ပြင်းထန်​သော န​မိုး​နီး​ယား​ဝေဒနာ​ဖြင့် ဆေး​ရုံ​တွင် ကု​သ​မှု ခံယူ​နေ​ခဲ့​သော အဘိုး​အို​တစ်​ဦး​၏ အခြေအနေ​မှာ ဆရာဝန်​များ အခါ​မ​လပ် စောင့်ရှောက်​နေ​ခဲ့​သည့်​ကြား​မှ ကူး​စက်​ရောဂါ​ပိုး ပိုမို​ပျံ့နှံ့​လာ​သော​ကြောင့် အရေးပေါ်​ကု​သ​ခန်း​တွင် အစိုး​မ​ရ ဖြစ်လာ​ခဲ့​သည်။

“ဘယ်​တော့​လဲ။ နောက်ဆုံး​သစ်​ရွက် ဘယ်​တော့​ကြွေ​မ​လဲ”
ထို​မေးခွန်း​ကို သူ​မေး​ခဲ့​သည်မှာ လွန်​ခဲ့​သည့် ငါး​နှစ်​မ​ပြည့်​တတ်​သေး​သည့် အချိန်​က ဖြစ်​သည်။ စင်​ကာ​ပူ​နိုင်ငံ​ကို ဘဝ​တူ ဖွံ့ဖြိုး​ဆဲ​နိုင်ငံ​များ​က အားကျ​ရ​သည့် တည်​ငြိမ်​မှု၊ ဖွံ့ဖြိုး​မှု​တို့​ထံ ရောက်​ရှိ​သွား​အောင် အားထုတ်​ပေး​ခဲ့​သော ထို​အဘိုး​အို​သည် ၂​၀⁠၀​၉ ခု​နှစ်​ကတည်းက​ပင် အာရုံကြော​များ မ​ကောင်း​တော့​သည့် ရောဂါ​ကို စတင်​ခံစား​နေ​ရ​ပြီ​ဟု သူ့​သမီး အာရုံကြော အထူး​ကု​ဆရာဝန်​ကြီး​က ဆို​သည်။ တစ်​ချိန်​တည်း​တွင် ၂​၀​၁​၀ ၌ ထို​အဘိုး​အို​၏ ဘဝ​တွင် အခက်​ခဲ​ဆုံး အချိန်​တစ်​ခု​က ဆိုက်ရောက်​လာ​ခဲ့​သည်။

သူ့​ဘဝ​တွင် လူ​ကြား​ထဲ​၌ မိန့်ခွန်း​ပြော​ရင်း မျက်ရည်ကျ​သည့် အချိန်​များ ရှိ​ခဲ့​ဖူး​ပါ​သည်။ ၁​၉​၆​၅ ခု​နှစ်​တွင် မလေးရှား​က စင်​ကာ​ပူ​ကို ကန်​ထုတ်​ခဲ့​သည့် ကာလ​များ​သည် နိုင်ငံ​ရေး​ဇာတ်​ခုံပေါ်​က သူ့​ကို​မ​ခံ​ချင်​စိတ်​များ၊ ဒေါသ​များ၊ ကျွန်း​ငယ်​ကလေး​၏ အနာဂတ်​အတွက် ပူပန်​မှု​များ​ဖြင့် ကိုင်​လှုပ်​ခဲ့​သော အချိန်​များ ဖြစ်​သည်။ သို့သော် ယခု​အချိန်​တွင် သူ​ရင်ဆိုင်​ရ​သော စိတ်​ထိခိုက်​ရ​ခြင်း​သည် ထို​အချိန်​က အခက်​အခဲ​ထက် များ​စွာ​ကြီးမား​သည်​ဟု သူ​ကိုယ်တိုင်​က ဆို​သည်။ ယိုယွင်း​မှု​များ​ကြောင့် မနှစ်​က သူ​သည် ဒီ​နှစ်​သူ​နှင့် မ​တူ​နိုင်​တော့​ပေ။ သူ​သည် အိုမင်း​ပြီ။ ၂​၀​၁​၀ တွင် သူ့​အသက်​သည် ၈​၇ နှစ်​သို့ တိုင်​ခဲ့​ပြီ။ ကျန်းမာ​ရေး​ကို များ​စွာ လိုက်စား​သည့်​တိုင်အောင် ဇရာ​ကို သူ​တား​မ​ရ​နိုင်​တော့။ ခန္ဓာ​သည် စိတ်​သွား​တိုင်း ကိုယ်​မ​ပါ​နိုင်​တော့။ ခပ်​ရွဲ⁠ရွဲ​ခြေလှမ်း​များ​ဖြင့် အားယူ​ရ​သူ​တစ်​ပိုင်း ဖြစ်လာ​ခဲ့​ပြီ။ ထို​ခန္ဓာ​၏ ယိုယွင်း​ခြင်း​အဖုံ​ဖုံ​ထက် သူ့​ကို ပို​စိတ်​ထိခိုက်​စေ​သည်မှာ သူ​ချစ်​သော ဇနီး​သည် ခြူး​သည် အိပ်​ရာပေါ်​တင် မျှော်လင့်​ချက်​မဲ့​စွာ ကာလ​ရှည်​ရှည်လျား​လျား လဲလျောင်း​နေ​ရ​ခြင်း ဖြစ်​သည်။ သူ​သည် နောက်ဆုံး သစ်​ရွက်​ကြွေ​ချိန် ဘယ်​တော့​လဲ​ဟူ​သော မေးခွန်း​ကို သူ​တို့ နှစ်​ယောက်​စလုံး​အတွက် ရည်​ရွယ်​ပြီး​မေး​သည် “ဘယ်​သူ​က အရင်​သွား​မ​လဲ၊ ကျွန်တော် မ​သိ​နိုင်​ဘူး”

