သိန်း​ပေါင်း သောင်း​ချီ​တန်​တဲ့ ကွန်​ဒို​တိုက်ခန်း ကြော်ငြာ​တွေ​ကို သတင်းစာ၊ ဂျာနယ်​တွေ​မှာ ခပ်​စိပ်⁠စိပ်​တွေ့​လာ​ရ​ပါ​တယ်။ နောက်​ပြီး အိမ်​ခြံ​မြေ​ပွဲစား​တွေ​ရဲ့ မြို့​သစ် မြေကွက်​ဈေးကောင်း​ပေး​ဝယ်​မယ်​ဆို​တဲ့ ကြော်ငြာ​ဖြတ်​ပိုင်း​တွေ​ကို အများ​အပြား​တွေ့​လာ​ရ​ပါ​တယ်။ မြို့​သစ်၊ မြို့​စွန်၊ မြို့​လယ်​က မြေကွက်​တွေ​နဲ့ နာ​မည်ကျော် ကွန်​ဒို​အခန်း​တွေ​ရဲ့​ဈေးနှုန်း၊ နိုင်​ငံတော်​က အိမ်​ခြံ​မြေ​အရောင်းအဝယ်​အတွက် ကောက်ခံ​နေဲ​တဲ့​အခွန်​စနစ်၊ ဘယ်​လို​လူ​တန်း​စား​မျိုး​တွေ​က ဘယ်​လို​နေရာ​တွေ​မှာ ဘယ်​လို​နေထိုင်​ကြ​သလဲ​ဆို​တာ​ကို သည်​တစ်​ပတ်​မှာ မဇ္ဈိမ​က ချဉ်းကပ်​ကြည့်​မှာ​ဖြစ်​ပါ​တယ်။

Condo မှ​သည် Residence ဆီ​သို့

ယခု​လ​ပိုင်း​အတွင်း​မှာ​ပဲ ကွန်​ဒို​တိုက်​ခန်းကြော်​ငြာ​တွေ​ဟာ သတင်းစာ၊ ရုပ်​သံတွေ​မှာ ကြော်ငြာ​တွေ ဖော်​ပြ​လာ​ပါ​တယ်။ သ​တင်း​မီ​ဒီ​ယာ​သမား​တွေ​ကို ဖိတ်ကြား​ပြီး သတင်းစာ​ရှင်းလင်း​ပွဲ​တွေ​လည်း လုပ်​ကြ​ပါ​တယ်။ နိုင်ငံ​တကာ​အဆင့်​မီ​အောင် စင်​ကာ​ပူ​က ပညာ​ရှင်​တွေ၊ မလေးရှား​က​ပညာ​ရှင်​တွေ ကိုယ်တိုင်​လာ​ရောက် အကောင်​အထည်ဖော်​ကြ​မယ်​လို့ ဆို​ပါ​တယ်။ ကမ္ဘာ့​အဆင့်​မီ​အောင် နောက်​ဆုံးပေါ် နည်း​ပညာ​တွေ​ကို အသုံးပြု
သွား​မယ်​လို့ ဆို​ပါ​တယ်။

ရွှေ​နန်းတော် ရွှေ​ဆိုင်​ပိုင်​ရှင် ဒေါက်​တာ အောင်ကျော်​ဝင်း​က သူ​အကောင်​အထည်ဖော်​သွား​မယ့် ကွန်​ဒို​နဲ့​ပတ်သက်​ပြီး ‘ကိုယ်​အပြင်​က​နေ​ပြန်လာ​ရင် အခန်း​ထဲ​ကို​မ​ရောက်​ခင် ကား​ပါ​ကင်​က​နေ​ပြီး I Pad နဲ့ ကိုယ့်​အခန်း​က လိုက်ကာ​တွေ​ကို ကြို​ဖွင့်​တာ​မျိုး၊ Air-Con ကြို​ဖွင့်​တာ​မျိုး​တွေ​ပါ လုပ်​နိုင်​မယ့် နည်း​ပညာ​တွေ အသုံးပြု​သွား​ပါ​မယ်။

