နာ​ဂ​သိန်း​လှိုင်​ဟု​ဆို​လျှင် ဆေး​ပညာ​လောက​တစ်​ခု​လုံး မ​သိ​သူမ​ရှိ။ နယ်စပ်​တောင်တန်း​မှ စေတနာ​ရှင်​ဆရာဝန်​ကြီး။ ခွဲစိတ်​ကု​သ​မှု​များ​၏ မေတ္တာ​ရှင်​ကြီး။ လူ​နာ​များ​စွာ​တို့ ရင်​ထဲ​မှာ နာ​ဂ​သိန်း​လှိုင် ကျန်​ရှိ​နေ​သည်။ မည်သို့​ခေတ်​ပြောင်း​ပြောင်း သူ့​ပုံ​ရိပ်​က သူ​နှင့်​ဆုံစည်း​ဖူး​သူ​တို့ နှလုံးသား​မှာ ထင်​ဟပ်​နေ​ဆဲ။ သူ့​ဘ၀ သူ့​အကြောင်း၊ သူ့​ဆောင်ရွက်​ချက်​များ​သည် တစ်​ချိန်​က မြန်မာ​ပြည်​တစ်​ဝန်း ဟိုး​ဟိုးကျော်​ခဲ့​သည်။ လာ​မည့် နိုဝင်ဘာ​လ ၃ ရက်​တွင် သူ့​အသက်​က (၈​၁)နှစ် ပြည့်​တော့​မည်။

သူ​သည် ဆေး​ကျောင်းသား​ဘဝ​မှာ နိုင်ငံ​ရေး​နှင့် ဆက်​နွှယ်​ဖူး​ခဲ့​သည်။ ၁​၉​၅​၇ ခု​နှစ် ဆေး​ကော​လိပ်​ကျောင်းသား​များ​သမဂ္ဂ​၏ အထွေ​ထွေ​အတွင်း​ရေး​မှူး​တာဝန်​ကို ထမ်း​ဆောင်ခဲ့​သည်။ ၁​၉​၆​၀ တွင် မြန်မာ​နိုင်ငံ​လူ​ငယ်​ဆရာဝန်​များ​အသင်း (YDA)ကို တည်ထောင်​ခဲ့​ပြီး အထွေ​ထွေ​အတွင်း​ရေး​မှူး​တာဝန်​ပင် ထမ်း​ဆောင်​ကာ အလုပ်​သင်​ဆရာဝန်​ဘဝ​တွင် အစိုးရ​ထောက်ပံ့​ကြေး​မ​ရ​သည့် အလုပ်​သင်​ဆရာဝန်​များ​အတွက် ဦးဆောင်​သပိတ်မှောက်​ခဲ့​သည်။

ထို​လုပ်​ရပ်​များ​ကြောင့် သူ​ရည်​မှန်း​ထား​သည့် ခွဲစိတ်​ဆရာဝန်​တစ်​ဦး​အဖြစ် အိပ်မက်​ကို လက်လွှတ်​ခဲ့​ရ​သည်​များ​ရှိ​သည်။ ဒေါက်​တာ​သိန်း​လှိုင်​သည် မြန်မာ​နိုင်ငံ​ကုန်သွယ်​ရေကြောင်း​ဌာန​တွင် သင်္ဘော​ဆရာဝန်​အဖြစ် တစ်​နှစ်​လုပ်ကိုင်​ခဲ့​သည်။ ၁​၉​၆​၂ ခု​နှစ်​တွင် မြိတ်​မြို့​နယ် လက်ထောက်​ဆရာဝန်​အဖြစ် ပြန်လည်​ဝင်​ရောက်​ခဲ့​ပြီး ရန်ကုန်​ဆေး​ရုံ​ကြီး အဆောင် (၃/၄)၏ တာဝန်​ခံ​ဆရာဝန်၊ ဆရာ​ကြီး ပါ​မောက္ခ​ဒေါက်​တာ​ဦး​ဘ​သန်း​၏ ပထမ​လက်ထောက်၊ မန္တလေး​ပြည်​သူ့​ဆေး​ရုံ​ကြီး၊ အရှေ့​ဘက်​ခွဲစိတ်​ဆောင်​ကြီးကြပ်​သူ စ​သ​ဖြင့် တစ်​နှစ်​စီ​ဆောင်ရွက်​ခဲ့​သည်။

ရဲစွမ်း​သတ္တိ​နှင့် စွန့်​ဦး​တီထွင်​နိုင်​မှု​ရှိ​သည့် ဆရာဝန်​လေး ဒေါက်​တာ​သိန်း​လှိုင်​သည် သူ​၏​အထက်​အရာရှိ​များ​နှင့် အဆင်​ပြေ​သူ​တော့​မဟုတ်​ပေ။

၁​၉​၆​၅ ခု​နှစ်​တွင် ကျန်းမာ​ရေး​ဦးစီး​ဌာန ညွှန်​ကြား​ရေး​မှူး​ချုပ်​က အပြစ်ပေး​သည့်​အနေ​ဖြင့် လူ​ငယ်​ဆရာဝန်​လေး ဒေါက်​တာ​သိန်း​လှိုင်​ကို မည်​သည့်​ဆရာဝန်​မှ ကြာ⁠ကြာ​မ​နေ​နိုင်​သည့် ဝေးလံ​ခေါင်​ဖျား ခန္တီး​အရပ်​ဒေသ​သို့ ပို့ဆောင်​လိုက်​ခြင်း​က ဆရာဝန်​ကြီး​နာ​ဂ​သိန်း​လှိုင်​ဟူ၍ အမည်ကျော်​ကြား​လာ​စရာ​ဖြစ်​ခဲ့​သည်။

သူ​သည် ခွဲစိတ်​ကု​သ​ခြင်း​အလုပ်​ကို ပေ​ပေါင်း​များ​စွာ​မြင့်​မား​သော၊ မိုင်​ပေါင်း​များ​စွာ ဝေးကွာ​သော တောင်ပေါ်​ကျေးရွာ​များ​သို့ ခြေ​လျင်​ခရီး​ဖြင့် လ​နှင့်​ချီ သွား​ရောက်​လုပ်ကိုင်​လေ့​ရှိ​သည်။ ထို​စဉ်​က နာ​ဂ​တောင်တန်း​ဒေသ​တွင် အဖြစ်​များ​နေ​သည့် လည်ပင်း​ကြီး​ရောဂါ​နှင့် အခြား​ခွဲစိတ်​လူ​နာ​များ​ကို အောင်မြင်​အောင်​ခွဲစိတ်​ပေး​နိုင်​ခဲ့​သည်။

