နိုင်ငံ​ခြား​သွား​ဖို့ နှုတ်ဆက်​ကန်တော့​တဲ့​အခါ လူကြီး​သူမ​တွေ ဆုံးမ​လေ့ ရှိ​ပါ​တယ်။ ကြိုးစား၊ ဇွဲ​မ​လျှော့​နဲ့၊ စိတ်​ဓာတ်​မ​ကျ​နဲ့ စ​သ​ဖြင့် ပြော​ကြ​ပါ​တယ်။ ဟုတ်​တယ်၊ ဒါ​တွေ​က အင်မတန် အရေးကြီး​ပါ​တယ်။ ခု​ကျနော် ပြော​မယ့်​အချက်​ကတော့ လူကြီး​တွေ ပြော​လေ့​ရှိ​တဲ့ စကားမ​ဟုတ်​ဘဲ ကျနော်​ကိုယ်တိုင် ဖြတ်​သန်း​ခဲ့​ရ​တဲ့ ဘဝ​ရဲ့ သင်​ခန်း​စာ​တ​ခု​ဖြစ်​ပြီး၊ ဘယ်​သူ့​ဆီ​က​မှ ကြား​ရ​မှာ မဟုတ်​ပါ​ဘူး။ ပြီး​တော့ နည်း​နည်း သိမ်မွေ့​လို့ တ​ခေါက်​ဖတ်​ရုံ​နဲ့ နားလည်​ချင်​မှ နားလည်​ပါ​လိမ့်​မယ်။ ကျနော် ဥပမာ​တွေ​နဲ့ အတတ်​နိုင်​ဆုံး ရှင်း​ပြ​ပါ​မယ်။
ကျနော်​တို့ ကိုယ့်​တိုင်း​ပြည်​မှာ ကိုယ်​နေ​ရင် သူ့​ဖာ​သာ အလိုလို အဆင်​ပြေ​နေ​ပြီး​သား ကိစ္စ​တွေ ရှိ​တယ်။ ဘာ​လုပ်​ချင်​ရင် ဘယ်​ကို​သွား၊ ဘယ်​သူ​နဲ့​တွေ့၊ ဘယ်လောက်​ပေး၊ ဘယ်​သူ့ လက်မှတ်ထိုး ဆို​တာ​တွေ ကိုယ်​သိ​နေ​တယ်။ သူ​များ​နိုင်ငံ​ရောက်​တဲ့​အခါ အဲ​ဒါ​တွေ​ကို အစ​အဆုံး သင်​ယူ​လုပ်ကိုင်​ရ​တော့ ပို​ပြီး ပင်ပန်း​တယ်။ကျနော်​တို့ လူ့​သ​ဘာ​ဝ​က အစစအရာရာ အဆင်​ပြေ ချောမွေ့​နေ​တဲ့ က​မ​႓ာ​လေး​ထဲ​မှာ​ပဲ နေ​ချင်​ပြီး လှုပ်ရှား​ရုန်း​ကန်​ရ​တဲ့ ပတ်ဝန်းကျင်​ကို မ​ထွက်​ချင်​ဘူး။ အဲ​ဒီ​လို အဆင်​ပြေ လွယ်ကူ​နေ​တဲ့​ဝန်းကျင်​ကို အင်္ဂလိပ်​လို​တော့ comfort zone လို့ ခေါ်​တယ်။ ဂျပန်​လို တချို့​ကတော့ အန်း​ဇင်း​ချိ​တိုင်း (安全地帯) အန္တရာယ်​ကင်း​ဇုံ​လို့ ခေါ်​ပေ​မယ့် ကျနော်​ကတော့ အင်း​ရာ့​ကု​ချိ​တိုင်း (安楽地帯) ‘သက်သာ​အဆင်​ပြေ အခြေအနေ’ ဆို​တာ​ကို ပို​သဘောကျ​ပါ​တယ်။လူ​တွေ​က အရောင်​ပြောင်း​တဲ့ ပုတ်သင်​ညို​တွေ​ကို ကဲ့ရဲ့ အပြစ်တင်​ကြ​တယ်။ တကယ်​တော့၊ ဒီ​ပုတ်သင်​ဟာ သူ့​ရဲ့ ပင်ကိုယ်​သ​ဘာ​ဝ​ကို ပြောင်းလဲ​တာ မဟုတ်​ဘဲ သူ့​ရဲ့ အပေါ်ယံ​က အရေ​ခွံ​အရောင်​ကို​သာ ပတ်ဝန်းကျင်​နဲ့ လိုက်​ဖက်​အောင် ပြောင်းလဲ​ယူ​တာ​ပါ။ ဒါ​မှ​လည်း ပတ်ဝန်းကျင်​နဲ့ ရောနှော​ပြီး သူ့​အန္တရာယ်​ကို ကာ​ကွယ်​နိုင်​မယ်။ ဒါ​ဟာ သေ​ရေး​ရှင်​ရေး အရေးကြီး​တဲ့ ကိစ္စ​ဖြစ်​တယ်။ဒီ​လို​ပဲ၊ မြွေ၊ ပုစွန်၊ က​ဏန်း စ​တဲ့ သတ္တဝါ​တွေ​လည်း အရေ​ခွံ လဲ​ကြ​ရ​တယ်။ အရေ​ခွံ​လဲ​မှ ပို​ပြီး ကြီး​ထွား​သန်စွမ်း​လာ​မှာ​ပါ။ အခွံ​ဟောင်း​နဲ့ နေ​သား​ကျ အဆင်​ပြေ​နေ​ပေ​မယ့် ပို​ပြီး ကြီး​ထွား​လာ​တဲ့​အခါ အခွံ​သစ်​လဲ​မှ အဆင်​ပြေ​မယ်။ အဲ​ဒီ​လို အခွံ​လဲ​ပြီး​စ အချိန်​ဟာ​လည်း သူ့​အတွက် အန္တရာယ်​အများ​ဆုံး အခြေအနေ​ပါ။နိုင်ငံ​ခြား​က​ပြန်လာ​သူ၊ နိုင်ငံ​ခြား​ရောက်​နေ​သူ​တွေ​ကို အခြေအနေ မေး​တဲ့​အခါ နှစ်​မျိုးပဲ ကြား​ရ​ပါ​လိမ့်​မယ်။ ကောင်း​တယ်၊ ကြိုက်​တယ် ဆို​တဲ့ အကောင်း​ဘက်​က အဖြေ​နဲ့ မ​ကောင်း​ဘူး၊ မ​လာ​ကြ​နဲ့ ဆို​တဲ့ အဆိုး​ဘက်​က အဖြေ​ပေါ့​လေ။လူ​တ​ယောက်​က နိုင်ငံ​ခြား​တိုင်း​ပြည်​မှာ နေ​သား​တ​ကျ အဆင်​ပြေ​ပြေ နေ​နိုင်​ခြင်း၊ မ​နေ​နိုင်​ခြင်း​အပေါ် မူ​တည်​ပြီး ဒီ​အဖြေ​နှစ်​ခု ကွဲပြား​တာ​ပါ​ပဲ။တ​ခါ၊ အဲ​ဒီ​လို အဆင်​ပြေ​ခြင်း မ​ပြေ​ခြင်း​ဆို​တာ​က​လည်း ခု​န​က ကျနော်​ပြော​ခဲ့​တဲ့ ‘သက်သာ​အဆင်​ပြေ အခြေအနေ’ (comfort zone) က​နေ ကိုယ်​ဘယ်လောက် အပြင်​ထွက်​ရဲ​သလဲ​ဆို​တာ အရေးကြီး​တယ်။ကျနော်​တွေ့​ကြုံ​ရ​တဲ့ အဖြစ်အပျက်​တ​ခု​ကို ပြော​မယ်နော်။ ရယ်​စရာ​သက်သက် မဟုတ်​ဘဲ နောက်​ကွယ်​မှာ ပါး⁠ပါး​လေး တွေ့​နေ​ရ​တဲ့ ကိုယ့်​ဆန္ဒ​စွဲ​ကို စွန့်​ရဲ​သလား မ​စွန့်​ရဲ​သလား ဆို​တာ​ကို​လည်း မြင်​အောင် ကြည့်​ကြ​ပါ။
မြန်မာ​ပြည်​က ကျနော်​တို့ ဆရာ​ရင်း ပါ​မောက္ခ၊ ဌာန​မှူး​တို့ အဖွဲ့ ဂျပန်​ကို လေ့​လာ​ရေး​နဲ့ နှီးနှော​ဖ​လှယ်​ပွဲ တက်​ဖို့ လာ​မယ်​ဆို​တော့ ဆရာ​ကြီး​တို့​ကို တတ်နိုင်​သ​မျှ ကူညီ​ဖို့ ကျွန်တော် ပြင်ဆင်​ရ​ပါ​တယ်။ ကျွန်တော့ ဆရာ​ကြီး​ရယ်၊ ဆရာ​မ​တ​ယောက်​ရယ်၊ မန္တလေး​က ဆရာ​ကြီး​တ​ယောက်​တို့ သုံး​ယောက်​အဖွဲ့ ဖြစ်​ပါ​တယ်။ဆရာ​ကြီး​နှစ်​ယောက်​က ဥ​ရော​ပ​တက္ကသိုလ်​တွေ​မှာ ဘွဲ့​လွန်​ဒီ​ဂ​ရီ​တွေ ဆွတ်​ခူး​ပြီး ဂျပန်​ကို​တော့ ပထမ​ဆုံး​အကြိမ် လာ​ဖူး​တာ​ပါ။ဆရာ​မက​တော့ ကိုယ့်ကို မ​သင်​ဖူး​တဲ့ စီ​နီ​ယာ​လို့​ပဲ ဆို​ပါ​တော့။ ကျောင်း​မှာ ကျနော်​တို့​အသုတ်​နဲ့ အဝင်​အထွက် လွဲ​သွား​တဲ့ အသက် ၃​၀ ဝန်းကျင် အပျိုကြီး ဖြစ်​ပါ​တယ်။ သူ​ကတော့ ဒီ​တ​ခါ နိုင်ငံ​ခြား​ကို ပထမ​ဆုံး ထွက်​ဖူး​တာ။ဂျပန်​နိုင်ငံ​မှာ သူ​တို့ ရောက်​နေ​တဲ့​ကာလ​အတွင်း သုံး​ရက်ဆက်​တိုက် ပိတ်​တဲ့ အားလပ်​ရက် တ​ခု​နဲ့ ကြုံ​တယ်။ ဂျပန်​မှာ အစိုးရ​ရုံးပိတ်​ရက်​တွေ​ကို နီး​ရာ သောကြာ၊ တနင်္လာနေ့​ကို ရွှေ့​ပေး​ပြီး ပိတ်​ရက် ဆက်တိုက် ဖန်တီး​ပေး​တဲ့ စနစ်​ရှိ​ပါ​တယ်။ အမေ​ရိ​ကား​မှာ​လည်း အဲ​ဒီ​လို​ပါ​ပဲ။အဲ​ဒီ​သုံး​ရက်​မှာ ဂျပန်​လူ​မျိုး​တွေ​အတွက် အကောင်း​ဆုံး ဇိမ်​ယူ အပန်း​ဖြေ​တာ​ဖြစ်​တဲ့ အွန်း​ဆင်း (温泉) လို့ ခေါ်​တဲ့ သ​ဘာ​ဝ ရေပူ​စမ်း​ကို ပို့​မ​လား​လို့ သူ​တို့​ကို ဖိတ်​တဲ့ ဂျပန်​ပါ​မောက္ခ​က မေး​တဲ့​အခါ ကျနော်​လည်း ဝမ်းသား​အားရ သဘောတူ​လိုက်​တယ်။မီး​တောင်​ပေါများ​တဲ့ ကျွန်း​နိုင်ငံ ဂျပန်​မှာ သ​ဘာ​ဝ ရေပူ​စမ်း​တွေ ရှိ​ပြီး၊ ရေပူ​စမ်း​မှာ စိမ်​ရ​တဲ့ အရသာ​ကို စည်းစိမ်​အရှိ​ဆုံး​လို့ ဂျပန်​လူ​မျိုး ၁​၀ ယောက်​မှာ ၉ ယောက်​က ဖြေ​ကြ​မှာ​ပါ။ ဆရာ​ကြီး​တို့​လည်း ဂျပန်​ကို ရောက်​တုန်း အခု​လို အွန်း​ဆင်း​ကို သွား​ရ​မယ်​ဆို​ရင် ဂျပန်​ရိုးရာ​ဓလေ့​ကို​လည်း လေ့​လာ​နိုင်​သ​လို၊ ပင်ပန်း​နွမ်းနယ်​နေ​တဲ့ ကိုယ်​စိတ်​နှစ်​ပါး​လည်း အပန်း​ဖြေ​ရ​မှာ​မို့ တ​ချက်​ခုတ် နှစ်​ချက်​ပြတ် အလွန်​ကောင်း​လှ​ပါ​တယ်။ဂျပန်​ပါ​မောက္ခ​က အစစ အကုန်အကျ​ခံ စီစဉ်​ပေး​ပြီး ရထား​လက်မှတ်၊ တည်းခို​ခန်း၊ အစားအသောက် လက်မှတ်​တွေ​ကို ကျ​နော့​လက်​ထဲ ထည့်​ပေးလိုက်​တယ်။ နှစ်​ည​အိပ် သုံး​ရက်​ခရီး​အတွက် တ​ယောက်​ကို ဒေါ်လာ ၅​၀​၀ စီ​လောက် ကုန်ကျ​ပါ​တယ်။ အဲ​ဒီ ခရီး​ကို မ​သွား​ဘဲ ပိုက်ဆံ​ထုတ်​လို့​ရ​ရင် ကောင်း​မှာ​လို့ ဆရာ​မက​တောင် နှ​မျော​နေ​လေ​ရဲ့။ကျနော်​တို့ လေး​ယောက် ရှင်​ကန်း​ဆင် ကျည်​ဆံ​ရထား​ကြီး​နဲ့ သွား​ကြ​တော့ သူ​တို့​အားလုံး သဘောကျ​လိုက်​ကြ​တာ​လေ။ အရှိန်​မြန်​သ​လောက် ငြိမ့်​ညောင်း ချောမွေ့​လှ​တဲ့ ဂျပန်​ရှင်​ကန်း​ဆင် ရထား​ကြီး​နဲ့ ဂျပန်​တွေ အရမ်း​ကြိုက်​တဲ့ အွန်း​ဆင်း​ကို သွား​ရ​တာ​ဆို​တော့ အရမ်းပျော်​နေ​ကြ​တယ်။တည်းခို​ရ​မယ့် နေရာ​က​လည်း ရယော်​ကန် (旅館) လို့ ခေါ်​တဲ့ ဂျပန်​ရိုးရာ​စ​တိုင်လ် တည်းခို​ခန်း​ပါ။ တာ⁠တာ​မိ မြက်​ဖျာပေါ်​မှာ မွေ့ရာ​ခင်း​ပြီး အိပ်​ရ​တယ်၊ အိမ်သာ​ကတော့ ဘုံ​သုံး​ရ​တယ်။ ဆရာ​ကြီး​နှစ်​ယောက်​နဲ့ ကျနော်​က တ​ခန်း၊ ဆရာ​မက​တော့ တ​ယောက်​တည်း တ​ခန်း​ပေါ့။ အထူး​အဆန်း​ဆို​တော့ တ​ပြုံး​ပြုံး ကျေနပ်​နေ​ကြ​တယ်။

