ကျန်းမာ​ရေး အခြေအနေ​ကြောင့် ရုပ်​ရှင်​အစည်း​အရုံး​ဥက္ကဌ ရာထူး​က နား​ခဲ့​ပေ​မဲ့ ခု​လက်​ရှိ​မှာ ဗီ​ဒီ​ယို​ကား တချို့​ရဲ့ ကာ​ရိုက်​တာ တစ်​မျိုး​စီ​မှာ ပြန်လည်​တွေ့​လာ​ရ​တာ​ကြောင့် ဦး​ဇင်​ဝိုင်း​နဲ့​တွေ့​ဆုံ​ခိုက် မြန်မာ​နိုင်ငံ​ရဲ့ တုန်လှုပ်​စ​ပြု​နေ​တဲ့ နိုင်ငံ​ရေး အနေအထား​အချို့​ကို မေးမြန်း​ကြည့်​လိုက်​တော့ “နိုင်ငံသား​တစ်​ယောက်​ရဲ့​သုံးသပ်​ချက်​ကို သုံးသပ်​နိုင်​လောက်​အောင် အသိ​ဥာဏ်၊ အတွေ့​အကြုံ​လဲ ကျွန်တော့​မှာ မ​ကြွယ်​ဝ​ပါ​ဘူး။ ကျွန်တော်​တို့ မျှော်လင့်​ထား​တာ ၂​၀​၁​၄ ထက် ၂​၀​၁​၅ က​ပို​ပြီး ငြိမ်း​ချမ်း​ပါ​စေ။ ပို​ပြီး​အေးချမ်း​ပါ​စေ​လို့​ဆုတောင်း​ထား​တာ။ ဒါပေမဲ့ ကျွန်တော်​တို့ ဆုတောင်း​မ​ပြည့်​ဘူး​ဗျ။ သ​တင်း​တွေ​လဲ ကြား​နေ​ကြ​မှာ​ပေါ့​ဗျာ။ ကျောင်းသား​တွေ ရှိ​သ​လို အလုပ်​သမား​တွေ​လဲ ရှိ​တယ်။ ကိုယ့်​တိုင်း​ရင်း​သား တပ်​မတော်​သား​တွေ​ပဲ ကျ​ဆုံး​နေ​တယ်။ စိတ်​မ​ကောင်း​ဘူး။ ကျွန်တော်​တို့​က ကြား​ထဲ​က ပြည်​သူ​ပါ။ ဘယ်​ပါ​တီ၊ ဘယ်​အသွေး​အရောင်​မှ မဟုတ်​ပါ​ဘူး။ ပြည်​သူ​တွေ ဆင်းရဲနွမ်းပါး ဒုက္ခရောက်​လှ​ပါ​ပြီ။ ကျွန်တော်​တို့​မြန်မာ​လူ​မျိုး​တွေ နိုင်ငံ​တကာ​ကို သွား​ရင် အောက်​တန်း​နောက်​တန်း​ကျ​လှ​စွာ ကျွန်တော်​တို့ သူခိုး​ဓား​မြ​တွေ​လို အဆက်​ဆံ ခံ​ရ​ပါ​တယ်။ ကျွန်တော်​တို့​နိုင်ငံ​ကို ပြန်​ထူထောင်​ကြ​မယ်​ဆို​ရင် ဒီ​နေ့​ဖြစ်​နေ​တဲ့ အဖြစ်အပျက်​တွေ​ကို ကြည့်​လိုက်​မယ်​ဆို​ရင် ဖြစ်​နေ​တုန်း အနာ​လေး​ကို ဆေး​မ​ကု​ပဲ တ​ကယ့်​ရောဂါ အရင်းအမြစ်​ကို ရှာ​ကြ​ဖို့​လို​ပါ​တယ်။ ကျွန်တော်​တို့ နိုင်ငံ​ရဲ့ ကောင်း​ရာ​ကောင်းကျိုး​ကို လုပ်​နိုင်​တဲ့ သူ​က ရေတွက်​ကြည့်​ရင် လက်​ငါး​ချောင်း မ​ပြည့်​ပါ​ဘူး။ အဲ့​ဒီ​ပုဂ္ဂိုလ်​တွေ​ဟာ မိမိ​တို့​ရဲ့ အတ္တ​ကို ဖယ်ရှား​ပြီး​တော့ ပြည်​သူ​ပြည်​သား​တွေ​ကို ကိုယ့်​ရဲ့​ရင်​ဝယ်​သား​ကဲ့သို့ သဘောထား​ပြီး သဘောထား​ကြီး​စွာ ချင့်ချိန်​စွာ အရှည်​တွေး​စွာ ပဋိပက္ခ​နည်းပါး​စွာ​နဲ့ အပြောင်း​အလဲ​တစ်​ခု​ကို ရှေး​ရှု​စေ​ချင်​ပါ​တယ်။

