ကိုင်း … ကြား​လို့​မှ​ကောင်း​ကြ​သေး​ရဲ့​လား​ဗျာ။ ကျုပ်​ဖြင့် မျက်နှာ​ပူ​လွန်း​လို့ ကိုယ့်​မျက်နှာ​ကိုယ် ရေကန်​ထဲ​သာ နှစ်​ထား​လိုက် ချင်​တော့​တာ​ပဲ။ ဒါ​ပေ​တဲ့ ခက်​တာ​က​အဲ​ဒီ​နေ့​က ကျုပ်​တို့​နေ​တဲ့ ဆင်ခြေဖုံး​ရပ်​ကွက်​တချို့​မှာ မီး​တွေ ဖြတ်​ထား​တော့ ရေ​မ​လာ​ဘူး​ခင်​ဗျ။ ဪ…အမေ​ရိ​ကန်​သမ္မတ​အို​ဘား​မား ရန်ကုန်​ရောက်​တော့​မှ မီး​ပြတ်​နေ​ရသ​တဲ့​ဗျာ။ ဘာ​တတ်နိုင်​မှာ​လဲ​နော။ သို့​က​လို မီး​မ​လာ​ပေ​သိ အမေ​ရိ​ကန်​ရဲ့ သမ္မတ​စိန်​ရတု​ခန်းမ​မှာ မိန့်ခွန်း​ပြော​တာ​ကို​တော့ ကျုပ်​တို့ ရပ်​ကွက်​သား​တွေ​ဟာ ကြည့်​ဖြစ်​အောင်​ကြည့်​လိုက်၊ နားထောင်​လိုက်​ကြ​ပါ​ရဲ့​ဗျာ။

အေး​ဗျ။ ကျုပ်​တို့​ပြည်​သူ တွေ​များ တယ်​လည်း ခက်​ပါ​တယ် ဗျာ။ ကိုယ့်​တိုင်း​ပြည်​က သမ္မတ​က လ​စဉ် ရေ​ဒီ​ယို​တို့၊ ရုပ်​မြင်​သံ​ကြား​တို့​က မိန့်ခွန်း​ပြော​တာကျ အခု​လို တ​ခုတ်​တ​ရ စောင့်​နား​မ​ထောင်​ကြ​ဘူး​ဗျ။ ကျုပ်​တို့ သမ္မတ​ခ​မျာ သနား​ပါ​တယ်။ သူ့​အသံ ပြည်​သူ​တွေ​ကြား​ပါ​စေ ဆို​ပြီး တစ်​လ​တစ်​ခါ အားခဲ​ပြီး​ပြော​ရ​ရှာ​တာ လွယ်​မှတ်​လို့။ ရေ​ဒီ​ယို​က မိန့်ခွန်း နား​မ​ထောင်မိ​မှာ​စိုး​လို့ သတင်းစာ​မှာ​လည်း မျက်နှာဖုံး​က​နေ ဖော်​ပြ​တယ်​ဗျာ။ ဒါ​လည်း ကျုပ်​တို့ ပြည်​သူ​တွေ​များ ကျော်​ဖတ်​သွား​တာ​ပဲ။

ဟော .. အခု တစ်​ပြည်​တစ်​ရွာ​က အမေ​ရိ​ကန်​သမ္မတ အို​ဘား​မား​လာ​ပြီး ရန်ကုန်​မှာ မိန့်ခွန်း​ပြော​ဦး​မယ်​ဆို​တော့ အလုပ်​ပစ်​အကိုင်​ပစ်​နဲ့ စောင့်​ကြည့်​နား ထောင်​နေ​ကြ​တာ​ဗျာ။ ရုပ်​သံ​က တိုက်ရိုက်​ပြ​တော့ ပို​တောင်​မှ ဟန်ကျ​သွား​သေး။ တချို့​များ အို​ဘား​မား ရန်ကုန်​ခရီး​အတွက် လမ်း​တွေ ပိတ်​ထား​လို့ အဲ​ဒီ​နေ့ အလုပ်​မ​သွား​တော့​ဘူး​ဆို​ပဲ။ ကျုပ်​အိမ်​ဘေး​က မိတ်ဆွေ​ပန်းရန်​ဆရာ​ကတော့ အခု​လို​ကြုံးဝါး​သ​ဗျ။ က​နေ့​အဖို့ နေ့​တွက်​မ​စီရင်​လည်း နေ​ပါ​စေ​တဲ့​ဗျာ။ မယ်​ထွား​ဆို​တဲ့ သူ့​မယား​ကတော့ အနှီ​ပန်းရန်​ဆရာ​ကို မျက်​စောင်း​တ​ခဲ⁠ခဲ​ဗျို့။