ငွေ​ကြေး​အရ အမြတ်အစွန်း ရ​တာ​မျိုး​ထက် အခန်း​ဝယ်​ယူ​အားပေး​သူ​တွေ စိတ်​ချမ်းသာ​အောင်​ပို​ပြီး ဦးစားပေး​သွား​မှာ ဖြစ်​ပါ​တယ်။ အခန်း​ဝယ်​ယူ​အားပေး​တဲ့ သူ​တွေ​ကို i pad တစ်​လုံး​စီ လက်ဆောင်​ပေး​သွား​ဖို့​လည်း ရှိ​ပါ​တယ်’ လို့ မီ​ဒီ​ယာ​တွေ​နဲ့ တွေ့​ဆုံ​တုန်း​မှာ ပြော​ခဲ့​ဖူး​ပါ​တယ်။ သူ​တို့​ရဲ့ စကားလုံး​အသုံး အနှုန်း​အရ သူ​တို့ တည်ဆောက်​မယ့် အခန်း​တွေ​ဟာ Condo အဆင့်​ထက်​ပို​ပါ​တယ်။ Residence လို့ စကားလုံး သုံး​ပါ​တယ်။ အဆင့်​မြင့် ဇိမ်​ခံ​နေထိုင်​နိုင်​မယ်​လို့ ညွှန်း​ပါ​တယ်။

ရန်ကုန်မြို့​က ကွန်​ဒို​အရောင်းအဝယ်​ဈေး​ကို မ​တင်ပြ​ခင် ငှားရမ်း​ခ​နှုန်း​ထား​တွေ​ကို အရင်​တင်ပြ​ချင်​ပါ​တယ်။ အနိမ့်​ဆုံး​ကျပ် သိန်း​နှစ်​ဆယ် ဝန်းကျင်​က​နေ ကျပ်​သိန်း တစ်​ရာ​နီးပါး​အထိ ခေါ်​ဈေး​ရှိ​တာ​ကို​တွေ့ ရ​ပါ​တယ်။ အိမ်​ခြံ​မြေ ဝန်​ဆောင်​မှု​လုပ်​ငန်း ရှင်​များ​အသင်း​ရဲ့ ထုတ်​ပြန်​ချက်​တွေ​အရ သိ​ရ​တာ​ဖြစ်​ပါ​တယ်။ အဓိက ငှားရမ်း​အသုံးပြု​ကြ​သူ​တွေ​က ပြည်​ပ​လုပ်​ငန်း​ရှင်​တွေ​နဲ့ အဖွဲ့​အစည်း​တွေ​ဖြစ်​ပါ​တယ်။ အရောင်းအဝယ်​ဈေး​ကတော့ ကျပ် သိန်း​နှစ်​ထောင် ဝန်းကျင်​က​နေ ကျပ် သိန်း​တစ်​သောင်းကျော် အထိခေါ်​ဈေး​ရှိ​ကြ​တာ​ကို တွေ့​ရ​ပါ​တယ်။

အိမ်​ခြံ​မြေ​ဈေး ဘာ​ကြောင့်​မြင့်

မြန်မာ​နိုင်ငံ​ရဲ့​စီးပွား​ရေး​လည်ပတ်​မှု​ဟာ ငွေ​ကြေး၊ ရွှေ၊ အိမ်​ခြံ​မြေ၊ မော်တော်​ကား စ​တာ​တွေ​ကို အလဲ​အထပ်​အရောင်းအဝယ်​လုပ်​ပြီး လည်ပတ်​ခဲ့​တဲ့ အခြေအနေ​မျိုး ရှိ​ခဲ့​ပါ​တယ်။ အစိုးရ​အပြောင်း​အလဲ​ဖြစ် ပြီး​နောက်​ပိုင်း​မှာ​တော့ မော်တော်​ကား ဈေး​ကွက်​က​လုံး​ဝ ပျက်​သွား​ပါ​တယ်။ ရွှေ​နဲ့​ငွေ​ကြေး​က မှန်​တန်း​သာ ရှိ​ပါ​တော့​တယ်။

ရင်းနှီး​မြှုပ်​နှံ​သူ​တွေ အဓိက မျက်စိ​ကျ​လာ​တာ​က အိမ်​ခြံ​မြေ​ဖြစ်လာ​ပါ​တယ်။ ဒါ​ကြောင့်​သည် အချိန်​မှာ အိမ်​ခြံ​မြေ​ဈေး​ကွက်​ဟာ ခိုင်မာ​မှု​အရှိ​ဆုံး ရင်းနှီး​မြှုပ်​နှံ​မှု​ဖြစ်လာ​တာ​ဖြစ်​ပါ​တယ်။ ရေပန်း​စား​ခိုင်မာ​မှု​နဲ့​အတူ ငွေ​ပင်​ငွေရင်း​ကြီး​သူ​တွေ​ရဲ့ ကစား​အား​ကြောင့် အခု​လို​ခေါင်​ခိုက်​လာ​တာ​ဖြစ်​တယ်​လို့ စီးပွား​ရေး​လေ့​လာ​သူ စာရေး​ဆရာ​သန်း​စိုး (ဘော​ဂ​ဗေဒ)က သုံးသပ်​ပါ​တယ်။

