တစ်​ခါ​တုန်း​က ရမ္မ​ပြည်​မှာ သဗ္ဗ​ဒတ္တ​မင်း​ဆို​တာ ရှိ​ပါ​တယ်။ သဗ္ဗ​ဒတ္တ​မင်း​ရဲ့​သားတော်​ကြီး​က ယု​ဓဥ္စ​ယ ပါ​တဲ့။

တစ်​နေ့​တော့ ဆောင်းရာသီ​နံနက်ခင်း​တစ်​ခု​မှာ ယု​ဓဥ္စ​ယမင်း​သား​ဟာ ရထား​စီး​ပြီး ဥယျာဉ်​ကစား​ဖို့ ထွက်​ခဲ့ ပါ​တယ်။ တစ်​နေရာ​ရောက်​တော့ သစ်ပင်​ဖျား မြက်​ဖျား သစ်ခက်​ဖျား​လေး​တွေ​မှာ​ကပ်​ပြီး တွဲ​ခို​နေ​တဲ့ ဆီးနှင်း​ပေါက်​ကလေး​တွေ​ကို မြင်​တွေ့​ရ​ပါ​တယ်။ တစ်​ခါ​မှ ဆီးနှင်း​ပေါက်​ကို မ​မြင်​ဖူး​တဲ့ မင်းသား​က ရထားထိန်း​ကို ‘ဒါ​လေး​တွေ​က ဘာ​လေး​တွေ​လဲ’ လို့​မေး​ပါ​တယ်။ ဒီ​တော့ ရထားထိန်း​က ဆီးနှင်း​ပေါက်​ကလေး​တွေ​လို့ ပြော​ပြ​ပါ​တယ်။

ဒီ​လို​နဲ့ ဥယျာဉ်​မှာ တစ်​နေ့​လုံး ကစား​ရင်း ညနေချမ်း​ပြန်လာ​တဲ့​အခါ အလာ​တုန်း​က ဆီးနှင်း​ပေါက်​ကလေး​တွေ တွေ့​ခဲ့​ရ​တဲ့ နေရာ​ရောက်​တော့ အမှတ်တရ​ရှိ​တာ​နဲ့ ‘မနက်​က တွေ့​ခဲ့​တဲ့ ဆီးနှင်း​ပေါက်​လေး​တွေ​ကော’လို့ မေး​ပြန်​ပါ​တယ်။

ဒီ​တော့ ရထားထိန်း​က ‘အရှင်​မင်းသား..နေထွက်​လာ​ရင် ဆီးနှင်း​ပေါက်​လေး​တွေ​ဟာ ပျက်စီး​ပြီး မြေ​ကို ကျ​သွား​ရ​ပါ​တယ်’ လို့ ပြန်​ဖြေ​ပြ​ပါ​တယ်။

ရထားထိန်း​ရဲ့ စကား​ကြားလိုက်​ရ​တော့ ယု​ဓဥ္စ​ယမင်း​သား​ဟာ တော်တော်​ထိတ်​လန်ု့​တုန်လှုပ်​သွား​ပါ​တယ်။ ပြီး​တော့ တ​ဆက်​တည်း​ပဲ ‘သတ္တဝါ​တွေ​ရဲ့​အသက်​ဟာ​လည်း မြက်​ဖျား​က ဆီးနှင်း​ပေါက်​တွေ​လို​ပဲ၊ ငါဟာ အို နာ သေ မ​ရောက်​ခင် တောထွက်​မှ​ပဲ’ လို့ ဆင်ခြင်​ရင်း သံဝေဂ​ဉာဏ် ဖြစ်​သွား​ပါ​တယ်။

ပြီး​တော့ မိဘ​တွေ​ကို​ပန်ကြား​ပြီး တောထွက်​သွား​ပါ​တော့​တယ်။

(ငါး​ရာ့​ငါး​ဆယ်၊ ယု​ဓဥ္စ​ယ​ဇတ်)

အလောင်းတော်​မြတ်​တွေ​ဟာ သက်ရှိသက်မဲ့​တွေ​ရဲ့ မ​မြဲ​တဲ့​သဘော​တရား​တွေ​ကို ကိုယ့်​ခန္ဓာ​ကိုယ်​နဲ့ ယှဉ်​ပြီး သံဝေဂ​ဉာဏ် ဖြစ်​လေ့​ရှိ​ပါ​တယ်။

တကယ်​တော့ ဘဝ​ဆို​တာ ဆောင်း​မနက်​ခင်း​က မြက်​ဖျား​နှင်း​လေး​တွေ​လို​ပါ​ပဲ။ နေရောင်​လာ​ရင် ပျောက်​ကြ​ရ​မှာ​ပါ။ မ​တည်​မြဲ​တဲ့ တ​ကယ့်​ခဏ​လေး​ရယ်​ပါ။