ည​တုန်း​က ထုံးစံ​အတိုင်း သူငယ်ချင်း​တွေ​နဲ့ ဝိုင်းဖွဲ့​မိ​တော့ ကျွန်တော် အိမ်​ပြန်​နောက်ကျ​တယ် ။ကျောက်​မြောင်း​က အင်​တာ​နက်​ဆိုင်​မှာ အင်​တာ​နက်​ဝင်​သုံး​ပြီး ပြန်​ထွက်​လာ​တော့ ည​တစ်​နာရီ​ခွဲ​နေ​ပြီ ။ကျွန်တော်​နေ​တဲ့ (၁​၂​၁)လမ်း​ကို လမ်းလျှောက်​ပြန်လာ​တုန်း မင်္ဂလာ​ဈေး​ရှေ့​မှာ လူ​တစ်​ယောက်​သွေး​အိုင်​ထဲ လဲ​နေ​တာ​တွေ့​လိုက်​တယ် ။ဘေး​နား​မှာ လူ​သုံး​လေး​ယောက်​လဲ အုံ​လို့​ပေါ့..။အက်​စီး​ဒင့်​တစ်​ခု​ကြောင့်​လို့ ယူဆ​ရ​ပါ​တယ် ။လူ​တွေ​က တစ်​ယောက်​မှ အနား​မ​ကပ်​ရဲ​ကြ​ဘူး ။
နိုက်​ကလပ်​ဝိတ်​တာ​ဝတ်​စုံ​နဲ့​လူ​နှစ်​ယောက်​ရယ် ၊ တက္က​စီ​သမား​တစ်​ယောက်​ရယ် ၊ မူး​နေ​ပုံ​ရ​တဲ့​လူ​နှစ်​ယောက်​ရယ် ၊ သူ​တို့​နဲ့​အတူ​ပါလာ​ပုံ​ရ​တဲ့ ပိန်⁠ပိန်​သေး​သေး ညဉ့်​ငှက်​မ​လေး​တစ်​ယောက်​ရယ် ဘေး​မှာ​ရှိ​နေ​တယ် ။လူ​က အသက်(၄​၀)လောက် ၊ သွေး​အိုင်​ထဲ​မှာ ဖြူ​လျော့​နေ​ပြီ ။

ဆောင်း​ဝင်​ခါ​စ ရန်ကုန်​ရာသီ​ဥတု​နဲ့ ကတ္တ​ရာ​လမ်းမ​မှာ ဒီ​တိုင်း​ဆက်​ထား​ရင် သေ​ဖို့​ပဲ​ရှိ​ပါ​တော့​တယ် ။“ဟေ့​လူ တွေ ဒီ​တိုင်း​ကြည့်​နေ​လို့​မ​ဖြစ်​ဘူး​ဗျ သွေးတိတ်​အောင် တစ်​ခု⁠ခု​လုပ်​မှ​ဖြစ်​မယ်”ကျွန်တော် အဲ​ဒီ​လို အော်​ပြော​လိုက်​တော့ ကျွန်တော့်​ကို အားလုံး​က ကြောင်တောင်တောင်​နဲ့ ကြည့်​နေ​ပါ​တယ် ။ဝိတ်​တာ​တစ်​ယောက်​က သွား​မ​ကပ်​နဲ့​အကို ပြသ​နာ​တက်​နေ​မယ် လို့​လည်း ပြော​ပြန်​တယ် ။လွန်​ခဲ့​တဲ့ တစ်​နာရီ​လောက်​ကတည်းက လဲ​နေ​တာ​လို့​လည်း လမ်း​ဘေး​ဈေးသည်​တစ်​ယောက်​က ဝင်​ပြော​တယ် ။

