‘ဦး​လေး သား​ကို တစ်​ရာ​လောက် …’

‘ဘ​ဘ သမီး​ကို ထမင်း​ဖိုး​လေး …’

ဦး​ထင်ကျော် ကား​အောက်​ကို​ခြေ​ချ​လိုက် သည်​နှင့် အနား​သို့ ကလေး​သုံး​လေး​ဦး စု​ပြုံ တိုး​လာ​ပြီး အသံ​တစာစာ​နှင့် အလုအယက် တောင်း​ကြ​တော့​သည်။ ကြည့်​လိုက်​တော့​ဆယ် နှစ်​ပင် မ​ပြည့်​တတ်​သေး​သည့်​အရွယ်​တွေ။

ညစ်​ပေ​ပေ အဝတ်​အစား​တွေ​ကိုယ်စီ​နှင့်။ တချို့​ကလေး​က စုတ်​ပြဲ​နေ​သော လွယ်အိတ် နွမ်း⁠နွမ်း​ကို စလွယ်​သိုင်း​လျက်။

အိတ်​ကပ်​ထဲ​ကို လက်​နှိုက်​ပြီး အကြွေ​ရှာ နေ​ခိုက် ဘေး​နား​သို့ ထိုး​ဆိုက်​လာ​သည့် အခြား ကား​များ​မှ ဆင်း​လာ​ကြ​သော ဘုရားဖူး​ခရီး သည်​များ​ဆီ​သို့​လည်း ပိုက်ဆံ​တောင်း​ကြ​သည့် ကလေး​အရွယ်​စုံ ရောက်​ရှိ တောင်းရမ်း​နေ ကြ​သည်​ကို လှမ်း​တွေ့​လိုက်​ရ​ပြန်​သည်။ တစ် ယောက်​နှစ်​ရာ​ကျပ်​စီ ပေးလိုက်​သည်​ကို တွေ့ လိုက်​သော ကား​ဒ​ရိုင်​ဘာ​ကြီး​က ‘ဆရာ … သိပ်​အကျင့်​မ​လုပ်​နဲ့​ဗျ။ ဒီ​ရာသီ ဒီ​မှာ ဒါ​မျိုး​တွေ ချည်း​ပဲ’ဟု ကားပေါ်​က လှမ်း​ပြော​သည်။

ကား​ဆရာ​ကြီး စကား​ကို​ကြား​တော့ သူ ရောက်​ရှိ​နေ​သည့် ဝန်းကျင်​မြင်​ကွင်း​ကို ဦး ထင်ကျော် အကဲခတ်​မိ​လိုက်​သည်။ ဘုရားဖူး ဧည့်သည်​များ၊ ဈေးသည်​များ၊ ဈေးဆိုင်​ခန်း များ၊ တည်းခို​ဆောင်​များ၊ အမျိုး​အစား​စုံ ကား ကြီး​ငယ်​များ​ဖြင့် ပျားပန်းခတ်​မျှ ဆူ​ညံ​စည် ကား​နေ​သော မန်း​ရွှေစက်တော်​ရာ​ဒေသ​တွင် တစ်​ဝမ်း​တစ်​ခါး​အတွက် တောင်းရမ်း​စား သောက်​သည့် ကလေး​ငယ်​များ ရှိ​နေ​ကြ​သည် မှာ အဆန်း​မဟုတ်​ဟု သူ ဖြေ​တွေး တွေး​လိုက် သည်။ သူ​နေထိုင်​ရာ စီးပွား​ရေး​မြို့တော် ရန် ကုန်​တွင်​ပင် လက်ညှိုးထိုး​မ​လွဲ တွေ့​နေ​ရ​သည်​မို့ ယခု​လို အနယ်​နယ်​အရပ်​ရပ်​မှ ဘုရား ဖူး​များ​ဖြင့် စည်ကား​နေ​သည့်​ပွဲတော်​တွင် တွေ့ မြင်​ရ​သည်မှာ ထူးဆန်း​ခြင်း​မ​ရှိ​ဟု ဦး​ထင်ကျော် သတ်​မှတ်မိ​ခြင်း​လည်း ဖြစ်​သည်။

ဦး​ထင်ကျော်​မှာ ရက်​ရှည်​ရုံးပိတ်​ရက်​ရ သော​ကြောင့် ရုံး​မှ​မိတ်ဆွေ​တချို့​ကို အဖော် စပ်​ကာ ဘုရားဖူး​ခရီး ထွက်​လာ​ကြ​ခြင်း​ဖြစ် သည့်​အတွက် တည်းခို​ဆောင်​တစ်​ခု​ငှား​ကာ ပစ္စည်း​များ​ချ​ပြီး​သည်​နှင့် အနား​မ​ယူ​ကြ​တော့ ဘဲ အထက်​စက်တော်​ရာ​သို့ ဆက်​တက်​ကြ တော့​သည်။ ရ​သည့်​ရုံးပိတ်​ရက်၊ ရ​သည့်​အ ချိန်​တွင် မြတ်​စွာ​ဘုရားရှင်​၏ ဝဲ​ဘက် ခြေတော် ရာ​နှစ်​ဆူ​ရှိ​သည့် မန်း​ရွှေစက်တော်​ရာ ဘုရား ကို ဖူးမြော်​ချင်​ကြ​၍ ရာသီ​ချိန်​နှင့်​အညီ ကျင်းပ နေ​သည့် ဗုဒ္ဓ​ပူ​ဇ​နိ​ယ​ပွဲတော်​သို့ ရောက်လာ​ကြ သော ဦး​ထင်ကျော်​တို့ ရုံး​ဝန်​ထမ်း​တစ်​စု​မှာ မ​နား​တမ်း ကား​စီ​ခဲ့​ရ​သော​ကြောင့် နား​ချင် သော်လည်း မ​နား​ဖြစ်​ကြ။ ခြေတော်ရာ​ကို ဖူး မည်၊ ရွှေ​သင်္ကန်း​ဆက်ကပ်​မည်၊ လှူ​မည်​တန်း မည် ဟူ​သော​စိတ်​တို့​ဖြင့် အထက်​စက်တော် ရာ​သို့ ဦးစွာ​ဦးတည်​လိုက်​ကြ​သည်။

‘ငွေ​အကြွေ​လေး​တွေ လဲ​သွား​လို့​ရ​ပါ​တယ်။ကုသိုလ်​ယူ​ဖို့ ပိုက်ဆံ​အကြွေ​တွေ​လဲ​သွား​ပါ​ဦး’

စောင်းတန်း​ခြေရင်း​ရောက်​သည်​နှင့် ထို သို့​သော အသံ​တွေ​ကို စတင်​ကြား​ရ​တော့​သည်။ ဦး​ထင်ကျော်​ကြည့်​လိုက်​တော့ ငါး​ဆယ်​တန်၊ တစ်​ရာ​တန်၊ နှစ်​ရာ​တန်​စ​သည့် ပိုက်ဆံ​စည်း ကလေး​များ​ကို အစည်း​လိုက် အစည်း​လိုက် ဖြန့်ခင်း​ထား​သည်​ကို တွေ့​ရ​သည်။ အနား တွင် အတူ​ပါလာ​သည့် ရုံး​မှ​မိတ်ဆွေ​ကို မေး ငေါ့​ပြ​လိုက်​တော့ ‘လဲ​ချင်​လို့​လား​ဆရာ။ ဆရာ တစ်​ထောင်​ပေး​ရင် သူ​က အကြွေ​ကိုး​ရာ​ပြန်​ပေး​လိမ့်​မယ်’ ဟု ရွှေစက်တော်​သို့ ယခင်​က​လည်း ဘုရားဖူး​လာ​ဖူး​သူ မိတ်ဆွေ​က​ဆို​သည်။ ‘အလှူခံ​ပုံး​တွေ​မှာ အလှူ​ထည့်​ချင်​သူ​တွေ​အ တွက် စီစဉ်​ပေး​ထား​တာ ထင်​တယ်နော်။ စိတ်ကူး​လေး​တော့ ကောင်း​သား​ဗျ​နော’ ဟု ဦး​ထင်ကျော်​မေး​ပြော ပြော​တော့ မိတ်ဆွေ​က ပြုံး​သည်။ ပြီး​မှ … ‘ဆရာ​ပြော​တာ မ​မှား​ပါ​ဘူး။ ဒါပေမဲ့ ဒါ​တင်​ဘယ်​က​မ​လဲ ဆရာ​ရဲ့။ နောက်​ရှိ​သေး​တယ်​ဗျ’ဟု​ဆို​တော့ ဦး​ထင်ကျော်​မှာ ရုတ်​တရက်​နား​မ​လည်။ သို့သော် …