‘‘တော့်​ကို အဲ​ဒီ အို​ဘား​မား​က ထမင်း​ကျွေး​မှာ မို့​လို့​လား’’ဆို​ကာ ဆူ​ဆောင့်​နေ​ရဲ့​ဗျာ။ ကျုပ်​မိတ်ဆွေ​က​လည်း ကျုပ်​နဲ့ ပေါင်း​လို့​လား​တော့​မ​သိ​ဘူး​ဗျ။ နိုင်ငံ​ရေး​အမြင်​ရှိ​တယ်။ “ဟ.. မယ်​ထွား​ရ၊ အို​ဘား​မား​တို့​ရဲ့ အမေ​ရိ​ကန်​နဲ့ ငါ​တို့ အစိုးရ အဆင်​ပြေ​သွား​ရင် တို့​ဆီ​မှာ လာ​ပြီး ရင်းနှီး​မြှုပ်​နှံ​မှာ​ပေါ့​ဟ။ ဟိုတယ်​တွေ​ဆောက် မယ်။ လမ်း​တွေ​ဖောက်​မယ်။ အဲ​ဒီကျ ငါ​ဆို​တဲ့ နင့်​ယောက်ျား ပန်းရန်​သမား​လည်း နေ့​စား​ခ​ကို ဒေါ်လာ​နဲ့ ရ​မှာ​ဟ” တဲ့။ ကျုပ်​တို့ အရပ်​နဲ့ ကျုပ်​တို့​ဇာတ်​ကတော့ ဟုတ်​နေ​တာ​ပဲ​ဗျို့။ ဗျာ…အဲ​ဒီ​တော့ ပန်းရန်​သမား မိန်းမ မယ်​ထွား ဘာ​ပြန်ပြော​သလဲ ဟုတ်​လား။ “ တော့် အမေ​ရိ​ကန်​တွေ ရင်းနှီး​မြှုပ်​နှံ​မှာ၊ ဒေါ်လာ​နဲ့ နေ့​တွက်​ရ​မှာ နောက်​ရှင့်။ အခု တော့် အို​ဘား​မား​လာ​မှာ​မို့ လမ်း​တွေ​ပိတ်​ထား​လို့ အ လုပ်​မ​သွား​ရ​ဘူး။ က​နေ့​အဖို့ ဘယ်​မှာ​လဲ ဝင်ငွေ”တဲ့။ အဲ… မိန်းမ​တွေ​များ တယ်​ခက်​ဗျနော်။

