လီ​သည် မိန်းမရ​ကံကောင်း​သည် ဆို​ရုံ​မျှ​ဖြင့် ခြူး​အနား​တွင် နေ​ခဲ့​ရ​သည့်​နှစ်​များ​၏ အဓိပ္ပာယ်​ကို ပြည့်စုံ​အောင် ဖော်​ပြ​နိုင်​မည် မဟုတ်​ပေ။ ဆယ်ကျော်​သက်​အရွယ် ငယ်ရွယ်​နုနယ်​သော သူ​တို့​၏ ပုံ​ရိပ်​များ​သည် မိုး​သို့​ရောက်​သော​အခါ ပျောက်​သွား​တတ်​သော နွေ​ဘက်​ဆီ​က လွမ်း​မော​ဖွယ် လေ​ရူး​လို​ပင်။ လေ​ရူး​ကလေး​များ​လို အား​ကောင်း မောင်းသန်​ရှိ​သော သူ​တို့​နှစ်​ယောက်​စလုံး​သည် ပြင်း​ပြင်းထန်​ထန် ပြိုင်​သည့် ပြိုင်ဘက်​တွေ ဖြစ်​ခဲ့​ကြ​သည်။
၁​၉​၄​၀ တွင် ခြူး​သည် လီ​တက်​ရောက်​နေ​သော ရက်ဖ်​ဖယ် ကော​လိပ်​သို့​ရောက်လာ​ခဲ့​သည်။ ကော​လိပ်​သို့​မ​ရောက်​မီ​က​ပင် ခြူး​မှာ မိန်းမ​ချော​တစ်​ယောက် မ​ဟုတ်သော်​လည်း စာတော်​သ​ဖြင့် နာ​မည်ကျော်​ကျောင်း​သူ ဖြစ်​သည်။ ၁​၉​၃​၆ မ​လား​ယား (ယခင်​စင်​ကာ​ပူ​နှင့် မလေးရှား နှစ်​နိုင်ငံ​ပေါင်း) တစ်​ခွင်​လုံး​မှ ကျောင်းသား​များ​ဖြေ​ကြ​သော ကိန်း​ဘ​ရစ် အထက်​တန်း​စာ​မေး​ပွဲ​တွင် တစ်​ပြည်​လုံး ပထမ​ဆု​စွဲ​ခဲ့​သည်။ ထို့နောက် အင်္ဂလန်​မှ အဲ​လိ​ဇ​ဘက် ဘုရင်​မ​ကြီး​၏ စ​ကော​လား​ရှစ်​ကို ပြိုင်ဆိုင်​ရန် ယောက်ျား​ကလေး​တွေ ချည်း​နေ​သော​ကျောင်း​သို့ တစ်​ယောက်​တည်း​သော မိန်း​ကလေး​အဖြစ် ရောက်​ရှိ​ခဲ့​လေ​သည်။ ဤ​တွင် သူ့​ဖူး​စာ​ရှင်​လီ​နှင့် ဆုံမိ​ကြ​ခြင်း ဖြစ်​သည်။ မြင်⁠မြင်​ချင်း ချစ်​သွား​ကြ​သည် ဆို​သော ဇာတ်​လမ်း​မျိုး​တော့ မဟုတ်​ခဲ့​ပေ။

စ​ကော​လား​ရှစ်​အတွက် စစ်​ကြီး​မ​ဖြစ်လာ​မီ​တွင် နှစ်​ယောက်​စလုံး ခွန်အား​အပြည့်​ဖြင့် ယှဉ်​ပြိုင်​ခဲ့​ကြ​သည်။ တစ်​ယောက်​ကို​တစ်​ယောက် အနိုင်​မ​ပေး​လို​သော သူ​တို့​သည် ကျောင်းနေဖက်​များ​ကြား​တွင် အမှတ်ရ​စရာ ဖြစ်​ခဲ့​သည်။ သူ​တို့​၏ ကျောင်းနေဖက်​တစ်​ဦး ဖြစ်​သော နောင်​အခါ​တွင် အိန္ဒိယ​နှင့် မလေးရှား​တို့​သို့ ကော်​မရှင်​နာ​မင်းကြီး​အဖြစ် စေလွှတ်​ခံ​ရ​သော မစ္စတာ​မော​ရစ်​ဘိတ်​ကာ​က ဆို​သည်မှာ –