စောင်းတန်း​လှေကားထစ်​ကို စ​တက်​လိုက်​သည်​နှင့် မိတ်ဆွေ​ပြော​သော နောက်ထပ်​အကြောင်းအရာ​ကို ထပ်​မ​မေး​ဘဲ​နှင့် ဦး​ထင်ကျော် သိ​လိုက်​ပါ​ပြီ။ စောင်းတန်း​အတက် လှေကား လက်ရန်း​တွေ​ကြား​မှ ထိုး​ထွက်​နေ​သော ဖြန့်​ထား​သည့် လက်ဖဝါး​များ၊ စီ​တန်း​နေ​သည့် ခွက်​ကလေး​များ​က သူ့​သိ​ချင်​မှု​ကို အဖြေ​ပေး နေ​သည့်​အလား။ သည်လို​မြင်​ကွင်း​ကို ဘွား ခနဲ တွေ့​လိုက်​ရ​တော့ စိတ်​ထဲ အံ့ဩ​တ​ကြီး ဖြစ်​ပြီး လူ​က​နောက်​ကို ပြန်​လန်​ကျ​မ​လို​ပင် ဖြစ်​လိုက်​သေး​သည်။ ကြည့်ပါ​ဦး၊ လှေကားထစ် တစ်​ထစ်​တိုင်း တစ်​ထစ်​တိုင်း​မှာ ခွက်​ကိုင် ထား​သော အသက်အရွယ်​ကြီးရင့်​သူ​များ၊ လူ လတ်​ပိုင်း​အရွယ်​များ​ကို တန်း​စီ​တွေ့​လိုက်​ရ​သည့် မြင်​ကွင်း​မျိုး​က သူ​ဘယ်​မှာ​မှ မ​မြင်​ဖူး​ဘူး​ဟု ဦး​ထင်ကျော်​တွေး​လိုက်​မိ​သည်။

ထို​မြင်​ကွင်း​ကို နိုင်ငံ​ခြား​သား​တချို့​က ဓာတ်​ပုံ​လှမ်း​ရိုက်​နေ​သည်​ကို တွေ့​ရ​ပြန်​တော့ စိတ်​ထဲ​မ​ကောင်း ဖြစ်​ရ​ပြန်​သည်။ သည်လို စည်ကား​သည့်​နေရာ​မှာ သည်လို တောင်းရမ်း သူ​များ​ရှိ​ကြ​သည်မှာ မ​ဆန်း​ဟု တွေးတော သတ်​မှတ်မိ​သော စောစော​က အတွေး​တချို့ ကို​ပင် ပြန်လည်​ဆန်း​စစ်​ရ​မ​လို ဖြစ်​နေ​သည်။

