မြန်မာ​ပြည်​ပြန်​ရောက်​ရင် တ​ခါ​တ​လေ ရူး​ချင်​ယောင်​ဆောင်​တယ်။ ဘယ်​လို​ဆောင်​လဲဆို​တော့ မြန်မာ​စကားမ​တတ်​ချင်​ယောင်​ဆောင်​တယ်။ ရုပ်​က​လည်း အာ​ရှ​တိုက်​သား အဝါ​ရုပ်​ဆို​တော့ အတော်​များ⁠များ​က​လည်း မြန်မာ​စာ တကယ်​မတတ်​ဘူး​လို့​ထင်​ကြ​တယ်။

ကြီးကျယ်​ချင်​လို့​မဟုတ်​ဘူး။ မြန်မာ​လို​မ​ပြော​ရင် တ​ခါ​တ​လေ ပို​အဆင်​ပြေ​တယ်။ အတွေ့​အကြုံ​ပြော​တာ။ ဥပမာ ဟော်​တယ်​မှာ​တည်း​ရင် မြန်မာ​လို​ပြော​ရင် သေချာ​ပေါက်​ပို​အဆင်​ပြေ​တယ်။ ရဲ​တွေ့​ရင် အင်္ဂလိပ်​လို တ​ခု​ခု မေး​ရင် လက်​ဆွဲ​ပြီး​တောင် လိုက်ပို့​တယ်။ သိပ်​ကူညီ​တတ်​တာ။

ဒီ​တ​ခေါက်​တော့ လေ​ဆိပ်​မှာ အင်္ဂလိပ်​လို အပြော​ကောင်း​လို့ ဒုက္ခရောက်​တော့​မ​လို့။ မြန်မာ​ပြန်​တွေ လုပ်​လေ့​ရှိ​တဲ့ လူကြီး​တွေ​အတွက် အားဆေး​ယူလာ​တဲ့​ကိစ္စ။ ဘယ်​လို​အစွဲ​ကြောင့်​တော့​မ​သိ။ လူကြီး​တွေ​က အားဆေး​ဆို​ရင် နိုင်ငံ​ခြား​က ဝယ်​လာ​တာ​ပို​ကောင်း​တယ်။ မြန်မာ​ပြည်​မှာ​ဝယ်​လို့​ရ​တာ​ခြင်း အတူတူ​တောင် ဟို​က​ဝယ်​လာ​တာ ပစ္စည်း​မှန်​တယ်​ပေါ့။

ဒါ​နဲ့ လူကြီး​သူမ​တွေ​ကန်တော့​ဖို့​ဆို​ပြီး အားဆေး ဆယ်​ဗူး​ယူလာ​တယ်။ ခါ​တိုင်း​လည်း ယူလာ​နေကျ​ပါ။ ဒီ​တ​ခေါက်​တော့ မနက်​အစောကြီး​လေ​ယာဉ်​နဲ့ ရောက်​တာ​တော့ Immigration ကို​မြန်⁠မြန်​ဖြတ်​ပြီး အပြင်​စောစော​ထွက်​ဖို့​ကြိုးစား​တယ်။ ဒါပေမဲ့ X-Ray မှာ​စောင့်​နေ​တဲ့ ဝန်​ထမ်း က ကျနော့်​အိပ်​ကို X-Ray ဖြတ်​ပြီး ဆေး​တွေ​ပါ​တယ်။ ဆို​ပြီး ထအော်​ပါ​လေ​ရော။

ကျနော်​လည်း လုပ်​နေ​ကြ​ပုံစံ​အတိုင်း မြန်မာ​စကားမ​တတ်​ချင်​ယောင်​ဆောင်၊ Thank you တွေ​လှိမ့်​ပြော၊ အိတ်​ဆွဲ​ပြီး အပြင်​ကို ထွက်​ဖို့​ကြိုးစား​တယ်။ ဒီ​တ​ခါ​တော့ မ​ရ​တော့​ပါ။ အိတ်​ကို အတင်း​ပြန်​လိုက်​ဆွဲ​ပါ​လေ​ရော။
နောက်​တော့ အိပ်​ရှာ​တဲ့​နေရာ​ကို ခေါ်​သွား​ပါ​လေ​ရော​ဗျာ။