“ခြူး​က သိပ်…သိပ်​ကိုတော်​တဲ့ ကျောင်း​သူ​ပဲ။ မက်​သ​ဒစ်​ကျောင်း​က အောင်​လာ​တာ​လေ။ သူ့​စာ​မေး​ပွဲ အောင်​လာ​တာ ဂရိတ်​တွေ အပျံ​စား​နဲ့​ပေါ့။ လီ​က ခြူး​ကို အစ​ပိုင်း​မှာ ပြိုင်ဘက်​လို့​ပဲ သဘောထား​တာ။ စာ​မေး​ပွဲ​မှာ လုံး​ဝ အကျော​မ​ပေး​ချင်​တာ။ ဘော​ဂ​ဗေဒ​မှာ​ထင်​တယ်။ အဲ​ဒီ​တုန်း​က ပြိုင်​ကြ​တာ။ အမှတ်​စာရင်း ထွက်​လာ​တော့ ခြူး​က ပထမ​စွဲ​တယ်​ဗျ။ လီ​က ခြူး​ကို​မ​နိုင်​လို့ ဒေါသ​တွေ​ထွက်​တာ။ နောက်​တော့ မ​ထူးဆန်း​ဘူး​လား​ဗျ။ သူ​သိပ်​ပြီး မ​နာလို​ဝန်တို​ဖြစ်​ခဲ့​တဲ့ ကျောင်း​သူ​တစ်​ယောက်​ကို သူ​ပြန်​ပြီး နောက်​ပိုး​တယ်​ဆို​တာ။ စစ်​ပြီး​တဲ့​နောက်​တော့ လက်ထပ်​တဲ့​အထိ​တောင် နီးစပ်​သွား​ကြ​ပါ​လေ​ရော​ဗျာ။ ဒါပေမဲ့ ဒီ​မောင် လူ​ရွေး​မှန်​ပါ့​ဗျား။ ဒါ့​ကြောင့် ခင်ဗျား​တို့ မှတ်​သာ​ထား​ပေ​တော့​ဗျို့၊ မိန်းမ​တစ်​ယောက်​ကို နိုင်​အောင် မ​ပြိုင်​နိုင်​ရင်​တော့ အိမ်​သူမ​ယား​အဖြစ်​သာ ယူ​ပေ​တော့”

ငယ်ရွယ်​စဉ်​တွင် မည်​မျှတော်​ခဲ့​သည် ဆို​စေ​ဦး​တော့။ အကျော​မ​ပေး​ဘဲ အနိုင်​ယူ​နိုင်​သည် ဆို​ဦး​တော့ အိမ်ထောင်သည်​ဘဝ​သည် ခြူး အတွက် ကျောင်း​သူ​ဘဝ​နှင့် တစ်​ဘာသာ​သာ​ဖြစ်​သည်။ အိမ်ထောင်သည် ဖြစ်​ပြီး နိုင်ငံ​ရေး​ထဲ​နစ်​နေ​သော ခင်ပွန်း​သည်​သည် အိမ်​စရိတ်​ရှာ​ပေး​သူ မဟုတ်​ခဲ့​ဘဲ မိမိ​က​သာ ကလေး​တွေ ကော​လိပ်​ပြီး​သည်​အထိ မိသား​စု​၏ ထမင်းအိုး​ဖြစ်​နေ​ခဲ့​သော ခြူး​က​ပြော​ခဲ့​ဖူး​သော စကား​တစ်​ခွန်း​ရှိ​သည်။
“အာ​ရှ​တိုက်​မှာ တွေ့​ရတတ်​တဲ့ ဇနီး​တစ်​ယောက်​ရဲ့ ထုံးစံ​ပေါ့​ရှင်။ ကိုယ့်​ခင်ပွန်း​ရဲ့ နောက်​က နှစ်​လှမ်း​လောက်​ခွာ​ပြီး လျှောက်​ရ​စ​မြဲ​ပေါ့”