ရဲ​စခန်း​က ဖုံး​မ​ကိုင်​ဘူး​ဆို​တဲ့ အသံ​က​လည်း​ထွက်​လာ​တယ် ။ကျွန်တော်​လည်း ပြသ​နာ​တွေ ဘာ​တွေ သိပ်​စဉ်းစား​မ​နေ​တော့​ပါ​ဘူး ။လူ​တစ်​ယောက် မ​သေ​သင့်​ဘဲ သေ​သွား​မယ့် ကိစ္စ​ကို ဒီ​လို​ကြီး ကျွန်တော်​ခွင့်​မ​ပြု​နိုင်​ဘူး ။အဲ​ဒါ​နဲ့ ကျွန်တော်​ကျော​ပိုး​အိတ်​ထဲ​မှာ​အသင့်​ပါလာ​တဲ့ အမေ​ဝယ်​ပေးလိုက်​တဲ့ ပုဆိုး​အသစ်​လေး​ကို​ထုတ်​ပြီး ဒီ​လူ​ဘေး​မှာ ထိုင်​ချ​ပြီး ခေါင်း​က ဒဏ်ရာ​နေရာ​ကို သွေးတိတ်​အောင်​စီး​ပေးလိုက်​ပါ​တယ် ။ပြသ​နာ​တက်​မှာ ကြောက်​ကြ​ရှာ​တဲ့ ကိုယ့်​ဆရာ​သမား​များ​ကတော့ နည်း⁠နည်း​လေး​တောင် လာ​မ​ကူညီ​ဘေး​ပဲ ပွဲကြည့်​ပရိသတ်​အဖြစ်​သာ ရှိ​နေ​ပါ​တော့​တယ် ။သွေး​တွေ​အိုင်ထွန်း​နေ​တဲ့ လူ​ကို ပွေ့ချီ​ပြီး ပတ်တီး​စီး​ပေး​နေ​ရ​တာ မလွယ်​လှ​ပါ​ဘူး။

“အကို ညီမ ဝိုင်း​ကူ​ပေး​မယ်..”ခု​န အသား​မဲ​မဲ အကောင်​သေး​သေး ညဉ့်​ငှက်​မ​လေး​က ကျွန်တော်​ဘေး​လာ​ထိုင်​ရင်း လူ​နာ​ကို ကူ​ထိန်း​ပေး​ပါ​တယ် ။“ဟဲ့ စံပယ်​ပန်း..နင် ဝင်​မ​ပါ​နဲ့..လာ ငါ​တို့​နဲ့ ကိစ္စ​ရှိ​သေး​တယ်.. နင်​ပြသ​နာ​တက်​သွား​ချင်​လို့​လား.. က်ိုယ့်​ကိစ္စ​မဟုတ်​ဘူး”“အို တက်တက်..အကို​တို့ ပိုက်ဆံ ညီမ ပြန်​ပေး​မယ်…. ဒီ​တိုင်း​ကြီး​တော့ ကြည့်​မ​နေ​နိုင်​တော့​ဘူး”အရက်မူး​နေ​တဲ့​လူ​နှစ်​ယောက်​နဲ့ စံပယ်​ပန်း​ဆို​တဲ့ ကောင်​မ​လေး​တို့ အပြန်​လှန်​ပြော​နေ​ကြ​တဲ့ စကား​တွေ​ပါ ။ဟို​လူ​နှစ်​ယောက်​က ကို သူ့​ရင်ဘတ်​ကြား​က ပိုက်ဆံ​တစ်​ထပ် ပြန်​ထုတ်ပေး​လိုက်​ပြီး သွေး​အိုင်​ထဲ​ကလူ​ကို ကျွန်တော်​နဲ့​အတူ ဝိုင်း​ကူညီ​ပေး​နေ​ပါ​တယ် ။
ခက်​တာ​က ကျွန်တော့်​ပုဆိုး​က အသစ်စက်စက်​ဆို​တော့ မာ​ဂေါက်​ကြီး​ဖြစ်​နေ​တာ ။ခေါင်း​ကို စီး​ထား​ပေး​ပေ​မယ့် မ​ခိုင်​ဘူး ။ သွေး​အိုင်​ထဲ​က ဆရာ​ကတော့ ဖြူ​လျော့​ပြီး သတိလစ်​နေ​ပါ​ပြီ ။ပုဆိုး​တစ်​ခု​လုံး​သွေး​တွေ စို​ရွှဲ​နေ​တယ် ။

“အကို့ ပုဆိုး​နဲ့ မ​ဖြစ်​တော့​ဘူး.. ညီမ အင်္ကျီ​နဲ့ စည်း​ထား​မှ​ဖြစ်​မယ်”စံပယ်​ပန်း​ဆို​တဲ့ ကောင်​မ​လေး​က သူ​အပေါ်​မှာ ဝတ်​ထား​တဲ့ ဘ​လောက်​အင်္ကျီ​ပန်းရောင်​လေး​ကို ချွတ်​ပြီး ကျွန်တော့်​ကို ပေး​တယ်..။ခေါင်း​က သွေး​တစိမ့်စိမ့်ထွက်​နေ​တဲ့ နေရာ​ကို ကျွန်တော်​လိုက်​ရှာ​တော့ သူ့ ကီး​ပတ်​ဖုန်း​လေး​က မီး​လေး​နဲ့ ထိုး​ပြ​ထား​တယ် ။ဒဏ်ရာ​က တော်တော်​ကြီး​ပါ​တယ်.. ဟက်​တက်​ကြီး​ကွဲ​နေ​တာ..နောက်စေ့​ဘယ်​ဘက်​အခြမ်း​မှာ..။သူ့​အင်္ကျီ​လေး​ကို ကျွန်တော်​ဆွဲ​စုတ်​တော့ သူ့​မျက်နှာ​လေး​က နှမြော​တဲ့ ပုံစံ​လေး​နဲ့ တစ်​ချက်​ငေး​နေ​လိုက်​တာ ကျွန်တော်​သတိထား​မိ​လိုက်​တယ် ..။