အိတ်​ရှာ​တဲ့​နေရာ​ရောက်​တော့ ဂင်​တို⁠တို​နဲ့ အကောက်​ခွန်​အရာရှိ​တ​ယောက်​က ကျနော်​ကို အိတ်​ဖွင့်​ခိုင်း​တယ်။ ကျနော်​ဖွင့်​ပေးလိုက်​တော့ အိတ်​ထဲ​မှာ မြင်​နေ​ရ​တဲ့ အားဆေး​တွေ​ကို ကြည့်​ပြီး What is it? တဲ့။ Multi-Vitamins တွေ​လို့ ပြော​လိုက်​တယ်။

ကို​ဂင်​တို။ ။ဘယ်နှစ်​ဗူး​လဲ။
ကျနော်။ ။ဆယ်​ဗူး။

ဂင်။ ။အများ​ကြီး ဘာ​လို့ ယူလာ​တာ​လဲ။
ကျနော်။ ။လက်ဆောင်​ပေး​ဖို့။

ဂင်။ ။ယူလာ​ခွင့်​မ​ရှိ​ဘူး။
ကျနော်။ ။ဘာ​လို့​လဲ။

ဂင်။ ။ဒါ​ဥပဒေ။ ( It is law )
ကျနော်။ ။ဘယ်​မှာ​ရေးထား​တာ​လဲ။

ဂင်။ ။ဟို​အဝင်​က​ဆိုင်း​ဘုတ်​မှာ။ ( Immigration
Check-In ဘ​က ္​ကို လက်​ညိုး​ထိုး​ပြီး​ပြော​သည်။)

အဲ​လို အခြေ​အတင်​ပြော​နေ​ချိန်​မှာ နောက်​လေ​ယာဉ်​တ​စင်း က ခရီးသည်​တွေ​ရောက်လာ​တယ်။ သူ့​တို့ အိတ်​တွေ​ထဲ​က အိတ်​နှစ်​အိတ်​က လည်း ကျနော့်​အိတ်​ရှာ​နေ​တဲ့ နေရာ​ဆီ​ရောက်လာ​တယ်။ အဲ​ဒီ​နောက်​မှာ လူ​ရည်​ခပ်​လည်​လည်၊ ပိုက်ဆံ​အိတ်​ကြီး ချိုင်း​ကြား​ညှပ်​ထား​သူ တစ်​ယောက်​က ကပ်​လိုက်​လာ​တယ်။

သူ​က ကျနော်​အိတ်​စစ်​နေ​သူ ကို​ဂင်​တို ကို လက်အုပ်​ကလေး​လှမ်း​ချီ​ပြီး မင်္ဂလာ​ပါ​တဲ့။ ကို​ဂင်​တို​က​လည်း သိပ်​မ​ပြုံး​ချင် ပြုံး​ချင်​ပြုံး​လေး ပြန်​ပြုံး​ပြ​တယ်။ ပြီး​တော့ ကျနော်​ကို ခဏ​စောင့်​ဖို့ လက်ဖဝါး​ထောင်​ပြ​တယ်။

ဟို​လူ။ ။ ဆရာ ကျနော် ကို​ဘယ်​သူ​နဲ့ ရှင်း​ပြီး​သား​ပါ။
ဂင်။ ။ အေး။ သူ​ပြောထား​တာ​ရှိ​တယ်။ ဒါပေမဲ့ တ​အိတ်​ထဲ။

ဟို​လူ။ ။ ဟို​တ​အိတ်​က ကိုယ်တိုင်​သုံး​အနည်း​အပါး​ပါ​ဆရာ။ ဆရာ​ကြည့်​လုပ်​ပေးလိုက်​ပါ။ (ပိုက်ဆံ​အိတ်​ကြီး​ကို ချိုင်း​မှ​ဖြုတ်​ပြီး ဖွင့်​ရန်​လုပ်​နေ​ပြီး)
ဂင်။ ။ ဟေ့​လူ။ လူ​ကြားမှာ မ​လုပ်​နဲ့။ ဟို​ကောင် ကြည့်​နေ​တယ်။ ( ကျနော့်​ကို လှမ်း​ကြည့်​ရင်း )

ကျနော်​ကတော့​ခက်​ပြီ။ နိုင်ငံ​ခြား​သား​ရှေ့​နာမည်ကောင်း ပြ​ချင်​သော ဂင် ကို ဘယ်​လို​ချည်း​ကပ်​ရ​မည်​နည်း။ အခု​အချိန်​မှ မြန်မာ​လို​ထ​ပြော​ရင် ကျနော့်​ကို ပို​ထောင်း​နိုင်​သည်။ သူ​မှာ​လည်း ကျနော့်​ကို ဖျစ်​ညှစ်​ပြော​ရှာသည်။ တ​ခါ​တ​လေ စကားလုံး​ရှာ​မ​ရ။ သိသိ​ကြီး​နဲ့ လုပ်​သည်​ဟု အမျက်​ရှ​နိုင်​သည်။

