ဆောင်းပါး​ရှင် – ကို​ညီ​ညီ ( တောင်​ကြီး )

ဈေး​ထဲ​က ပြေး​ထွက်​လာ​တဲ့ နွားသိုး​ကြီး​တစ်​ကောင်​ကို လူ​တွေ အလွတ်​အကျွတ် ရှောင်​ကွင်း​နေ​သ​လို ယောက်ျား​ကြီး​တွေ​က ဦးချို​ကို လှမ်း​ဆွဲ​ပြီး တား​ဖို့​ကြိုးစား​နေ​ပါ​တယ်။ တစ်​ချက်​တစ်​ချက် ဝှေ့​လိုက်​တဲ့​အရှိန်​ကြောင့် လွင့်​စင်​သွား​တဲ့​သူ​တွေ​လည်း ဖုန်​အလူး​လူး​လမ်းပေါ်​က​နေ ပြန်​မ​ထ​လာ​နိုင်​သေး​ပါ။ ဒီ​အချိန်​မှာ တရုတ်​သိုင်း​ကား​ထဲ​က​လို “ မည်​ကဲ့သို့​လုပ်​လိုက်​သည်မ​သိ ” လို့​ပဲ ပြော​လိုက်​ချင်​တော့​တယ် .. ဒီ​တစ်​ခါ ကမ္ဘာ​မြေပေါ် လဲကျ​သွား​တာ​ကတော့ ခု​န​က က​မူး​ရှူး​ထိုး သွေး​ကြမ်း​နေ​တဲ့ သတ္တဝါ​ကြီး​ဖြစ်​နေ​ပါ​တယ်။ ပတ်ဝန်းကျင်​က လူ​များ​အားလုံး မှင်​သက်​သွား​ကြ​ပြီး ဝိုင်း​အုံ​လာ​ကြ​တယ်။ ညာ​ဘက်​လက်​နဲ့ နွား​ချို​ကို လှမ်း​ဆွဲ​ပြီး တစ်ချက်တည်း​သော ဘယ်​ဝိုက်​လက်သီး​နဲ့ န​ထင်​ကို ထိုး​ချ​လိုက်သူ​က မင်​နီ​ပါ​ကွိုက် – Manny Pacquiao ဆို​သူ​ဖြစ်​ပါ​တယ်။

ဟိုး​လေး​တကျော်​ဖြစ်​သွား​တဲ့ အဆို​ပါ​သ​တင်း​ဟာ နည်း​ပညာ​အကူအညီ​နဲ့ ကမ္ဘာ့​အနောက်​ခြမ်း​အထိ ခရီး​ပေါက်​ခဲ့​တဲ့​အခါ အမေ​ရိ​ကန်​နိုင်ငံသား ဖ​ရက်​ဒီ​ရို့ – Freddie Roach ဟာ ပါ​ကွိုက် ရှိ​ရာ ဖိ​လစ်​ပိုင်နိုင်​ငံ ရဲ့ ကျေးလက်​အထိ​ရောက်​အောင်​သွား​ပြီး သူ့​ကို​လက်​ဝှေ့​ပညာသင်​ကြား​လေ့ကျင့်​ပေး​မယ့်​အကြောင်း ညှိနှိုင်း​ပြောဆို​တာ အောင်မြင်​ခဲ့​တယ်။ ပါ​ကွိုက် ဟာ ဆင်းရဲ​တဲ့​မိသား​စု​က​နေ ကျောင်း​ပြီး​ဆုံး​အောင်​မ​တက်​နိုင်​ပဲ စီး​က​ရက်​ဗူး​တွေ​ကို လယ်​ပင်း​ချိတ်​ဗန်း​ထဲ ထည့်​ရောင်း​ပြီး မိသား​စု စား​ဝတ်နေ​ရေး​ကို ဖြည့်​ဆည်း​ပေး​နေ​ရ​ချိန်​လည်း​ဖြစ်​တယ်။ မူလ​က​လည်း ဝါသနာ​ပါ​ရင်း​စွဲ​မို့​လို့ သူ​တို့ ( ၂ ) ယောက် နားလည်​မှု​အယူ​အပြီး​မှာ ပါ​ကွိုက် ရဲ့ ဘဝ​ဟာ အပြောင်း​လဲ​ကြီး​ပြောင်းလဲ​လာ​ပါ​တော့​တယ်။

