အမေ​ရိ​ကန် သမ္မတ အို​ဘား​မား မြန်မာ​နိုင်ငံ လာ​ရောက်​ရန် နီး​ကပ်​လာ​ချိန်​တွင် နေပြည်တော်​၌ သမ္မတ​ဦး​သိန်း​စိန်၊ ကာ​ချုပ် ဗိုလ်​ချုပ်​မှူး​ကြီး မင်း​အောင်လှိုင်၊ လွှတ်တော်​နာ​ယ​က သူ​ရ ဦး​ရွှေ​မန်း၊ ဒေါ်​အောင်​ဆန်း​စု​ကြည် အပါအဝင် နိုင်ငံ​ရေး ခေါင်း ဆောင်​များ ပါဝင်​သော နိုင်ငံ​ရေး​ထိပ်​သီး​တွေ့​ဆုံ​ပွဲ အောက်တိုဘာ​လ ၃​၁ ရက်​နေ့​တွင် ကျင်းပ​ပြုလုပ်​မည် ဖြစ်​ကြောင်း သိရှိ​ရ​သည်။

နိုင်ငံ​ရေး​ထိပ်​သီး​များ​တွေ့​ဆုံ​ပွဲဲ​သို့ သမ္မတ ဦး​သိန်း​စိန်၊ ဗိုလ်​ချုပ်​မှူး​ကြီး မင်း​အောင်လှိုင် ၊ ဦး​ရွှေ​မန်း၊ ဒေါ်​အောင်​ဆန်း စု​ကြည် တို့​အပြင် ပြည်ထောင်​စု ရွေး​ကောက်​ပွဲ ကော်​မရှင် ဥက္ကဋ္ဌ ဦးတင်​အေး၊ အာဏာ​ရ ပြည်ထောင်​စု ကြံ့ခိုင်​ရေး​နှင့် ဖွံ့ဖြိုး​ရေး ပါ​တီ ဒု​ဥက္ကဋ္ဌ ဦး​ဌေး​ဦး ၊ တိုင်း​ရင်း​သား စည်း​လုံး​ညီ​ညွှတ်​ရေး ပါ​တီ ဥက္ကဋ္ဌ ဦး​သန်း​တင် ၊ ညီ​ညွှတ်​သော တိုင်း​ရင်း သား​များ မဟာမိတ်​အဖွဲ့ (UNA) ခေါင်းဆောင်​လည်း​ဖြစ်၊ ရှမ်း​အမျိုးသား​ဒီ​မို​က​ရေ​စီ​အဖွဲ့​ချုပ်​ဥက္ကဋ္ဌ​လည်း​ဖြစ်​သူ ဦး​ခွန် ထွန်း​ဦး ၊ ဖက်​ဒရယ် ဒီ​မို​က​ရေ​စီ မဟာမိတ်​အဖွဲ့(FDA) ခေါင်းဆောင် ဦး​ခင်​မောင်​ဆွေ ၊ တိုင်း​ရင်း​သား ညီနောင်​များ ဖက်​ဒ ရေး​ရှင်း(NBF) အဖွဲ့ ခေါင်း ဆောင် လည်း​ဖြစ်၊ ရှမ်း​တိုင်း​ရင်း​သား​များ ဒီ​မို​က​ရက်​တစ်​ပါ​တီ​ဥက္ကဋ္ဌ​လည်း​ဖြစ်​သူ ဦး​စိုင်း​အိုက် ပေါင်း စုစုပေါင်း ၁​၀ ဦး​ပါဝင် မည်​ဖြစ်​ကြောင်း သိရှိ​ရ​သည်။