‘ဆရာ​ဦး​ထင်ကျော်​ရေ … ကျွန်မ တူမ လေး မနှစ်​က​လာ​တော့ သူ​လဲ​လာ​တဲ့ အကြွေ တွေ​ကုန်​လို့ ငါးရာ​တန်​လည်း ထုတ်​လိုက်​ရော ဒီ​နေ့ ငါးရာ​တန်​မ​ရ​သေး​ဘူး​ဆို​ပြီး ခွက်​တွေ ထိုး​ခံ​လိုက်​တာ အလုအယက်​ပဲ​တဲ့။ သူ​ပြန်လာ​တော့ ပြန်ပြော​ပြတာ​လေ။ ဘာ​လို့ ဒီ​လောက် များပြား​နေ​ပါ​လိမ့်နော်’

ဦး​ထင်ကျော်​တို့​အဖွဲ့​ထဲ​မှ အမျိုးသမီး မိတ် ဆွေ​တစ်​ဦး​၏ ဖောက်သည်​ပြန်​ချ​သော စကား​ကို​ကြား​ရ​ပြန်​တော့ ဦး​ထင်ကျော် သက်​မကို သာ အသာ​ချ​မိ​တော့​သည်။

‘ကျွန်တော် သိ​ရသ​လောက် ဒီ​ဘက်​တွေ​မှာ အလုပ်အကိုင်​တွေ တ​အား​ရှား​တယ်​ဗျ။ ဒါ ပွဲတော်​ရာသီ​အတွင်း တစ်​ရပ်​တစ်​ကျေး​က၊ ရွာနီးချုပ်စပ်​က လာ​ကြ​တာ​တွေ​လေ။ ကျွန်တော်​တို့ တည်းခို​ဆောင်​နား​ရှိ​တုန်း ရေကူး ဘော​ကွင်း​လေး​တွေ​ကို လေ​ထိုး​ရောင်း​နေ​တဲ့ တစ်​ယောက်​က ရေကူး​မ​လား ဝယ်​ပါ​ဦး​ဆို​ပြီး လာ​ရောင်း​လို့ စပ်​စု​ကြည့်​တော့ မကွေး​နယ် ဘက် ရွာ​ကလေး​တစ်​ရွာ​က လာ​ရောင်း​တာ​တဲ့။ ဒီ​တစ်​ရာသီ လာ​လုပ်​တာ အိမ်​ပြန်​ရင် တစ် သိန်း​ခွဲ​လောက်​တော့ ပြန်​ပါ​သ​တဲ့။ ဒါ​တောင် လူ​ခံ​ရှိ​လို့ လာ​လုပ်​နိုင်​တာ၊ လူ​ခံ​မ​ရှိ​ရင် မလွယ် ဘူး​တဲ့​ဗျ’

‘အဲ​ဒီ​ငွေ​အကြွေ​လဲ​ပေး​တဲ့ ဈေးသည်​တွေ နဲ့ တောင်းရမ်း​သူ​တချို့ ဆွေ​မျိုးတော်​သူ​တွေ တောင် ပါ​သ​တဲ့​ဆရာ​ရေ …’

‘ဆင်းရဲသား​ပပျောက်​ရေး အသံ​တွေ ကြား ပြီး​နောက်​ပိုင်း ဒီ​လို​မျိုး​တွေ ပို⁠ပို​တွေ့​လာ​ရသ လို​ပဲနော်။ ခင်ဗျား​တို့ ရန်ကုန် လှည်း​တန်း​ခုံး အောက် သွား​ကြည့်​လိုက်​ပါ​လား။ ကလေး တွေ​ကို သနပ်ခါး​ခြေ​ဆုံး​ခေါင်း​ဆုံး လိမ်း​ပေး ပြီး ကားပေါ်​တွေ လိုက်​တောင်း​ခိုင်း​နေ​တဲ့ မိ သား​စု​ကို​ကြည့်​လေ။ တစ်​မိသား​စု​လုံး သန် သန်မာ​မာ ကျန်း​ကျန်းမာ​မာ​တွေ​ချည်း​ပဲ။ သူ တောင်းစား​ဂိုဏ်း​တွေ ရှိ​တယ်​လို့​လည်း တစ် ဆင့်​စကား တစ်​ဆင့်​နား ကြား​မိ​ပါ​ရဲ့​ဗျာ’