ကျုပ်​မိတ်ဆွေ ပန်းရန်​ဆရာ​ဒီ​တစ်​ခါ​တော့ ကြက်​ကြီး​လည် လိမ်​ထား​သ​လို ဆန့်​ငင် ဆန့်​ငင်​ဖြစ်​သွားပုံ​ပဲ။ ဘာ​သံ​မှ ထွက်​မ​လာ​ဘူး။ နောက်​တော့ ကျုပ်​နဲ့ အနှီ​ပန်းရန်​ဆရာ​တို့ နှစ်​ယောက်​သား လမ်း​ထိပ်​ဘက် ထွက်​လာ​ကြ​တာ​ပေါ့​ဗျာ။ လမ်း​ထဲ​မှာ မီး​ပြတ်​နေ ပေ​တဲ့ လမ်း​ထိပ်​က ကို​တုတ်​ကြီး​ရဲ့ လက်ဖက်ရည်​ဆိုင်​မှာ မီးစက်​လည်း ရှိ၊ စ​ကိုင်း​နက်​လည်း ရှိ​သ​ကိုး​ဗျ။ ပြီး​တော့ ကို​တုတ်​ကြီး က​လည်း ဒါ​မျိုး​တွေ​မှာ အင်မတန် ဝါသနာ​သန်​ရှာ​တယ်။ ကျုပ်​တို့​နဲ့ တိုင်း​ရေး​ပြည် ရေး​ဆွေးနွေး ရ​တာ​က​လည်း မနက်​တိုင်း​ပဲ။ သူ​လည်း​ကျုပ်​ဆို​တဲ့ ဘ​စီ​နဲ့ ပေါင်း​ပြီး ခေတ်​မီ​မီ ကမ္ဘာ​ကြည့် ကြည့်​နေ​တဲ့​သူ ခင်​ဗျ။ သူ့​ဆိုင်​ကို အမေ​ရိ​ကန်​က ‘စ​တား​ဘက်’ ကော်​ဖီ​ဆိုင်​တွေ​လို ကမ္ဘာ​အနှံ့ မ​ဖွင့်​နိုင်​တဲ့​တိုင်အောင်​မြန်မာ​ပြည် တစ်​ဝန်း​မှာ တုတ်​ကြီး​အမည်​နဲ့ လက်ဖက်ရည်​ဆိုင်​ခွဲ​တွေ အများ​ကြီး​ဖွင့်​ဖို့ အိပ်မက်​မက်​နေ​တာ​ဗျ။ သူ​လည်း ခေ​သူမ​ဟုတ်​ဘူး​ရယ်။

ကို​တုတ်​ကြီး​မယား ဒေါ်​မြ​ရင်​ကတော့ ယောက်ျား​လုပ်​သူ​နဲ့ ဆန့်ကျင်ဘက်​ဗျ။ သူ​က ကျုပ်​တို့ သမ္မတ​ဦး​သိန်း​စိန်​ကို အပြတ်​ထောက်ခံ​တဲ့​သူ။ လင်​နဲ့​မယား တစ်​အိမ်​တည်း​နေ တစ်​စီးပွား​တည်း​ဆို​ပေ​တဲ့ နိုင်ငံ​ရေး​အမြင်​ချင်း​ကျ မ​တူ​ကြ​ဘူး။ သို့​ပေ​တဲ့ မ​တူ​တာ​တွေ ခွဲ​ပြီး တူ​တာ​တွေ တွဲ​လုပ်​မယ်​ဆို​တဲ့ သမ္မတ​ရဲ့ နိုင်ငံ​ရေး​ယဉ်ကျေး​မှု​သစ် အတွေး​အခေါ်​အရ လက်ခံ​ကျင့်​သုံး​လာ​ကြ​ပုံ​ရ​ပါ​ရဲ့။ အခု​ဆို​ရင် သူ​တို့​မှာ သားသမီး​တွေ ပွားစီး​နေ​တာ ငါး​ယောက်​တောင်​မှ ရှိ​သ​ဗျာ။ ဘာ​မှတ်​သလဲ။ အို​ဘား​မား​က မ​တူ​ကွဲပြား​ခြင်း​ကို လက်ခံ​ပြီး သကာ​လ​ဖွံ့ဖြိုး​မှု​ခရီး​ကို ချီ​တက်​ကြ​လို့ ကျုပ်​တို့​ကို မ​တိုက်တွန်း​ခင် ပ​ဝေ​သ​ဏီ​ကတည်းက ကို​တုတ်​ကြီး​နဲ့​မ​မြ​ရင်​က လက်တွေ့​ပြ​ခဲ့​ပြီး​သား။