နိုင်ငံ​ရေး တွေ့​ဆုံ​ပွဲ မ​တိုင်​မီ အစိုးရ​က တရားဝင် သ​တင်း​ထုတ်​ပြန်​မည်​မဟုတ်​ဘဲ တွေ့​ဆုံ​ပွဲ တက်​ရောက်​မည့် နိုင်ငံ​ရေး ခေါင်းဆောင်​များ​ကို​လည်း သ​တင်း​မ​ထုတ်​ပြန်​ရန် ပြောဆို​ထား​ကြောင်း၊ တွေ့​ဆုံ​ပွဲ​၏ ခေါင်းစဉ် ကို နိုင်ငံ​ရေး​ခေါင်းဆောင် များ ကိုယ်တိုင် သိရှိ​ခြင်း​မ​ရှိ​ကြောင်း၊ တွေ့​ဆုံ​ပွဲ​အတွက် ဖိတ်ကြား​မှု​များ လက်ခံ​ရ​ရှိ​ထား​ပြီး​ဖြစ်​ကြောင်း စုံစမ်း​သိရှိ​ရ​သည်။

“အခု​ဖိတ်​တဲ့ အထဲ​မှာ ဦး​စိုင်း​အိုက်​ပေါင်း​ဆို​ရင် NBF ကို ကိုယ်စား​ပြု​တယ် ။ ဦး​ခင်​မောင်​ဆွေ ဆို​ရင် FDA ကို ကိုယ်စား ပြု​တယ်။ ဦး​ခွန်​ထွန်း​ဦး​ဆို​ရင် UNA ကို ကိုယ်စား​ပြု​လိမ့်​မယ်။ NLD ၊ ပြည်​ခိုင်​ဖြိုး​နဲ့ တ​စ​ည​ကို​ပဲ ပါ​တီ အနေ​နဲ့ ဖိတ်​ထား တယ်”ဟု ရှမ်း​တိုင်း​ရင်း​သား​များ ဒီ​မို​က​ရက်​တစ်​ပါ​တီ​၏ ပြော​ရေး​ဆို​ခွင့်​ရှိ​သူ ဦး​စော​သန်း​မြင့်​က ပြောဆို​သည်။

မြန်မာ​နိုင်ငံ​တွင် လတ်​တ​လော ဖြစ်ပေါ်​နေ​သော ဖွဲ့​စည်း​ပုံ​အခြေ​ခံ ဥပဒေ ပြင်ဆင်​ရေး အကျပ်အတည်း၊ ရှေ့​ဆက် မ​တိုး နိုင်​တော့​သည့် ငြိမ်း​ချမ်း​ရေး ဆွေးနွေး​ပွဲ ၊ န်ိုင်​ငံ​ရေး အကျပ်အတည်း​နှင့် ပြုပြင် ပြောင်းလဲ​ရေး လုပ်​ငန်း​စဉ်​များ​အတွက် အဆို​ပါ တွေ့​ဆုံ​ပွဲ​သည် အရေးကြီး​ပြီး နိုင်ငံ​အတွက် အပြောင်း​အလဲ​ဖြစ်​ရန် လို​အပ်​ကြောင်း မြန်မာ​နိုင်ငံ​ရေး​စောင့်​ကြည့် လေ့​လာ​သူ​များ​က သုံးသပ်​သည်။