ဦး​ထင်ကျော်​တို့​အဖွဲ့​မှာ ဘု​ရားပေါ်​ရောက် သည်​အထိ တစ်​ယောက် အတွေ့​အကြုံ တစ် ယောက် ပြော​မ​ဆုံး။ မန္တလေး​ဘက်​မှ ရန်ကုန် ရုံး​သို့ ပြောင်းရွှေ့​လာ​သည့် ဝန်​ထမ်း​တစ်​ဦး​က ဘုရား​ကြီး​တစ်​ဝိုက် တောင်းရမ်း စား​သာက် နေ​ကြ​သည့် သက်ကြီး​ရွယ်​အို​တချို့​ကို ဘိုး ဘွား ကူညီ​စောင့်ရှောက်​ရေး​အဖွဲ့ တချို့​က လာ​ရောက်ခေါ်​ငင်သော်​လည်း ထို​ဘိုး​ဘွား​တို့ မှာ လက်​ရှိ​တောင်းရမ်း​နေ​သည့် အလုပ်​ကို စွန့်​ပြီး မ​လိုက်​လို​ကြ​ဟု ဆို​သည်။ ဦး​ထင်ကျော် ကိုယ်တိုင် သူ​တို့ ဝန်​ထမ်း​အိမ်ရာ​ထဲ​သို့ ဆိုက် ကား​စီး​ပြီး လာ​ရောက်​တောင်းရမ်း​သည့် အ ဘိုး​အို​တစ်​ဦး​ကို ကြုံ​ဖူး​သ​လို လမ်းဆုံ​လမ်း​ခွ တွင် တောင်းရမ်း​ရန်​အတွက် တက္က​စီ​တစ်​စီး ပေါ်​မှ ချ​ပေး​သွား​သည့် အဘွား​အို​တစ်​ဦး​ကို လည်း မြင်​တွေ့​ခဲ့​ဖူး​ပါ​သည်။

‘ဘ၀​တွေ​ကတော့ အမျိုး​မျိုး​အထွေ​ထွေ ရှိ​နေ​ကြ​မှာ​ပါ​ပဲ။ ဒါပေမဲ့ ဒီ​လို​မျိုး အစုအဝေး လိုက် မြင်​တွေ့​နေ​ရ​တာ​တော့ သိပ်​မ​ဟန်​ဘူး ဗျ။ ဒေသ​တစ်​ခု​ရဲ့​ပုံ​ရိပ်၊ နိုင်ငံ​တစ်​ခု​ရဲ့​ပုံ​ရိပ် ထိခိုက်​တာ​ပေါ့​ဗျာ။ ဒါ​ကို သက်ဆိုင်​ရာ​အဖွဲ့ အစည်း၊ ပြီး​တော့ အနီး​ကပ်​ဆုံး တာဝန်ရှိ​နေ တဲ့ ဂေါ​ပ​က​က ဘာ​လို့​ခွင့်​ပြု​ပေး​နေ​ရ​တာ​လဲ’