မြန်မာ​နိုင်ငံသား အချင်းချင်း​ပစ်​လို့​ဘယ်​သူ့​ဖက်​က​ပဲ သေ​သွား​သေ​သွား ကျွန်တော်​တို့​သွေး​သား​ပါ​ပဲ။ ကျွန်တော်​တို့ မျက်ရည်ကျ​ပါ​တယ်။ ကျောင်းသား​တစ်​ယောက် အချုပ်​ခံ​ရ​လို့၊ အရိုက်​ခံ​ရ​တဲ့​အခါ​မှာ​လဲ ကျွန်တော်​တို့ မျက်ရည်ကျ​ပါ​တယ်။ တပ်​မတော်​သားတစ်​ဦး ကျ​ဆုံး​တယ်​ဆို​ရင်​လဲ သူ့​မိသား​စု​နဲ့ ထပ်တူ ခံစား​ရ​ပါ​တယ်။ အဲ့​ဒီ​တော့ ကျွန်တော်​တို့​တွေ၊ ကျောင်းသား​နဲ့​တပ်​မတော်​သား၊ တပ်​မတော်​သား​နဲ့ သံဃာ၊ တပ်​မတော်​သား​နဲ့​ပြည်​သူ​ဒါ​တွေ​ဟာ အရင်​တုန်း​က​အလွန်​ကို​ကြည်ဖြူ​တဲ့ ခေတ်​တစ်​ခေတ်​ရှိ​ခဲ့​ဖူး​ပါ​တယ်။ တပ်​မတော်​ဆို​တာ တ​ကယ့်​ကို တိုင်း​ပြည် ကို​ကာ​ကွယ်​တဲ့ သူရဲကောင်း​တွေ​လို့ လူ​တွေ​လေးစား​တဲ့ ခေတ်​တစ်​ခေတ်​ရှိ​ခဲ့​ဖူး​ပါ​တယ်။ ကျွန်တော့​အဖေ​က BIA BBA မှာ​ပါဝင်​လာ​တဲ့ တပ်သား​ဟောင်း​ကြီး​ပါ။ အဲ့​ဒီ​တော့ အဲ့​လို လေးစား​လောက်​တဲ့ တပ်​မတော်​ကြီး​ကို ဒီ​က​နေ့​တစ်ဖက်​နဲ့​တစ်ဖက် ဖြစ်​ပျက်​နေ​တာ​တွေ​ကို အားလုံး​က သင်ပုန်း​ချေ​ဖို့​လို​ပါ​ပြီ။ ခု​ကျောင်းသား​တွေ​ပြန်​ပြီး​တော့​မှ မ​ထ​ဘူး​ဆို​တာ​လဲ တချို့​က မြင်​ကောင်း​မြင်​ပါ​လိမ့်​မယ်။ လိုက်လျော​ပေး​တာ​တောင် မ​ထ​ဘူး​လား​ပေါ့။ သူ​တို့​ရင်​ထဲ​မှာ​လဲ သံသယ အစိုင်အခဲ ရှိ​တတ်​တယ်​လေ။ ကျွန်တော့​ဘ၀ အသက်​၅​၆​မှာ ဖြတ်​သန်း​လာ​တဲ့ ဘဝ​တစ်​လျှောက် အုပ်ချုပ်​လာ​တဲ့ အစိုးရ​က ကတိ​တွေ အမျိုး​မျိုး​ပေး​ခဲ့​ဖူး​တယ်။ ပြီး​တော့ အဲ့​ဒီ​ကတိ​တွေ သူ​တို့​ပဲ ပြန်​ဖျက်​သွား​ကြ​တယ်​ဗျာ။ ကျွန်တော်​တို့​မျိုး​ဆက်​ဖြစ်​တဲ့ ဒီ​ကလေး​တွေ​လဲ သူ​တို့​မှာ မ​ယုံ​ရဲ​ဘူး​ပေါ့။ ဒီ​သဘော​တွေ​ဖြစ်​ပါ​တယ်။ အဲ့​ဒီ​တော့ နှစ်​ဖက်​လုံး သဘောထား​ကြီး​စွာ​နဲ့ ပဋိပက္ခ​အသွင် မ​ရောက်​သွား​အောင် သဘောထား​ကြီး​စွာ​နဲ့ ဆင်​ဆင်ခြင်​ခြင် ထိန်းထိန်း​သိမ်း​သိမ်း လုပ်​ပေး​ကြ​ပါ။ တိုင်း​ပြည်​ကို အုပ်ချုပ်​ဦးဆောင်​နေ​တဲ့ မိဘ​သဖွယ်​ဖြစ်​တဲ့ နိုင်​ငံတော် ခေါင်းဆောင်​ကြီး​များ​နဲ့ ဒေါ်​အောင်​ဆန်း​စု​ကြည်​လို ပါ​တီ​ခေါင်းဆောင်​ကြီး​များ ကျွန်တော်​တို့​ထက်​ပို​ပြီး အသိ​ဥာဏ်​ကြွယ်​ဝ​ပါ​တယ်။ ကျွန်တော်​ပြည်​သူ​တွေ ကိုယ်စား မေတ္တာရပ်ခံ​ပါ​တယ်။ ကျွန်တော်​တို့​ပြည်​သူ​တွေ အရမ်း​ကို ဆင်းရဲ​ပင်ပန်း​လှ​ပါ​ပြီ။ ကျွန်တော်​တို့​ကို ကယ်​ပါ” လို့ သူ​က ပြော​ပြ​သွား​ပါ​တယ်။

Credit to Trend Myanmar