ရှိတ်​စ​ပီး​ယား​ရဲ့​ဇာတိ Stratford-upon-Avon မှာ ကျွန်တော်​တို့ တိတ်⁠တိတ်​ကလေး မိဘ​တွေ မ​သိ​အောင် လက်ထပ်​ခဲ့​ကြ​တယ်။ ပထမ​အကြိမ် လက်ထပ်​ခြင်း ဆို​ပါ​တော့…

မိမိ​လက်ထပ်​ထား​သော ခင်ပွန်း​သည် နိုင်ငံ​ခေါင်းဆောင်​တစ်​ဦး ဖြစ်လာ​ပြီး မိမိ​တို့​၏ သားသမီး​များ​ထဲ​မှ​လည်း နိုင်ငံ​ခေါင်းဆောင် ဖြစ်လာ​သည်​ကို ကြုံ​ခဲ့​သူ အမျိုးသမီး​များ​မှာ သမိုင်း​တွင် အနည်းငယ်​မျှ​သာ ရှိ​နိုင်​ပါ​မည်။ ထို​အထဲ​တွင် အမေ​ရိ​ကန်​ပြည်ထောင်​စု​၏ ဒုတိယ​မြောက် သမ္မတ ဂျွန်​အက်​ဒမ်​၏ ကတော် အဘီ​ဂဲ​အက်​ဒမ်၊ စီ​နီ​ယာ​ဘုရှ်​၏ ကတော် ဘာ​ဘ​ရာ​ဘုရှ်​တို့​နှင့်​အတူ ခြူး​လည်း ပါဝင်​ခဲ့​သည်။
ခြူး​သည် လီ​ကွမ်​ယူး​၏ ဇနီး​သည်​အဖြစ် စင်​ကာ​ပူ​၏ First lady ဖြစ်​ခွင့်​ရှိ​ရုံ​မျှ​မက သား​ဖြစ်​သူ လီ​ရှန်​လွန်း​ကြောင့် ဝန်ကြီး​ချုပ်​၏ အမေ​လည်း ဖြစ်လာ​ခဲ့​သည်။ သို့သော် သူ​သည် မ​မောက်မာ​သော၊ လူ​သိ​ထင်ရှား မ​ရှိ​လှ​သော​သူ ဖြစ်​ခဲ့​သည်။ မီ​ဒီ​ယာ​က သူ့​ကို ရိုး⁠ရိုး​မှန်​မှန် ဂုဏ်​မဖော်​သော၊ ကျော်​ကြား​မှု​ကို မ​ရှာဖွေ​ခဲ့​သော အမျိုးသမီး​ကြီး​တစ်​ဦး အဖြစ်​သာ ရေးသား​ခဲ့​ကြ​သည်။

လီ​ကွမ်​ယူး​သည် မြင်⁠မြင်​ချင်း အရူး​အမူး​ချစ်​သည် ဆို​သော အချစ်​မျိုး​ကို မ​ယုံကြည်​ဟု ပြော​ခဲ့​ဖူး​သည်။ “မြင်⁠မြင်​ချင်း​ချစ်တယ် ဆို​တာ​လောက် မိုက်မဲ​တာ မ​ရှိ​ဘူး။ ရုပ်​ကို​ကြည့်​ပြီး ခင်ဗျား​စွဲလမ်း​မိ​ခဲ့​တယ် ဆို​ရင်​တော့ ခင်ဗျား နောင်တရ​မှာ​ပဲ” ဟု ပြော​ခဲ့​ဖူး​သူ ဖြစ်​သည်။ သူ​သည် ခြူး​ကို ဘယ်​လို​ကြည့်​ပြီး ရွေး​ခဲ့​သည်​လည်း​မ​သိ။