‘သတင်းစာ​ထဲ​က မြို့​သစ်​မြေကွက် ဈေးကောင်း​ပေး​ဝယ်​တယ်​ဆို​တဲ့ ကြော်ငြာ​တွေ​ဟာ ပိုက်​ဘော​ဖြုတ်​တဲ့ အကွက်​ဖြစ်​ပါ​တယ်။ ဒ​လ​မှာ ကို​ရီး​ယား​က တံတားထိုး​မယ်၊ စက်​မှု​ဇုန်​စီမံ​ကိန်း​လုပ်​မယ်၊ မြို့​သစ်​စီမံ​ကိန်း​လုပ်​မယ် ဆို​တာ​တွေ​က​လည်း ပိုက်​ဘော​ဖြုတ်​ကွက်​တွေ​ပဲ ဖြစ်​ပါ​တယ်။ တတ်နိုင်​တဲ့ သူ​တွေ​က မြို့​သစ်​မှာ မြေကွက်​လေး​ငါး​ဆယ် ကွက်​ဝယ်​ပါ​တယ်။ ပြန်​ရောင်း​ချင်​တဲ့​အခါ ဈေးကောင်း​ရအောင် ကိုယ့်​လူ​နဲ့ ကိုယ်​တစ်​ကွက်​လောက်​ကို ဈေး​အမြင့်​နဲ့ အရောင်းအဝယ်​လုပ်​ပါ​တယ်။ အဲ​ဒီ​အခါ​မှာ ပတ်ဝန်းကျင်​က မြေ​ဈေး​တွေ​ပါ​လိုက်​တက်​လာ​ပြီး အကုန်​လုံး ဈေး​အမြင့်​ဖြစ်​သွား​ပါ​တယ်။ သတင်းစာ​ထဲ​မှာ ကြော်ငြာ​ထည့်​တယ်​ဆို​တာ​က ကုန်ကျ​ငွေ​သောင်း​ဂဏန်း​ပဲ​ရှိ​ပါ​တယ်။ ဒါပေမဲ့ ဈေး​ကွက်​အလှုပ်​အရမ်း ဈေး​ကွက်​ကောလာဟလ၊ ဈေးနှုန်း အပြောင်း​အလဲ​က ကြောက်​ခမန်း​လိလိ မြန်​လာ​ပါ​တယ်။ ဒီ​အကွက်​ကို ငွေ​ထုပ်​ကြီး⁠ကြီး​ကိုင်​ပြီး အိမ်​ခြံ​မြေ ဝယ်​လှောင်​ထား​သူ​တွေ လုပ်​လေ့​ရှိ​ပါ​တယ်’ လို့ ဆရာ​သန်း​စိုး​က​ဆို​ပါ​တယ်။

‘မြို့​သစ်​စီမံ​ကိန်း​ကို ရပ်ဆိုင်း​သင့်​တာ​ပဲ။ ဘာ​လို့​လဲဆို​တော့ Location အရ အဲ​ဒီ​မှာ​နေ​တဲ့​သူ​တွေ ဘယ်​လမ်း​က ထွက်​မ​လဲ​စဉ်းစား၊ ရေ​က​ဘယ်​ကရ​မ​လဲ​စဉ်းစား၊ အဲ​ဒီ​လို​နေရာ​မျိုး​မှာ စီးပွား​ရေး​စက်​မှု​ဇုန်​ပဲ​လုပ် သင့်​တယ် လူ​နည်း⁠နည်း​နေ​ပြီး များ⁠များ​ဝင်ငွေ​ရ​တယ်။ မြို့တည်​ဖို့​စီမံ​ချက်​ဆို​ရင်​တော့ ကန့်ကွက်​တယ်။ Industry လုပ်​မယ့် ရည်​ရွယ်​ချက်​ဆို​ရင်​တော့ ထောက်ခံ​တယ်။ ရန်ကုန်​မှာ အားလုံး​ပြုံ​တိုး​နေ​တဲ့ ပြဿနာ​ကို​လည်း ဖြေ​ရှင်း​နိုင်​မယ်’ လို့ ဇေ​ကမ္ဘာ ဦး​ခင်​ရွှေ​က ရပ်ဆိုင်း​လိုက်​တဲ့ မြို့​သစ်​စီမံ​ကိန်း အပေါ်​သူ့​အမြင်​ကို ပြောထား​ပါ​တယ်။