လက်ဖက်ရည်​ဆိုင်​ရောက် တော့ ကျုပ်​တို့​တောင်​မှ မီးစက်​နှိုး​ဗျ​လို့ မ​ပြော​လိုက်​ရ​ပါ​ဘူး​ဗျာ။ ကို​တုတ်​ကြီး​က မီးစက်​နှိုး​ပြီး ရုပ်​မြင်​သံ​ကြား​ရှေ့​မှာ ခြင်္သေ့​တစ်​ကောင်​လို့ ခံ့⁠ခံ့​ညား⁠ညား​ကြီး ထိုင်​လို့​ရယ်။ အို​ဘား​မား အတွင်းဝန်​ရုံး​သွား​ကြည့်​ပြီး ပြန်လာ​ပြီ။ ဒေါ်​စု​နဲ့ အိမ်​မှာ​တွေ့​တယ်။ အခု အမေ​ရိ​ကန် သံ​ရုံး​က​နေ​တစ်​ဆင့် ရန်ကုန်​တက္ကသိုလ်​ထဲ​မှာ မိန့်ခွန်း​ပြော​ဖို့ သွား​နေ​ပြီ စ​သ​ဖြင့် ဖောက်သည်​ချ​သ​ဗျ။ ပြီး​တော့ ကျုပ်​တို့ အို​ဘား​မား အတွင်းဝန်​ရုံး​သွား​လည် တဲ့ ကိစ္စ​က စ​ပြီး ကျုပ်​တို့ ဆွေးနွေး​ကြ​တယ်။ ကျုပ်​ဖြင့် အံ့ဩ​တယ်။ အို​ဘား​မား​အတွင်းဝန်​ရုံး​သွား​ပြီး လည်ပတ်​ကြည့်​ရှု​တာ​ကို ပြော​တာ​ပါ။ ဒီ​လို ရှေး​ဟောင်း​အ ဆောက်​အအုံ​တစ်​ခု​ကို ဘယ်​ခေါင်းဆောင်​က စိတ်ဝင်စား​မှာ​မှတ်​လို့။ သူ​များ မ​ပြော​နဲ့။ ကျုပ်​တို့ တိုင်း​ပြည်​က ခေါင်းဆောင်​ကြီး​တွေ​တောင်​မှ စိတ်​မ​ဝင်စား​ပေါင်။

စိတ်​မ​ဝင်စား​လို့​ပဲ အတွင်းဝန်​ရုံး​ကို ပစ်ထား​တာ ကြာ​ခဲ့​ပြီ​ပဲ​မင့်​ဟာ။ တချို့ အဆောက်အအုံ တွေ​ဆို ရ​စရာ​မ​ရှိ​လောက်​အောင် ပျက်စီး​ယိုယွင်း​နေ​ပြီ။ ဒီ​ကြား ထဲ အနှီ​အတွင်းဝန်​ရုံး​ကို ဟိုတယ်​လုပ်​ပစ်​မယ်​ဆို​တဲ့ သူ​တွေ​က လည်း တ​ကဲ​ကဲ။ အဲ​သ​လို နေရာ​မျိုး​ကို ကမ္ဘာ​မှာ အင်မတန်​အလုပ်​များ​တဲ့ အမေ​ရိ​ကန်​သမ္မတ​တစ်​ဦး​က အချိန်​ပေး​ပြီး လှည့်​ကြည့်​တယ် ဆို​တော့ အံ့ဩ​ဖို့ မ​ကောင်း​ဘူး​လား။ အင်း​လေ .. သမိုင်း​တန်ဖိုး​ဆို​တာ အမြော်အမြင်​ရှိ​တဲ့ သူ​သာ သိမြင်​တတ်​တဲ့ အရာ​မျိုး​ကိုး။ တန်ဖိုး​မ​သိ​တဲ့ သူ​မျိုး​ကျ ဒီ​လောက်​ဟောင်း​တဲ့ အဆောက်အအုံ​ကြီး ဖြို​ချ​ပြီး ကွန်​ဒို​ကြီး​ဆောက်​လိုက်​လို့​ကတော့​လို့ စဉ်းစား​ချင် စဉ်းစား​နေ​မှာ။

ဒီ​လို စကား​မျိုး​တွေ ကျုပ်​တို့​ချင်း​ပြော​နေ​တာ ကြား​တော့ ကောင်​တာ​မှာ ထိုင်​နေ​တဲ့ ကို​တုတ်​ကြီး​မယား​က လှမ်း​ပြော​တယ်။ “ကို​တုတ် ရှင်​ဟာ တယ်​လည်း​အမေကျော် ထွေးတော်​လွမ်း​တဲ့​သူ ပဲ။ မီးစက်​ကြီး ဖွင့်​ပြီး အို​ဘား​မား​ခရီး​ကို အငမ်း​မ​ရ ကြည့်​ရုံ​တင် အား​မ​ရ​ဘူး။ ကျုပ်​တို့ အစိုးရ​ကို​လည်း ထိကပါးရိကပါး​လည်း​ပြော​သေး”တဲ့။ ကျုပ်​တို့ သိ​ပါ​တယ်​ဗျာ။ ဒီ​စကား​ကို ဒေါ်​မြ​ပြော​တာ ကျုပ်​တို့​ကို​လည်း ရည် ရွယ်​တယ်​ဆို​တာ။ ဒါ​မျိုး​ကျ ကျုပ်​တို့ ကို​တုတ်​ကြီး​က ကြက်​ခေါင်း​ဆိတ်​မ​ခံ​ဘူး​ဗျ။ ချက်ချင်း​ပြန် ဖြေ​တယ်။