သူ​သည် သား​ကို​သခင် လင်​ကို​ဘုရား စိတ်​မျိုး​ဖြင့် နောက်ဆုတ်​ခဲ့​သည်​တော့ မဟုတ်​ပေ။ သို့​ဆို​လျှင် အင်္ဂလန်​တွင် လီ​နည်းတူ​ပင် ပညာသင်​ယူ​ပြီး ရှေ့နေ​ဖြစ်လာ​ခဲ့​သော သူ​သည် ဘာ့​ကြောင့် နောင်​တွင် လီ​လို ဝန်ကြီး​ချုပ် ဖြစ်လာ​နိုင်​သည့် နိုင်ငံ​ရေး​သမား​ဘဝ​ကို မ​ရွေးချယ်​ခဲ့​သ​နည်း။ လက်​ခုပ်​သံ ကျယ်⁠ကျယ်​မ​ကြား​ရ​သော ကန့်လန့်​ကာ​နောက်​ကွယ်​မှ ဘဝ​ကို ဘာ့​ကြောင့် စိတ်​လို​လက်ရ ရွေးချယ်​ခဲ့​သ​နည်း။ သူ​သည် မိန်းမ​များ​က ယောက်ျား​များ​လောက် နိုင်ငံ​ရေး​တွင် မ​စွမ်းဆောင်နိုင်​ဟု ယူဆ​ခဲ့​သည်​လား။ ဟုတ်ဟန် မ​တူ​ပေ။

သူ​သည် ယခု​အမျိုးသမီး​များ စွမ်း​ရည်​မြှင့်​တင်​ရေး ဆို​သော လုပ်​ငန်း​များ​တွင် ကြား​ရ​လေ့​ရှိ​သည့် ဂျန်​ဒါ​ညီမျှ​ခြင်း​ဆို​သော အတွေး​အခေါ်​ကို တော်တော်​စော​သေး​သည့် ခေတ်​က​ပင် ပြော​ခဲ့​သူ​ဖြစ်​သည်။ ၁​၉​၅​၉ တွင် Malaya ရေ​ဒီ​ယို​မှ ခြူး​က အများ​ပြည်​သူ​အတွက် အသံ​လွှင့်​ခဲ့​ဖူး​သည်။
ထို​စဉ်​က အမျိုးသမီး​များ​နှင့် အခန်း​ကဏ္ဍ​နှင့် ပတ်သက်​၍ –
“ကျွန်မ​တို့ လူ့​အဖွဲ့​အစည်း​မှာ ခု​ချိန်​ထိ အမျိုးသမီး​တွေ​က အမျိုးသား​တွေ​ထက်​စာ​ရင် လူ​မှု​ရေး​မှာ၊ နိုင်ငံ​ရေး​မှာ၊ စီးပွား​ရေး​မှာ တန်းတူ​ရင်​ပေါင်​တန်း​ပြီး မ​ဆောင်ရွက်​နိုင်​ဘူး ဆို​တဲ့ အတွေး​အခေါ်​တွေ ရှိ​နေ​ကြ​တုန်း​ပဲ။ ဒီ​လို တ​လွဲ ယုံကြည်​နေ​တာ​တွေ​ကြောင့် အမျိုးသမီး​တွေ​ရဲ့ လုပ်​အား​ကို ခေါင်း​ပုံ ဖြတ်​ချင်​တဲ့​သူ​တွေ​က အခွင့်အရေး ရ​နေ​တာ​ပါ​ပဲ။ အမျိုးသမီး​အများ​စု​ဟာ အမျိုးသား​တွေ ပြီး​နိုင်​တဲ့ အလုပ်​ပမာဏ​ကို တန်းတူ​ပြီး​အောင် ဆောင်ရွက်​နိုင်​ကြ​တယ်။ ဒါပေမဲ့ သူ​တို့​ဟာ ဝင်ငွေ​ကျ​တော့ အမျိုးသား​တွေ​လောက် မ​ကောင်း​ကြ​ဘူး။ အမျိုးသမီး​တွေ​နဲ့ သူ​တို့​ရဲ့ မိသား​စု​တွေ​ရဲ့​အကျိုးစီးပွား​ကို ကာ​ကွယ်​ဖို့ အချိန်​ရောက်​ပါ​ပြီ။ ဇနီး​သည်​တွေ​ကို ကိုယ့်​လက်​ထဲ​က ကိုယ်​ပိုင်ဆိုင်​တဲ့ ပစ္စည်း​တွေ​လို သွန်​လို​သွန်၊ မှောက်​လို​မှောက်၊ ကောက်​လို​ကောက်၊ ပစ်​လို​ပစ် လုပ်​တတ်​တဲ့​ယောက်ျား​တွေ၊ ကိုယ့်​အိမ်ထောင်​က ပေါက်ဖွား​လာ​တဲ့ ကလေး​တွေ​ရဲ့​ရှေ့​ရေး​ကို မ​စဉ်းစား​ပေး​ဘဲ လက်လွတ်​စ​ပယ်ပစ် သွား​တတ်​တဲ့ ယောက်ျား​ဆိုး​တွေ​ရဲ့​ဘေး​က ကာ​ကွယ်​ပေး​ဖို့ အချိန်​ရောက်​ပါ​ပြီ။ နိုင်ငံ​ရေး​မှာ ဆို​ရင်​လည်း အမျိုးသမီး​တွေ​ဟာ ထိုက်တန်​စွာ ပါဝင် ဆောင်ရွက်​နိုင်​သူ​တွေ ဖြစ်​နေ​ကြ​ပါ​ပြီ။ ကျွန်မ​တို့​နိုင်ငံ​ရဲ့ နိုင်ငံ​ရေး​အခင်းအကျင်း​ကို ပြန်လည် တည်ဆောက်​နေ​တဲ့​အချိန်​မှာ အမျိုးသား​တွေ​နဲ့ ရင်​ပေါင်​တန်း​ပြီး အမျိုးသမီး​တွေ​က​လည်း ဆောင်ရွက်​နိုင်​တယ်​လို့ ကျွန်မ​ယုံကြည်​ပါ​တယ်”

ထက်မြက်​ခဲ့​သော​ခြူး ရွေးချယ်​ခဲ့​သော​လမ်း​သည် ညင်​ညင်သာ​သာ​နှင့် ပြတ်သား​စွာ စွန့်​လွှတ်​ရ​သော​လမ်း ဖြစ်​သည်။ ကြမ်းတမ်း​သော နိုင်ငံ​ရေး​လမ်းပေါ်​တွင် ပြန်​လဲကျ​တိုင်း တွန်း​တင်​နိုင်​သည့် စွမ်းအား​ကို လီ​အတွက် ပေး​နိုင်​ရန် လို​အပ်​ကြောင်း သူ​သိ​ခဲ့​ပေ​မည်။ ဒဏ်ရာ​နှင့်​မ​ကင်း​သော တိုင်း​ပြည်​က​နု​နု မုန်တိုင်း​က​ထန်​ထန် နေ့​ရက်​များ​တွင် စိတ်​ထိခိုက်​ရ​သော လီ​အတွက် ခိုလှုံ​ရာ​ရင်ခွင်​ကို ပေး​နိုင်​သူ​မှာ သူ​ဖြစ်​ကြောင်း ခြူး​က သိ​ခဲ့​သည်။ ထို့​ကြောင့် သူ​စွန့်​ခဲ့​ရ​သည်။