ဒါ​တွေ​က အိမ်​ခြံ​မြေ​ဈေး​ဘာ​ကြောင့် မြင့်​ရ​တယ်​ဆို​တာ​ကို အကြမ်း​ဖျင်း​ချဉ်းကပ် ကြည့်​တာ​ပဲ​ဖြစ်​ပါ​တယ်။ ဒီ​ထက် ပို​နက်နဲ​တဲ့ လုပ်​နည်း​လုပ်​ဟန်​တွေ၊ ဈေး​ကစား​မှု​တွေ​ရှိ နေ​နိုင်​ပါ​သေး​တယ်။ အိမ်​ခြံ​မြေ ဈေးနှုန်း​မြင့်​ရ​တဲ့ အခြေအနေ​မှာ အစိုးရ​အဖွဲ့​ဝင်​တွေ​ရဲ့ ပါဝင်​ပတ်သက်​မှု အပိုင်း​ကို​လည်း အနည်း​င​ယ ္​ဆက်လက်​တင်ပြ​ချင်​ပါ​သေး​တယ်။

အခွန်​နှုန်း​ထား ဘာ​ကြောင့်​ကစား​ကြ​သလဲ

အစိုးရ အပြောင်း​အလဲ​မ​ဖြစ်​ခင် အိမ်​ခြံ​မြေ အရောင်းအဝယ်​ခွန်​က ၅​၀ ရာ​ခိုင်​နှုန်း​အထိ ရှိ​ခဲ့​ပါ​တယ်။ အစိုးရ​အပြောင်း​အလဲ ဖြစ်​ပြီး​နောက်​ပိုင်း​မှာ​တော့ ၃​၅ ရာ​ခိုင်​နှုန်း၊ လက်​ရှိ​မှာ​တော့ မြို့​နယ် တည်​နေရာ​အလိုက် ရာ​ခိုင်​နှုန်း သတ်​မှတ်​လိုက်​တာ​မျိုး​တွေ ဆင့်ကဲ​ပြောင်းလဲ​လာ​ပါ​တယ်။

ဒီ​အပြောင်း​အလဲ​တွေ​နဲ့ ပတ်သက်​ပြီး မြန်​မာ့​ဓန​မဂ္ဂဇင်း အယ်​ဒီ​တာ​ချုပ် ဦး​သီ​ဟ​စော​က ‘အရင်​အစိုးရ လက်ထက်​က သာမန်​စီးပွား​ရေး လုပ်​ငန်း​ရှင်​တွေ​က သူ​တို့​နဲ့​ယှဉ်​ပြီး အိမ်​ခြံ​မြေ​ဈေး မက​စား​နိုင်​အောင် အခွန်​ကို အနိမ့်​အမြင့်​လုပ်​ချင်​တိုင်း လုပ်​ခဲ့​တာ​ဖြစ်​တယ်။ အစိုးရ​လူ​တွေ ဝယ်​ချင်​ပြီ​ဆို​ရင် အခွန်​နှုန်း​ကို လျှော့​ချ​လိုက်​တယ်။သူ​တို့​ရောင်း​မယ်​ဆို​ရင် အခွန်​ကို​ချက်ချင်း ပဲ​ပြန်​တင်​လိုက်​တယ်။ အဲ​ဒီ​လို​ရှိ​တယ်’ လို့ သုံးသပ်​ပါ​တယ်။ တန်ဖိုး​မြင့် မြေကွက်၊ အခန်း​တွေ​ကို စိတ်​ကြိုက် ခြယ်လှယ်​နေ​ကြ​သူ​တွေ​ရဲ့ လုပ်​ရပ်​တွေ​နဲ့ ပတ်သက်​ပြီး AGD ဘဏ်​ရဲ့ ဒါ​ရိုက်​တာ တစ်​ဦး​ဖြစ်​တဲ့ ဦး​စိုး​သိန်း​က ‘အိမ်ခန်း​တွေ တစ်​ခန်း​ပြီး တစ်​ခန်း ဝယ်​နေ​တာ​ပဲ။ ဒီ​လူ​တွေ​ပဲ။ သူ​တို့ ဝင်ငွေ​ရ​လမ်း​ကို ပြ​နိုင်​ရ​မယ်။ နိုင်​ငံတော်​ကို အခွန်​ဆောင်​ရ​မယ်။ ဒီ​အတွက် ပွင့်လင်း​မြင်သာ​မှု ရှိ​ရ​မယ်။ ပွင့်လင်း​မြင်သာ​မှု ရှိ​ဖို့​ဆို​တာ​က တာဝန်​ခံ​မှု​ရှိ​ရ​မယ်။ နောက်​တစ်​ခု​က ရိုးသား​မှု​ရှိ​ဖို့​လို​တယ်။ ကိုး​ရီး​ယား​မှာ ဖယ်​ရီ​ကား​မှောက်​တယ်။ ဘာ​ဆိုင်​လို့ ဝန်ကြီး​ချုပ်​က အလုပ်​ထွက်​ဖို့ စီစဉ်​တာ​လဲ။ အဲ​ဒါ တာဝန်​ယူ​မှု​ပဲ။ ဒီ​မှာ ကိုယ်လုပ်​တဲ့ လုပ်​ငန်း​ကြီး တစ်​ခု​လုံး ဆုံးရှုံး​သွား​တယ်။ ဘယ်​သူ တာဝန်​ယူ​လဲ။ ၁​၉​၇​၀ ကတည်းက