“ဟေ့ ဒီ​မှာ မိ​မြ၊ ငါ့ကို ဒီ​စကား​မျိုး လာ​မ​ပြော​နဲ့။ အမေကျော်​ပြီး ထွေးတော် အမေ​ရိ​ကန်​ကို လွမ်း​တယ်​ဆို​တော့​လည်း ဘာ​ဖြစ်​လဲ။ ကိုယ့်​အမေ မ​ကောင်း​လို့ ထွေးတော်​ကို လွမ်း​တာ​ဟ၊ မှတ်ထား”ကို တုတ်​ကြီး ရှူးရှူးရှားရှား​ဖြစ်​ပြီး ပြော​တယ်။ ဒေါ်​မြ​က ငြိမ်​သွား​တယ်။ ငြိမ်​ဆို ကောင်​တာ​မှာ စာရင်း​တွေ တွက်​နေ​တာ​ကိုး။ သို့​ပေ​တဲ့ ဒါ​က သူ​တို့​လင်မယား​ကြားမှာ ယာယီ​အပစ်​အခတ်​ရပ်​စဲ​နေ​တာ။ အကြောင်း​ဆိုက်​ရင် နောက်ထပ် အချေအတင် ဖြစ်​ဖို့ ရှိ​သေး​တယ်။ ဒီ​အခိုက်​မှာ အို​ဘား​မား​တစ်​ယောက်​ရန်ကုန်​တက္ကသိုလ်​ထဲ​က စိန်​ရတု​ခန်းမ​ထဲ​ရောက်လာ​တာ​ကို ရုပ်​သံ​ဖန်​သား​ပြင်​မှာ မြင်​လိုက်​ရ​တယ်။

အို​ဘား​မား​ဝင်​အလာ​မှာ လူ​ငယ်​တချို့​က ဆိုင်း​ဘုတ်​တွေ ထောင်​ပြ​ကြ​သ​တဲ့​ဗျာ။ ကို​တုတ်​ကြီး​နဲ့ ပန်းရန်​ဆရာ​က ဘာသာ​ပြန်​ပြ​ခိုင်း​တာ​နဲ့ ဖတ်​ကြည့်​လိုက်​တော့ အပြောင်း​အလဲ​ဟာ အတု​အယောင် ဘာ​ညာ​ပေါ့​လ​ဗျာ။ ဒီ​အခါ ကို​တုတ်​ကြီး​က ကောင်​တာ​က သူ့​မိန်းမ ဒေါ်​မြ​ဘက်​လှည့်​ပြီး ကလိ​လိုက်​သေး​တယ်။ “ဟေ့ မိ​မြ ကြည့်​စမ်း၊ နင်​က​သာ ကျုပ်​တို့​အစိုးရ​က ကောင်း​ပါ​တယ်။ တကယ် ဒီ​မို​က​ရေ​စီ​အစိုးရ​ဆို​ပြီး ဇွတ်ငြင်း​နေ​တာ။ ဒီ​မှာ နင့်​အစိုးရ​ရဲ့​ပြုပြင်​ပြောင်းလဲ​ရေး​က အင်​ထု​နေ​တယ်​ဆို​တာ ကလေး​တွေ​တောင်​မှ​သိ​တယ်” တဲ့။ စာရင်း​လုပ်​နေ​တဲ့ ဒေါ်​မြ​ဆီ​က စကား​တစ်​ခွန်း​ပဲ ထွက်​လာ​တယ်။ “အဆိုး​မြင်​ကြ​တဲ့ သူ​တွေ​နေ​မှာ​ပါ​ရှင်”

