နိုင်ငံ​ရေး ရန်​ပုံငွေ​များ​ကို ကိုယ်​ရေး​ကိုယ်​တာ​အတွက် အလွဲ​သုံး​စား အသုံးပြု​ကြောင်း စွပ်စွဲ​ခံ​ရ​သည့်​နောက် ဂျပန် အစိုးရ​အဖွဲ့​မှ ဝန်ကြီး​တစ်​ဦး ရာထူး​မှ နုတ်​ထွက်​သွား​ကြောင်း သိ​ရ​သည်။

ဂျပန်​၏ ကုန်သွယ်​ရေး​နှင့် စက်​မှု​ဝန်ကြီး ယူ​ကို အို​ဘူ​ချီ​သည် သူမ​၏ နုတ်​ထွက်​စာ​ကို ဝန်ကြီး​ချုပ် ရှင်​ဇို​အာ​ဘေး​ထံ တရားဝင် တင်​သွင်းခဲ့​သည်။ သူမ​သည် ရန်​ပုံငွေ​နှင့် အခြား​သော အလှူ​ငွေ​များ​ကို နိုင်ငံ​ရေး​နှင့် မ​ပတ်သက်​သည့် အခြား​သော ကိုယ်​ရေး​ကိုယ်​တာ ကိစ္စ​များ​တွင် သုံးစွဲ​ခဲ့​ကြောင်း စွပ်စွဲ​ခံ​ခဲ့​ရ​သည်။

အို​ဘူ​ချီ​သည် သူမ​ကို နိုင်ငံ​ရေး​အရ ထောက်ခံ​သည့် အဖွဲ့​အစည်း​များ​နှင့် အခြား​သော အလှူရှင်​များ​ထံ​မှ ရ​ရှိ​လာ​သည့် ငွေ​များ​ကို မိတ်​ကပ်​များ၊ နိုင်ငံ​ရေး​နှင့် မ​ပတ်သက်​သည့် ပုဂ္ဂိုလ်​ရေး အသုံးအဆောင်​များ ဝယ်​ယူ​ရာ​တွင် အသုံး​ချခဲ့​ကြောင်း အတိုက်​အခံ​များ​က ဆို​သည်။

သူမ​သည် ဝန်ကြီး​ချုပ်​နှင့် မိ​နစ်(၃​၀)မျှ ဆွေးနွေး​ပြီး​နောက် နုတ်​ထွက်​စာ တင်​ခဲ့​ခြင်း ဖြစ်​သည်။ လေ့​လာ​သူ​များ​က နိုင်ငံ​ရေး​အရ အရေး​ပါသော ရာထူး​များ​တွင် အမျိုးသမီး​များ​ကို ပိုမို​နေရာ​ပေး​လို​သည့် အာ​ဘေး​အတွက် ယခု​ဖြစ်​ရပ်​မှာ ထိုး​နှက်​ချက်​တစ်​ခု​သဖွယ် သက်ရောက်​လာ​နိုင်​ကြောင်း သုံးသပ်​ခဲ့​ကြ​သည်။

အသက်(၄​၀) အရွယ်​ရှိ အို​ဘူ​ချီ​သည် အာ​ဘေး​၏ ပြန်လည်​မွမ်းမံ ဖွဲ့​စည်း​ထား​သည့် အစိုးရ​အဖွဲ့​မှ အမျိုးသမီး ဝန်ကြီး(၅)ဦး အနက်​တွင် (၁)ဦး​အပါအဝင် ဖြစ်​သည်။ အတိုက်​အခံ​များ​က အို​ဘူ​ချီ​နှင့် သူမ​၏ နောက်​လိုက် ဝန်​ထမ်း​များ​သည် တို​ကျို​မြို့​ထဲ​တွင် နိုင်ငံ​ရေး ခရီး​စဉ်​အချို့ လှည့်လည်​သွား​လာ​ရင်း ရန်​ပုံငွေ​များ​ကို အလွဲ​သုံး​စား ပြုလုပ်​ကာ မိတ်​ကပ်​နှင့် ဖက်​ရှင် အဝတ်​အထည်​များ​ကို ဒေါ်လာ ထောင်​နှင့် သောင်း​နှင့်​ချီ အသုံးပြု ဝယ်​ယူခဲ့​ကြောင်း စွပ်စွဲ​ခဲ့​သည်။

အာ​ဘေး​သည် ဂျပန်​ဝန်ကြီး​ချုပ် ရာထူး​ကို (၂​၀⁠၀​၆)မှ (၂​၀⁠၀​၇)ခု​နှစ်​အတွင်း တစ်​ကြိမ်​တာဝန်​ယူ​ဖူး​ပြီး ထို​စဉ်​က​လည်း ၎င်း​၏ ဝန်ကြီး​များ​ကြောင့် နိုင်ငံ​ရေး သိက္ခာ​ကျ​မှု​များ ကြုံ​ခဲ့​ရသ​လို ကိုယ်တိုင်​လည်း ကျန်းမာ​ရေး အကြောင်းပြ​ပြီး ဝန်ကြီး​ချုပ် ရာထူး​မှ နုတ်​ထွက်​ခဲ့​ရ​သည်။

Credit to 7Day Daily