၆​၁ နှစ်​ကြာ မိတ်​ရင်း​ဆွေ​ရင်း​သဖွယ် ပေါင်း​ခဲ့​သော သူ့​မယား​သည် ယခု​အခါ အကြိမ်​များ​စွာ လေ​ဖြတ်​ခဲ့​ခြင်း​ကြောင့် လူ​မှန်း​မ​သိ​တ​သိ အခြေအနေ ရောက်​ခဲ့​သည်မှာ ၂​၀⁠၀​၈ ခု​နှစ်​ကတည်းက​ပင် ဖြစ်​သည်။ ၂ နှစ်​တာ​လုံး​လုံး ဆေး​နှင့် စက်​ပစ္စည်း​များ​၏ အကူအညီ​ဖြင့် နေ​ရ​သည့်​တိုင်အောင် စကားပြန်​ပြော​နိုင်​သည့် အခြေအနေ​တွင် မ​ရှိ​တော့။ ဇနီး​သည်​သည် သူ​တီ​ဗီ​ဖန်​သား​ပြင်ပေါ်​တွင် မိန့်ခွန်း​မ​ပြော​မီ သူ့​အင်္ကျီ​များ သေ​သပ်​နေ​စေ​ရန် ပြုပြင်​ပေး​ခဲ့​ဖူး​သည်။ ရှင့်​ခေါင်း​ဖီး​လိုက်​ပါ​ဦး၊ ဆံပင်​တွေ သပ်​လိုက်​ပါ​ဦး​ဟု ချစ်​စနိုး​ပြော​ခဲ့​ဖူး​သည်။ အသက်ကြီး​သည့်​တိုင်ပင် ဖြစ်​သည်။ နိုင်ငံ​၏ ဦးသျှောင်​ဖြစ်​သော သူ့​ကို အဲ​သ​လို ပိုင်စိုးပိုင်နင်း ယုယ​ခဲ့​သော သူ့​မယား​သည် ယခု​အခါ သူခေါ်​၍​မျှ မ​ထူး​နိုင်​တော့​ပြီ။

