ့
ထောင်ချ​ခံ​ရ​လို့ နိုင်ငံ​ရေး အကျဉ်းသား​လို့ ပြော​ချင်​တယ်။ ဒီ​တော့ ပုဒ်မ​နဲ့ သတ်​မှတ်
လို့ မ​ရ​တော့​ပြန်​ဘူး။

(၂) ဒါ​ဆို နောက်​ကြောင်း ရာဇဝင်​အမှု ဖြစ်​စဉ်​နဲ့ သတ်​မှတ်​မယ်။ ဆို​ပါ​တော့။
သူ့​ရဲ့​နိုင်ငံ​ရေး ခံယူ​ချက်​ကြောင့်​ပဲ ဖြစ်​ဖြစ်၊ သူ့​ယုံကြည်​ချက်​ကြောင့်​ပဲ ဖြစ်​ဖြစ်
အကြောင်း တစ်​မျိုး⁠မျိုး​ကြောင့် ဖမ်း​ခံ​ရ​သူ​ပေါ့။ ဆရာတော် ဦး​ဥာ​ဏ​တို့​လို မိုး​ပြာ
ဆရာတော်​ဟာ သူ့​ကိုယ်​ပိုင် ယုံကြည်​ချက်​ကြောင့် ထောင်ချ​ခံ​ရ​တာ​ပဲ။ လွှတ်​ရ
မှာ​ပေါ့။ SSAက ရှမ်း​တိုင်း​ရင်း​သား လက်နက်ကိုင် ခေါင်းဆောင်​တွေ​ဟာ
ယုံကြည်​ချက်​ကြောင့် တိုက်​ပွဲဝင်​ခဲ့​တာ​ပဲ။ လူသတ်​ရ​တယ် ဆို​တာ​လဲ တိုက်​ပွဲ
ထဲ​မှာ သတ်​တာ​ပဲ။ သူ့​နိုင်ငံ​ရေး ခံယူ​ချက်​ကြောင့် တိုက်​ပွဲဝင်​ရင်း မ​လွှဲ​မ​ကင်း​သာ လူသတ်​လိုက်​ရ​တာ​ပါ​ပဲ​လေ။ ဒါ​ကို​ရော နိုင်ငံ​ရေး အကျဉ်းသား​လို့ ဆို​မ​လား။

(၃) တိုင်း​ပြည်​ရဲ့ အခြေအနေ၊ နိုင်ငံ​ရေး အပြောင်း​အလဲ တစ်​ခု⁠ခု​နဲ့ ဆက်​စပ်​ပြီး
ထောင်​ထဲ ရောက်​ခဲ့​သူ​တွေ​ကို နိုင်ငံ​ရေး အကျဉ်းသား သတ်​မှတ်​မ​လား။ ဒါ​ဆို
ထောက်လှမ်း​ရေး​တွေ၊ ဦး​နေ​ဝင်း မြေး​တွေ​ရဲ့ အမှု​တွေ အကျုံး​ဝင် သွား​ပါ​ပြီ။

ဒါ့​ကြောင့် နိုင်ငံ​ရေး အကျဉ်းသား ဖွင့်​ဆို​ချက်​ဟာ အရေး​ပါ⁠ပါ​တယ်​လို့ ကျွန်တော်
တို့​က ဆို​ပေ​မဲ့ အစိုးရ ဖက်ကတော့ (ယာယီ အဓိပ္ပာယ် ဖွင့်​ဆို​ချက်​နဲ့​ပဲ) အလုပ်
မြန်⁠မြန်​ဖြစ်​ရေး၊ အကျဉ်းသား လွတ်​ရေး​ကို ဦးတည် လိုက်​ပါ​တော့​တယ်။
ဒါ​က​လည်း နိုင်ငံ​တကာ အမြင်​မှာ အမျိုးသား ပြန်လည်​သင့်မြတ်​ရေး အတွက်
အကောင်း​ဆုံး ပုံ​ရိပ်​ကို အမြန်​ဆုံး ရ​ပေ​တော့​မ​ပေါ့။

ဒီ​နေရာ​မှာ (လက်​ကျန်)ဆို​တဲ့ စကား​ကို ထည့်​သုံး​ထား​တာ​လဲ ရှင်း​ပါ​တယ်။
နိုင်ငံ​ရေး အကျဉ်းသား အသစ် မ​ပါ​ဘူး။ ထည့်​မ​လွှတ်​ဖူး​ဆို​တဲ့ သဘော​ပေါ့။
ဒါပေမဲ့ လွှတ်​ချင်​တဲ့ အခါ​ကျ​တော့ နော်​အုန်း​လှ​ကို​ရော၊ နေ​မျိုး​ဇင်​ကို​ပါ လွှတ်​ပေး
ခဲ့​ပါ​တယ်။ (လက်​ကျန်) ဆို​တာ​ကို မေ့​ပစ်လိုက်​တဲ့ သဘော​ပေါ့။ အစိုးရ​ဟာ
ပျော့​ပြောင်း​တယ်၊ အာဃာတ မ​ရှိ​ဘူး။ အငြိုး​အတေး မ​ထား​ဘူး။ လွှတ်​ပေး
နေ​ပါ​တယ်​ဆို​တဲ့ ပုံ​ရိပ်​ကို အမေ​ရိ​ကန် အစိုးရ​နဲ့ EUကို ကောင်း​ကောင်း ပြ
လိုက်​တာ​ပေါ့။

