မနက်​လင်း​လာ​ပြီ​ဆို​ရင် ဆိုင်​မှာ အလုပ်​လုပ်​ကြ​တဲ့ ကောင်​မ​လေး​တွေ​ရဲ့ ဇာတ်​လမ်း​တွေ​ကို အမျိုး​စုံ​နေ​အောင် ကြား​ရ​တယ်။ တကယ်​တော့ ဆိုင်​မှာ အလုပ်​လုပ်​ကြ​တဲ့ ကလေး​မ​လေး​တွေ​ခင်ဗျာ ပင်​ပမ်း​လှ​ပါ​တယ်။
မနက် (၅) နာရီ​လောက်​ကတည်းက ရပ်​လုပ်​လိုက်​ကြ​တာ မိုးချုပ်​မှ​ပဲ အိမ်​ပြန်​ရောက်​တယ်။ တ​ပတ် (၆) ရက်​လုပ်​ကြ​တာ ဆို​တော့ ဘယ်​မှ​လည်း မ​ရောက်။ အလုပ်​က ပင်​ပမ်း​ရ​တဲ့​အထဲ၊ မြန်မာ​ပြည်​က အိမ်​တွေ​က​လည်း အချိန်​ပြည့်​ငွေ​လို​နေ​တယ်။
ခက်​တာ​က မြန်မာ​ပြည်​ကုန်​ဈေးနှုန်း​ကို အမေ​ရိ​ကား ကတောင် လိုက်​မ​မှီ​ဘူး​ဖြစ်​နေ​တယ်။
အလုပ်​လုပ်​နေ​ရင်း နဲ့ လည်း မျက်ရည်​တွေ​ကျ​တဲ့​သူ​က ကျ။
သူ​တို့​မှာ စိတ်​ဆင်းရဲ​လိုက်​တာ။
ကိုယ်​က ကိုယ်​ချင်း​စာ​ပါ​တယ်။ သူ​တို့​တ​တွေ ဒီ​ကို ရောက်လာ​တယ် ဆို​တာ ဘဝ ကို စွန့်စား​ပြီး​မှ ရောက်​ကြ​ရ​တာ။ ကိုယ်​နေ​တဲ့ နေရာ​က လုပ်​စားစရာ​မ​ရှိ၊ ငတ်​ကြ​ရှာ​တော့ မလေးရှား​နယ်စပ်​ကို တော​လမ်း​က​နေ လူ​ကုန်​ကူး​တဲ့​သူ​တွေ နဲ့ ရောက်​ခဲ့​ကြ​တယ်။ သံ​ဆူး​ကြိုး​တွေ​ကို ကျော်​ပြီး ဖြတ်​ခဲ့​ရ​တာ​မျိုး​လည်း ရှိ​သ​လို၊ တ​ခါ​တ​လေ ဆူး​ခြုံ​တွေ​ကြားမှာ​လည်း အိပ်​ခဲ့​ရသ​တဲ့။
” အကို ရယ် ကျ​မ​တို့​လို ဘဝ​မျိုး​တွေ ကိုယ့်​ညီမ​တွေ​ကို မ​ခံစား​စေ​ချင်​တော့​ဘူး။ ဒါ​ကြောင့်​မို့ ငွေ​ပို့​ပေး​ပြီး အလုပ်​တ​ခု​ခု လုပ်​ကြ​ဖို့ ပြော​တော့​လည်း မ​ရ​ဘူး။ လို​သ​မျှ ကို ဒီ​ဘက်​က​ချည်း​တောင်း နေ​တာ ဘယ်​လို​လုပ်​ရ​မှန်း​မ​သိ​ဘူး” တဲ့။

တကယ်​တော့ မြန်မာ​ပြည်​က သူ​တွေ​က​လည်း သူ​တို့​ချည်း ဒုက္ခရောက်​နေ​တယ် ထင်​နေ​တာ။ နိုင်ငံ​ခြား​က လူ​တွေ​ကို ရွှေ​ဘုံပေါ်​မှာ နေ​ရ​တယ်။ ဟော​လိ​ဝုဒ် ရုပ်​ရှင်​တွေ​ထဲ​မှာ လို ဝတ်​ကောင်းစား​လှ Sexy တွေ​လို နေ​ပြီး ရေကူး​ကန်​ဘေး​မှာ ငြိမ့်​ငြိမ်​ေ့​လး​ထိုင်​နေ​တယ် ထင်​နေ​ပုံ​ရ​တယ်။ ဒီ​မှာ အလုပ်​ပင်​ပမ်း​ကြ​တာ​ကို​လည်း ကိုယ်​ချင်း​စာ စိတ်​မ​ရှိ။