ဆရာ​ကြီး​သည် နာ​ဂ​တောင်တန်း​တွင် အခက်​အခဲ​ပေါင်း​များ​စွာ​နှင့် ရင်ဆိုင်​ခဲ့​ရ​သည်။ ခွဲစိတ်​ကု​သ​မှု​ကို လက်မ​ခံ​လို​သည့် နာ​ဂ​လူ​မျိုး​များ​ကို သဘောပေါက်​နားလည်​စေ​ရန် ပြောဆို​ရှင်း​ပြ​စည်း​ရုံး​ခဲ့​ရ​သည်။ နောက်ဆုံး​တွင် လူ​နာ​ခွဲစိတ်​မှု​ကို လက်မ​ခံ​လို​ကြ​သ​ဖြင့် ကိုယ့်​အသက်​ကိုယ် အပေါင်​ထား​ကာ ကု​သ​ပေး​ခဲ့​ရ​လေ​သည်။

လူ​နာ​သေ​ဆုံး​သွား​ပါ​က ဆရာဝန်​ကြီး​နှင့်​အတူ လိုက်​ပါလာ​သည့် မိတ်ဆွေ​အဖော်​တို့ ခေါင်း​ကို​ဖြတ်​မည်​ဟု လည်ပင်း​ထက် ဓား​မိုး​လျက်​က ကု​သ​ပေး​ခဲ့​ရ​ခြင်း ဖြစ်​သည်။ ခွဲစိတ်​ကု​သ​မှု​များ အောင်မြင်​လာ​သည့်​အခါ ဆရာဝန်​ကြီး​ခေါင်း​ကို နာ​ဂ​လူ​မျိုး​များ​ထံ အပေါင်​ထား​စရာ​မ​လို​တော့။ ခွဲစိတ်​လို​သည့်​လူ​နာ​များ​စွာ သူ့​ရှေ့​မှာ တန်း​စီ​လာ​တော့​သည်။

ထို​စဉ်​က နာ​ဂ​တိုင်း​ရင်း​သား​များ​မှာ နတ်​ကိုးကွယ်​သည့်​ဓလေ့​ရှိ​ကြ​သ​ဖြင့် ရောဂါ​တစ်​ခု⁠ခု​ဖြစ်​တိုင်း နတ်​ဆရာ​ထံ သွား​ရောက်​ကာ နတ်ပသ​ခြင်း၊ ယဇ်ပူဇော်​ခြင်း​တို့ ပြုလုပ်​ကု​သ​လေ့​ရှိ​ကြ​သည်။ သူ​တို့​၏ နတ်​မင်းကြီး​များ​က လည်ပင်း​ကြီး​ရောဂါ​ကို​မူ ပျောက်ကင်း​အောင် မ​ကု​သ​ပေး​နိုင်​ခဲ့​ပေ။ တကယ်​တမ်း​ပျောက်​အောင် ကု​သ​ပေး​သူ​မှာ ဒေါက်​တာ​သိန်း​လှိုင်​ဖြစ်​သည်။ ထု့​ိ​ကြောင့် နာ​ဂ​များ​က ဒေါက်​တာ​သိန်း​လှိုင်​သည် သူ​တို့​ကိုးကွယ်​သည့် နတ်​များ​ထက် မြင့်​မား​သည့် နတ်​တစ်ပါး​ဖြစ်​သည်​ဟု မှတ်ယူ​လိုက်​ကြ​ပြီး ‘‘နာ​ဂ​နတ်’’ဟူ​သည့် အမည်တွင်​သွား​လေ​သည်။ သူ့​ကို နာ​ဂ​တိုင်း​ရင်း​သား​များ​က ဖြူစင်​သည့် နှလုံးသား​ရှိ​သော နတ်​တစ်ပါး​ပမာ ကိုးကွယ်​ခဲ့​ကြ​သည်။

နာ​ဂ​နတ်​သည် မ​ပြည့်စုံ​သည့် ဆေးဝါး၊ ပစ္စည်း​ကိရိယာ​များ​ဖြင့် ဖြစ်​အောင်​လုပ်​သည်။ သူ့​လူ​နာ​များ​ကို မေ့ဆေး​ဖြင့် ခွဲစိတ်​ခြင်း​မဟုတ်​ဘဲ ထုံ​ဆေး​ပညာ​ဖြင့်​သာ ခွဲစိတ်​ခြင်း​ဖြစ်​သည်။ ထို့​ကြောင့် ခွဲစိတ်​နေ​စဉ် လူ​နာသည် စကားပြော​နိုင်​သည်။ သူ​က ခွဲစိတ်​နေ​ဆဲ​မှာ​လူ​နာ​ကို သီချင်း​ပင် ဆို​ခိုင်း​ထား​သေး​သည်။

သူ့​ခွဲစိတ်​ခန်း​သည် ကျေးလက်​ဆေး​ပေး​ခန်း​ကလေး​အတွင်း​မှာ​လည်း ဖြစ်​နိုင်​သည်။ အရိပ်အာဝါသ​ကောင်း​သည့် အပင်​ကြီး​တစ်​ခု​အောက်​မှာ​လည်း ဖြစ်​နိုင်​သည်။ နာ​ဂ​ရိုးရာ​အိမ်​တစ်​လုံးပေါ်​မှာ​လည်း ဖြစ်​နိုင်​သည်။ မြေကွက်လပ်​လေး​တစ်​ခု​မှာ​လည်း ဖြစ်​နိုင်​သည်။ မည်​သည့်​နေရာ​မှာ​မ​ဆို ခရီးသွား​ရင်း လမ်း​ကြုံ​ခွဲစိတ်​ပေး​ရ​သည့်​အခါ​လည်း ရှိ​သည်။ သူ ခွဲစိတ်​နေ​သည်​ကို နောက်မှ ဓား​မိုး​ထား​သည့်​သူ​လည်း ရှိ​သည်။ ဘေး​မှ ဝိုင်းဝန်း​ကြည့်​ရှု​နေ​သည့် လူ​အုပ်​ကြီး​လည်း ရှိ​တတ်​သည်။