နိုင်ငံ​တစ်​နိုင်ငံ​လို့​က ချေး​ငွေ​တွေ​နဲ့ ပတ်သက်​တဲ့ စာရင်း​တွေ ကျွန်တော့် လက်​ထဲ​မှာ ရှိ​တယ်။ အဲ​ဒီ​ထဲ​က မ​အောင်မြင်​တဲ့ လုပ်​ငန်း​တွေ ဆွဲထုတ်​ပြ​စရာ အများ​ကြီး​ရှိ​တယ်။ အဲ​ဒီ​လို​ပြော​ရ​ရင် ဘယ်လောက် အလွဲ​သုံး​စား​ဖြစ်​ခဲ့​တယ်။ ဘယ်လောက်​ရှုံး​ခဲ့​တယ် ဆို​တာ​ကို ပြော​ပါ​ဆို​ရင် ကျွန်တော် မြန်မာ​ပြည်​မြေပုံ​နဲ့ စီမံ​ကိန်း​နာမည်​နဲ့ ထောက်​ပြ​မယ်။ သဘော​တရား​ပြော​တာ ရှင်း​ရဲ့​လား။ ဒီ​လို​ပဲ အမှား​မှား အယွင်း​ယွင်း​တွေ လုပ်​လာ​တယ်။ နိုင်​ငံတော်​က ဘီ​လျံ​ချီ ဆုံးရှုံး​သွား​တယ်။ ဒါပေမဲ့ ဘယ်​ဝန်ကြီး အရေးယူ​လိုက်​တယ် ဆို​တာ​ရှိ​သလဲ။ အဲ​ဒီ​လို တာဝန်​ယူ​မှု မ​ရှိ​သ​ရွေ့ ပွင့်လင်း​မြင်သာ​မှု ဘယ်​တော့​မှ​မ​ရ​ဘူး’ လို့ သုံးသပ်​ထား​ပါ​တယ်။