ရှင်း​ပြ​ပြန်​တော့​လည်း ” အောင်​မ​လေး ငြီး​တို့ ပင်​ပမ်း​တာ အလုပ်​ရှိ​တယ်။
ငါ​တို့​မှာ စားစရာ​ကို မ​ရှိ​တာ” ဆို​တဲ့ ရန်ထောင်​မှု နဲ့ ပဲ အဆုံးသတ်​သွား​လေ့​ရှိ​တယ်။
မြန်မာ​ပြည်​နဲ့ ဖုံး​ပြော​ပြီး ရင် အလုပ်​က ကောင်း​ကောင်း မ​လုပ်​နိုင်​ကြ​တော့​ဘူး။
တကယ်​တော့ မြန်မာ​ပြည်​ကို ပြု ပြင်​ပြောင်းလဲ​ရေး လုပ်​ချင်​တယ် ဆို​ရင် နက်​နက်နဲ​နဲ အမြစ်​တွယ်​နေ​တဲ့ လူ​မှု​ရေး အကြပ်​အတည်း ( Social Crisis ) တွေ​ကို စ​ပြီး လုပ်​ကြ​ရ​လိမ့်​မယ်။

ကိုယ်​က အကို​တ​ယောက်​လို သဘောထား​ပြီး သူ​တို့​ကို အယူ​အဆ​တ​ခု ချ​ပြ​မိ​တယ်။
( နိုင်ငံ​ခြား​မှာ နေ⁠နေ​တဲ့ သူ​တွေ တော်တော်​များ​များ လည်း အထက်​ပါ​အဖြစ်အပျက်​တွေ အနည်း​နဲ့​အများ​ကြုံ နေ​မယ် ထင်​လို့ မျှဝေ​ကြည့်​တာ​ပါ )

(၁) ကိုယ့်​ရဲ့ လက်​ရှိ ရုန်း​ကန်​နေ​ရ​တာ​တွေ​ကို အမှန်​အတိုင်း​ရှင်း​ပြ​ပါ။
နိုင်ငံ​ခြား​က​နေ ရွာ​ပြန်​ပြီး ကြွားဝါ​တာ​မျိုး​တွေ ရှောင်​ပါ။ နိုင်ငံ​ခြား​မှာ နေ⁠နေ​ရ​တာ​တွေ​ကို အမှန်​အတိုင်း​မ​ပြော​ပဲ လူ​အထင်ကြီး​အောင် ရွာ​ပြန်​ပြီး ကြွားဝါ​ခြင်း​အား​ဖြင့် အကျိုး​ဆက်​ကတော့ မိမိ​တိုင်း​ပြည်​က​သူ​တွေ​လည်း အပေါ​စား​ရုပ်​ရှင်​တွေ​ထဲ​က​လို ဖြစ်လာ​တယ်။ အတွေး​အခေါ်​ပျက်​လာ​တယ်။

(၂) ရှင်း​ပြ​ပြီး​လို့​မှ ကိုယ့်​ဘဝ​ကို နားလည်​မ​ပေး​တဲ့​သူ​တွေ၊ ကိုယ့်​ဒုက္ခ​ကို ကိုယ်​ချင်း​စာ​စိတ်​မ​ရှိ​တဲ့​သူ​တွေ​အပေါ်၊ ကိုယ့်​ဘက်​က​လည်း နားလည်​ပေး​စရာ​မ​ရှိ​ဘူး။
သူ​တို့​ကိုယ်တိုင် ရုန်း​ကန်​တတ်​အောင် ရက်စက်​ပေး​ပါ။

ရက်စက်​ပေး​ပါ ဆို​တဲ့ စကား​ကို အကြောင်းမဲ့​သုံး​တာ မဟုတ်​ပါ​ဘူး။
တ​ခါ​တ​လေ လူ​မှု​ပြောင်းလဲ​ရေး​လုပ်​ငန်း​စဉ်​ဆို​တာ Stick and Carrot မူ​ဝါဒ လို​ပဲ။
ဆုပေး၊ ဒဏ်ပေး စံ​နစ် ၊ သိမ်း​သွင်း​မှု၊ ဖိ​အားပေး​မှု နှစ်​ခု​လုံး​ရှိ​မယ်။
လူ​မှု​ရေး​အကြပ်​အတည်း​တွေ​က မြန်မာ​ပြည်​မှာ​တင်​မက​ဘူး။
အာ​ဖ​ရိ​က အပါအဝင် ဆင်းရဲ​တဲ့​နိုင်ငံ​တွေ​မှာ​လည်း ဒီ​အတိုင်း​ပါ​ပဲ။
ကျနော်​တို့​မှာ အတွေ့​အကြုံ​တွေ အများ​ကြီး​ပါ။

