ပါ​ကစ္စ​တန်​နိုင်ငံ ကျောင်း​တ​ကျောင်း​မှာ အင်္ဂါနေ့​က ကျောင်းသား​အရွယ် အများ​စု​ပါဝင်​တဲ့ လူ ၁​၅​၀ နီးပါး သေ​ဆုံး​ခဲ့​တဲ့ တိုက်ခိုက်​မှု​ကို တာဝန်​ယူ​လုပ်ဆောင်​ကြောင်း တာ​လီ​ဘန် စစ်​သွေးကြွ​အဖွဲ့​က ကြေညာ​ခဲ့​ပြီး နာရီ​ပိုင်း​အတွင်း​မှာ ကုလသမဂ္ဂ အတွင်း​ရေး​မှူး​ချုပ် ဘန်​ကီ​မွန်း က ဒီ​တိုက်ခိုက်​မှု​အပေါ် နိုင်ငံ​တကာ​ရဲ့ ရှုတ်ချ​မှု​ကို ဦးဆောင်​လိုက်​ပါ​တယ်။

ဒီ​ရက်စက်​ကြမ်းကြုတ်​မှု​ကို ဘယ်​လို​မှ လက်ခံ​နိုင်​စရာ​မ​ရှိ​တဲ့​အကြောင်း ဘယ်​မ​ကျေနပ်​မှု​ကြောင့်​မှ အခု​လို တုန်လှုပ်​ဖွယ်ရာ လက်​တုံ့​ပြန်​မှု မ​ပြုလုပ်​သင့်​ကြောင်း မစ္စတာ ဘန်​ကီ​မွန်​က ပြော​လိုက်​ပြီး ပါ​ကစ္စ​တန်​ရှိ ပက်​ရှ​ဝါ​မြို့ စစ်​တပ်​ဖွင့်​ထား​တဲ့​ကျောင်း​မှာ အကာ​ကွယ်​မဲ့ ကလေး​တွေ​အပေါ် အခု​လို ကျူးလွန်​မှု​ဟာ သူရဲဘော​ကြောင်​တဲ့ လုပ်​ရပ်​ဖြစ်​တယ်​လို့ ပြစ်​တင်​ရှုတ်ချ​လိုက်​ပါ​တယ်။

တူရကီ​အစိုးရ​က​လည်း အခု​လို သေ​ဆုံး​သူ​တွေ​အတွက် ဝမ်းနည်း​ကျေ​ကွဲ​တဲ့​နေ့ သတ်​မှတ်​လိုက်​ပြီး လွန်​ခဲ့​တဲ့ ၂ နှစ်​က တာ​လီ​ဘန်​တို့ သေ​နတ်​နဲ့ ပစ်​ခံ​ခဲ့​ရ​တဲ့ နို​ဘဲလ်​ငြိမ်း​ချမ်း​ရေး​ဆု​ရှင် မာလာ​လာ ယူ​ဆွပ်​ဇိုင် က​လည်း အကြမ်း​ဖက်​မှု တိုက်​ဖျက်​ရေး​အတွက် စည်း​လုံး​ညီညွတ်​ကြ​ဖို့ တိုက်တွန်း​လိုက်​ပါ​တယ်။

အိမ်နီးချင်း အာ​ဖ​ဂန်​နစ္စ​တန်​ရှိ​တဲ့ တာ​လီ​ဘန် စစ်​သွေးကြွ​တွေ​က​လည်း အခု​လို သတ်​ဖြတ်​မှု​ဟာ အစ္စ​လာမ်​ဘာသာ​နဲ့ ဆန့်ကျင်​တယ်​လို့ ဝေဖန်​လိုက်​ပါ​တယ်။ အမေ​ရိ​ကန်​သမ္မတ ဘ​ရက်ခ် အို​ဘား​မား​က ဒီ​တိုက်ခိုက်​မှု​ဟာ ကြောက်မက်​တုန်လှုပ်​ဖွယ်ရာ​ကောင်း​ပြီး အကြမ်း​ဖက်​သမား​တွေ​ဟာ သူ​တို့​ရဲ့ သဘောထား​နိမ့်​ကျ​မှု​ကို ထပ်မံ​ပြသ​ရာ​ရောက်​တယ်​လို့ ပြော​ကြားလိုက်​ပါ​တယ်။

Credit to VOA