ဦး​ထင်ကျော်​က သည်လို​ပြော​တော့ ရုံး မှာ ပြောင်⁠ပြောင်​နောက်​နောက် နေ​တတ်​သည့် စာရေး​ဝန်​ထမ်း​လေး ကို​အောင်​မြင့်​က ‘ဆရာ အဲ့​ဒီ​တောင်း​သူ​တချို့​နဲ့ သက်ဆိုင်​ရာ က တချို့​က အမျိုးတော်​တယ်​လို့ ကြား​သ​ဗျ ဟီး​ဟီး’ ဟု ဝင်​နောက်​တော့ စိတ်ရှုပ်​သည့် ကြား​မှ အားလုံး​ရယ်မော​မိ​ကြ​ပြန်​သည်။ တစ် ဆက်​တည်း​မှာ သယံဇာတ​တွေ ရှိ​လျက်​သား နှင့် ထိ⁠ထိ​ရောက်​ရောက် အသုံး​မ​ချ​နိုင်​သော ကြောင့် သူ​များ​နိုင်ငံ​ထံ ထိုး​ပေး​ပြီး အရိုး​အရင်း လောက်​သာ ခံစား​ခွင့်​ရှိ​သည့် အနေအထား၊ နိုင်ငံ​တကာ​လှည့်​ပြီး ကြွေးလျှော်​ပေး​ရန် မျက် နှာ​ချို​သွေး​ပြီး နောက်ထပ်​အလို​ရှိ​ရာ​ကို လက် ဖြန့်​တောင်းခံ​နေ​ရ​သည့် အနေအထား​တို့​ကို ပါ မြင်​သိကြား​တွေ့​နေ​ရ​တော့ နိုင်​ငံ့​ပုံ​ရိပ်၊ နိုင်​ငံ့​ရှေ့​ရေး​အတွက် ဦး​ထင်ကျော် ရင်လေး​မိ ပြန်​သည်။

‘နိုင်ငံ​ကို ဦးဆောင်​နေ​သူ​တွေ​ရဲ့ စိတ်ထား စိတ်​ဓာတ်​နဲ့ စီမံ​ခန့်​ခွဲ​မှု​က အရေးကြီး​သ​လို နိုင်ငံသား​တွေ​ရဲ့ ခံယူ​မှု​က​လည်း အရေး​ပါ တယ်​ဗျ။ ကျွန်တော်​တော့ သက်ကြီး​ရွယ်​အို တွေ၊ မ​စွမ်း​မ​သန်​သူ​တွေ လာ​လက်​ဖြန့်​ရင် တတ်နိုင်​သ​လောက် ပေးကမ်း​စွန့်​ကျဲ​ပေ​မယ့် ကလေး​လူ​ငယ်​တွေ လာ​တောင်း​ရင်​တော့ လက် လွတ်​စ​ပယ် မ​ပေး​ချင်​ဘူး။ သူ​တို့​စိတ်​ထဲ​မှာ လက်​ဖြန့်​လိုက်​တာ​နဲ့ အလွယ်​တ​ကူ ရ​နေ​တာ​ပဲ​ဆို​တဲ့ အချောင်​ရ​ယူ​လို​စိတ်​တွေ ဖြစ်​သွား​မှာ စိုး​တယ်။ လူ​ငယ်​တွေ​မှာ အဲ​ဒီ​လို​စိတ်စွဲ​သွား​ရင် တိုင်း​ပြည် သူ​များ​လက်အောက် ရောက်​မှာ​ပဲ။ အင်အား​ကြီး​နိုင်ငံ​က လက်နက်​နဲ့ ခြိမ်းခြောက် ပြီး ကို​လို​နီ​ပြု​စရာ​မ​လို​ဘူး။ အဲ​ဒီ​လို အချောင် ရ​ယူ​လို​စိတ်၊ သူ​များ​ဆီ လက်​ဖြန့်​တောင်း​တတ် တဲ့​စိတ်သာ များ⁠များ​ထွန်းကား၊ တိုင်း​ပြည်​က အင်း​အားကြီး​လက်အောက် ရောက်​မှန်း​မ​သိ ရောက်​သွား​ရော​ပဲ’

တစ်​လမ်း​လုံး သူ​များ​ပြော​စကား​များ​ကို သာ ငြိမ်⁠ငြိမ်​သက်သက် နားထောင်​လာ​သည့် ရုံး​အုပ်​ကြီး​ဦး​မျိုး​လွင်​က ယခု​လို မှတ်ချက်​ပြု တော့ ကို​အောင်​မြင့်​က ]ဟို​နိုင်ငံ​ကြောက်​ရ ဒီ​နိုင်ငံ​ကြောက်​ရ၊ ဟို​လူ​မျိုး​ကြောက်​ရ ဒီ​လူ မျိုး​ကြောက်​ရ ဆို​တာ​တွေ​က ဒီ​သဘော​မျိုး လား} ဟု ဝင်​သော​ပြန်​သည်။