စီးပွား​ရေး၊ ထ​ရိန်​နင်၊ ဈေး​ကွက် နဲ့ နည်း​ပညာ​ကျွမ်းကျင်​တဲ့ ဖ​ရက်​ဒီ​ဟာ တစ်​ချက်​ခုတ် နှစ်​ချက်​ပြတ် ပါ​ကွိုက် ကို ဘယ်​လို လေ့ကျင့်​ပေး​ပြီး ဘယ်​လို ရုံ​သွင်း​လုပ်​စား​ရ​မယ်​ဆို​တာ ကောင်း⁠ကောင်း​ကြီး ရိပ်​စား​မိ​တယ်။ သူ့​အကူအညီ​ကြောင့်​ပဲ လက်​ရှိ​အချိန်​မှာ ပါ​ကွိုက်​ရဲ့ ကျော်​ကြား​မှု​ဟာ အနု​ပညာ​နယ်ပယ်​မှာ ကိုယ်တိုင်​ဆို​တဲ့​အဆိုတော်​လည်း​ဟုတ်​တယ်၊ ကိုယ်တိုင်​ရိုက်​တဲ့​မင်းသား​ဆို​လည်း​ဟုတ်​တယ် သူ့​ရဲ့​ထွန်း​ပေါက်​အောင်မြင်​မှု​က အများ​အားကျ​ရ​တဲ့ အား​ကစားသမား​ကြီး​လို့ ပြော​ရင်​လည်း မ​မှား​ပါ​ဘူး။

သူ့​အမျိုးသမီး​လုပ်​နေ​တဲ့ စီးပွား​ရေး​က ဖိ​လစ်​ပိုင်​မှာ ကြီးမား​တဲ့ အင်​ပါ​ယာ​ကြီး​ဖြစ်​နေ​ပါ​ပြီ။ သားသမီး​တွေ​ကို အမေ​ရိ​ကန်​က ကျောင်းဆရာ​ကိုခေါ်​သင်​စေ​ပြီး ကိုယ်တိုင်​လည်း အင်္ဂလိပ်​စကား​ကို ပိုင်နိုင်​စွာ​ပြော​နိုင်​အောင်​လေ့ကျင့်​ပါ​တယ်။ အမေ​ရိ​ကန်​နိုင်ငံသား ခံယူ​ပြီးသော်​ငြား​လည်း မိ​ခင်​ဖိ​လစ်​ပိုင်​မှာ​ပဲ နေ​ချင်​သူ​ဖြစ်​တယ်။ သူငယ်​ငယ်​က အင်မတန်​ဆင်းရဲ​ခဲ့​လို့ ဘဝ​နာ​သ​လောက် ဆင်းရဲသား​တွေ​ဘက်​က အမြဲ​ရပ်​တည်​သူ​ဖြစ်​တယ်​လို့ သတင်းကြီး​တယ်။ ဒါ​ကြောင့်​ပဲ အခြေ​ခံ​လူ​တန်း​စား​ကို ကူညီ​ရင်း ပြည်​သူ​တင်​မြှောက်​တဲ့ လွှတ်တော်​အမတ်​အဖြစ် ကျေ​ကျေနပ်​နပ်​ခံယူ​ခဲ့​တယ်။