မြန်မာ​နိုင်ငံ​ရေး​လေ့​လာ​သုံးသပ်​သူ ဒေါက်​တာ ရန်​မျိုး​သိမ်း​က “ဒီ​တွေ့​ဆုံ ဆွေးနွေး​ပွဲ​က​နေ မြန်​မာ့​နိုင်ငံ​ရေး လမ်းပြ​မြေပုံ အသစ်​တ​ခု ပထမ​ဆုံး စ​ပြီး​လှမ်း​တဲ့ ခြေလှမ်း​တ​ခု ဖြစ်​ဖို့ လို​တယ်။ ရေ​ရှည် အမြင်​နဲ့ အမျိုးသား ပြန်လည်​သင့်မြတ်​ရေး ၊ ပြည်​တွင်း ငြိမ်း​ချမ်း​ရေး ၊ ဒီ​မို​က​ရေ​စီ ပြုပြင်​ပြောင်းလဲ​ရေး​ကို လက်တွေ့​ကျ​ကျ ဦးတည်​နိုင်​တဲ့ အခြေ​ခံ​ကောင်း​တွေ​ကို ချ​မှတ် နိုင်​တဲ့ နိုင်ငံ​ရေး ဆွေးနွေး​ပွဲ​မျိုး ဖြစ်​ဖို့ လို​တယ်။ ဒါ​ပေ​မယ့် အမေ​ရိ​ကန် သမ္မတ အို​ဘာ​မား မ​လာ​ခင်​မှာ နိုင်ငံ​ရေး အရ မျက်လှည့်ပြ​တဲ့ တွေ့​ဆုံ​မှု​မျိုး မ​ဖြစ်​ဖို့ လို​တယ်။ တိုင်း​ရင်း​သား မြန်မာ​ပြည်​သူ လူထု​အများ​စု က​လည်း ဒီ​တွေ့​ဆုံ​မှု​နဲ့ ဒီ​တွေ့​ဆုံ​မှု နောက်​ပိုင်း​မှာ ဖြစ်လာ​မယ့် အခြေအနေ​တွေ အပေါ်​မှာ မျှော်လင့်​ချက် ကြီး​ကြီး ထား​ပြီး​တော့ စောင့်​ကြည့် နေ​ကြ​တယ်” ဟု သုံးသပ်​ပြောဆို​သည်။

ဧရာဝတီ​မဂ္ဂဇင်း အယ်​ဒီ​တာ​ချုပ် ဦး​အောင်ဇော်​က မြန်မာ​အစိုးရ အဆက်ဆက်​သည် ပြည်​တွင်း၊ ပြည်​ပ နိုင်ငံ​ရေး အကျပ် အတည်း​များ​ရှိ​တိုင်း ဖိ​အား​များ​လျော့ကျ​ရေး လက်တွေ့​မ​ပါသော ဟန်​ပြ တွေ့​ဆုံ​ဆွေးနွေး​မှု​များ အကြိမ် ကြိမ်​ပြုလုပ် ခဲ့ ကြောင်း၊ လက်​ရှိ သမ္မတ​ဦး​သိန်း​စိန်​အစိုးရ လက်ထက် နိုင်ငံ​ရေး၊ စီးပွား​ရေး​နှင့်​လူ​မှု​ရေး အကျပ် အတည်း တွေ့​ကြုံ နေ​ရ ချိန် နေပြည်တော် နိုင်ငံ​ရေး​ထိပ်​သီး​တွေ့​ဆုံ​ပွဲ ပေါ်​ထွန်း​လာ​ခြင်း​အတွက် သံသယ​ဖြင့် စောင့်​ကြည့် ရ​မည် ဖြစ်​ကြောင်း ပြော​သည်။

“၁​၉⁠၉​၄ ခု​နှစ်​ကတည်းက အာဏာ​ရှင်​တွေ​နဲ့ ဒေါ်​အောင်​ဆန်း​စု​ကြည်​နဲ့ တ​ချိန်​လုံး တွေ့​ခဲ့​ကြ​တာ။ တွေ့​တဲ့ အခါ​တိုင်း မှာ လည်း နိုင်ငံ​တကာ​ရဲ့ Pressure တွေ ၊ ပြည်​တွင်း​မှာ ရှိ​တဲ့ Pressure တွေ ရှိ​တဲ့ အခါ​တိုင်း တွေ့​လေ့​ရှိ​တယ်။ ပြီး​တော့ ဘာ​မှ ဖြစ်လာ​ခဲ့​တာ မ​ရှိ​ဘူး။ ဦး​သိန်း​စိန်​နဲ့ ဒေါ်​အောင်​ဆန်း​စု​ကြည်​လည်း ဒီ​ဘက်​ခေတ်​မှာ တွေ့​ခဲ့​တာ​ပဲ။ ဘာ​မှ ဖြစ်လာ တာ မဟုတ်​ဘူး။ အခု​လည်း အစိုးရ​က အကျပ်အတည်း ဖြစ်​နေ​တဲ့ ကာလ စီးပွား​ရေး​အရ​ရော ၊ လူ​မှု​ရေး အရ​ရော အကျပ် အတည်း​တွေ ဖြစ်​နေ​တဲ့ ကာလ​မို​လို့ ဒီ​တွေ့​ဆုံ​မှု​ဟာ မျက်လှည့်ပြ​ကွက်​တ​ခု​က လွဲ​လို့ ဘာ​မှ မ​ထူး​ဘူး။ နောက်​တ​ချက်​က အို​ဘာ​မား ခရီး​စဉ်​ကြောင့် မျက်​လှည့် ပြ​ကွက်​တ​ခု ဆို​ရင်​တော့ မ​ကောင်း​ဘူး။ တကယ် တမ်း​က Legal Binding (သို့မဟုတ်) ပဋိညာဉ် လို​တယ်။ ပဋိညာဉ် မ​ရှိ​လို့​ကတော့ လက်ဖက်ရည်​ပွဲ သာသာ​နဲ့​ပဲ ပြီး​သွား​မှာ။ ပဋိညာဉ် စာချုပ် မ​ရှိ​လို့ မ​ရ ဘူး။ ပဋိညာဉ် စာချုပ် မ​ရှိ​ဘဲ လက်ဖက်ရည်​ဝိုင်း​သာသာ တွေ့​လို့​ကတော့ တိုင်း​ပြည်​အတွက် ဘာ​မှ ဖြစ်လာ​မှာ မဟုတ် ဘူး” ဟု ၎င်း​က ဆို​သည်။