“ကျုပ်​ကိုယ်​ကျုပ် အနား​မ​ပေး​ဘူး၊ နား​လိုက်​တာ​နဲ့ အရင်​က အဖြစ်အပျက်​တွေ​က ခေါင်း​ထဲ​ရောက်လာ​တယ်။ ကျုပ်​နဲ့​သူ​နဲ့ ပျော်​ခဲ့​ကြည်နူး​ခဲ့​ကြ​တဲ့ နေ့​ရက်​တွေ​ကို ပြန်​အောက်မေ့​ပြီး မ​ဖြေ​နိုင်​အောင် ဖြစ်​ရ​တယ်။ စိတ်​သွား​တိုင်း ကိုယ်​ပါ​နိုင်​ခဲ့​တဲ့ အရွယ်​တုန်း​က အကြောင်း​တွေ​ပေါ့​ဗျာ”

စည်းကမ်း​တင်း​ကျပ်​သည့် ကျောင်းဆရာ​ကြီး​နှင့်​တူ​သော၊ စိတ်​ခံစား​မှု​ကို လွယ်⁠လွယ်​ထုတ်​မ​ပြ​တတ်​သော အဘိုး​အို​လီ​သည် ယခု​အချိန်​တွင်​မူ မိမိ​ကိုးကွယ်​ယုံကြည်​ရာ ဘုရား​ကို ဆုတောင်း​ရင်း ဖြေ​ဆည်​ရာ​ရှာ​တတ်​သူ​တို့​ကို အားကျ​သည်​ဟု ဆို​သည်။

“ဖြေ​ဆည်​ရာ​ရ​ချင်​တယ်​ဗျာ၊ ဘဝ​ဆို​တာ ဒီ​လို​ပါ​ပဲ”
“နောင် ဘာ​ဖြစ်လာ​မ​လဲ။ ကျုပ်​မ​သိ​ဘူး​လေ”
“ဘယ်​သူ​က​မှ​တော့​လည်း ထွက်​သွား​ပြီး​ရင် ပြန်လာ​နိုင်​တဲ့ ထုံးစံ​မှ မ​ရှိ​ဘဲ”
“ကျုပ်​ကိုယ်​ကျုပ် ကျန်းမာ​အောင်​နေ​တယ်။ ကြံ့ခိုင်​ချင်​သေး​တယ်။ လေ့ကျင့်​ခန်း​တွေ ဘာ​တွေ​လုပ်​ဖို့ ကြိုးစား​ရ​တာ​ပေါ့။ မ​လုပ်​တာ​ထက် စာ​ရင်​တော့​လည်း တော်​တာ​ပေါ့။ တစ်​ခါ​တစ်​ခါ​လည်း ကျုပ်​အား​ထည့်​ပြီး လုပ်​ရင်း ရယ်​မိ​တယ်​ဗျ။ နောက်​တော့​လည်း အကျင့်ပါ​လာ​တာ​ပေါ့။ မ​ရပ်​သွား​အောင် ကြိုးစား​ရ​တာ​ပဲ”

အသက်​ရှည်⁠ရှည်​နေ​ရ​ပြီး တစ်​နေ့​စီ​တွင် သူ့​ကိုယ်​သူ အသုံးဝင်​အောင် နေထိုင်​နိုင်​အောင် ကြိုးစား​နေ​သည့် အဘိုး​အို​အတွက် အခက်​ခဲ​ဆုံး​အချိန်​သည် ညဦး​ပိုင်း​တွင် ကျ​ရောက်လာ​တတ်​သည်။ နိုင်ငံ​ခြား​ခရီးသွား​သည့် အချိန်​မဟုတ်​လျှင် သူ​သည် ည​အိပ်ရာ​မ​ဝင်​မီ​တွင် ချစ်​ဇနီး​ခြူး​၏ အိပ်ရာ​ဘေး​တွင် ည​တိုင်း​ထိုင်​ဖြစ်​သည်။ သူ့​ထက် အသက် ၂ နှစ်​မျှ ကြီး​သော၊ တစ်​ချိန်​က စာ​ပြိုင်ဘက် ဖြစ်​ခဲ့​ဖူး​သော ခြူး​သည် နောင်​သော​အခါ သူ​၏ ဆိုး​တိုင်ပင်​ကောင်း​တိုင်ပင် အိမ်​တွင်း​အမတ်​ကြီး ဖြစ်လာ​ခဲ့​သည်။