ဖိ​လစ်​ပိုင်နိုင်​ငံ​ရဲ့ လယ်မြေ​တွေ​ဟာ စိုက်ပျိုး​လိုက် မိုး​ကြီး​လိုက်၊ ရိတ်​သိမ်း​လိုက် မုန်တိုင်း​တိုက်​လိုက် ဖြစ်​နေ​သ​မို့ လယ်သမား​တွေ​ဆို​တာ မိုး​လေ​ဝ​သ​ကို ဘဝ ပုံ​အပ်ထား​ရ​သူ​များ ဖြစ်​ကြ​တယ်။ ဒါ​ကို သိ​တဲ့ ပါ​ကွိုက်​ဟာ စပါး​ရိတ်​ပြီး​လို့ ချော​စက်​က ဆန်​ထွက်​ပြီ​ဆို​တာ​နဲ့ သူ့​ရဲ့ကျော်​ကြား​မှု နဲ့ လက်​ဝှေ့​ပြိုင်​ပွဲ​တွေ​ကရ​တဲ့​ငွေ​တွေ အားလုံး​ကို ဆန်​အိတ်​တွေ ဂုံ​ဒေါင်​နဲ့ အပြည့်​ဝယ်​ထား​ပါ​တယ်။ သ​ဘာ​ဝ​ဘေး​အန္တ​ရယ်​ကျ​ရောက်​ရင်​ဖြစ်​ဖြစ်၊ ဆင်းရဲ​မှု​ပပျောက်​ရေး​မှာ​ပဲ​ဖြစ်​ဖြစ် လူ​စေ့ ဆန်​လှူ​တယ်။ ဒီ​လို ပရဟိတ​အလုပ်​က​ပဲ သူ့​ကို နိုင်ငံ​ရေး​လမ်းကြောင်း​ကို ပင့်​တင်​ပေးလိုက်​တယ်​လို့​ဆို​ရင် မ​မှား​ပါ​ဘူး။

အထက်​ပါ​ဇာတ်​လမ်း​ကို ဒေ​မွန် – Damon သာ မ​ပြော​ပြ​ရင် ပါ​ကွိုက် ကို ပို​စ​တာ​တွေ​မှာ​သာ​မြင်​ဖူး​တယ် .. ကျွန်တော် သူ့​ကို သိ​လည်း​မ​သိ​သ​လို နာမည်​လည်း​မခေါ်​တတ်​ပါ​ဘူး။ ဒေ​မွန် ဆို​တာ​က ကျွန်တော် ထ​ရိန်​နင်​ပေး​နေ​တဲ့ အလုပ်​ကို​နောက်ဆုံး​မှ​ဝင်​လာ​တဲ့ လူ​သစ်​တစ်​ယောက်​ပါ။ င်္ပြီး​ခဲ့​တဲ့ စနေနေ့​က သူ​နဲ့​အတူတူ​အချိန်​ပို​ဆင်း​ရင်း သူ​က ထူး​ထူးဆန်း​ဆန်း​စကား​တစ်​ခွန်း​ပြော​တယ်။ “ ကျွန်တော် နောက်​တစ်​ပါတ် အချိန်​ပို​မ​လုပ်​ဘူး ” ဆို​ပဲ။ အမှန်​က ဒေ​မွန်​က ကျွန်တော့်​လို ငွေ​ပို​ငွေ​လျှံ​လေး​ရအောင် အလုပ်​က​တောင်း​ဆို​တဲ့​အခါ အချိန်​ပို​ဆင်း​ပေး​နေကျ​လေ .. အခု ဒီ​လို​ပြော​တော့ ကျွန်တော်​က အံ့ဩ​လို့ “ မင်း​ဘယ်​သွား​မ​လို့​လဲ ” လို့ ထပ်​မေး​လိုက်​တယ်။