ရောက်​တဲ့​အချိန်​စော​သေး​တော့ အနီး​ပတ်ဝန်းကျင်​က ရှု​ခင်း​သာ​နေရာ​တွေ၊ ဘုရား​ကျောင်း​တွေ​ကို လှည့်ပတ် ကြည့်​ကြ​တယ်။တည်းခို​ခန်း​ကို ပြန်လာ​တော့ ညစာ​မ​စား​ခင် အွန်း​ဆင်း ရေ​သွား​စိမ်​မယ်​ဆို​ပြီး ရေပူ​စမ်း​နေရာ​ကို သွား​ကြ​တယ်။ တကယ်​တော့ တည်းခို​ခန်း​နဲ့ အွန်း​ဆင်း ရေပူ​စိမ်​တဲ့​နေရာ​က အဆောက်အအုံ တ​ခု​တည်း​ပါ။ ဧည့်သည်​တွေ အိပ်ခန်း​နေရာ​က သွား​ရင် ထမင်းစား​ခန်း​နဲ့ မ​လှမ်း​မ​ကမ်း​မှာ ရှိ​တယ်။ ရေပူ​စမ်းရေ​ကို အဆောက်အအုံ​ထဲ သွယ်​ယူ​ပြီး ဖြည့်​ထား​တဲ့ ကန်​ပေါ့။ယူ​ကာ့​တ ဂျပန်​အိမ်​တွင်း​ဝတ် ကီ​မို​နို​အပါး​လေး ကိုယ်စီ​နဲ့ အားလုံး ဂျပန်​စ​တိုင်လ် ဖြစ်​နေ​တာ​မို့ ဓာတ်​ပုံ​တွေ ရိုက်​ကြ​တာ​ပေါ့။ အဲ​ဒီ​အချိန်​က ဖေ့စ်​ဘွတ်ခ်​မပေါ်​သေး​လို့​ပေါ့နော်၊ နို့​မို့​ရင် ချက်ချင်း​တင်​မှာ သေချာ​တယ်။အွန်း​ဆင်း ရေပူ​စမ်း​မှာ ယောက်ျား၊ မိန်းမ ရေစိမ်​ဖို့​နေရာ သီးခြား​ခွဲ​ထား​တာ​မို့ ဆရာ​မကို အမျိုးသမီး​ခန်း အပေါက်​ဝ​ထိ ပို့​ပေး​ပြီး ကျနော်​တို့ သုံး​ယောက်​က ကိုယ်​ရေစိမ်​ရ​မယ့် အခန်း​ကို ဝင်​ကြ​တယ်။အထဲ​ရောက်​တော့ ဆရာ​ကြီး​တို့ နှစ်​ယောက် မျက်လုံး​တွေ ပြူး​ပြီး ပါး​စပ်​အဟောင်း​သား ဖြစ်​သွား​တော့​တာ​ပဲ။ အထဲ​မှာ ဂျပန်​တွေ​အားလုံး ကိုယ်​တုံးလုံး ဖြစ်​နေ​တာ​ကိုး။ဆရာ​ကြီး​တို့ အဝတ်​တွေ​ချွတ်​ပြီး ကိုယ့်​လော့​ကာ​ခန်း​လေး​ထဲ​မှာ ထည့်​ဖို့၊ သားရေ​ကြိုးကွင်း​လေး​နဲ့ လော့​ကာ​သော့​ကို လက်ကောက်ဝတ်​မှာ စွပ်​ထား​ဖို့ ပြော​ပေ​မယ့် နှစ်​ယောက်​စလုံး ကြက်သေသေ​ပြီး မ​လှုပ်​ကြ​ဘူး။
အွန်း​ဆင်း​မှာ အားလုံး မိ​မွေး​တိုင်း ဖ​မွေး​တိုင်း ကိုယ်​လုံး​တီး စိမ်​ရ​မယ်​လို့ ဆရာ​ကြီး​တို့​ကို မ​သွား​ခင်​ကတည်းက ပြော​သား​ပဲ၊ အဲ​ဒီ​တုန်း​က ဆရာ​တို့ ဆရာ​မ​တို့​ပဲ ရ​ပါ​တယ်​ဆို အဲ​လို ကျနော်​မေး​တော့၊ ကိုယ့်​အခန်း​နဲ့​ကိုယ် တ​ယောက်​တည်း သီး​သန့် စိမ်​ရ​မယ် မှတ်​လို့ ပြော​တာ​တဲ့။ ဒီ​လို ခန်းမ​ကြီး​ထဲ လူ​တကာ​ရှေ့​မှာ ပေါ်​တင်​ကြီး စိမ်​ရ​မယ်​လို့ သိ​မှ မ​သိ​တာ​တဲ့။ ကျောင်းသား​တွေ​ရှေ့​မှာ ထန်​နဲ့ မာန်​နဲ့ သင်​တတ်​တဲ့ ဆရာ​ကြီး​တွေ မျက်နှာငယ်​လေး​နဲ့ တုန်လှုပ်​နေ​တော့ ကျနော်​လည်း ရယ်​ချင်​စိတ်​ကို မ​နည်း ထိန်း​ရ​သေး​တယ်။ဒါ​နဲ့ အွန်း​ဆင်း​က ခွင့်​ပြု​ထား​တဲ့ လက်​တ​ဝါး​လောက် မျက်နှာသုတ်ပဝါ​လေး​ကို ရှေ့က ဖွား​ဖက်တော်​ကို အုပ်​ပြီး ဝင်​ဖို့ ကျနော်​လည်း သူ​တို့​ကို အကြံပေး​တယ်။ ဒီ​တော့ နောက်​ကို ဘယ်​လို​လုပ်​မ​လဲ​တဲ့။ နောက်​ကတော့ ဒီ​အတိုင်း​ပဲ​ပေါ့​ဆို​တော့ မ​ဖြစ်​ဖူး မ​ဖြစ်​ဖူး​ဆို​ပြီး ခေါင်း​တွင်တွင် ရမ်း​တော့​တာ​ပဲ။ ရှေ့က​ဖုံး နောက်​ကပေါ်​တဲ့ ပြဿနာ​ကို ရှင်း​မ​ရ​တော့ ကျနော်​တို့​လည်း ပြန်​ထွက်​ရ​တာ​ပေါ့။ အမျိုးသမီး​ခန်း​အပေါက်​ဝ​မှာ ဆရာ​မ​လည်း မျက်စိ​ပျက် မျက်နှာပျက်​နဲ့ စောင့်​နေ​လေ​ရဲ့။ သူ​လည်း အဆင်​မ​ပြေ​ဘူး​ဆို​တာ မ​ပြော​ဘဲ သိ​တယ်။အခု​ပုံ​အတိုင်း​ဆို​ရင် ဒီ​သုံး​ရက်​စလုံး သူ​တို့ ရေချိုး​ရ​ဖွယ် မ​ရှိ​ဘူး။ ဂျပန်​မှာ အင်​မ​တန်ကျော်​ကြား​တဲ့ အွန်း​ဆင်း ရေပူ​စမ်း​ကို လာ​ပြီး​မှ ရေ​ပတ်​တိုက်​ပြီး ပြန်​ရ​ရင် မြန်​မာ့​ရာဇဝင် ရိုင်း​ရော့​မယ်။
ညစာ​ထမင်းစား​ရင်း ကီ​မို​နို​ဝတ် ဂျပန်​အမျိုးသမီး စားပွဲ​ထိုး​ကို ကျနော်​မေး​ကြည့်​တယ်။ အွန်း​ဆင်း​အခန်း​က မနက် ဘယ်​အချိန်​ဖွင့်​သလဲ​ဆို​တော့ ၆ နာရီ​တဲ့။ သူ​ဆက်​ပြော​တဲ့ စကား​ကြောင့် ကျနော် တော်တော် ဝမ်းသာ​သွား​တယ်။ မနက်​စောစော အဲ​ဒီ​အချိန်​ဆို လူ​အရမ်း​နည်း​လို့ စောင့်​တဲ့ ဝန်​ထမ်း​တော့ မ​ရှိ​ဘူး၊ လို​အပ်​တာ​ကို တည်းခို​ခန်း ဧည့်​ကြို​နေရာ​မှာ တောင်း​ယူ​ပါ​တဲ့။ ဒါ​ဆို မနက်​စောစော သွား​ရင် အဆင်​ပြေ​မယ့် သဘော​ပဲ။ကျ​နော့ အကြံ​ကို ဆရာ​ကြီး​တွေ​နဲ့ ဆရာ​မကို ရှင်း​ပြ​တယ်။ နောက်​နေ့ ၆ နာရီ​မှာ မနက်​စာမ​စား​ခင် အွန်း​ဆင်း သွား​စိမ်​ကြ​မယ်။ ဆရာ​ကြီး​နှစ်​ယောက်​က အပြင်​မှာ တ​ယောက်​ကို​တ​ယောက် တ​လှည့်​စီ စောင့်​ပေး၊ ဆရာ​မကို ကျနော် စောင့်​ပေး​မယ်၊ ဘယ်​သူ​မှ မ​ရှိ​တော့ ရှက်​စရာ​မ​လို​ဘူး​ဆို​တဲ့ အစီ​အစဉ်​ကို သူ​တို့​လည်း သဘောကျ​တယ်။အဲ​ဒီ​မနက်​မှာ အစောင့်​လည်း မ​ရှိ ရေချိုး​သူ​လည်း မ​ရှိ​တော့ အဆင်​ပြေ​မယ့် အခြေအနေ​ပါ။ ဆရာ​ကြီး​တို့​ကို အမျိုးသား​ခန်း​မှာ ထားခဲ့​ပြီး ဆရာ​မ​နဲ့ ကျနော်​က အမျိုးသမီး​ခန်း​ဖက်​ကို သွား​ကြ​တယ်။ ဆောင်​သင့်​ရှောင်​သင့်​တာ​တွေ​ကို သေသေချာချာ မှာ​ပြီး ဝင်​ခိုင်း​တော့ သူ​က​လည်း ကျ​နော့​ကို ဘာ​အကြောင်း ဘာ​ကိစ္စ​နဲ့​မှ အခန်း​ထဲ​ကို ဝင်​မ​လာ​ဖို့ အတန်တန်​မှာ​တယ်။ ဪ… ဒါ​ကြောင့်​လည်း ဒီ​ဆရာ​မ အပျိုကြီး ဖြစ်​နေ​တာ​နေ​မှာ။အဲ​လို​နဲ့ ဂျပန်​ရေပူ​စမ်း​ကို အောင်မြင်​စွာ စိမ်​ပြီး​တော့ မနက်​စာ​စား​ရင်း အတွေ့​အကြုံ ဖ​လှယ်​ကြ​တယ်။ ဆရာ​ကြီး​တွေ​က