“ကျုပ် သူ့​ကို စကား​သွား​ပြော​ရင် သူ​သိ​တယ်​ဗျ။ ကျုပ် သူ့​အနား​လာ​ပြီး စကားပြော​တဲ့​အချိန်​ကို သူ​စောင့်​နေ​တတ်​တယ်။ ကျုပ်​တစ်​နေ့​လုံး ဘာ​တွေ​လုပ်​ဖြစ်​တယ် ဆို​တာ သူ့​ကို ဖြည်း⁠ဖြည်း​ပြော​ပြ​တယ်။ သူ​ကြိုက်​တဲ့ ကဗျာ​တွေ ကျုပ်​အသံ​ထွက်​ပြီး ရွတ်​ပြ​တယ်”
“သူ​နှစ်သက်​လို့ ကျုပ်​ဖတ်​ပြ​တဲ့ ကဗျာ​တွေ​ထဲ​မှာ ရု​ယဒ်​ကစ်​ပ​လင်​ရဲ့ ကဗျာ​တွေ​ပါ​တယ်။ ဂျိန်း​အော့​စ​တန်​ပါ​တယ်။ လူး​ဝစ်​ကာ​ရိုး ပါ​တယ်။ ရှိတ်​စ​ပီး​ယား​ရဲ့ ဆွန်း​နက်​လည်း ပါ​သေး​တယ်​ဗျ”

ခရစ်ယာန် ဘာသာ​ဝင် မဟုတ်​သော လီ​သည် ခရစ်ယာန်​ထုံးစံ လက်ထပ်​ပွဲ​များ​တွင် ဇနီးမောင်နှံ အပြန်​အလှန် သစ္စာ​တိုင်​ကြ​သော စာ​ပုဒ်​ကလေး​ကို ပြန်​စဉ်းစား​သည်​ဟု ဆို​သည်။ “To love, to hold and to cherish, in sickness and in health, for better or for worse till death do us part.”
“နာမကျန်းဖြစ်နေချိန်တွင် လည်းကောင်း၊ သန်စွမ်း​ကျန်းမာ​နေ​သော အချိန်​တွင် လည်းကောင်း၊ သာယာ​စို​ပြည်​သော နေ့​ရက်​များ​တွင် လည်းကောင်း၊ ကြမ်းတမ်း​သော နေ့​ရက်​များ​တွင် လည်းကောင်း ငါ​တို့​၏ ချစ်​ခြင်း၊ ကြင်နာ​ခြင်း​နှင့် မြတ်နိုး​ခြင်း​တို့​သည် မ​တိမ်းစောင်း မ​ပြောင်းလဲ​သွား၊ သေမင်း​က မ​ခွဲ​သ​ရွေ့ ငါ​တို့​သစ္စာ​အရာ မ​ယွင်း​စေ​ပါ” ဟူ​သော သစ္စာ​တိုင်​ကို သူ​တိုးတိုး​ရွတ်​ဆို​သည်။

ကျုပ် သူ့​ဘေး​နား​မှာ​ထိုင်​ပြီး သူ​ကြား​အောင် ပြော​တယ်။ “ခြူး​ရေ… တတ်နိုင်​သ​လောက် မ​ခွဲ​ဘဲ အတူတူ​နေ​ကြ​ရအောင်​ပါ။ နှစ်​ယောက်​အတူတူ တစ်​မိုး​အောက်​မှာ ရှိ​နေ​တဲ့ နာရီ​တွေ​ကို ဆန့်​လို့​ရသ​လောက် ဆန့်​ထား​လိုက်​စမ်း​ပါ”

ဒါပေမဲ့ ကျုပ်​စိတ်​ထဲ​မှာ​တော့ ကျုပ်​ဘာသာ ပြန်​မေး​နေ​တယ်။ “တကယ်​အရင်​သွား​ရ​မှာ​က မင်း​လား၊ ကျုပ်​လား” လို့​ပေါ့။

တကယ်​တော့ သူမ​ရှိ​ခဲ့​ဘူး​ဆို​ရင် ကျုပ်ဟာ​လည်း ခင်ဗျား​တို့​သိ​တဲ့ လီ​ကွမ်​ယု ဖြစ်လာ​မှာ မဟုတ်​ဘူး​ဗျ။

Credit to The Voice Myanmar