အေး​လေ…အသက်(၁​၆)လောက်​ပဲ​ရှိ​တဲ့ ကောင်​မ​လေး​တစ်​ယောက် ။ဒီ​အင်္ကျီ​လေး​ဟာ သူ့​အသွေးအသား​နဲ့ ရင်းနှီး​ပြီး ရထား​တဲ့ ပိုက်ဆံ​နဲ့ ဝယ်​ထား​တာ..။
နှမြော​ရှာ​မှာ​ပေါ့…။ဘာ​ပဲ​ဖြစ်​ဖြစ် သွေး​ထွက်​လွန်​နေ​တဲ့​နေရာ​ကို ပိတ်​ထား​နိုင်​တဲ့​အတွက် စိတ်ချ​ရ​ပြီ​လို့ ဆို​ရ​မှာ​ပါ​ပဲ…။လူ​တွေ​ကတော့ အုံ​ကြည့်​လိုက် ထွက်​သွား​လိုက်​နဲ့ သွေး​အိုင်​ထဲ​က လူ​ဘေး​မှာ ကျွန်တော်​နဲ့ စံပယ်​ပန်း နှစ်​ယောက်​တည်း​ပဲ အလုပ်​များ​နေ​ပါ​တယ်..။မနက် သုံး​နာ​ရီကျော်​အထိ ရဲ ရောက်​မ​လာ​ပါ​ဘူး..။
ဟို​လူ တစ်​ချက် သတိ​လည်​လာ​တဲ့​အချိန် ဖုန်း​နံပါတ်​တစ်​ခု​ကို ရ​လို့ ဖုန်း​ဆက်​လိုက်​တော့​လည်း ဖုန်း​မ​ကိုင်​ပြန်​ဘူး..။ဆောင်း​ဝင်​ခါ​စ​မို့တော်​ပါ​သေး​တယ်…။

စံပယ်​ပန်း ခ​မျာ ရှင်​မီး သာသာ ကြိုး​တစ်​ချောင်း​အင်္ကျီ​လေး​နဲ့ ချမ်း​နေ​ရှာ​တယ်..။မနက်​သုံး​နာရီ​ခွဲ​မှာ​တော့ ရဲ​ကား​တစ်​စီး​နဲ့ အရာရှိ​တစ်​ယောက်​ရောက်လာ​ပါ​တယ်..။ကျွန်တော်​နဲ့ အကျိုးအကြောင်း​ပြော​နေ​ချိန် လူ​တွေ​ကတော့ တစ်​ယောက်​ပြီး တစ်​ယောက် ရှောင်​သွား​ကြ​ပါ​ပြီ…။ရဲ​တွေ​လာ​တယ်​ဆို​တော့ စံပယ်​ပန်း​လဲ ရှောင်​သွားပုံ​ရ​ပါ​တယ်..။ကျွန်တော်​သူ့​ကို နားလည်​ပါ​တယ် ။သူ့​အသက်မွေး​ဝမ်း​ကြောင်း​က ရဲ နဲ့ ဆက်ဆံ​လို့ မ​ကောင်း​တဲ့​ကိစ္စ​မဟုတ်​လား..။ရဲ​တွေ​အကူ အညီ​နဲ့ ဆေး​ရုံ​ပို့​ပေးလိုက်​နိုင်​ပါ​တယ်..။ပြိုင်​ကား​တစ်​စီး​ဝင်တိုက်​တာ​လို့ ရဲ​က ယူဆ​ပါ​သ​တဲ့…။ဆေး​ရုံ​မှာ အရေးပေါ်​ခန်း​ဝင်​တဲ့​အထိ ရဲ​အရာရှိ​နဲ့ ကျွန်တော် တစ်ရေး​မှ မ​အိပ်​လိုက်​ရ​ဘူး..။ဆရာဝန်​ပြော​စကား​အရ အချိန်​တစ်​နာရီ​လောက်​ထပ်​သွေး​လွန်​ရင် သေ​ဖို့​ပဲ​ရှိ​တော့​ပါ​သ​တဲ့​နေ့​လည်​ခင်း​အထိ ဆေး​ဝယ်​တာ​က​အစ ရဲ​အရာရှိ​နဲ့ ကျွန်တော် အိပ်​စိုက်​လုပ်​ပေး​နေ​ရ​တယ်..။နေ့​လည်​တစ်​နာရီ​မှာ လူ​နာ​သတိ​လည်​လာ​မှ ဖုန်း​နံပါတ်​တစ်​ခု​ရ​ပါ​တယ်..။အဲ​ဒီ​တော့​မှ ဖုန်း​ဆက်​လိုက်​မှ သူ့​မိသား​စု​ရောက်လာ​ပါ​တော့​တယ်………….။