မြန်​မာ့​နိုင်ငံ​ရေး အကျပ်အတည်း​ကြုံ​နေ​ရ​ချိန် အမေ​ရိ​ကန်​အစိုးရ​အနေ​ဖြင့် ကျ​ရှုံး​လျက်​ရှိ​နေ​သော နိုင်ငံ​ခြား​ရေး​မူ​ဝါဒ​ကို အဖတ် ဆယ်​သည့်​အနေ​ဖြင့် မြန်မာ​နိုင်ငံ​အပေါ်​ထား​ရှိ​သည့် အမေ​ရိ​ကန်​အစိုး​ရပေါ်​လ​စီ​ကို အောင်မြင်​မှု​တ​ခု​ပြသ​ရန် ကြိုး ပမ်း​မည် ဆို​ပါ​က သမ္မတ​ဦး​သိန်း​စိန်​အစိုးရ​သာ​လျှင် အကျိုး​ရှိ​မည်​ဖြစ်​ပြီး မြန်မာ​ပြည်​သူ​များ​နှင့် ဒီ​မို​က​ရက်​တစ် အင်အား စု​များ အတွက် တ​စုံ​တ​ရာ အကျိုး​ရှိ​မည်​မဟုတ်​ဟု ဦး​အောင်ဇော်​က ဆက်လက်​ပြောဆို​သည်။

မြန်​မာ့​အရေး လေ့​လာ​သူ ဘာ​တေးလ်​လင့်​တ​နာ​က​မူ အမေ​ရိ​ကန်​သမ္မတ​အို​ဘား​မား မြန်မာ​နိုင်ငံ​မ​လာ​မီ ကျင်းပ​မည့် နေပြည်တော် နိုင်ငံ​ရေး​ထိပ်​သီး​တွေ့​ဆုံ​ပွဲ​သည် လက်​ရှိ နိုင်ငံ​တွင်း တွေ့​ကြုံ​နေ​ရ​သည့် နိုင်ငံ​ရေး​အကျပ်အတည်း​ကို ပြေလည်​မည်​ဟု မ​ယုံကြည်​ကြောင်း ပြောဆို​သည်။