သူ​တို့​နှစ်​ယောက်​ကို ဖူး​စာရေး​နတ်က မ​တွေ့​ပေး​မီ စင်​ကာ​ပူ​နိုင်ငံ​၏ အခြေအနေ​က​ပင် လူ​ငယ်​ကလေး​လီ​ကို နှလုံးသား​တစ်ဝက် ဦးနှောက်​တစ်ဝက် ရော​ပြီး အလုပ်​လုပ်​တတ်​သူ ဖြစ်​စေ​ခဲ့​သည်​လား။
၁​၉​၃​၀ ကျော် ကာလ​များ​သည် စင်​ကာ​ပူ​သည် ဗြိတိသျှ​တို့ လက်အောက်​တွင် ပီ​နန်၊ မ​လက္ကား​တို့​နှင့်​အတူ ရေ​လက်ကြား​စာချုပ်​ကြီး​အရ ကို​လို​နီ​အဖြစ် နေထိုင်​ခဲ့​သော အချိန်​များ ဖြစ်​သည်။ ဗြိတိသျှ​တို့​က စင်​ကာ​ပူ​ကို အုပ်ချုပ်​သော​မူ​သည် မြန်မာ​နိုင်ငံ​ကို အုပ်ချုပ်​ခဲ့​သည့် စနစ်​အတိုင်း​ပဲ လွတ်လပ်​သော ဈေး​ကွက်​စီးပွား​ရေး အသား​ပေး Laissez-faire မူ ဖြစ်​သည်။ ရောင်း​လို့​ရသ​မျှ အားလုံး​ရောင်း​မည်။ ရောင်း​လို့​ရအောင် ကုန်​ထုတ်​လုပ်​မည်။ စင်​ကာ​ပူ​လို ဘာ​မှ​မ​ထွက်​သော ကျွန်း​ငယ်​ကလေး​သည် ဖီ​ဂျီ​လို ဘ​ဟားစ်​မာ့စ်​လို့ အစွန်အဖျား​မဟုတ်။ ပထဝီ​နိုင်ငံ​ရေး​အရ အချက်​အချာ​တွင် ရှိ​သည်။ ကုန်သွယ်​ရေး​ဇုန်​တစ်​ခု အလို​အလျောက် ဖြစ်လာ​ခွင့်​ရ​သည်။

သို့သော် ကို​လို​နီ​အစိုးရ​သည် ထို​အချိန်​ကတည်းက ပညာ​ရေး​အတွက် ငွေ​နည်း​နည်း သုံး​သည်​ဟု ဆို​ရ​မည်။ ရှေး​ဦး​အစ​တွင် သူ​တို့​ဆီ​ကို ရောက်​သည့် အုပ်ချုပ်​သူ အင်္ဂလိပ်​ထဲ​တွင်​လည်း Stamford Raffles တို့​လို စိတ်ကောင်း​ရှိ​သူ​တွေ၊ အမြော်အမြင်​ရှိ​သူ​တွေ ပါ​ခဲ့​သည်။ ထို​အစဉ်​အလာ​သည် နောင်​တွင် ပညာ​ရေး​မျိုးစေ့​ကောင်း​ဖို့ သန္ဓေတည်​ခဲ့​သည်။ သို့သော် ပညာ​ရေး​ကို ပို​တိုးတက်​လာ​အောင် ဆောင်ရွက်​သူ​များ​မှာ ဝံ​သာ​နု​တရုတ်​များ ဖြစ်​သည်။

ထို​အချိန်​က​လည်း ပညာ​ရေး ပုံစံ​အသစ်​ကို ပြောင်းလဲ​ချိန်​တွင် သူ့​ပဋိပက္ခ​နှင့်​သူ​သာ ဖြစ်​သည်။ အင်္ဂလိပ်​လက်အောက် ကို​လို​နီ​များ​တွင် အင်္ဂလိပ်​စာနှင့် မ​လေး​အထက်​တန်း​ကျောင်း​တွေ ပေါ်​လာသော်​လည်း တရုတ် မိရိုးဖလာ​ပညာ​ရေး​မှာ လျစ်လျူရှု​ခံ​ရ​သည်။ မြန်မာ​ပြည်​တွင် ဝံ​သာ​နု​စိတ်​များ ထက်သန်​ခဲ့​ကြ​သ​လို စင်​ကာ​ပူ​ရောက် တရုတ်​များ​က အမျိုးသား​ရေး​အတွက် ခံပြင်း​ခဲ့​ကြ​သည်။ ပြည်​မ​ကြီး​မှ အကူအညီ​များ​ယူ​ကာ တရုတ်​အမျိုးသား​ကျောင်း​မှာ တည်ထောင်​ခဲ့​ကြ​သည်။ ကွန်​မြူ​နစ် အတွေး​အခေါ်​များ​သည် ထို​တရုတ်​အမျိုးသား​ကျောင်း​များ​နှင့် အလုပ်​သမား သမဂ္ဂ​များ​သို့ ၁​၉​၂​၀ နှင့် ၁​၉​၃​၀ ကျော်​ကာလ​များ​တွင် စိမ့်​ဝင်​ပျံ့​နှံံ​လာ​ခဲ့​သည်။ သို့သော် စင်​ကာ​ပူ​လို နေရာ​တွင် ကွန်​မြူ​နစ်​တို့​မှာ ခြေ​ကုပ်​မ​မြဲ​နိုင်​ခဲ့။ အထင်​ကရ ခေါင်းဆောင်​တို့​ကို ပုလိပ်​က ဖမ်းဆီး​ထောင်ချ​ခဲ့​သည်။

သို့သော် လီ​နှင့် ခြူး​တို့​သည် တရုတ်​မိသား​စု​များ​မှ ပေါက်ဖွား​လာသော်​လည်း ထို​တရုတ်​အမျိုးသား ကျောင်း​ထွက်​များ မဟုတ်​ကြ​ပါ။ ခြူး​၏ အဖေ​သည် ယခု​နာ​မည်ကျော် Oversea Chinese Banking Corporations (OCBC) ဘဏ်​ကို ဖက်​စပ်​တည်ထောင်​ကြ​သူ တရုတ်​များ​အနက် ရှယ်​ယာ​ရှင်​တစ်​ဦး ဖြစ်​သ​လို ဘဏ်​မန်နေဂျာ​လည်း ဖြစ်​သည်။ ထို့​သို့ ခေတ်​မီ​သော ဘဏ်​လုပ်​ငန်း​ရှင်​၏ သမီး​သည် မက်​သ​ဒစ်​ကွန်​ဗင့်​က ထွက်​ပြီး ဘို​ဆန်သည်​မှာ​လည်း မ​ထူးဆန်း​ပေ။

စစ်​အတွင်း​သို့ ရောက်​သော​အခါ စာ​ပြိုင်​ဖက်​နှစ်​ဦး​မှာ ချစ်​သူ​တွေ ဘဝ​သို့ ရောက်​ခဲ့​ကြ​ပြီ ဖြစ်​သည်။ သို့သော် ခြူး​၏ မိဘ​များ​က လီ​ကို လောက်​လောက်လား​လား အထင်​မ​ကြီး​ကြ​ပေ။ ထို​အကြောင်း​ကို လီ​ကွမ်​ယူး​က ခြူး​၏ အသုဘ​ချ​သည့်​နေ့​တွင် ပြန်ပြော​ပြ​ခဲ့​ခြင်း ဖြစ်​သည်။

“ရက်ဖ်​ဖဲလ်​ကော​လိပ်​ကို ရောက်​ပြီး​နောက်​ပိုင်း ကျွန်တော့်​ရဲ့ ပညာ​ရေး​က စစ်​မီး​ကြောင့် ဖြောင့်​ဖြောင့်တန်း​တန်း မ​ဖြစ်​ခဲ့​ရ​ဘူး။ အလုပ်အကိုင်​က​လည်း မည်⁠မည်​ရ​ရ မ​ရှိ​ဘူး။ ဒီ​တော့​လည်း ကျွန်တော့်​ယောက္ခမ ဖြစ်လာ​မယ့် ခြူး​ရဲ့​မိဘ​တွေ​က သူ​တို့​လိုချင်​တဲ့ သမက်​ပုံစံ​လို့ ကျွန်တော့်​ကို မ​ထင်​ဘူး။ မိဘ​တွေ သဘော​မ​တူ​တဲ့​ကြား​က​ပဲ ခြူး​က ကျွန်တော့်​အပေါ် သစ္စာရှိ​ခဲ့​တဲ့​သူ​ပါ”