နိုင်​ငံတော်​ဘဏ္ဍာ​ငွေ​ကို အလွဲ​သုံး​စား မ​လုပ်​ကြ​ဖို့

လွန်​ခဲ့​တဲ့ အခြေအနေ​တွေ​ကို ပြန်ဖော်​ထုတ်​ဖို့​ထက် ရှေ့​ဆက်​ခရီး​မှာ ပြည်​သူ​တွေ သက်​သောင့်​သက်သာ​ရှိ​မယ့် လမ်း​ကို​ချဉ်း ကပ်​နိုင်​ဖို့​က ပို​အရေး​ပါ​မယ်​လို့ ယူဆ​ချင်​စရာ ရှိ​ပါ​တယ်။ ရှေ့​ဆက်​သွား​မယ့် ခရီး​အတွက် ဦး​စိုး​သိန်း​က ‘ပွင့်လင်း​မြင်သာ​မှု​က​နေ ဘာ​အကျိုး​တွေ ရ​နိုင်​သလဲ​ဆို​တာ​က စိတ်ဝင်စား​ဖို့​ကောင်း​တယ်။ ခင်ဗျား ချ​ပြ​ရ​တော့​မယ်​ဆို​ရင် ခင်ဗျား​ကောင်း​ကောင်း လုပ်​တော့​မယ်။ ဘာ​လို့ မှားယွင်း​ခဲ့​သလဲ​ဆို​ရင် ဘယ်​သူ့​မှ ပြ​စရာ​မ​လို​ဘူး။ ဘယ်​သူ့​မှ ဂရုစိုက်​စရာ မ​လို​ဘူး။ လုပ်​ချင်​တာ​လုပ် လာ​မ​မေး​နဲ့။ ဒီ​လို​ချ​ပြ​စရာ​မှ​မ​လို​တာ ပွင့်လင်း​မြင်သာ​မှု​မှ ပေး​စရာ​မ​လို​ဘဲ ထင်​ရာ​လုပ်​တာ​ပေါ့။ ပွင့်လင်း​မြင်သာ​မှု​မ​ရှိ​ရင် တာဝန်​ယူ​မှု​က ပျောက်​သွား​မှာ​ပဲ။ ဒါ​က​အပြန်​အလှန် ဆက်​သွယ်​နေ​တာ​ပါ​ပဲ။ ဒါ​တွေ​ရှိ​မှ လူ​သန်း​ငါး​ဆယ်​အတွက် အရင်းအမြစ်​ခွဲဝေ​နိုင်​မယ်။ ချမ်းသာ​တဲ့​လူ၊ ဆင်းရဲ​တဲ့​သူ၊ လူ​လတ်​တန်း​စား၊ အရမ်း​ဆင်းရဲ​တဲ့ သူ​တွေ​ရှိ​တယ်။ အဲ​ဒီ​လူ​တွေ​ရဲ့​လို​အပ်​ချက်​က တစ်​ယောက်​နဲ့​တစ်
ယောက်မ​တူ​ဘူး’ လို့ သုံးသပ်​ပါ​တယ်။

လွှတ်တော်​ထဲ​မှာ အမတ်​တွေ​ဝေဖန်​နေ​တဲ့ နိုင်​ငံတော်​ဘဏ္ဍာ​ငွေ​အရ အသုံး​စာရင်း​တွေ​ဟာ ပြည်​သူ​တွေ​ရဲ့ ဆင်းရဲ​ချမ်းသာ​ကွာ​ဟ​မှု​ကိုဖော်​ပြ​နေ​တဲ့ အချက်အလက်​တွေ​ပဲ ဖြစ်​ပါ​တယ်။ ဒီ​အချက်အလက်​တွေ ပွင့်လင်း​မြင်သာ​မှု​ရှိ​ဖို့ ပြည်ထောင်​စု​၏ ဘဏ္ဍာ​ငွေ​အရ အသုံး​ဆိုင်​ရာ ဥပဒေ​ဟာ အလွန်​အရေးကြီး​ပါ​တယ်။ အဲ​ဒီ​လ ို​အရေးကြီး​တဲ့ ဥပဒေ​ကို အခု ၂​၀​၁​၄ ခု​နှစ် မတ်​လ ၂​၈ ရက်​နေ့​က​မှ ပြည်ထောင်​စု လွှတ်တော်​က ပြဋ္ဌာန်း​နိုင်​ခဲ့​ပါ​တယ်။ အဲ​ဒီ​ဥပဒေ​ပါ ပြဋ္ဌာန်း​ချက်​တွေ​ဟာ​လည်း ၂​၀​၁​၄-၁​၅ ဘဏ္ဍာ​ရေး​နှစ်​အတွက် ဧပြီ ၁ ရက်​က​မှ စတင် အကျိုး​သက်ရောက်​ခဲ့​တာ ဖြစ်​ပါ​တယ်။ ရှေ့​ဆက်​ခရီး​ကတော့ နည်း⁠နည်း​ပို​ကောင်း​လာ​မ​လား မျှော်လင့်​ချင်​စရာ​ပါ။ နိုင်ငံ​ရေး​သမား​တွေ​နဲ့ စီးပွား​ရေး​သမား​တွေ​ရဲ့ အား​ပြိုင်​မှု​အောက်​မှာ အခြေ​ခံ​ပြည်​သူ​တွေ ဘယ်​လို နေထိုင်​ကြ​ရသ​လဲဆို​တာ ဆက်လက်​စောင့်​ကြည့်​ရ​ဦး​မှာ​ပါ။