အို​ဘား​မား မိန့်ခွန်း​စ​ပြော​သံထွက်​လာ​တော့ လက်ဖက်ရည်​ဆိုင်​ထဲ​က လူ​တွေ​ရဲ့ တစ်​ယောက်​တစ်​ပေါက် အသံ​တွေ​လည်း တိတ်​သွား​သ​ဗျ။ ကျုပ်​အစ​မှာ ပြော​သ​လို​ပေါ့​ဗျာ။ ကျုပ်​တို့​သမ္မတ​ရဲ့ လ​စဉ်​မိန့်ခွန်း​တွေ​ကို​သာ အခု​လို​တ​ခုတ်​တ​ရ​စောင့်​ပြီး နားထောင်​ကြ​ရင် ဘယ်လောက်​များ လွှတ်​ကောင်း​လိုက်​မ​လဲ​လို့။ အခု​တော့​ကို​တုတ်​ကြီး​မိန်း​မဒေါ်​မြ​ပြော​သ​လို ကျုပ်​တို့​က​ပဲ အမေကျော် ထွေးတော် လွမ်း​နေ​မိ​သလား​တော့ မ​သိ​ပါ​ဘူး။ အင်း​လေ.. အခု​န ကို​တုတ်​ကြီး ပြော​ပြီး​မို့​ပဲ​ဟာ။ ကိုယ့်​အမေ​က​မှ သူ့​လောက်​မ​ကောင်း​လေ​တော့ အရီး​လေး၊ထွေး​လေး​တွေ​ကို တ,မိ၊လွမ်း,လွမ်း​မိ​တာ​ပဲ နေ​မှာ​ပဲ။

အေး​ဗျ။ အနှီ ထွေးတော်​ကြီး​အမေ​ရိ​ကန် ကောင်း​သ​လောက်​က​လည်း ကျုပ်​တို့​အပေါ် ကောင်း​တဲ့​သူ​က နှစ်​ပေါင်း​များ​စွာ ရှိ​မှ​မ​ရှိ​ဘဲ​ဟာ။ အခု​ပဲ ကြည့်​ဗျာ။ စိန်​ရတု ခန်းမ​မှာ အမေ​ရိ​ကန်​သမ္မတ ဟာ ကျုပ်​တို့ မြန်မာ​လူ​ငယ်​တွေ​ကို နားလည်​ပေး​တယ်​ဗျာ။ ကျုပ်​တို့ မှာ ရှိ​နေ​တဲ့ သိမ်ငယ်​စိတ်၊ နိမ့်​ကျ​စိတ်၊ စိုးရိမ်​စိတ်​တွေ​ကို ဖယ်ရှား​ပေး​ပြီး​တော့ အနာ​ဂတ်မျှော်​လင့်​ချက်​ကို ရှင်​သန်​စေ​တယ်​ဗျာ။ တိုင်း​ပြည်​နဲ့ လူ​မျိုး​အတွက် မိမိ​တို့​ရဲ့ ဘဝ​ကို မြှုပ်​နှံ​အလုပ်​လုပ် ကြ​ဖို့ ကျုပ်​တို့ လူ​ငယ်​တွေ​ရဲ့ စိတ်​ကို ရဲရင့်​စေ​တယ်​ဗျာ။ အမေ​ရိ​ကန် က အကူအညီ​ပေး​နိုင်​တာ​တွေ​ကို ထုတ်ဖော်​ကြေညာ​ပြီး​သကာ​လ လူ​ငယ်​တွေ​ကို တက်​ကြွ​စေ​တယ် ဗျာ။

ကျုပ်​တို့ လူ​ငယ်​တွေ​ကို​အဲ​သ​လို​မျိုး ဘယ်​ခေါင်းဆောင်​က များ အရေး​တယူ​ပြု​ပြီး ပြောဆို​ဆွေးနွေး​ကြ​လို့​လဲ။ ဘယ်​ခေါင်း ဆောင်​က​မှ လေး​လေးစား​စား သဘောထား​နဲ့ လာ​ပြီး ဆက်ဆံ​တယ်​ဆို​တာ မ​ရှိ​သ​လောက်​ပဲ​ဗျ။ တွေ့​တယ်​ဆို​ဦး​တော့ ကျုပ်​တို့​လူ​ငယ်​တွေ​မှာ လူကြီး​အလာ​ကို တစ်​နေ​ကုန် စောင့်​ရသ​ဗျာ။ လာ​တော့​လည်း လက်အုပ်ချီ​ရ​သေး ဗျာ။ ပြီး​တော့ စင်​မြင့်ပေါ်​မှာ သူ​ပြော​ချင်​တာ​တွေ ပြော​သွား​ရော။ ကျုပ်​တို့​ရင်​ထဲ​က ပြော​ချင်​နေ တဲ့ စကား​သံတွေ​ကို နားထောင်​ဖို့​ဆို​တာ မိုင်​ထောင်​ချီ​ဝေး​ပါ​သေး​ရဲ့။