“ကျွန်တော်​တို့ တစ်​ယောက်​ကို​တစ်​ယောက် မ​ခွဲ​ကြေး​လို့ အဓိဋ္ဌာန် ပြု​ခဲ့​ကြ​တယ်။ ကျွန်တော်​က အင်္ဂလန်​ကို ဥပဒေ​ပညာသင်​ဖို့ အရင်​သွား​ခွင့်​ရ​ခဲ့​တယ်။ ၁​၉​၄​၆ မှာ​ပေါ့။ သူ​ကတော့ စစ်​ပြီး​စ​မှာ ရက်ဖ်​ဖဲလ်​ကို ပြန်​ရောက်​တယ်။ ပြီး​တော့ ဘုရင်​မ​ကြီး နှစ်စဉ်​ပေး​တဲ့ အင်္ဂလန်​မှာ ပညာသင်​ဖို့ စ​ကော​လား​ရှစ် နှစ်​ဆု​ထဲ​က တစ်​ဆု​ကို ချိတ်​အောင်​ကြိုးစား​ပြီး ကျွန်တော့​နောက်​ကို လိုက်​လာ​ခဲ့​ဖို့ နှစ်​ယောက်​သား ရည်​မှန်း​ချက်​တွေ ထားခဲ့​ကြ​တယ်။ အဲ​ဒီ​ဆု​က​လည်း တကယ်​တော့ တစ်​နှစ်​ကို စင်​ကာ​ပူ​က ကျောင်းသား တစ်​ယောက်​တည်း​ကို​ပဲ ပေး​တာ။ တကယ်​လို့​များ ခြူး​က စ​ကော​လား​ရှစ်​ကို မ​ရ​ဘူး​ဆို​ရင် ကျွန်တော်​ပြန်လာ​တဲ့ အချိန်​အထိ သူ​သုံး​နှစ်​လောက် စောင့်​နေ​ရ​မယ်။ နောက်​တစ်​နှစ်​မှာ​တော့ သူ​စ​ကော​လား​ရှစ် ရ​သွား​တယ်​ဗျ”

“အဲ​ဒီ​ကတည်းက ကျွန်တော်​တို့ နှစ်​ယောက် မ​ခွဲ​ရ​တော့​ဘူး။ ရှိတ်​စ​ပီး​ယား​ရဲ့​ဇာတိ Stratford-upon-Avon မှာ ကျွန်တော်​တို့ တိတ်⁠တိတ်​ကလေး မိဘ​တွေ မ​သိ​အောင် လက်ထပ်​ခဲ့​ကြ​တယ်။ ပထမ​အကြိမ် လက်ထပ်​ခြင်း ဆို​ပါ​တော့။ စင်​ကာ​ပူ​ကို ဘွဲ့​ရ​လို့ ပြန်​ရောက်​တော့ နှစ်​ဖက်​မိဘ​တွေ အလို​ကျ နောက်​တစ်​ကြိမ် ထပ်​ပြီး လက်ထပ်​ကြ​ရ​ပြန်​တယ်။ ယောက်ျား​တစ်​ယောက်​ဟာ နှစ်​ခါ​လက်ထပ်​တိုင်း​တော့ လူဆိုး မဟုတ်​ပါ​ဘူး​ဗျာ။ နှစ်​ခါ​စလုံး​မှာ မိန်းမ​တစ်​ယောက်​တည်း​ကို​ပဲ ကျွန်တော် လက်ထပ်​ခဲ့​တာ​ပါ”

“လန်ဒန်​ကို ခြူး​ရောက်လာ​တဲ့ ၁​၉​၄​၇ ခု​နှစ်​မှာ​ပေါ့။ အိမ်ထောင်ကျ​သွား​ပေ​မယ့် ကျွန်တော်​တို့ နှစ်​ယောက်​စလုံး ကိန်း​ဘ​ရစ်​မှာ ထူးချွန်​အောင် ကြိုးစား​ကြ​ရ​တယ်။ သူ​က တစ်​နှစ်​နောက်ကျ​ပေ​မယ့် ဂုဏ်​ထူး​တန်း​အောင်​ပြီး ကျောင်း​ပြီး​တာ​ကတော့ နှစ်​ယောက်​စလုံး ၁​၉​၄​၉ တစ်​နှစ်​တည်း​မှာ​ပါ”