ဒါပေမဲ့ ခု​သည်​စာ​ကို ရေး​နေ​ချိန်​ထိ နိုင်ငံ​ရေး အကျဉ်းသား အဓိပ္ပါယ်​ကို​တော့
တစ်​ချက်​မှ မ​ဖွင့်​ဆို​သေး​ပါ​ဘူး။ ဒါ​ဆို​ဘယ်​မူ​နဲ့ လွှတ်​ပေး​နေ​သလဲ​ဆို​တော့
အဆင်​ပြေ​သ​လို​ပဲ​လို့ ဖြေ​ရ​တော့​မှာ​ပါ။ ရိုး⁠ရိုး​လေး စဉ်းစား​လိုက်​ရင်​တော့
လွယ်⁠လွယ်​လေး​ပါ။ ဖမ်း​ပြီး ထောင်ချ​ထား​တာ တရား​ရေး​နဲ့ ပြည်ထဲရေး​က​ပဲ။
သူ​တို့ သိ​ပါ​တယ်။ ဘယ်​သူ့​ကို ဘာ့​ကြောင့် ဘယ်​လို​ဖမ်း​ပြီး ဘယ်​လို
ထောင်ချ​တယ် ဆို​တာ​ကို သူ​တို့ ကောင်း​ကောင်း သိ​ပါ​တယ်။ ဒါပေမဲ့ သူ​တို့
မ​သိ​ချင်​ယောင် ဆောင်​လိုက်​ပါ​တယ်။ ဦး​သိန်း​စိန် အစိုးရ​ရဲ့ ပြုပြင်​ပြောင်းလဲ​ရေး
ဗျူဟာ​မှာ သူ​တို့​မ​ပါ​သ​လိုလို၊ သူ​တို့​က​ပဲ သဘော မ​တူ​သ​လိုလို။ နောက်ပြန်
ဆွဲ​ချင်​သူ​တွေ​လိုလို၊ Hard Linerတွေ​ဖြစ်​အောင် သူ​တို့​ကို ပုံဖော်​ထား
လိုက်​ပါ​တော့​တယ်။ တကယ်​တော့ အင်မတန် ပိ​ရိ​သေ​သပ်​တဲ့ ဇာတ်​ညွှန်း​ပါ။
ဒါ​ကို ကျွန်တော်​တို့ မ​သိ​လို့​လား​မေး​ရင် သိ​တာ​ပေါ့​လို့ ပြော​ရ​မှာ​ပါ။ ကျွန်တော့​တို့​မှာ မျှော်လင့်​ချက် တစ်​ခု​ကတော့ ဘယ်​လို​ဖြစ်​ဖြစ် ကိုယ့်​လူ​တွေ
ပြန်​လွတ်​လာ​တာ အမြတ်​ဆို​တဲ့ စိတ်​တစ်​ခု​ထဲ​နဲ့​ပါ​ပဲ။

အစည်းအဝေး ပွဲ​တိုင်း​မှာ ကျွန်တော်​တို့ အပြင်း​အထန် ငြင်း​ခုန်​ကြ၊ စကား​များ​ကြ၊
(တစ်​ခါ​တ​လေ ရန်​ဖြစ်​ကြ​တဲ့ အထိ​ပါ) အနိုင်​လု ပြော​ကြ​ပေ​မဲ့ ဆက်ဆံ​ရေး
ကောင်း​အောင် တည်ဆောက်​ပါ​တယ်။ ဒါ​မှ​လဲ တစ်​ယောက်​ကို တစ်​ယောက်
နားလည်​မှု ထား​တယ်​ဆို​တဲ့ သဘော​သဘာ၀ ပေါ်လွင်​တော့​မှာ​ပေါ့။ တကယ်
ကတော့ ကိုယ့်​အိတ်​ထဲ​က စိုက်​ပေး​နေ​ရ​တာ​လဲ မဟုတ်​ဘဲ​နဲ့ အကုန် လွှတ်
လိုက်​ရင် ပြီး​နေ​တာ​ပါ။ ဒါ​ဆို​ဘာ​လို့ နိုင်ငံ​ရေး အကျဉ်းသား​တွေ ချန်​ထား
သေး​တာ​လဲ။၂​၀​၁​၃​ခု​နှစ် ဒီဇင်ဘာ ၃​၁ ရက်​နေ့​မှာ မြန်မာ​ပြည်​မှာ နိုင်ငံ​ရေး
အကျဉ်းသား တစ်​ယောက်​မှ မ​ရှိ​တော့​ပါ​ဘူး​လို့ ဘာ​ကြောင့် တစ်​ကမ္ဘာ​လုံး​ကို
ကြေညာ​လိုက်​တာ​လဲ။ ရှင်း⁠ရှင်း​လေး​ပါ။

(ဆက်​ပါ​မည်)
Written by ဇာဂနာ
Credit to Tomorrow သ​တင်း​ဂျာနယ်