ဘယ်​အိမ်​ဝယ်​မ​လဲ၊ ဘယ်​နေရာ​နေ​မ​လဲ

ရန်ကုန်မြို့​မှာ လူ​ဦးရေ မြင့်​တက်​လာ​မှု​နဲ့​အတူ နေ​ရေး​လို​အပ်​ချက်​ဟာ​လည်း ကြီးမား​လာ​ပါ​တ​ယ။် ငှားရမ်း နေထိုင်​ဖို့​အတွက်​ကို ခက်​ခက်ခဲ​ခဲ​ရုန်း​ကန်​နေ​ရ​သူ​တွေ အများ​ကြီး​ရှိ​နေ​ပါ​တယ်။

စမ်း​ချောင်း​မြို့​နယ်၊ ရန်ကင်း ရန်ရှင်း​လမ်း​မှာ နေထိုင်​တဲ့ ကို​အေး​ကို⁠ကို​က ‘အပေါ်ထပ်​အခန်း​ကို တစ်​လ ရှစ်​သောင်း​ကျပ်​နဲ့ ငှား​နေ​လာ​တာ တစ်​နှစ်ကျော်​ပြီ။ အခု ဒီ​သီတင်းကျွတ်​လို့​ရှိ​ရင် ဆင်း​ပေး​ရ​တော့​မယ်။ အိမ်​ပိုင်​ရှင်​က ကန်​ထ​ရိုက်​ကို တိုက်ခန်း​ဆောက်​ဖို့ ပေးလိုက်​ပြီ။ ထမင်း​ကို ဘယ်​လို​ပဲ စား​ရ​စား​ရ။ အလုပ်​ကို ဘယ်​လို​ပဲ လုပ်​ရ​လုပ်​ရ။ ကိုယ်​ပိုင် နေ​စရာ​လေး တစ်​ခု​နဲ့​တော့ နေ​ချင်​တာ​ပေါ့။ ဒီ​လုပ်​အား။ ဒီ​ဝင်ငွေ​လောက်​နဲ့​တော့ အိပ်မက်​တောင် မ​မက်​ရဲ​ပါ​ဘူး​ဗျာ။ နောက်ထပ် နေ​စရာ​တစ်​ခု ရှာ​ရ​တော့​မယ်။ ပွဲစား​တွေ​နဲ့ စကားပြော​ရ​တော့​မယ်။ သန့်သန့်​ရှင်း⁠ရှင်း​လေး​နဲ့ နေ​လို့ ထိုင်​လို့​ရ​ဖို့ နေရာ​တစ်​ခု​ကို ရှာ​တွေ့​ဖို့​ဆို​တာ​လည်း လွယ်​တာ​မဟုတ်​ဘူး။ စမ်း​ချောင်း​က နေ​နောက်​မြို့​နယ်​ကို ပြောင်း​နေ​ဖို့ ဆို​ပြန်​တော့​လည်း သမီး​ပညာ​ရေး​ရှိ သေး​တယ်။ သမီး​က ၃ တန်း။

တခြား​မြို့​နယ်​မှာ သွား​နေ​လိုက်​ရင် ကလေး​ပညာ​ရေး ထိခိုက်​သွား​မယ်။ ကျွန်တော်​တို့ လက်​ရှိ​အခြေ​နေ​နဲ့ ဆို​ရက်​တော့ ဘယ်​မှာ​နေ​မယ်။ ဘယ်​အိမ်​ဝယ်​မယ်​ဆို​တာ​ထက် ငှား​နေ​ဖို့​အတွက်​တောင် မလွယ်​ကူ​တဲ့ ဘဝ​ပါ’ လို့ ဆို​ပါ​တယ်။

ဒ​ဂုံ​ဆိပ်ကမ်း​မြို့​နယ်၊ ယုဇန​ဥယျာဉ်​မြို့တော်၊ ၅ လမ်း (ဗ) မှာ​နေထိုင်​သူ မ​ခင်​မို့⁠မို့​က​လည်း ‘သမီး​တို့ ဒီ​မှာ​နေ​လာ​တာ ၈ နှစ်​လောက်​ရှိ​ပြီ။ အရင်​တုန်း​ကတော့ ယုဇန​ဆို​ရင် လူ​တွေ​အထင်​သေး​ကြ​တာ​ပေါ့။ တက္က​စီ​သမား​ဆို​လည်း မ​လိုက်​ချင်​ကြ​ဘူး။ လူ​တွေ​က​လည်း အငယ်​လေး​တို့​ရွာ ဘာ​ညာ​ပြော​ကြ​တာ​ပေါ့​လေ။ အခု​ကတော့ ဒီ​မှာ ဆင်းရဲ၊ ချမ်းသာ​အားလုံး​နေ​လာ​ကြ​ပါ​ပြီ။ မြို့​ထဲ​မှာ​လို လူ​မ​ထူထပ်​တော့ နေ​ရ​တာ အသက်​ရူ​ချောင်​တယ်​ပေါ့။