ခြူး​ဖြတ်​သန်း​ရ​သော​ခေတ်​တွင် အင်္ဂလိပ်​များ တည်ထောင်​ခဲ့​သော မိန်း​ကလေး​ကျောင်း​များ​မှ ချွန်​သော​မွန်​သော အမျိုးသမီး​များ ပေါ်ထွက်​ခဲ့​လာ​ခဲ့​ပါ​သည်။ ခြူး​ထက်​စော​သော အစ်မကြီး​များ​ပင် ရှိ​ကြ​သေး​သည်။ သာသနာပြု ကွန်​ဗင့်​ကျောင်း​များ အပေါ်​တွင် ဗြိတိသျှ​အစိုးရ​က ပညာ​ရေး ရည်​မှန်း​ချက် ကြီး​ကြီးမား​မား မ​ထား​ရှိ​ခဲ့သော်​လည်း တရုတ်​တို့​၏ အမျိုးသား​စိတ်​က ပညာ​ရေး​ကို ဦးစားပေး​သည့် ခေတ်​ရေစီး​ကို ပေါ်ပေါက်​စေ​ခဲ့​သည်။ ၁​၉ ရာ​စု​အကုန်​တွင် ကမ္ဘာ့​ကုန်သွယ်​ရေး​နှင့် ချိတ်ဆက်​နေ​သော တရုတ်​ကုန်သည်​များ ကြီးပွား​လာ​သည်​နှင့်​အမျှ ပညာ​ရေး​တွင် ငွေ​ကြေး​သုံးစွဲ​ရန် စိတ်​အား ထက်သန်​လာ​ကြ​သည်။ မ​လက္ကား​ရေ​လက်ကြား တ​ခို​မှ တရုတ်​တို့​သည် အင်္ဂလိပ်​လို​သင်​သော တရုတ်​မိန်း​ကလေး​ကျောင်း များ​ကို တည်ထောင်​လာ​ခဲ့​ကြ​သည်။ အင်္ဂလိပ်​စာ လို​အပ်​ချက်​ကို စော​စီး​စွာ သိမြင်​ခဲ့​ရုံ​သာ​မက ဗြိတိသျှ ပညာ​ရေး နည်း​စနစ်​များ​ကို​ပါ အတုခိုး​ခဲ့​ကြ​သည်။

လီ​သည် ဥပဒေ​ပညာ​ကို မိဘ​၏ အထောက်​အပံ့​ဖြင့် သင်​ယူ​ရ​သူ ဖြစ်သော်​လည်း ခြူး​က​မူ စ​ကော​လား​ရှစ်​ဖြင့် လန်ဒန်​ရောက်လာ​သူ ဖြစ်​သည်။ ခြူး​ရ​ရှိ​ခဲ့​သော အင်္ဂလန်​ဘုရင်​မ​ကြီး စ​ကော​လား​ရှစ်​သည် Sir Cecil Clementi Smith လက်ထက် ၁​၈⁠၈​၅ တွင် စတင်​တည်ထောင်​ခဲ့​ပြီး ရေ​လက်ကြား​ဒေသ​ကို အုပ်ချုပ်​သော အစိုးရ​က နှစ်စဉ် ရွေးချယ်​ချီးမြှင့်​ခဲ့​သည်။ ထို​ဆု​ကို ချီးမြှင့်​ခံ​ရ​ပြီး အင်္ဂလန်​တွင် ဆက်လက်​ပညာသင်​ခွင့် ရ​ခဲ့​သူ​များ​အနက် ပထမ​ဆုံး​အမျိုးသမီး​မှာ မဂ္ဂီ​တန်​ဖြစ်​ပြီး ၁​၉​၃​၀ က​ပင် ပညာသင်​ရန် ထွက်​ခွာ​သွား​ခဲ့​သည်။ သူ့​နောက်​တွင် ခြူး​ကဲ့သို့ ထူးချွန်​သူ​အမျိုးသမီး​များ ထို​ဆု​ကို ဆွတ်​ခူး​ခဲ့​ကြ​ပြီး​နောက် အမျိုးသမီး​များ တိုးတက်​ရေး​ကဏ္ဍ​တွင် တက်​ကြွ​လှုပ်ရှား​သူ​များ ဖြစ်လာ​ခဲ့​ကြ​သည်။ ထို​အထဲ​တွင် မ​လား​ယား တစ်​ခွင်​လုံး​တွင် ပထမ​ဆုံး အမျိုးသမီး​ရှေ့နေ ဖြစ်လာ​သူ ပီ​နန်​မှ လီ​ဗြန်​ဟွန်း​လည်း ပါဝင်​ခဲ့​သည်။

အချို့​သည် သတင်းစာ​များ​တွင် အမျိုးသမီး​များ နိုင်ငံ​ရေး၊ စီးပွား​ရေး​တွင် ခွဲ​ခြား​ဆက်ဆံ​မှု​ကင်း​စွာ ပါဝင်​ဆောင်ရွက်​နိုင်​ရေး​အတွက် ရေး​သားဆော်​ဩ​ခဲ့​ကြ​သည်။ ခြူး​သည်​လည်း ရံ​ဖန်​ရံ​ခါ ဂျန်​ဒါ​တန်းတူ​ညီမျှ​ရေး လှုပ်ရှား​သူ​တစ်​ဦး ဖြစ်​ခဲ့​သည်။

Credit to The Voice Myanmar