“နေပြည်တော်​ထိပ်​သီး​တွေ့​ဆုံ​ပွဲ​မှာ ဘာ​တွေ ပြော​ကြ​မ​လဲဆို​တာ ကျနော် မ​သိ​ဘူး။ ဒါ​ပေ​မယ့် ကျနော့်​အမြင်​မှာ​တော့ တွေ့​ဆုံ​မှု​က နိုင်ငံ​ရေး အကျပ်အတည်း​ကို ပြေလည်​စေ​ဖို့​ထက် တိုင်း​ရင်း​သား​လက်နက်ကိုင်​တွေ​ကို အပစ်​အခတ် ရပ်​စဲ ရေး​မှာ လက်မှတ်​ရေး​ထိုး​ဖို့ ထပ်​ပြီး ဖိ​အားပေး​နိုင်​တယ်။ မြန်မာ​အစိုးရ​အနေ​နဲ့ အမေ​ရိ​ကန်​သမ္မတ အို​ဘား​မား​ကို အပစ် အခတ် ရပ်​စဲ​ရေး သဘောတူ​ညီ​ချက်​နဲ့ ကြိုဆို​ချင်​တယ်။ မြန်မာ​နိုင်ငံ​မှာ ငြိမ်း​ချမ်း​ရေး ရ​နေ​ပြီ​လို့ မြန်မာ​အစိုးရ​က ပြော​ချင် နေ​တာ။ အပစ်​အခတ်​ရပ်​စဲ​ရေး​ရ​လို့ ငြိမ်း​ချမ်း​သွား​ရင် အမေ​ရိ​ကန်​ကုမ္ပဏီ​တွေ​က မြန်မာ​နိုင်ငံ​ထဲ ဝင်​လာ​ပြီး တရုတ် ကုမ္ပဏီ တွေ​ကို ကန်​ထုတ်ပစ်​နိုင်​တယ်” ဟု ဘာ​တေးလ်​လင့်​တ​နာ​က ရှင်း​ပြ​သည်။

ရှမ်း​အမျိုးသား​ဒီ​မို​က​ရေ​စီ​အဖွဲ့​ချုပ်​မှ ပြော​ရေး​ဆို​ခွင့်​ရှိ​သူ ဦး​စိုင်း​ညွှန့်​လွင်​က​မူ နေပြည်တော်​ထိပ်​သီး​တွေ့​ဆုံ မှု​သည် နိုင်ငံ​ရေး​အကျပ်အတည်း​အတွက် အဖြေ​တ​ခု ထွက်ပေါ်​နိုင်​မည်​ဟု မျှော်လင့်​ကြောင်း ပြောဆို​သည်။

“ကျနော်​ကတော့ အကောင်း​မြင်​တယ်။ တွေ့​ဆုံ​မှု​က နိုင်ငံ​အတွက် အဖြေ​တ​ခု⁠ခု​တော့ ထွက်​လာ​နိုင်​မှာ​ပါ” ဟု ဦး​စိုင်း​ညွှန့်​လွင်​က ပြော​သည်။

ဒေါ်​အောင်​ဆန်း​စု​ကြည်​နှင့်​ရင်းနှီး​သော ပြည်​တွင်း​စီးပွား​ရေး​လုပ်​ငန်း​ရှင်​ကြီး​တ​ဦး​က​မူ နေပြည်တော်​နိုင်ငံ​ရေး​ထိပ်​သီး​များ တွေ့​ဆုံ​ပွဲ​အပေါ် သံသယ​ဖြင့် ကြိုဆို​ကြောင်း၊ သို့​သော တွေ့​ဆုံ​ဆွေးနွေး​မှု​ကို မ​ယုံကြည်​ဟု​ဆို​ကာ ပယ်​ချက်​၍ မ​ရ​နိုင် ကြောင်း သုံးသပ်​ပြောဆို​သည်။

မြန်မာ​နိုင်ငံ​က လာ​မည့် နိုဝင်ဘာ​လ​တွင် အိမ်ရှင်​အဖြစ် လက်ခံ​ကျင်းပ​မည့် အာ​ဆီ​ယံ​ထိပ်​သီး အစည်းအဝေး တက် ရောက်​ရန် အမေ​ရိ​ကန်​သမ္မတ​အို​ဘား​မား နိုဝင်ဘာ​လ​အတွင်း နေပြည်တော်​သို့ လာ​ရောက်​မည်​ဖြစ်​ကြောင်း သိရှိ​ရ​သည်။

Credit to Irrawaddy