ဒီ​မှာ​နေ​လာ​တာ ကြာ​ပြီ​ဆို​တော့ မြို့​ထဲ​မှာ နေ​လို့​ထိုင်​လို့ မ​ရ​တော့​ဘူး။ တစ်​ခု​ရှိ​တာ​က ဒီ​မှာ​ရေ​တော့ လုံး​ဝ​မ​ကောင်း​ဘူး။ အနီ​ရောင်​တွေ​သန်း​ပြီး ရေ​က​သုံး​လို့ အဆင်​မ​ပြေ​ဘူး။ မီး​ကတော့ ပုံ​မှန်​ပဲ။ နောက်​ပြီး သွား​ရေး​လာ​ရေး ကား​အရမ်း​ကျပ်​တယ်။ ကျန်းမာ​ရေး​နဲ့ ပတ်သက်​လာ​ရင်​တော့ အခက်​အခဲ​တွေ​ဖြစ်​တယ်၊
ဆေး​ရုံ​ဆေး​ခန်း​တွေ ကောင်း⁠ကောင်း​မ​ရှိ​ဘူး။ ဘယ်​မှာ​နေ​မှာ​လဲ။ ဘယ်​အိမ်​ဝယ်​မှာ လဲဆို​တော့ ဒီ​မှာ​ပဲ​နေ⁠နေ​ရ​ဦး​မှာ​ပေါ့’ လို့​ဆို​ပါ​တယ်။

စီးပွား​ရေး​ပညာ​ရှင် ဦး​လှ​မောင်​က ရန်ကုန်မြို့​ရဲ့ အခြေအနေ​ကို ‘လူ​ဦးရေ လေး​သန်း၊ ငါး​သန်း အထက်​ဆို​ရင် မက်​ထ​ရို​ပို​လီ​တန်​စီး​တီး​လို့ ခေါ်​ကြ​တယ်။ လူ​ဦးရေ ဆယ်​သန်း​အထက် ကျော်သွား​ရင်​တော့ မက်​ဂါ​စီး​တီး​လို့​ပဲ အတိုကောက် ခေါ်​ကြ​တာ​ပေါ့။ ရန်ကုန်မြို့​ဟာ မဟာ​ရန်ကုန်​မြို့တော်​ကြီး ဖြစ်​သွား​ပြီ။ ဒီ​လောက် လူ​ဦးရေ​များ​တဲ့ မြို့တော်​ကြီး၊ မြို့တော်​ရဲ့​စုပ်​ယူ​အား၊ လက်ခံ​နိုင်​တဲ့ စွမ်းအား၊ လာ​အောင်​ဆွဲ​ဆောင်​နိုင်​တဲ့ စွမ်းအား၊ နယ်​တွေ​က​နေ​ပြီး​တော့ မှုတ်​အား​နဲ့ တွန်း​ပို့​လိုက်​တဲ့ Public Power ကြောင့် လူ​တွေ​က ရန်ကုန်​ကို တိုး​လာ​တယ်’ လို့​ဆို​ပါ​တယ်။ သူ​ပြော​သ​လို တိုး​လာ​တဲ့ လူ​ဦးရေ​နဲ့​အတူ၊ မိ​ချောင်း​ကန် သပိတ်​စခန်း​က ပြည်​သူ​တွေ​လို မြေ​အသိမ်းခံရ​သူ​တွေ ဆို​တာ​က​လည်း အစိုးရ​အပြောင်း​အလဲ စ​ဖြစ်​ကတည်းက တောက်​လျှောက်​ဆန္ဒ​ပြ​ကြ​တာ​များ​လွန်း​လို့

အကုန်​လုံး​ကို​တောင် မ​မှတ်မိ​တော့​ပါ​ဘူး။ အခြေ​ခံ ပြည်​သူ​တွေ​အတွက်​တော့ ဘယ်​အိမ်​ဝယ်​မ​လဲ၊ ဘယ်​နေရာ နေ​မ​လဲဆို​တဲ့ မေးခွန်း​ဟာ အဖြေ​ရ​ခက်​တဲ့ မေးခွန်း​သာ ဖြစ်​နေ​ရ​ပါ​ကြောင်း။

Credit to Mizzima