သူ​စွန့်​ရ​ခြင်း​များ​တွင် သူ​ကိုယ်တိုင်​၏ နိုင်ငံ​ရေး​တက်​လမ်း​လည်း ပါ​နိုင်​သည်။ နာ​မည်ကျော်​ကြား​မှု​လည်း ပါ​နိုင်​သည်။ မည်​သူ့​ကို​မျှ မ​ငဲ့​မ​ကွက်​ဘဲ (အထူးသဖြင့် လီ​၏ နိုင်ငံ​ရေး​တက်​လမ်း​ကို) တစ်​ယောက်​တည်း လွတ်လပ်​စွာ ဆုံးဖြတ် ဆောင်ရွက်​ခွင့်​လည်း ဖြစ်​နိုင်​သည်။ အမှား​အယွင်း​မ​ရှိ​ဘဲ ကလေး​သုံး​ယောက် လူ​လူသူ​သူ ကြီးပြင်း​ဖို့​အတွက် ထူးချွန်​သော အမျိုးသမီး​တစ်​ယောက် အဖြစ် မြင့်​သ​ထက် မြင့်​သော ရာထူး​နေရာ​သို့ တက်​လှမ်း​ရန် သူ​သုံးစွဲ​ခွင့်​ရှိ​သည့် အချိန်​မျာ​ကို ဖဲ့​ပေးလိုက်​ရ​သည့် စွန့်​လွှတ်​မှု​လည်း ဖြစ်​မည်။ သူ​၏ ပေး​ဆပ်​မှု​များ​ကို အပြင် လူ​တို့​အနေ​နှင့် သိသာ​စွာ မြင်​နိုင်​ခဲ့​မည်​မဟုတ်​ပေ။
အရည်အချင်း ရှိ​လျက်နှင့် ခင်ပွန်း​သည်​၏ နောက်​ဘက်​တွင် ခြေ​နှစ်​လှမ်း​မျှ ခွာ​လိုက်​ရ​ခြင်း​အတွက် သူ​ရ​ရှိ​ခဲ့​သော အရာ​တစ်​ခု​က ခြူး​မ​ရှိ​ရင် ကျုပ်​ဘဝ​က​လည်း ရှိ​မှ​မ​ရှိ​ဘဲ​ဆို​သော စကား​တစ်​ခု​ဖြစ်​သည်။ ထို​စကား​တစ်​လုံး​က တစ်​ဘဝ​လုံး​စာ​ပေး​ဆပ်​မှု အတွက် ဆုလာဘ် ဖြစ်​ခဲ့​သည်။ သို့သော် သူ​တို့​ဘဝ​တွင် လင်​နှင့်​မယား လျှာ​နှင့်​သွား​ဆို​သော အဖြစ်​မျိုး နည်း⁠နည်း​တောင်​မ​ရှိ​ခဲ့ ဟု​တော့ မ​ဆို​နိုင်​ပေ။

လီ​မိသား​စု​၏ သမီး​အငယ်​ဆုံး​က သူ​တို့​အမေ မာ​မီ​ခြူး​အနေ​နှင့် တစ်​ခါ​တစ်​ရံ အစာ​မ​ကြေ ဖြစ်​ခဲ့​ရ​သော ခြေလှမ်း​နောက်​နှစ်​လှမ်း ဆုတ်​ရ​ခြင်း​အတွက် က​သိ​က​အောက်​ဖြစ်​မှု​ကို ပြန်​အစဖော်​သူ ဖြစ်​သည်။ ခြူး​သည်​လည်း လူ​ပဲ​မဟုတ်​လား။ မည်​မျှ​ပင် သဘောဖြူ​အူစင်း ဆို​စေ​ဦး​တော့ … လူ​တစ်​ယောက်​တွင် မာန်​တော့ အမြဲ​မ​ကင်း​နိုင်။ ထို​မာန်​ကလေး ပြူ​တစ်​ပြူ​တစ် ထွက်​လာ​သည့်​အချိန်​ကို သမီး​လုပ်​သူ လီ​ဝေ​လင်း​က မှတ်ထား​ပြီး ပြန်​ဖောက်သည် ချခဲ့​သည်။