တ​ခါ​တုံး​က လူ​မည်း​တွေ ဦးစီး​ကျင်းပ​တဲ့ ရုပ်​ရှင်​ပွဲတော်​မှာ ဟော​လိ​ဝုဒ်​မင်းသား ဝီလ်​စ​မစ် ပြော​ခဲ့​တဲ့ အဖြစ်အပျက်​လေး​ကို သွား​သတိ​ယ​မိ​တယ်။
သူ​တို့​က နွေရာသီ ဆို​ရင် အာ​ဖ​ရိ​က ရဲ့ ဆင်းရဲ​တဲ့​ဒေသ​တွေ​ကို သွား​ရောက်​ပြီး လူ​မှု​ကယ်ဆယ်​ရေး​လုပ်​ငန်း​တွေ လုပ်​ကြ​သ​တဲ့။
တ​နေရာ​ကို ရောက်​တော့ ပိန်​ချိ​နေ​တဲ့ လူ​ငယ်​လေး​တ​ယောက် လှဲ​လှောင်း​နေ​တယ်။
နံ​ရံပေါ်​မှာ​လည်း ” ငါ​တော့ သေ​တော့​မယ် ထင်​ပါ​ရဲ့” ဆို​တဲ့ စာတန်း​လေး​ကို တွေ့​သ​တဲ့။
ဝီလ်​စ​မစ် က အဲ့​ဒီ​ကောင်​လေး​နား​မှာ သွား​ထိုင်​တယ်။

” ဟေ့ — ငါ့​နာမည် ဝီလ်​စ​မစ်။ ဟော​လိ​ဝုဒ် က ကမ္ဘာကျော်​မင်းသား။ သိ​လား”
ကောင်​လေး​က ခေါင်း​ယမ်း​ပြ​တယ်။ အား​မ​ရှိ​လွန်း​လို့ အသံ​တောင် မ​ထွက်​ဘူး။
ဝီလ်​စ​မစ် က​လည်း သိ​တာ​ပေါ့။ ဒီ​လို ခေါင်​သီ​ဆင်းရဲ​လွန်း​တဲ့၊ အငတ်​ဘေး​တွေ ဆိုက်ရောက်​နေ​တဲ့ ဒုက္ခ​သည်​ကောင်​လေး​တ​ယောက်​က ဟော​လိ​ဝုဒ်​က ရုပ်​ရှင်​မင်းသား ကို မ​သိ​နိုင်​ဘူး ဆို​တာ။
ဝီလ်​စ​မစ်​က သူ့​လက်​ထဲ​မှာ ပါ​တဲ့ ချော​က​ရက် တ​ထုတ်​ကို ဖေါက်​ပေး​ပြီး ကောင်​လေး​ကို စား​ခိုင်း​တယ်။ အစာ​လည်း နည်း⁠နည်း​ထည့်​ပြီး​ရော၊

” ကောင်​လေး- မင်း – န​ယူး​ယောက်​က ဟာ​လမ် ဆို​တာ​ရော​ကြား​ဘူး​လား”
ကောင်​လေး​က အသံ​နည်း⁠နည်း​ထွက်​လာ​တယ်။

သူ​တို့​ဒေသ​သုံး​စကား​နဲ့ ” မ​သိ​ဘူး” တဲ့။

ဝီလ်​စ​မစ်​က​လည်း ဒီ​ကောင်​လေး န​ယူး​ယောက်​ဆို​တာ​ကို မ​သိ​ဘူး ဆို​တာ သိ​တာ​ပေါ့။
နောက်ထပ် ချော​က​ရက်​တ​ထုတ် ဖေါက်​ပေး​တယ်။ ဆို​ဒါ တိုက်​တယ်။

” ကဲ — မင်း– အစာ​ဝင်​သွား​ပြီ ဆို​တော့ နည်း⁠နည်း​ထ စမ်း​ကွာ။ ဒီ​မှာ မင်း ငါ​ဝတ်​ထား​တဲ့ အဝတ်​အစား​တွေ​လို မျိုး မ​ဝတ်​ချင်​ဘူး လား”