အခု အို​ဘား​မား​က ဒီ​လို​မဟုတ်​ဘူး​ဗျာ။ ကမ္ဘာ​မှာ မဟာ​အင်အား​ကြီး နိုင်ငံ​ရဲ့​သမ္မတ​က လူ​ငယ်​တွေ​ကို အချိန်​ပေး​ဖို့ မ​မေ့​ဘူး​ခင်​ဗျ။ ပြီး​တော့ “ခင်ဗျား​တို့​ဟာ အနာဂတ်​ရဲ့ ခေါင်းဆောင်​တွေ​ပဲ”လို့​လည်း စန်း​တင်​သွား​သေး​ရဲ့။ ဒီ​က လူကြီး​တွေ​များ အဲ​လို ပြော​မ​တဲ့​လား။ ပြော​ရင်​လည်း ဟန်​ပြ​လောက်​နေ​မှာ​ပေါ့။ နှုတ်​က​သာ ကျုပ်​တို့​ကို ခေါင်းဆောင်​လို့ လုပ်​မှာ။ စိတ်​ထဲ​မှာ​တော့ အနာဂတ်​မှာ​လည်း ငါ​တို့​ဟာ ခေါင်းဆောင်​ပဲ​လို့ ကျိတ်​ပြော​နေ​တာ မ​သိမှတ်​လို့။ အဲ​သ​လို​တွေ​မှာ ကွာ​သွား​တယ်​ဗျာ။ ပြီး​တော့ အို​ဘား​မား​ဟာ ကျောင်းဆရာ လုပ်​ခဲ့​ဖူး လို့​လား​တော့ မ​သိ​ဘူး။ ခန်းမ​ထဲ​မှာ လူ​ငယ်​တွေ​နဲ့ စကားပြော​နေ ပုံ​ဟာ တ​ကယ့်​ကို ဆရာ​တစ်​ယောက်​ရဲ့​ဟန်။ အစ်ကို​ကြီး​က ညီ​လေး​တွေ​ကို နွေး​ထွေး​လှိုက်​လှဲ တဲ့ ဆက်ဆံ​ရေး​ပုံစံ​ဗျာ။ ဟောပြော​ပွဲ​အပြီး နှုတ်ဆက်​တော့ လည်း လူ​ငယ်​တွေ တစ်​ဦး​ချင်း​စီ​ကို လက်​ဆွဲ​သွား​သေး​တာ။ ဒီ​က လူကြီး​တွေ​များ ရုပ်​သံ​မှာ သတင်းလွှင့်​ရင် ပြ​သာ​ရုံ တစ်​ကွက်​လောက်​သာ ပရိသတ်​နဲ့ ဟန်​ရေး​ပြ နှုတ်ဆက်​တာ​မျိုး​နဲ့​တော့ ကွာ​သ​ဗျ။ သမ္မတ​ကို နှုတ်ဆက်​ဖို့ ရှေ့​ကို​လက်​ဆန့်​တန်း​ပြီး ခါး​ကိုင်း​လာ​ကြ​တဲ့ လူ​ငယ်​တစ်​စု စင်ပေါ်​မှာ လဲ​ပြို​မ​လို​ဖြစ်​သွား​တော့ အို​ဘား​မား​က ပြေး​ပြီး ထိန်း​လိုက်​တဲ့ အကွက်​ကလေး​က​လည်း လှ​မှ​လှ။ ဪ.. သူ​များ​သမ္မတ​က ကျုပ်​တို့​တိုင်း​ပြည်​လာ​ပြီး ကျုပ်​တို့​လူထု​ရဲ့ နှလုံးသား​ကို​လှုပ်​ခတ် အောင် လုပ်​သွား​ခဲ့​ပုံ​တွေ​များ ပြော​ပါ​တယ်။ အခု​ထိ မျက်စိ​ထဲ​က မ​ထွက်​သေး​ဘူး။