‘‘ခွဲ​တာ​ကို လူ​အုပ်​ကြီး​က လက်ပိုက်​ပြီး​ကြည့်​နေ​တာ နတ်​ပွဲ​တစ်​ပွဲ​လို​ပဲ’’ဟု သူ​က ပြန်ပြော​ပြ​သည်။

ထို​စဉ်​က နာ​ဂ​တောင်တန်း​တစ်​ခွင်​မှာ လူ​ဦးရေ ၇​၀ ရာ​ခိုင်​နှုန်း​ခန့်​က လည်ပင်း​ကြီး​ရောဂါ​ဖြစ်​နေ​ကြ​သည်။ ဆရာဝန်​ပေါက်​စ ဒေါက်​တာ​သိန်း​လှိုင်​သည် ထို​နယ်​မှ တိုင်း​ရင်း​သား​များ​တွင် ဖြစ်ပွား​နေ​သည့် အဖု​အကျိတ်​မှန်​သ​မျှ​ကို ခွဲစိတ်​နိုင်​ရန် အပင်​ပန်း​ခံ​လေ့​လာ​ခဲ့​ရ​သည်။ ခွဲစိတ်​ရာ​တွင် ပစ္စည်း​ချို့တဲ့​သည်။ အပ်​မ​ရှိ။ ချည်​မ​ရှိ။ ဝါးပိုး​ဝါး​ခုတ်​၍ ထမင်းစား​သည့် တူ​အရွယ်​ဖြစ်​အောင် ဖန်တီး​ကာ ထို​မှ​တစ်​ဆင့် အပ်​ဖြစ်​အောင်၊ ဝါး​ချည်​မျှင်​ဖြစ်​အောင် ကိုယ့်​ဘာသာ ကြံဆ​ဖန်တီး​ခဲ့​ရ​သည်​ဟု ဆို​သည်။

သူ​သည် နာ​ဂ​တောင်တန်း​၏ ကျန်းမာ​ရေး​ကဏ္ဍ​ကို တာဝန်​ယူ​ရင်း ရိုးရာ​ယုံကြည်​လွဲ​မှား​မှု အချို့​ကို​လည်း ထိန်းသိမ်း​ပေး​ခဲ့​သည်။ တာဝန်​ကျ​ရာ ခန္တီး​ဆေး​ရုံ​တွင် ကု​သ​လိုက်၊ တောင်ပေါ်​ကျေးရွာ​များ​သို့ လှည့်လည်​ကု​သ​လိုက်​ဖြင့် ခြောက်​နှစ်ကျော် ခုနစ်​နှစ်​တာ​ကာလ​ကို တောင်​တန်းပေါ်​၌ ကုန်​လွန်​စေ​ခဲ့​သည်။ နာ​ဂ​ရိုးရာ​ဝတ်​စုံ​ကို ဝတ်ဆင်​လျက် ဒေသ​ခံ​များ​နှင့် တစ်​သား​တည်း နေထိုင်​သွား​လာ အိပ်စက်​ခဲ့​သည်။

‘‘ထမင်း​မ​စား​ရ​ဘဲ တောင်ပေါ်​လှည့်ပတ်​သွား​နေ​တာ။ ထမင်း​က မ​စား​ချင်​လို့​မဟုတ်​ဘူး။ ကျွေး​မယ့်​လူ​ကို​မ​ရှိ​တာ။ ပိန်း၊ လူး၊ ပြောင်း.. ဒါ​တွေ​ပဲ​ရှိ​တယ်’’ဟု ယခု​အခါ အသက်(၈​၀)အရွယ် ရှိ​ပြီ​ဖြစ်​သည့် ဒေါက်​တာ​သိန်း​လှိုင်​က ပြော​သည်။

ဒေါက်​တာ​သိန်း​လှိုင်​သည် နာ​ဂ​တောင်တန်း​တွင် အဆီ​အကျိတ်​များ၊ အလုံး​အကျိတ်​မျိုး​စုံ၊ အူ​ကျ​ခြင်း​နှင့် ရင်သား​ကင်​ဆာ​ဖြစ်​နိုင်​ခြေ​ရှိ​သည့် အကျိတ်​ပေါင်း​စုံ​ကို ခွဲစိတ်​ကု​သ​ခဲ့​ရ​သည်။ ထိုသို့ ကု​သ​ရာ​တွင် ထုံ​ဆေး​ကို ရှိ​သ​မျှ​နှင့် ဖြစ်​အောင် လုပ်​ရ​ခြင်း​ဖြစ်​ပြီး ယခု Ambulatory Surgery ဟုခေါ်​သည့် မေ့ဆေး​မ​ပါ​သည့် ခွဲစိတ်​နည်း​ကို တီထွင်​နိုင်​ခဲ့​သည်။

အလုပ်​သင်​လူ​ငယ်​ဆရာဝန်​များ လ​စာ​တိုး​ရေး ဆန္ဒ​ပြ​မှု​ကို ခေါင်းဆောင်​ခဲ့​သည့်​အတွက် လက်တွေ့​ဆင်း​နေ​ရ​ခြင်း​ကို ဖြုတ်​ခံ​ရ​သော​ကြောင့် သူ​ဖြစ်​ချင်​သော ခွဲစိတ်​ကု​ဆရာဝန်​ဘ၀​နှင့် ဝေး​ခဲ့​ရသော်​လည်း သူ​သည် မိမိ​၏​လုပ်ဖော်​ကိုင်​ဖက်​များ​က အသိ​အမှတ်​မ​ပြု​လျှင်သော်​မှ​လည်း ကိုယ့်​လူ​နာ​များ​က အသိ​အမှတ်ပြု​ခံ​ရ​သည့် ခွဲစိတ်​ကု​ဆရာဝန်​တစ်​ဦး ဖြစ်လာ​စေ​ရန် တစ်​စိုက်​မတ်​မတ် ဆောင်ရွက်​ခဲ့​သည်​ဟု ဆို​သည်။