“ ငါ ဘယ်​မှ​မ​သွား​ဘူး​ကွ။ လက်ဝှေ့ပွဲ​ကြည့်​မ​လို့။ နိုဝင်ဘာ ( ၂​၂ ) ရက်​နေ့ နေ့​လည်​မှာ မင်​နီ​ပါ​ကွိုက် နဲ့ အယ်​ဂျီး​ရီ တို့ ထိုး​မယ်​လေ​ကွာ .. မကာ​အို မှာ။ အဲ​ဒီ​ပွဲ​လွတ်​လို့​မ​ဖြစ်​ဘူး။ ဒါ​ကြောင့်​အလုပ်​မ​လာ​ဘူး​လို့ ပြော​တာ ” လို့​လည်း​ပြော​ရော ကျွန်တော်​က “ မင်း​လက်ဝှေ့ပွဲ​က ဒီ​လောက်​တောင် အရေးကြီး​လား။ ငွေ​က ပို​အရေး​မ​ကြီး​ဘူး​လား ” လို့ ဆတ်​က​နဲ မေး​လိုက်​တဲ့​အခါ အောက်​ပါ​ဖြေ​ရှင်း​ချက်​အရှည်​ကြီး​ကို မ​နား​တမ်း​ပြော​ပါ​တော့​တယ်။

“ အေး .. ငါ​ပြော​ပြ​မယ်။ ငါ​တို့​က ဖိ​လစ်​ပိုင်​လူ​မျိုး​တွေ။ ငါ​တို့​အမျိုးသား​လက်​ဝှေ့ကျော်​တစ်​ယောက် ကမ္ဘာ​မှာ​နာ​မည်ကျော်​ကြား​နေ​တာ ငါ​တို့ ဂုဏ်​ယူ​တယ်​လေ​ကွာ။ သူ့​ကို အားပေး​ရ​မယ်။ အဓိက အားပေး​ချင်​တာ​က အမျိုးသား​ရေး​စိတ်​ဓါတ်​ရယ် သူ​ရဲ့ ပရဟိတ​စိတ်​ဓါတ်​ကို ကြိုက်​လို့​ကွ”

“ ဒီ​လို​ကွာ .. ငါ​တို့​လူ​မျိုး​တွေ​က နိုင်ငံ​ရဲ့​ရေ​မြေ​အနေ​ထား​ကြောင့် သ​ဘာ​ဝစီ​မံ​ရာ​မှာ​နေ​ရ​တာ။ ဒီ​တော့ တောင်သူ​လယ်သမား​က ဆန်​စားစရာ​မ​ရှိ​ဖြစ်​တာ ဖိ​လစ်​ပိုင်​လူ​မျိုး​ကွ။ တော်တော်​များ⁠များ​က ငတ်⁠ငတ်​ပြတ်⁠ပြတ်​နေ​ရ ကြီးပြင်း​လာ​ရ​တာ။ ပါ​ကွိုက် က ကြိုးစား​တယ်။ ဘာသာ​တရား​ကိုင်း​ရှိုင်း​တယ်။ ကိုယ်​ပိုင် ချပ် – Church ကျောင်း​တောင်​ရှိ​တယ်​ကွ။ သူ​ဘာ​လုပ်​လုပ် အမိ​နိုင်ငံ​ကို အမြဲ​ထည့်​စဉ်းစား​တယ်။ စား​ရ​မယ့်​သောက်​ရ​မယ့် ငါ​တို့​လူ​မျိုး​တွေ​ကို ဆန်​အမြဲ​လှူ​တယ်။ ချို့တဲ့​သူ​တွေ​ဆို တစ်​နှစ်​တစ်​နှစ် သူ​လှူ​တဲ့​ဆန်​မ​စား​ရ​ဖူး​သူ မ​ရှိ​သ​လောက်​ပဲ။ ငါ​က ဒါ​ကို ကြိုက်​တာ ” သူ​က ခဏ​နား​ပြီး