ကောင်​လေး​က နည်း⁠နည်း​ပြုံး လာ​တယ်။ ဝတ်​ချင်​တာ​ပေါ့။ ခေါင်း​ငြိမ့်​ပြ​တယ်။
” အို​ကေ။ ထိုင်​စမ်း​ပါ​အုံး။ ဒီ​မယ် န​ယူး​ယောက်​က ဟာ​လမ် ဆို​တာ ဟို​တ​ချိန်​တုံး​က မင်း​လို ကောင်​လေး​တွေ​အများ​ကြီး ရှိ​တယ်။ ငါ​တို့​မှာ စားစရာ​မ​ရှိ​ဘူး။ ကျွန်​ဖြစ်​ခဲ့​ကြ​တယ်။ ငတ်​ပြတ်​လိုက်​ကြ​တာ။ ဒါ​ပေ​မယ့် ငါ​တို့​တ​တွေ အခု​လို ဘာ​လို့​ပြန်​ပြီး ခေါင်း​ထောင်​လာ​နိုင်​ခဲ့​သလဲ သိ​လား။
” ငါ​တို့ သေ​တော့​မယ် ထင်​ပါ​ရဲ့” ဆို​တဲ့ စကား​အစား၊ ” ငါ​တို့ ရှင်​သန်​ဖို့ ကြို း​စား​ရ​မယ်” ဆို​တဲ့ သိ​စိတ်​ဝိညာဉ် ကို ထည့်​ခဲ့​ကြ လို့ ကွ။ ငါ​တို့​တ​တွေ ငြီး​ငြူ လှဲ​လှောင်း​နေ​မယ် ဆို​ရင် ဟာ​လမ် ဆို​တာ အခု​လို ဖြစ်လာ​ဖို့ အကြောင်း​မ​ရှိ​ဘူး။

အောက်​က ပရိ​ဿ တ် က ထ​ပြီး လက်ခုပ်တီး အော်ဟစ်​ကြ​တော့​တယ်။
ဟာ​လမ် — ဟာ​လမ် — ဟာ​လမ် — ဆို​တဲ့ အသံ​တွေ​က လျှံ​တက်​လာ​တယ်။
ဟာ​လမ် ဆို​တဲ့​နေရာ​က န​ယူး​ယောက်​မြို့​မှာ ရှိ​တယ်။
လူ​မည်း​တွေ​ရဲ့ စာပေ​အနု​ပညာ​ထွန်းကား​ရာ​နေရာ
တကယ်​တော့ ဟော​လိ​ဝုဒ် ရုပ်​ရှင်​မင်းသား​တွေ​က ဆုပေး​ပွဲ​စင်​မြင့်​ကို Social Change အဖြစ် ပြောင်းလဲ​ပစ်လိုက်​တယ်။
လူ​တွေ​ကို ကူညီ​တဲ့​အခါ အစာ​ပေး၊ ကျေးဇူးတင်​စကား​နားထောင်၊ သူတောင်းစား​စိတ်​ဓါတ် ကို မွေး​မြူ ပေး​တာ​ထက်၊ လူ​တွေ​ကို ကိုယ်​ခြေ​ထောက်ပေါ် ကိုယ်​ရပ်​တည်​ရ​မယ်။ လူ​မှု​ပြု ပြင်​ပြောင်းလဲ​ရေး​မှာ ကိုယ်တိုင်​ပါဝင်​ရ​မယ် ဆို​တဲ့ အသိ​ကို ပေး​နေ​ခြင်း ဖြစ်​တယ်။

အသက်အရွယ်​ကြီးရင့် တဲ့ မိဘ​တွေ​ကို ကန်တော့​ရ​မယ်။ စောက်​ရှောက်​ရ​မယ်။
ဒါ​က ငြင်း​စရာ မ​လို​တဲ့ တရား။
ဒါ​ပေ​မယ့် အသက်အရွယ် ရှိ​နေ​သေး​တဲ့ လူ​ငယ်​တွေ​ကို ကူညီ​တဲ့​အခါ တာဝန်​တ​ခု ထည့်​ပေး​ပါ။
သူတောင်းစား စိတ်​ဓါတ် မွေး​မ​ပေး​ပါ​နဲ့။
အားလုံး ကံကောင်း​ကြ​ပါ​စေ။