ဆာလ်​ဖာ​နံ့ ရ​တယ်၊ mineral သတ္ထု​ဓာတ်​ကြွယ်​တဲ့ ရေပူ​ပူ​ကို စိမ်​ရ​တော့ အကြော​တွေ တော်တော် လျော့​သွား​တယ် စ​သည်​ဖြင့် ပြော​ကြ​တယ်၊ သူ​များ​တ​စိမ်း ဝင်​လာ​မှာ​စိုး​လို့ စိတ်​တ​ထင့်​ထင့် ကျီးလန့်စာစား ဖြစ်​ရ​တာ​က​လွဲ​ရင် ကျေနပ်​သွား​တဲ့ သဘော​ရှိ​တယ်။ နောက်​နေ့​မနက်​မှာ စိတ်​ကို​လျှော့၊ relax လုပ်​ပြီး အေးအေး​ဆေး​ဆေး ဇိမ်​ခံ​ရင်း အချိန်​ကြာ​ကြာ စိမ်​ကြည့်​ဖို့ ကျနော်​လည်း အကြံပေး​ရ​တာ​ပေါ့။ပြီး​တော့ ကျနော်​က ငြိမ်​နေ​တဲ့ ဆရာ​မ​ဖက်​ကို လှည့်​ပြီး ဆရာ​မက​တော့ ရေပူ​ကန်​ထဲ​ကို မ​စိမ်​ဘဲ ရေပန်း​က​ပဲ ချိုး​လာ​တာ မဟုတ်​လား​လို့ ကောက်​မေး​လိုက်​တော့ သူတော်တော် အထိတ်​တ​လန့် ဖြစ်​သွား​တယ်။ သူ့​ကို ကျနော် လိုက်​ချောင်း​တယ်​လို့​များ မှတ်​သွား​သလား​မ​သိ​ဘူး။ရေပူ​စမ်း စိမ်​ထဲ​ကန်​ထဲ​ကို မ​ဝင်​ခင် ပထမ​ဆုံး ကိုယ်​လက်​သန့်စင်​ရ​တဲ့ ရေပန်း​တွေ ရှိ​တယ်။ ဆရာ​မက အဲ​ဒီ ရေပန်း​နဲ့​ပဲ ချိုး​လာ​ပြီး အွန်း​ဆင်း ရေကန်​ကြီး​ထဲ​ကို ဝင်​မ​စိမ်​ခဲ့​ဘူး​ဆို​တာ ချောင်း​မ​ကြည့်​ဘဲ ကျနော် ဘယ်​လို​သိ​သွား​ပါ​လိမ့်။အိုင်​ဆေး… ဒါ​က​လွယ်⁠လွယ်​လေး​ပါ ဆရာ​မ​ရယ်၊ ကဲ… ဆရာ​ကြီး​တို့ မျက်နှာ​ကို ကြည့်​လိုက်​ရင် ဘာ​ထူးခြား​သလဲ။ ပါး​ပြင်​တွေ​မှာ blushing effect သွေး​ရောင်​လျှမ်း၊ နီမြန်း​နေ​ပြီး ကျန်းမာ​လတ်ဆတ်​တဲ့ အသွင် မြင်​ရ​တယ်။ နဖူးဆံ​စပ်​မှာ ချွေး​ပေါက်​လေး​တွေ စို့​နေ​တယ်။ ဒါ​ဟာ တ​ကိုယ်​လုံး ရေနွေး​ပူပူ​မှာ အချိန်​ကြာ​ကြာ စိမ်​လိုက်​ရင် ဖြစ်​တဲ့ သ​ဘာ​ဝ​ပါ။ သွေး​လည်ပတ်​မှု blood circulation ပို​ကောင်း​လာ​လို့​လည်း အွန်း​ဆင်း​စိမ်​တာ​ဟာ ကျန်းမာ​ရေး အာနိသင်​ရှိ​တယ်​လို့ ဂျပန်​တွေ ယုံကြည်​တာ​ပေါ့။ဒါ​ပေ​မယ့်၊ ဆရာ​မ​ရဲ့ မျက်နှာ​ကတော့ ရေချိုး​လို့ သန့်ရှင်း​စင်ကြယ်​သွား​တာ​ပဲ ရှိ​တယ်။ အိုင်​ဆေး၊ ခု​န​က ကျနော်​ပြော​သ​လို blushing effect မ​တွေ့​ရ​ဘူး။ ဒါ​ကြောင့် ဒီ​ကိစ္စ​ကို အင်း​စိန် စီ​အိုင်​ဒီ​တောင် မ​လို​ဘဲ ရွှေဘို​ဂါတ်​က လာ​တဲ့ ကျနော်​လို ဆား​ပုလင်း​တောင် သိ​နိုင်​ပါ​တယ် ဆရာ​မ​ရယ်​လို့ ရှင်း​ပြ​လိုက်​တယ်။နောက်​နေ့​မှာ​လည်း အဲ​ဒီ​နည်း​နဲ့​ပဲ အွန်း​ဆင်း စစ်ဆင်​ရေး ဆင်​နွှဲ​ကြ​ရ​တာ​ပေါ့။ ဒါ​ပေ​မယ့်၊ ဆရာ​မက​တော့ ရေပူ​ကန်​ထဲ​ကို