ဒေါက်​တာ​သိန်း​လှိုင် နာ​ဂ​တောင်​တန်းပေါ်​သို့ စတင်​ရောက်​ရှိ​စဉ်​က သူ​၏​ဆေး​ရုံ​တွင် လူ​နာမ​ရှိ။ သူ​နှင့်​အတူ သူနာ​ပြု​ဆရာ​မ​တစ်​ဦး၊ စာရေး​တစ်​ဦး​နှင့် ည​စောင့်​တစ်​ဦး​သာ​ရှိ​သည်။ သူ​သည် ဒေသ​ခံ​များ​နှင့် အကျွမ်းဝင်​အောင် လုပ်ဆောင်​ရင်း ယုံကြည်​ကိုးစား​မှု ရ​လာ​ခဲ့​သည်။ အသပြာ​မ​ယူ​ဘဲ မေတ္တာ​ဖြင့် ကု​သ​ပေး​သော​ကြောင့် သူ့​အမည်​မှာ တောင်တန်း​တစ်​ခွင် ကျော်​ကြား​လာ​ခဲ့​သည်။ သူ​က​လည်း အား​လျှင်​အား​သ​လို ရွာ​စဉ်​လှည့်​၍ ဆေးကု​သ​ပေး​သည်။ ခွဲစိတ်​ရက်​သတ်​မှတ်ထား​ခြင်း​မ​ရှိ​ဘဲ လို​အပ်​သည့်​အချိန်​တွင် ခွဲစိတ်​ပေး​သည်​သာ​ဖြစ်​သည်။

ဆရာဝန်​ကြီး​ဒေါက်​တာ​နာ​ဂ​သိန်း​လှိုင်​သည် ထုံ​ဆေး​ပညာ​သီး​သန့်​ဖြင့် မေ့ဆေး​မ​သုံး​ဘဲ ခွဲစိတ်​ခဲ့​သည့် လူ​နာ​ပေါင်း​မှာ အနား​ယူ​ချိန် ၂​၀⁠၀​၉ ခု​နှစ်​အထိ နှစ်​ပေါင်း (၄​၇)နှစ်​အတွင်း ၂​၈​၉​၅ ဦး ရှိ​ခဲ့​ပါ​သည်။ လူ​နာ​များ​ကို ခွဲစိတ်​ရာ​တွင်​လည်း သူ့​ခွဲစိတ်​မှု​ကြောင့် သေ​ဆုံး​သူ​တစ်​ဦး​မှ​မ​ရှိ​ခဲ့​ဟု သိ​ရ​သည်။ ထို့​အပြင် လူ​နာ​ကို ခွဲစိတ်​နေ​ရင်း အရေးပေါ် သွေး​လို​အပ်​ပါ​က မိမိ​နှင့် သွေး​အုပ်စု​တူ​သည့် လူ​နာ​ကို မိမိ​သွေးဖောက်​၍ ချက်ချင်း​သွင်းပေး​ခဲ့​မှု​များ​လည်း မ​နည်း​ပေ။

‘‘ငါ ခွဲ​နေ​ရင်း​သေ​တဲ့ မသာ​တစ်​ယောက်​မှ​မ​ရှိ​ဘူး။ လို​အပ်​ရင် သွေး​ချက်ချင်း​ထုတ်၊ ချက်ချင်း​သွင်း​ပြီး ကိုယ့်​ဘာသာ​ခွဲ​တဲ့ ဆရာဝန် ငါ​တစ်​ယောက်​ပဲ​ရှိ​တယ်’’ဟု ဆရာဝန်​ကြီး​က ပြော​ပါ​သည်။

မှတ်⁠မှတ်​ရ​ရ နာ​ဂ​တောင်တန်း​သို့ စ​ရောက်​ပြီး ပထမ​ဆုံး စတင်​ခွဲစိတ်​ရ​သည့် လူ​နာ​မှာ မ​အေး​ရှင်​ဟူ​သည့် အမျိုးသမီး​ကြီး​ဖြစ်​သည်။ လည်ပင်း​ကြီး​ရောဂါ​ဖြစ်​နေ​သည့် မ​အေး​ရှင်​က ခွဲစိတ်​ရန်​လာ​ခြင်း​မဟုတ်​ဘဲ လေဆေး လာ​တောင်း​ခြင်း​ဖြစ်​သည်။ ဒေါက်​တာ​က လေဆေး​လိုချင်​ပါ​က လည်ပင်း​ကြီး​ခွဲစိတ်​ရ​မည်​ဟု တိုက်​တွန်းသော်​လည်း​မ​ရ​ဘဲ လေဆေး​မ​ပေး​၍ စော်ဘွား​ကြီး​ဦး​စဝ်​မြတ်​စိန်​ထံ သွား​တိုင်​လေ​သည်။

နောက်ဆုံး​တော့ စော်ဘွား​ကြီး​၏ ညှိနှိုင်း​ပေး​မှု​ဖြင့် မ​အေး​ရှင်​ကို ခွဲစိတ်​ရန်​ဖြစ်လာ​သည့်​အခါ ဒေါက်​တာ​သိန်း​လှိုင်​တွင် အကူ​ဟူ၍ နော်​မူ​ကြည်​ဟူ​သည့် ဆရာ​မ​တစ်​ဦး​သာ​ရှိ​သည်။ ခွဲ​ခန်း​မှာ​မူ အသုံး​မ​ပြု​၍ ထင်း​များ​စုပုံ​ထား​သည့်​အခန်း ဖြစ်​နေ​သည်။ အဝတ်​အစား၊ အခင်း၊ ခွဲစိတ်​ရန်​ပစ္စည်း ဘာ​မှ​မ​ရှိ။ ဓား​ရှိ​လျှင်​ရ​ပြီ​ဟု​ဆို​ပြီး စတင်​ခွဲစိတ်​ခဲ့​ရာ အောင်မြင်​ခဲ့​ပါ​သည်။