အို​ဘား​မား​နဲ့ တွေ့​အပြီး အခမ်းအနား​တက်​လာ​တဲ့ လူ​ငယ်​တွေ​နဲ့ အင်တာဗျူး​လွှင့်​တာ ကို ကြည့်​တော့​လည်း အနှီ​လူ​ငယ်​တွေ​ဟာ အို​ဘား​မား​ပြော သွား​တဲ့ စကား​တွေ​အပေါ်​မှာ အင်မတန်​အားတက်​ကြ​တယ်။ ရွှင်လန်း​ကြ​တယ်။ ကြည်နူး​ကြ​တယ်။ အို​ဘား​မား​အချိန်​ပေး​ပြီး ဆွေးနွေး​သ​လို ကျုပ်​တို့​ရဲ့ သမ္မတ​က​လည်း လူ​ငယ်​တွေ​နဲ့ အဲ​သ​လို​ဆွေးနွေး​ပြီး လူ​ငယ်​တွေ​ရဲ့ အသံ​ကို နားထောင်​ပေး​မယ်​ဆို​ရင် ဘယ်လောက်​ကောင်း​မ​လဲ လို့​လည်း မျှော်လင့်​ကြ​တယ်။ ဪ.ဒါ​ကတော့​ဗျာ။ အို​ဘား​မား​က အား​နေ​တာ​ကိုး​ခင်​ဗျ။ ကျုပ်​တို့ သမ္မတ​က တိုင်း​ပြည်​ကို ပြုပြင်​ပြောင်းလဲ​နေ​ရ​တာ အချိန်​အား​မှ မ​ရှိ​တာ​ပဲ​ဟာ​နော။

အနှီ​နေ့​က အို​ဘား​မား မိန့်ခွန်း​ကို တိုက်ရိုက်​လွှင့်​တာ ကြည့်​အပြီး​မှာ​တော့ ကို​တုတ်​ကြီး​ရဲ့​အာလုပ်​သံ​နဲ့ ပြော​လိုက်​တဲ့ စကား​သံ​ဟာ လက်ဖက်ရည်​ဆိုင်​ထဲ​မှာ ဟိန်း​ထွက်​လာ​တယ်​ဗျာ။ “ဟေ့ မိ​မြ၊ နင့် သမ္မတ​ကြီး​အတွက်​က တော့ အခု အို​ဘား​မား​လုပ်​သွား​တဲ့ အကွက်​တွေ​က ရှက်​ဖွယ်..ရှက်​ဖွယ်​ပဲ​ဟ။ မှတ်​ပ​လား”

ရုတ်​တရက် ကို​တုတ်​ကြီး ဘာ​ထ​ဖြစ်​ပါ​လိမ့်​လို့ ထိတ်လန့်​သွား​တဲ့ ဆိုင်​ထဲ​က ပရိသတ်​လည်း အခု​မှ သက်​ပြင်း​ချ၊ ရယ်​နိုင်​မော​နိုင်​ကြ​တယ်။ ဆိုင်​ကောင်​တာ မှာ ထိုင်​နေ​တဲ့ ကို​တုတ်​ကြီး​မိန်းမ ကတော့ တစ်​ဆိုင်​လုံး​ကို မျက်ထောင့်​နီ​ကြီး​နဲ့ ကြည့်​လို့​ဗျ။ ကျုပ်​လည်း အသာ​လစ်​ထွက်​လာ​ခဲ့ တယ်။ နို့​ပေ​တဲ့ ကို​တုတ်​ကြီး​ရဲ့ ‘ရှက်​ဖွယ်… ရှက်​ဖွယ်’လို့ ပြော​လိုက်​တဲ့​အသံ​က အခု​ထိ ကျုပ်​နား​ထဲ​မှာ ကြား​နေ​ရ​တုန်း​ပါ​ဗျာ။

Written by ဘ​စီ
Credit to 7Day Daily