မ​စိမ်​ရဲ​ဘဲ ရေပန်း​နဲ့​ပဲ ကျေနပ်​ရ​ပါ​တယ်။ သူ့​အဖို့​တော့ ရေပူ​စမ်း​ခန်းမ​ကျယ်​ကြီး​ထဲ​မှာ မိ​မွေး​တိုင်း​ဖ​မွေး​တိုင်း ပေါ်​တင်​ကြီး နေ​ရ​တာ​ကို​ပဲ လွန်​လှ​ပြီ​လို့ ကြောက်​နေ​လေ​ရဲ့။အပြန် ရှင်​ကန်း​ဆင် ကျည်​ဆံ​ရ​ထားပေါ်​မှာ ပျော်​တ​ပြုံး​ပြုံး အတွေ့​အကြုံ ဖ​လှယ်​ရင်း​နဲ့ အဲ​ဒီ​မှာ ညနေ​တိုင်း လူ​တ​ရုံး⁠ရုံး​နဲ့​အတူ တ​နာရီ​လောက် အွန်း​ဆင်း​သွား​စိမ်​တဲ့ ကျ​နော့​ကို ဝိုင်း​မေး​ကြ​တယ်။ ကျနော်​လည်း အဲ​ဒီ​ဂျပန်​တွေ​လို​ပဲ ဗလာ​ကိုယ်​တီး စိမ်​သလား​တဲ့။ ဟုတ်ကဲ့ အရမ်း​ဇိမ်​ရှိ​တယ် ဆို​တဲ့ ကျ​နော့​အဖြေ​ကို ကြား​တော့ ဆရာ​ကြီး​များ အတော်​အံ့ဩ​ပြီး ဆရာ​မက​တော့ ဟယ်​က​နဲ​တောင် အသံ​ထွက်​တယ်။ယောက်ျား မိန်းမ ခွဲ​ခြား​မ​ထား​ဘဲ အတူတူ စိမ်​ရ​တဲ့ ခွန်း​ယော​ကု (混浴) ရေပူ​စမ်း​ဆို​တာ​လည်း ရှိ​တဲ့​အကြောင်း ပြော​ပြ​တော့ “အဲ​ဒီ​မှာ​ဆို​ရင် ကျွန်မ​တော့ ရေ​မ​ချိုး​ရ​ဘဲ ချေး​လက်လေးသစ်​နဲ့ နေ​ရ​လိမ့်​မယ်” လို့ ဆရာ​မက ပြော​ပါ​တယ်​ခင်ဗျာ။ဒီ​ဇာတ်​လမ်း အစ​ပိုင်း​မှာ ကျနော်​ပြော​ခဲ့​တဲ့ ‘သက်သာ​အဆင်​ပြေ အခြေအနေ’ (comfort zone) အကြောင်း ပြန်​ကောက်​ရ​မယ်​ဆို​ရင်၊ ဆရာ​ကြီး​နဲ့ ဆရာ​မ​တို့​ဟာ အဝတ်​အစား အပြည့်​အစုံ​နဲ့ လုံခြုံ​နေ​တဲ့ အခြေအနေ comfort zone က​နေ ဝတ်လစ်စလစ် အခြေအနေ​ကို ကူးပြောင်း​ရ​မှာ မ​ဝံ့​မ​ရဲ​ဘူး။ ဒီ​တော့၊ ဂျပန်​တွေ​လို အွန်း​ဆင်း ရေပူ​စမ်း​ရဲ့ အရသာ​ကို အပြည့်​အဝ ခံစား​ခွင့် မ​ရ​ဘူး။ကျနော်​စီစဉ်​ပေး​သ​လို မနက်​စောစော လူ​မ​ရှိ​တဲ့​အချိန်​မှာ သွား​စိမ်​ပြန်​တော့​လည်း ဆရာ​ကြီး​တို့ နှစ်​ယောက်​ပဲ အွန်း​ဆင်း​အရသာ အနည်း​အပါး မြည်း​ကြည့်​နိုင်​ပြီး comfort zone ထဲ​က မ​ထွက်​ရဲ​တဲ့ ဆရာ​မက​တော့ ဂျပန်​မှာ နာ​မည်ကျော်​တဲ့ အွန်​ဆင်း​ဆို​တာ​ကို မြင်​ဖူး​ရုံ​နဲ့​ပဲ ကျေနပ်​ခဲ့​ရ​တယ်။နိုင်ငံ​ခြား​တိုင်း​ပြည်​တ​ခု​ကို ရောက်​သွား​သူ​တွေ​ဟာ ဒီ​နိုင်ငံ​ကို ကြိုက်​တယ်၊ မ​ကြိုက်​ဖူး​ဆို​တာ​လည်း ဒီ​သဘော​ပါ။ကိုယ်​သက်သာ​အဆင်​ပြေ​သ​လို မှိန်း​မ​နေ​ဘဲ၊ ရောက်​တဲ့​နိုင်ငံ​ရဲ့ ဓလေ့​စရိုက်​အတိုင်း လိုက်လျော​ညီ​ထွေ နေ​နိုင်​အောင် ကြိုးစား​ရင် တ​ဖြည်း​ဖြည်း နေ​သား​ကျ​ပြီး ပျော်​လာ​လိမ့်​မယ်။ ပထမ​ပိုင်း​တော့ အခက်​အခဲ​ရှိ​မှာ မှန်​ပေ​မယ့် စိတ်​ကို