ဒေါက်​တာ​သိန်း​လှိုင်​သည် လူ​ကို​သာ​မက​ဘဲ မီးဖွား​မည့်​နွား​ကို ခွဲ​မွေး​ပေး​ခြင်း၊ တောင်တန်း​တွင် ခရီးသွား​လာ​ရာ​၌ အသုံးပြု​သည့် ဝန်တင်​လား​ကို သင်း​ပေး​ခြင်း​တို့​လည်း ပြုလုပ်​ခဲ့​ရာ အိန္ဒိယ​နိုင်ငံ​နယ်စပ် မဏိ​ပူ​ရနယ်​ဘက်​အထိ ၎င်း​ကို ပင့်ဆောင်​မှု​များ​ရှိ​လာ​သည့်​အတွက် သွား​ရောက်​ကု​သ​ပေး​ခဲ့​ရ​သည်။ သူ​က စတုတ္ထ​တန်း​အောင်မြင်​ထား​သည့် အမျိုးသမီး​အချို့​ကို အရန်​သား​ဖွား​အဖြစ် သင်ကြား​ပေး​ကာ ဝေးလံ​ခေါင်​ဖျား ကျေးရွာ​များ​သို့ ပို့ဆောင်​ပေး​ခဲ့​သည်။

နာ​ဂ​တောင်တန်း​တွင် ခုနစ်​နှစ်​ခန့်​အကြာ တာဝန်​ထမ်း​ဆောင်​နေ​စဉ်​မှာ​ပင် ဒေါက်​တာ​သိန်း​လှိုင်​မှာ နာ​ဂ​နတ်၊ နာ​ဂ​သိန်း​လှိုင်​ဟု မြန်မာ​ပြည်​အနှံ့ ကျော်​ကြား​လျက် ရှိ​ပါ​ပြီ။ ထို​စဉ်​က ထုတ်​ဝေ​သည့် သတင်းစာ​များ​က​လည်း သူ့​အကြောင်း​ကို ရေးသား​ခဲ့​ကြ​သည်။ ခွဲစိတ်​ဆရာဝန်​ဘဝ​ကို မျှော်​မှန်း​ချက်​ကြီးမား​သည့် ဒေါက်​တာ​သိန်း​လှိုင်​က ဆေး​ကျောင်းသား​ဘဝ​မှာ​ပင် လူသေ​အလောင်း​ကို အများ​နှင့် ခွဲစိတ်​ရ​ခြင်း​ကို အား​မ​ရသ​ဖြင့် ကိုယ်​ပိုင်​လူသေ​အလောင်း ဝယ်​ယူ​၍ အပတ်​တ​ကုတ် လေ့​လာ​ခဲ့​သူ​ဖြစ်​သည်။ ကံ​အကြောင်း​မလှ​၍ ခွဲစိတ်​ဆရာဝန်​ဘဝ​ကို တရားဝင်​မ​ရ​ရှိ​ခဲ့သော်​လည်း သူ​၏ ကြိုးပမ်း​အားထုတ်​မှု​တို့​ကြောင့် ယခု​အချိန်​ထိ အောင်မြင်​သော ခွဲစိတ်​ဆရာဝန်​ကြီး​တစ်​ဦး​အဖြစ် သမိုင်း​တွင်​ခဲ့​ပါ​သည်။

လည်ပင်း​ကြီး​ရောဂါ​ကို ထုံ​ဆေး​သက်သက်​ဖြင့် ခွဲစိတ်​နိုင်​သည့်​ပုဂ္ဂိုလ်​မျိုး ဒေါက်​တာ​နာ​ဂ​သိန်း​လှိုင်​မှ​လွဲ​၍ ကမ္ဘာ့​ဆေး​ပညာ​သမိုင်း​မှာ​မ​ရှိ​သေး​ဟု သိ​ရ​ကြောင်း ပြင်ဦးလွင်မြို့ G.P ဆရာဝန်​များ​အဖွဲ့​မှ ဒေါက်​တာကျော်ကျော်​မင်း​က ရေးသား​ထား​သည်။

ဒေါက်​တာ​သိန်း​လှိုင်​က​လည်း ‘‘ငါ​သေ​ရင် မြန်မာ​ပြည်​မှာ ထုံ​ဆေး​ပညာ​ရှင်​တစ်​ကောင်​မှ​မ​ရှိ​ဘူး’’ဟု အောက်တိုဘာ ၅ ရက်​က တွေ့​ဆုံ​စဉ်​ပြော​ကြား​ခဲ့​သည်။

ဆရာ​ကြီး​သည် ၁​၉​၇​၁ ခု​နှစ်​တွင် နာ​ဂ​တောင်တန်း​မှ ပြန်လည်​ဆင်းသက်​ခဲ့​ရ​ပြီး ဖြူး​မြို့​နယ်​သို့ ဆေး​ရုံ​မှူး​အဖြစ် ပြောင်းရွှေ့​ခဲ့​သည်။

ထို့နောက် ဒေါက်​တာ​နာ​ဂ​သိန်း​လှိုင်​သည် ကျန်းမာ​ရေး​ဦးစီး​ဌာန၊ ဒုတိယ​ညွှန်​ကြား​ရေး​မှူး​ရာထူး​ဖြင့် ပုသိမ်မြို့​သို့​လည်းကောင်း၊ မြို့​နယ်​ဆရာဝန်​ကြီး (၁)အဖြစ် နမ့်ခမ်း​မြို့​သို့​လည်းကောင်း၊ မီးရထား​ဆရာဝန်​ကြီး​အဖြစ် မန္တလေးမြို့​သို့​လည်းကောင်း၊ မြို့​နယ်​ဆရာဝန်​ကြီး​အဖြစ် သာယာ​ဝ​တီ​မြို့​သို့​လည်းကောင်း ပြောင်းရွှေ့​တာဝန်​ထမ်း​ဆောင်ခဲ့​ရ​ပြီး ၁​၉​၈​၈ ခု​နှစ်​တွင် အစိုးရ​ဝန်​ထမ်း​ဘဝ​မှ အငြိမ်းစား​ယူခဲ့​သည်။ အငြိမ်းစား​မ​ယူ​မီ တစ်​လျှောက်​လုံး​မှာ​လည်း သူ​သည် ထုံ​ဆေး​ပညာ ခွဲစိတ်​ကု​သ​မှု​များ​နှင့် မ​ကင်း​ခဲ့​ပေ။