တစ်​နေ့သော်… ကလေး​တွေ​အနား​မှာ ရှိ​နေ​တုန်း​မှာ​ပင် လီ​က တစ်​စုံ​တစ်​ခု​ကို ခိုင်းလိုက်​သော​အခါ ခြူး​က မ​လုပ်​ပေး​နိုင်​ဘူး​ဟု ပြန်ပြော​သည်။ ရန်​စွယ်​ငေါ⁠ငေါ​ဖြင့် ပြော​ခြင်း​မျိုး​တော့ မဟုတ်​ပေ။ ခပ်​ယဉ်ယဉ် ငြင်းဆန်​ခြင်း​မျှ​သာ။
ထို​အခါ လီ​က “ဒါ​လင်​ရယ်၊ သွား​လုပ်​လိုက်​ပါ၊ အတူတူ လုပ်​နေ​ကြ​တဲ့​အလုပ်​ပဲ မဟုတ်​လား။ Partnership ပေါ့”
ထို​အခါ ခြူး​က တည်​သွား​ပြီး လီ​ကို ပြန်ပြော​သည်။
“ညီ​ညီမျှ​မျှ ဝင်​ပါ​လို့​ရ​တဲ့ Equal Partnership မှ မဟုတ်​ဘဲ​နဲ့”

ခြူး​သည် ဘဝ​တစ်​လျှောက်​လုံး Equal Partnership မဟုတ်​ဘူး​ဟု သူနာ​ကျင် ခံစား​ခဲ့​ရ​သည်​များ​ကို ဘယ်​နှ​ကြိမ် မျို​ချ​ပြီး ဘယ်​နှ​ကြိမ် ခွင့်လွှတ်​နိုင်​ခဲ့​ပါ​သ​နည်း။ အကြိမ်​ပေါင်း မ​ရေ​မ​တွက်​နိုင်​အောင် ရှိ​လေ​မည်​လား။ သို့သော် ဘဝ​တွင် ဇနီးမောင်နှံ တစ်​ဦး​နှင့်​တစ်​ဦး Equal Partnership ဖြစ်​ခြင်း မ​ဖြစ်​ခြင်း​ကို ဘဝ​တစ်​ကွေ့​အပေါ် အခြေ​ခံ​ပြီး သုံးသပ်​၍သော် လည်းကောင်း၊ အဖြစ်အပျက် တစ်​ခုပေါ်​တွင် အခြေ​ခံ​၍ သော်လည်းကောင်း ယ​တိ​ပြတ် ဆုံးဖြတ်​နိုင်​မည် မဟုတ်​ပေ။ အဘယ်​ကြောင့်​ဆို​သော လီ​သည် ခြူး​၏ ဘဝ​နောက်ဆုံး နေ့​ရက်​များ​တွင် အနွံ​အတာ အခံ​ဆုံး​သူ​တစ်​ဦး ဖြစ်​ခဲ့​သည် မဟုတ်​ပါ​လား။ အိပ်ရာ​ထဲ​တွင် လဲလျောင်း​နေ​သော​ခြူး​ကို လီ​က​လည်း Equal Partnership ဆို​သော​စကား​ကို ဘယ်​လို​ပြော​နိုင်​ပါ​မည်​လဲ။
ဘဝ​သည် ပြိုင်ဆိုင်​ခြင်း​ထက် နားလည်​ခြင်း​နှင့် ကြင်နာ​ခြင်း​က ပို​၍​အဓိပ္ပာယ် ပြည့်​ဝ​စေ​ခဲ့​သည်။ လေ​ဖြတ်​နေ​သော ခြူး​က ပြော​သည်။ ဆရာဝန်​တွေ သွေး​ပေါင်ချိန်​တာ​ထက် ကျွန်မ​ယောက်ျား​ကိုယ်တိုင် ချိန်​ပေး​တာ​ကို​ပဲ ပို​ကြိုက်​ပါ​သည်​တဲ့။
– See more at: http://www.thevoicemyanmar.com/index.php/society/item/6275-nst#sthash.Exf9HQAK.dpuf