အား​တင်း​ပြီး ဖြစ်​အောင် လုပ်​ရင် အဆင်​ပြေ​သွား​မှာ​ပေါ့။ ကြုံ​လာ​မယ့် ဒုက္ခ​အခက်​အခဲ​တွေ​ကို ကြောက်လန့်​ပြီး ကိုယ့် comfort zone ထဲ​က မ​ထွက်​ရင် ဘယ်​သော​အခါ​မှ အသား​ကျ အဆင်​ပြေ​လာ​မှာ မဟုတ်​ပါ​ဘူး။ဒီ​တော့ ဥပမာ​အနေ​နဲ့၊ အွန်း​ဆင်း​ဆို​တာ နိုင်ငံ​တ​ခု​လို့ သဘောထား​ကြည့်ပါ။ အွန်း​ဆင်း​ကြိုက်​သလား​ဆို​တဲ့ မေးခွန်း​ကို ဆရာ​မကို မေး​ကြည့်​ရင် “မ​ကြိုက်​ဖူး၊ အဆင်​မ​ပြေ​ဘူး၊ ရှက်​စရာ​ကြီး” လို့ ဖြေ​မယ်။ဆရာ​ကြီး​နှစ်​ယောက်​ကို မေး​မယ်​ဆို​ရင် “မ​ဆိုး​ပါ​ဘူး၊ ကျီးလန့်စာစား​မို့ ဇိမ်​တော့ မ​ရှိ​ဘူး” ဆို​တဲ့ အဖြေ​ရ​မယ်။ ဒါ​ပေ​မယ့်၊ သူ​တို့​ဟာ တ​ယောက်​ကို တ​ယောက် အပြန်​အလှန် စောင့်​ပေး​ရ​လို့ အားကိုး​ရ​မယ့် တ​ယောက်​ယောက် မ​ရှိ​ရင် မ​ဖြစ်​ဖူး။ကျ​နော့်​ကို လာ​မေး​ရင်​တော့ “သိပ်​ကြိုက်၊ အရမ်း​ကြိုက်၊ နောက်​တ​ခေါက် ပြန်သွား​လိုက်​ချင်​သေး” လို့ ဖြေ​မှာ​ပဲ။တချို့​ဆို​ရင် ဂျပန်​မှာ ​၄-၅ နှစ် နေ​သွား​ပေ​မယ့် က​မ​႓ာ​ကျော် ဆူ​ရှီး၊ ဆာ​ရှိ​မိ​တွေ​ကို လုံး​ဝ မ​တို့​မ​ထိ​သူ​တွေ အများ​ကြီး​ပါ။ သူ​တို့​ကို မေး​ကြည့်​ရင်၊ ဂျပန်​အစားအသောက်​ဆို​တာ ဘာ​မှ စား​လို့​မ​ကောင်း​ဘူး၊ သား​စိမ်း​ငါးစိမ်း​တွေ​နဲ့ ရွံ​စရာ​ကြီး​လို့​ပဲ ဖြေ​ကြ​မယ်။ဆူ​ရှီး၊ ဆာ​ရှိ​မိ အရသာ​ကို လျှာလည်​သွား​သူ​တွေ​ကတော့ တခြား​နိုင်ငံ​တွေ​မှာ ဈေး​ကြီး​ပေး စား​ရ​တာ​တောင် ဂျပန်​က အရသာ​စစ်စစ်​ကို ပြန်​ပြီး တမ်း​တ​မိ​သေး​တယ်။ကျ​နော်​တို့​ရဲ့ ​အွ​န်း​ဆင်း​ခရီး​က အတိုင်း​အတာ​တ​ခု​ထိ စိတ်​ကျေနပ်​စရာ ဖြစ်​ခဲ့​ပါ​တယ်။ ဆရာ​ကြီး​တို့​နဲ့ ဆရာ​မကို ဂျပန်​တွေ အသည်း​စွဲ​တဲ့ ​အွ​န်း​ဆင်း​ဆို​တာ မျက်​ဝါး​ထင်​ထင် ပြ​နိုင်​ခဲ့​တယ်။ မန္တလေး​က ဆရာ​ကြီး​က သူ့​စိတ်​ထဲ မ​ရှင်း​တာ​ကို ရထား​ပေါ်​မှာ ဖွင့်​မေး​တယ်​ခင်​ဗျ။အွ​န်း​ဆင်း​မှာ ကျ​နော်​တို့ အမျိုးသား​များ​အခန်း​ပဲ ဗလာ​ကိုယ်​တီး နေ​ကြ​ပြီး အမျိုးသမီး​များ​တော့ ဒီ​လို ပေါ်​တင်​ကြီး​နေ​ပါ့​မ​လား​လို့ သူ​က​သိ​ချင်​တယ်။ ကိုယ်​တွေ့​ကြုံ​ခဲ့​တဲ့ ဆရာ​မက နှုတ်ခမ်း​တ​လန် ပန်း​တ​လန် ဝင်​ဖြေ​ပါ​လေ​ရော။
“အောင်​မ​လေး ဆရာ​ရယ်၊ ကျွန်မ အခန်း​ထဲ​ဝင်​သွား​တော့ အ​ထဲ​မှာ အားလုံး ဗလာ​ဟင်းလင်း ရေသူ​မ​တွေ ကျနေ​တာ​ပဲ” တဲ့။