သူ့​တွင် နတ်​ဆရာဝန်၊ နာ​ဂ​နတ်၊ နာ​ဂ​သိန်း​လှိုင်​စ​သည့် အမည်​များ​အပြင် ‘‘ရွှေ​ဓား​ဗိုလ်’’ဟူ​သည့် အမည်​တစ်​ခု​လည်း တွင်​ခဲ့​သေး​သည်။ ဖြူး​မြို့​နယ်​မှ ပု​သိမ်​သို့ ပြောင်းရွှေ့​စဉ်​က​ဖြစ်​သည်။ ထို​စဉ်​က ကျောင်း​ကုန်း​မြို့​နယ်​ဆရာဝန် ခွင့်​ယူထား​သ​ဖြင့် အစား​ဝင်​ရောက်​တာဝန်​ထမ်း​ဆောင်​စဉ် ကျောင်း​ကုန်း​ဆေး​ရုံ​တွင် ၂​၄ နာရီ​ထိုင် ခွဲစိတ်​သော​ကြောင့် အခြား​မြို့​နယ်၊ ကျေးရွာ​များ​မှ လူ​နာ​များ တ​ဖွဲ⁠ဖွဲ​လာ​ရောက်​လျက်​ရှိ​သည်။ လူ​နာ​တို့​၏ ရောဂါ​ပေါင်း​စုံ​ကို မ​နား​တမ်း​ခွဲစိတ်​နေ​သ​ဖြင့် ရွှေ​ဓား​ဗိုလ်​ဟူ၍ နာမည်ကြီး​ခဲ့​ခြင်း ဖြစ်​သည်။

ခွင့်​ရက်​ပြည့်​၍ ပြန်လာ​သော မြို့​နယ်​ဆရာဝန်​ကို မြို့​နယ်​လူထု​က လက်မ​ခံ​တော့​ပေ။ အစား​လာ​ရောက် ခွဲစိတ်​ပေး​နေ​သည့် ဒေါက်​တာ​သိန်း​လှိုင်​အား မြို့​နယ်​ဆရာဝန်​အဖြစ် လူထု​က သတ်​မှတ်​လိုက်​သော​ကြောင့် ဖြစ်​သည်။ မြို့​နယ်​လူကြီး​များ​က ဒေါက်​တာ​သိန်း​လှိုင်​အား ရွှေ​ဓား​ဗိုလ်​ဟု ဘွဲ့​နာမည်​ပေး​လို​ကြောင်း ထို​စဉ်​က နိုင်​ငံတော်​သမ္မတ​ကြီး ဦး​စန်း​ယု​ထံ ခွင့်​ပြု​ရန်​လျှောက်ထား​သည့်​အဆင့်​ထိ ဖြစ်​သွား​ခဲ့​သည်။

သမ္မတ​ကြီး ဦး​စန်း​ယု​က​လည်း ရွှေ​ဓား​ဗိုလ်​အဖြစ် ဘွဲ့​အမည်ပေး​ရန် ခွင့်​ပြု​လိုက်​ပါ​သည်။ ကျောင်း​ကုန်း​မှ​နေ​၍ ရေကြည်၊ အသုတ်၊ ငါးသိုင်း​ချောင်း​မြို့​နယ်​များ​သို့ လှည့်လည်​ခွဲစိတ်​ပေး​ခဲ့​စဉ် ‘‘သူ​လို​ဆရာဝန်’’ ‘‘ရွှေ​ဓား​ဗိုလ်’’ ဟူ​သည့် စာတန်း​များ​ချိတ်ဆွဲ​ကာ မြို့​လူထု​များ​က ကြိုဆို​ခဲ့​ကြ​သည်။ သူ​က​လည်း ရောက်​ရာ​မြို့​နယ်​တိုင်း​မှာ ဆေး​ရုံ၊ လူ​နာ​ဆောင်​များ တိုး​ချဲ့​ဆောက်​လုပ်​ပေး​ခဲ့​လေ​သည်။

အငြိမ်းစား​ယူ​ပြီး​နောက် ဒေါက်​တာ​နာ​ဂ​သိန်း​လှိုင်​သည် ပြင်ဦးလွင်မြို့​တွင် ကိုယ်​ပိုင်​ဆေး​ခန်း​လေး ဖွင့်​လှစ်​နေထိုင်​ခဲ့​သည်။ တောင်ကြီးမြို့ ကမ္ဘော​ဇ​ဆေး​ရုံ​၌ ခွဲစိတ်​ဆရာဝန်​အဖြစ် လုပ်ကိုင်​ခဲ့​ပြီး ရန်ကုန်မြို့​ရှိ အောင်​ရတနာ​ဆေး​ခန်း၊ စိတ္တ​သုခ​ဆေး​ခန်း​တို့​တွင်​လည်း ကု​သ​မှု​များ ဆောင်ရွက်​ခဲ့​သည်။

‘‘ဆရာ​ကြီး​က သွား​ရေး​လာ​ရေး​ခက်ခဲ​တဲ့ နေရာ​တွေ​က တိုင်း​ရင်း​သား​တွေ​ကို ရင်​ဝယ်​သား​လို ကျန်းမာ​ရေး​စောင့်ရှောက်​မှု​ပေး​ခဲ့​တယ်။ ခွဲစိတ်​တဲ့​နေရာ​မှာ​လည်း အရမ်းတော်​တယ်။ လည်ပင်း​ကြီး​ခွဲ​တာ​မှာ​ဆို​ရင် နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်​တွေ​တောင် မ​ခွဲ​နိုင်​တဲ့ ထုံ​ဆေး​ပညာ​နဲ့​ခွဲ​တယ်။ ခွဲစိတ်​ခန်း ပြည့်​ပြည့်စုံ​စုံ​မ​ရှိ​ဘဲ​နဲ့ ခွဲ​နိုင်​တယ်’’ဟု ပင်း​တ​ယ​မီးအိမ်​ရှင်​ဟု နိုင်​ငံကျော်​ခဲ့​သည့် ခေတ်​သစ်​ဆရာဝန်​ကြီး​တစ်​ဦး​ဖြစ်​သည့် ဒေါက်​တာ​သန်း​မင်း​ထွဋ်​က ဒေါက်​တာ​နာ​ဂ​သိန်း​လှိုင်​၏ အရည်အချင်း​များ​ကို ပြော​ပြ​သည်။ သူ​လေးစား​အားကျ​သည့် ဆရာဝန်​များ​စာရင်း​မှာ ဒေါက်​တာ​နာ​ဂ​သိန်း​လှိုင် ပါဝင်​သည်။ သူ့​ကို​အားကျ​၍ သူ့​လို​ဆရာဝန်​တစ်​ဦး​ဖြစ်လာ​ရန် သူ့​ကိုယ်​သူ ကြိုးစား​အားထုတ်​ခဲ့​တာ​ဖြစ်​သည်​ဟု ဒေါက်​တာ​သန်း​မင်း​ထွဋ်​က ဖွင့်​ဟ​သည်။