“ လူ​ကြိုက်​ဘယ်လောက်​များ​သလဲ​ဆို​ရင် နောက်​လာ​မယ့် ရွေး​ကောက်​ပွဲ​မှာ သူ့​ကို သမ္မတ ဝင်​ပြိုင်​ခိုင်း​ကြ​တယ် .. သူ့​ကို​ချစ်​တဲ့ ဆင်းရဲသား​တွေ​က ခိုင်း​တာ​လေ။ သူ့​အကြံပေး​တွေ​က တား​တယ်။ မင်း​နဲ့​မ​ဖြစ်​ဘူး​ပေါ့။ သူ​က​လည်း​မ​လုပ်​ချင်​ပါ​ဘူး။ အခု လွှတ်တော်​အမတ်​ဖြစ်​နေ​တော့ ပြည်​သူ​လို​တာ သူ​သိ​တယ်။ လှူ​တယ် တမ်း​တယ် ဆောင်ရွက်​ပေး​တယ်။ ဒါ​ကြောင့်​လည်း သူ​လုပ်​ချင်​တာ​ကို လုပ်​နိုင်​အောင် လွှတ်တော်​ရာထူး​ကို လက်ခံ​လိုက်​တာ ”

“ တစ်​ကယ်​တော့ လွှတ်တော်​ကို သူ​ရောက်​ရင် ( ၂ ) လ မ​နေ​ရ​ပါ​ဘူး။ စဉ်းစား​ကြည့် .. ရုပ်​ရှင်​ရိုက်​တယ်။ သီချင်းဆို​တယ်။ လက်​ဝှေ့​ထိုး​တယ်။ ချိန်း​ပွဲ​တွေ​အတွက် နိုင်ငံ​ခြား ခဏခဏ သွား​နေ​ရ​တယ်။ ဘယ်​အား​မ​လဲ .. ဒါ​ကို လွှတ်တော်​က ခွင့်​ပြု​ထား​တယ်။ သူ့​လုပ်​ရပ်​ကို တီ​ဗွီ​မှာ တွေ့​နေ​ရ​တယ်​လေ ” လို့​ပြော​တယ်။

သူ​က သိပ်​ညွှန်း​နေ​တာ​နဲ့ ကျွန်တော်​လည်း သိပ်​စိတ်​မ​ရှည်​တော့​ဘူး “ ဒါ​နဲ့​ပဲ မင်း​က ငွေ​ရ​မယ့်​အချိန်​ပို​မ​ဆင်း​ပဲ ငွေ​ပေး​ကြည့်​ရ​မယ့် Pay-Per-View ဒေါ်​လာ ( ၆​ဝ ) လောက်​ကို ပေး​ကြည့်​မယ်​ပေါ့” လို့ ငေါ့​တော့⁠တော့​လေး ထောက်​ပေးလိုက်​တယ်။
.
“ ဟား .. မင်း​က​လဲ။ သူ​အောင်မြင်​တာ “ ငါ​တို့ ” အောင်မြင်​တာ​ပေါ့​ကွ။ အခု​နေ ငါ့ကို ဖိ​လစ်​ပိုင်​ပြန်​ပြီး ဆန်​သွား​လှူ၊ လမ်းဖောက်​ဆို ငါ​က အလုပ်​ပစ်​ပြီး ဘယ်​သွား​နိုင်​မ​လဲ။ အဲ​ဒီ​တော့ သူ့​ပွဲ​ကို ငါ​က ငွေ​ပေး​ပြီး​ကြည့်​ရင် သူ​ရ​တဲ့​ငွေ​က ငါ့​နိုင်ငံသား​တွေ​ကို ကောင်းမှု ကောင်းကျိုး ပြန်​လုပ်​ပေး​မှာ​လေ။ ဒါ​ဆို ငါ​တို့​အားလုံး ကုသိုလ်​ရ​ပြီ​ပေါ့​ကွာ .. မဟုတ်​ဘူး​လား ” လို့​ပြော​လိုက်​တဲ့​အချိန်​မှာ ကျွန်တော်​က စာ​ရွက်​တစ်​ခုပေါ်​မှာ Manny Pacquiao ရဲ့ နာမည်​ကို​မှတ်​ဖို့ ဘော​ပင်​လိုက်​ရှာ​နေ​မိ​ပါ​တော့​တယ်။

Credit to Ko Nyi Nyi (FB)