အကြံ​တ​ခု​ရ​လိုက်​သည်။ သူ​ကို ကျနော်​အား​လာ​ကြို​သူ​ရှိ​ကြောင်း ပြော​လိုက်​သည်။ သူ​က​လည်း ကျနော်​ကို သွားခေါ်​ခိုင်းလိုက်​တယ်။ ဒါ​နဲ့​အပြင်​ထွက်​ပြီး လာခေါ်​တဲ့​ယောက်ဖ​ကို အကျိုးအကြောင်း​ပြော​ပြ​ပြီး ခေါ်​လာ​လိုက်​တယ်။ သူ့​ကို​လည်း ကျနော်​မြန်မာ​လို​မတတ်​ဆို​တဲ့​ကိစ္စ​ကြို​ပြောထား​တယ်။

ဂင်​က ကျနော့်​ယောက်ဖ​ကို ဆေး​တွေ​အများ​ကြီး ယူ​လို့​မ​ရ​ကြောင်း၊ အခွန်​ဆောင်​ရ​မည်​ဖြစ်​ကြောင်း၊ စာ​ရွက်​စာ​တမ်း​လည်း​လို​ကြောင်း၊ ဒါ​တွေ​မ​ပါ​ရင်​တော့ ဥပဒေ​အရ သိမ်း​မှာ ဖြစ်​ကြောင်း​ပြော​တယ်။ ယောက်ဖ က​လည်း ကျနော်​ဟာ လာ​လည်​သူ​ဖြစ်​ကြောင်း၊ ဒီ​မှာ အသက်ကြီး​တဲ့ ဆွေ​မျိုး​တွေ​အတွက်​သယ်​လာ​တာ​ဖြစ်​ကြောင်း၊ ဒီ​နိုင်ငံ​အကြောင်း​လည်း နား​မ​လည်ကြောင်း၊ အဆင်​ပြေ​အောင် လုပ်​ပေး​စေ​ချင်​ကြောင်း ပြော​တယ်။

ကျနော်​လည်း ဘာ​မှ​နား​မ​လည်​သ​လို ပေ​ကလပ် ပေ​ကလပ်​ကြည့်​နေ​တော့ ဂင်​က ကျနော့်​ရှေ့​မှာ ယောက်ဖ​ဆီ​က တောင်း​ရ​မှာ မ​ဝံ​သ​လို​ဖြစ်​နေ​တယ်။ နောက်​ပြီး တခြား အိတ်​အသစ်​တွေ​က​လည်း ထပ်​ရောက်လာ​တော့ ကျနော့်​ရှေ့​မှာ သူ​လုပ်​နေ​ကြ​လေး​တွေ မ​လုပ်​ချင်​ဘူး။ ဒါ​နဲ့​ယောက်ဖ​ကို ဒီ​တ​ခါ ခွင့်​ပြု​လိုက်​မယ်။ နောက်​မ​ဖြစ်​စေ​နဲ့။ လို့​ပြော​ပြီး ကျနော်​ဘက်​ကို လှည့်​ပြီး You can go now. Don’t do it again. လို့​ပြော​တယ်။

ကျနော်​လည်း သူ​ကို Thank you မိုး​မွှန်​အောင်​ပြော​ပြီး လက်​ကို ဆွဲ​ပြီး နုတ်​ဆက်​တယ်။ ဂင်​ရဲ့​လက်​တွေ​က ကျနော့်​ကို လက်​ဆွဲ​နုတ်​ဆက်​ဖို့ စိတ်​မ​ပါ​လှ​ပါ။ ခပ်​ပျော့⁠ပျော့​ဖြစ်​နေ​တယ်။ ပြုံး​တောင် မ​ပြ​တော့​ပါ။ ဘာ​ပဲ​ဖြစ်​ဖြစ်
ဂင်​တ​ယောက် ကျန်းမာ လာဘ်​ရွှင်​ပါ​စေ။
တိုင်း​ပြည်​အကျိုး​ဆ​ထက်​ပိုး သယ်ပိုး​နိုင်​ပါ​စေ။
ကျနော်​လည်း ရှေ့​လျောက် မြန်မာ​လို​ကြိုးစား​ပြော​ပါ​တော့​မယ်။

ဘို​ရူး မ​ရူး​တော့​ပါ။ ။

Written by အေ ကေ မိုး
Credit to FB