ဒေါက်​တာ​နာ​ဂ​သိန်း​လှိုင်​က သူ​တတ်​ကျွမ်း​ထား​သည့် ထုံ​ဆေး​ပညာ​ကို​လည်း မျိုး​ဆက်​သစ်​ဆရာဝန်​များ​ထံ​သို့ ပညာ​အမွေ​ပေး​ခဲ့​လို​ဟန်​ရှိ​သည်။ သူ ဘယ်​ရောက်​ရောက် ထုံ​ဆေး​ပညာ​ရပ်​အကြောင်း​ကို ဟောပြော​ခြင်း၊ သင်ကြား​ပေး​ခြင်း​တို့ ပြုလုပ်​ခဲ့​သေး​သည်။ ‘‘ထုံ​ဆေး​ပညာ​က ကျင့်​မှ​ရ​တယ်’’ဟု​လည်း သူ​က ပြော​သည်။

သူ​သည် ဆရာဝန်​ဘဝ​တစ်​လျှောက်​လုံး ခွဲစိတ်​ဓား​ကို လက်​က​မ​ချခဲ့​သူ​ဖြစ်​ပါ​သည်။ သေ​သည်​အထိ ခွဲစိတ်​သွား​လို​သည့်​ဆန္ဒ​လည်း ရှိ​ဟန်​တူ​သည်။

‘‘အခု အိမ်​က​တား​ထား​လို့ စိတ်ညစ်​နေ​တယ်။ အခု​ခွဲ​ခိုင်း​ရင် အခု​ခွဲ​ဦး​မှာ​ပဲ’’ဟု လာ​မည့်​နိုဝင်ဘာ​လ​တွင် အသက် (၈​၁)နှစ်​ပြည့်​တော့​မည့် ဆရာဝန်​ကြီး​က မ​ချင့်​မ​ရဲ​ပြော​ပါ​သည်။

သူ​က ဆရာဝန်​တစ်​ဦး​နှင့် သိပ်​မ​တူ​ပါ။ သူ့​ကိုယ်​သူ​လည်း ‘‘ငါ့​ပုံစံ​က ဒ​ရ​ဝမ်​နဲ့​ဆင်​နေ​တယ်။ ငါ့ကို ဆရာဝန်​လို့ ဘယ်​သူ​မှ​မ​သိ​ဘူး’’ဟု ဆို​သည်။ သူ့​ကို ဘဝ​တစ်​လျှောက်​လုံး အနီး​မှ ပါရမီ​ဖြည့်​လာ​သည့် ဇနီး​ဖြစ်​သူ​ကို​လည်း အတော်​ချစ်​သည်။ ၁​၉​၆​၂ ခု​နှစ် မြိတ်​ဆေး​ရုံ​တွင် တာဝန်​ကျ​စဉ်​ကတည်းက ဒေါ်​အုန်း⁠အုန်း​နှင့် အိမ်ထောင်ကျ​ခဲ့​တာ​ဖြစ်​ပြီး နာ​ဂ​တောင်​တန်းပေါ်​သို့ ခင်ပွန်း​သည်​နှင့်​အတူ မ​ညည်း​မ​ညူ လိုက်​ပါ​နေထိုင်​ခဲ့​သည်။

‘‘စ​ပြီး​အိမ်ထောင်ကျ​တဲ့​အချိန်​ကတည်းက ဆရာ​က ငွေ​ကြေး​နဲ့​အလုပ်​လုပ်​ရ​တာ ဝါသနာ​မ​ပါ​ဘူး။ လူ​နာ​တွေ ကန်တော့​သ​လောက်​ပဲ။ အားလုံး​ကို စေတနာ​နဲ့​ပဲ အလုပ်​လုပ်​ခဲ့​တယ်။ လခ​ဆို​တာ​လည်း လ​ကုန်​ရင် တစ်​ပြား​မှ​ပါ​မ​လာ​ဘူး။ တပည့်​တွေ​ကို ဝေ​ပေး​ပစ်​တယ်’’ဟု ဇနီး​ဖြစ်​သူ ဒေါ်​အုန်း⁠အုန်း​က​ပြော​ပြ​သည်။

မိသား​စု​ဝင်​တချို့​ကို ခွဲစိတ်​ပေး​ဖူး​ပါ​သလား​ဟု မေးမြန်း​ကြည့်​ရာ ဆရာ​ကြီး​နာ​ဂ​သိန်း​လှိုင်​က သဘောကျ​ရယ်မော​လျက် ‘‘ငါ့​ကလေး​တွေ၊ မြေး​တွေ​အကုန်​လုံး ငါ​မွေး​ပေး​ခဲ့​တာ​ကွ’’ဟု ဆို​ပါ​သည်။ သားသမီး​ခုနစ်​ဦး​ရှိ​သည့်​အနက် ခြောက်​ဦး​ကို သူ​ကိုယ်တိုင် မွေး​ပေး​ခဲ့​ခြင်း​ဖြစ်​ပြီး မြေး​ရှစ်​ယောက်​စလုံး​ကို​လည်း ကိုယ်တိုင်​မွေး​ဖွား​ပေး​ခဲ့​တာ​ဖြစ်​သည်။