ဘာ​ပဲ​ဖြစ်​ဖြစ် စံပယ်​ပန်း​ကို ကျွန်တော် အမြဲ​သတိရ​နေ​မှာ​ပါ..။ကိုယ့်​ရှေ့​မှာ သေ​ကောင်​ပေါင်း​လဲ​ဖြစ်​နေ​တဲ့ လူ​တစ်​ယောက်​ကို​ရပ်​ကြည့်​နေ​ရက်​တဲ့​ယောင်္ကျား​ရင့် မ​ကြီး​တွေ​ကြားမှာ ညဉ့်​ငှက်​မ​လေး စံပယ်​ပန်း​က သူ့​အသက်မွေး​ဝမ်း​ကြောင်း​အလုပ်​ကို​တောင် ဖျက်​ပြီး ကူညီ​ရဲ​ခဲ့​တယ်…။ပြသ​နာ​တက်​မှာ​ကြောက်​လို့​ဆို​ပြီး လူ​တစ်​ယောက်​သေ​မှာ​ကို ငုတ်​တုပ်​ထိုင်​ကြည့်​နေ​ခဲ့​တဲ့​လူ​တွေ​ထဲ​မှာ သူ မ​ပါ​ဘူး…။ကျွန်တော်​လည် မ​ပါ​ခဲ့​ဘူး..။အကြောက်​တရား​ဟာ ကျွန်တော်​တို့န်ိုင်​ငံ​က လူ​တွေ​ရဲ့​ဦးနှောက်​ထဲ​မှာ​သာ​မက နှလုံးသား​ထဲ​မှာ​ပါ ကြီးစိုး​နေ​တယ်​ဆို​တာ ည​က​မှ ကျွန်တော်​သိ​ခဲ့​ရ​တာ​ပါ..။ဘာ​ပဲ​ဖြစ်​ဖြစ်.. ဘ​လောက်​အင်္ကျီ​ပန်းရောင်​လေး​တစ်​ထည် ကျွန်တော်​ဝယ်​ဖို့​ကြိုးစား​ပါ့​မယ်..။ပြီး​ရင်​တော့ မင်္ဂလာ​ဈေး​မှာ စံပယ်​ပန်း​ဆို​တဲ့ ညဉ့်​ငှက်​မ​လေး​တစ်​ယောက်​ကို သွား​ရှာ​ပြီး လက်ဆောင်​ပေး​ဖြစ်​အောင်​ပေး​မယ်……..။
ပြည့်​တန်ဆာ​တစ်​ယောက်​ရဲ့ ခန္ဒာ​ကိုယ်​နဲ့​ရင်း​ပြီး ဝယ်​ထား​တဲ့ အင်္ကျီ​လေး​တစ်​ထည်​ဟာ လူ​တစ်​ယောက်​အသက်​ကို ကယ်​ခဲ့​လိုက်​နိုင်​တာ​ပဲ……….။ကဲ ဘယ်လောက်​များ တန်ဖိုး​ကြီး​လိုက်​တဲ့ ဘ​လောက်စ်​အင်္ကျီ​လေး​လဲ..။ဒီ​တော့ သူ့​အတွက် ဒီ​အင်္ကျီ​တစ်​ထည်​ဖိုး​လောက်​ကို ကျွန်တော်​က ဘာ​အတွက် နှမြော​နေ​ရ​အုံး​မှာ​လဲ…။စံပယ်​ပန်း ညီမ​လေး…ညည်း​ဆီ​က​အသွေးအသား ဝယ်​နေ​တဲ့ ယောင်္ကျား​ရင့်​မ​ကြီး​အချို့​ထက် ညည်း​က မြင့်မြတ်​ပါ​တယ် ကလေး​ရယ်…။

Credit to Phothutaw