ဒေါ်​အုန်း⁠အုန်း​က​လည်း ‘‘ဆယ့်​ရှစ်​မိ​နစ်​ဆို​ရင် ကလေး​က​အပြင်​ရောက်​ပြီ’’ ဟု ရယ်မော​၍ ဘေး​မှ​ဝင်​ပြော​သည်။

အဖ ဦး​တန်​ဟုတ်​ဝမ်၊ အမိ ဒေါ်​နန်း​ကြင်​သုန်​တို့​မှ မွေး​ဖွား​ခဲ့​သည့် မွေး​ချင်း​ကိုး​ဦး​အနက် ဒုတိယ​မြောက်​သား တရုတ်​ကပြား ဒေါက်​တာ​နာ​ဂ​သိန်း​လှိုင်​သည် အသက်(၈​၀)ကျော်​လာ​ပြီ​ဖြစ်သော်​လည်း သွက်​လက်​ဆဲ။ စကား​ကို မ​နား​တမ်း​ပြောဆို​နိုင်​ဆဲ။ ခွဲစိတ်​ဓား​ကို ချက်ချင်း​ပင် ကောက်​ကိုင်​လို​ဟန်​ရှိ​နေ​ဆဲ။

‘‘သက်​ရှိ​သတ္တဝါ​တွေ​ကို ကယ်တင်​ရ​တဲ့​ကုသိုလ်​က ဘာ​နဲ့​မှ​နှိုင်း​လို့​မ​ရ​ဘူး။ လူ​နာ​တွေ​ကို ခွဲစိတ်​ကု​သ​ပေး​ရ​တာ အရမ်းပျော်​တယ်။ အချိန်​ပြည့် လူ​နာ​တွေ​အနား​မှာ​ပဲ​နေ​တယ်။ မိသား​စု​နဲ့​တောင် လျှောက်​မ​သွား​ဘူး။ ဆရာဝန်​ကို ကုသိုလ်​ရအောင်၊ ထမင်း​၀​အောင်၊ ပညာ​တတ်​လာ​အောင် လူ​နာ​တွေ​ပဲ လုပ်​ပေး​တယ်။ လူ​နာ​တွေ​ရဲ့​ကျေးဇူး​ကို​ဆပ်​မ​ကုန်​ဘူး။ ပိုက်​ဆံမျှော်​ပြီး တစ်​ခါ​မှ မ​ခွဲ​ပေး​ဖူး​ဘူး။ ပေး​လည်း မ​ယူ​ဘူး။ သူ့​အသက်​ကို ငါ့​ဆီ​လာ​အပ်​တယ်​ဆို​ကတည်းက ငွေ​သိန်း​သန်း​မက လာ​အပ်​တာ​ပဲ​မဟုတ်​လား’’ဟု ဆရာဝန်​ကြီး​က သူ​၏​စိတ်သဘော​ထား​ကို ပြော​ပြ​ပါ​သည်။

လက်​ရှိ​ဆေး​လောက​အပေါ်​မှာ​လည်း ဆရာဝန်​ကြီး​က ‘‘ရှင်း⁠ရှင်း​ပြော​ရ​ရင် ပျက်​နေ​တာ​ကြာ​ပြီ’’ဟု ဆို​ပါ​သည်။ အသပြာ​ဆရာဝန်​များ​မှာ သူဌေး​သာ​ဖြစ်​ချင်​ဖြစ်​သွား​မည်​ဖြစ်​ပြီး တော်​သည်၊ တတ်​သည်​ရှိ​မ​လာ​နိုင်၊ နာမည်ကြီး​မ​လာ​နိုင်​ဟု ဆရာဝန်​ကြီး​က သုံးသပ်​ပြီး ထိုသို့​ဖြစ်​ရ​ခြင်း​မှာ အတ္တ​ပါ​နေ​သော​ကြောင့်​ဟု ဆို​သည်။

‘‘တို့​ဆီ​မှာ​က ဘွဲ့​အများ​ကြီး​ရ​မှ’’ဟု သူ​က အား​မ​လို​အား​မ​ရ​ဖြစ်​ဟန်​ဖြင့် ဆက်​ပြော​ပါ​သည်။

ဆရာဝန်​လုပ်​သက် နှစ်​ပေါင်း ၄​၀ ကုန်​လွန်​ခဲ့​ပြီး​နောက် ဆရာဝန်​ကြီး ဒေါက်​တာ​နာ​ဂ​သိန်း​လှိုင်​သည် ကျန်း​မာပျော်​ရွှင်​စွာ​ဖြင့် ပြင်ဦးလွင်မြို့​တွင် နေထိုင်​ကာ ဘဝ​ကို​ဖြတ်​သန်း​လျက်​ရှိ​သည်။

ထုံ​ဆေး​ပညာ​ရှင်​ကြီး၊ ခွဲစိတ်​ပညာ​ရှင်​ကြီး၊ စေတနာ​ရှင်​ဆရာဝန်​ကြီး၊ သူ​လို​ဆရာဝန်​ကြီး၊ နာ​ဂ​နတ်​ကြီး၊ တစ်​ချိန်​က တောင်​တန်းပေါ်​မှ မီးအိမ်​ရှင်​ကြီး​က သူ့​အကြောင်း ဆောင်းပါး​အတွက် အင်​တာ​ဗျုး​လာ​ရောက်​သူ​နှင့် သုံး​နာရီ​ခန့်​ကြာ​အောင် မ​မော​တမ်း စကား​များ​ဖောင်​ဖွဲ့​ပြီး​နောက် အောက်​ပါ​စကား​တစ်​ခွန်း​ဖြင့် လက်စသတ်​လိုက်​ပါ​သည်။

‘‘လူ​ကို​လူ​လို​မြင်​ပါ။
လူ​ကို​လူ​လို သုံးသပ်​ပါ။
လူ​ကို လူ​လို​ကြည့်ပါ။
လူ​ကို​လူ​လို ကျင့်​သုံး​ကြ​ပါ။
ဒါ​မှ မင်း​ဘ၀​ဖြောင့်​ဖြူး​လိမ့်​မယ်’’။ ။

Credit to 7Day Daily