‘ဟား​ဟား အောင်​မြင့်​ကတော့ လုပ်​ပြန်​ပြီ။ မင်း​ဟာ​သ​နှော​မှ ငါ ရယ်​စရာ​လေး​တစ်​ခု သတိရ​မိ​တယ်။ အိန္ဒိယ​မှာ ဝန်ကြီး​ချုပ်​က တိုင်း ပြည်​ကို မိန့်ခွန်း​ပြော​သ​ကွ။ နိုင်ငံ​မှာ ဆင်းရဲ နွမ်းပါး​မှု လျော့ကျ​စေ​ချင်​တဲ့​သဘော၊ နိုင်ငံ သား​တွေ အလုပ်​ကို ပို​ပြီး​ကြိုးစား​စေ​ချင်​တဲ့ သဘော​နဲ့ နိုင်ငံသား​တွေ အလုပ်​တစ်​ခု​တည်း နဲ့ မ​တင်းတိမ်​ကြ​နဲ့။ တစ်​ယောက်​ကို အလုပ် နှစ်​ခု​နှုန်း၊ ဒါ​မှ​မဟုတ် နှစ်​ဆ​နှုန်း​လုပ်​ဖို့ လို​တယ် လို့ ပြော​လိုက်​တယ်။ အဲ​ဒီ​မှာ ဘာ​တွေ ဖြစ် သွား​လဲ​သိ​လား အောင်​မြင့်။ နောက်​တစ်​နေ့ မှာ အိန္ဒိယ​က တောင်းစား​တဲ့ သူတောင်းစား မှန်​သ​မျှ​ရဲ့​ရှေ့​မှာ ခွက်​နှစ်​လုံး​စီ ဖြစ်​သွား​တော့ တာ​ပဲ ဟား​ဟား’

ဦး​ထင်ကျော်​တို့ ဘုရားဖူး​သူ​တစ်​သိုက်​ကတော့ စောင်းတန်း​တစ်​လျှောက် မြင်​ကွင်း​မှ အစပြု​လျက် ဝေဖန်​သုံးသပ် ပြောဆို​လာ​ကြ သည်မှာ အထက်​စက်တော်​ရာ​မှ အောက်​စက် တော်​ရာ၊ အောက်​စက်တော်​ရာ​မှ ရေချိုး​ဆိပ်​တွင် ရေချိုး အပန်း​ဖြေ​ကြ​သည်​အထိ စကား အမျှင်​မ​ပြတ်​နိုင်​ကြ။

သည်လို​နှင့် ဘုရားဖူး​ခရီး​စဉ်​ပြီး​ဆုံး​ပြီး အိမ် ပြန်​ရောက်​သည်​အထိ မြင်​ခဲ့​ရ​သည့်​မြင်​ကွင်း က ဦး​ထင်ကျော့် အာရုံ​ထဲ​တွင် ဖျောက်​မ​ရ။ သည်လို နိုင်​ငံ့​ပုံ​ရိပ်​ကို ကျ​ဆင်း​စေ​သည့် မြင် ကွင်း​မျိုး​အတွက် စိတ်​ထဲ ရင်​ထု​မ​နာ။ ပြန်​ရောက်​စ​က ခရီး​စဉ်​အကြောင်း စကားစပ်​မိ​တိုင်း​သည် အကြောင်း မိသား​စု​ကို ပြော​ဖြစ်​သည်။ ရုံး​ပြန် တက်​စ​က​လည်း ထို​နည်း​နှင်နှင်။ နောက်​တော့ ရုံး​လုပ်​ငန်း​တွေ​ထဲ နစ်​မြုပ်​ပြီး မေ့⁠မေ့​ပျောက် ပျောက် ဖြစ်​သွား​ပြန်​သည်။

သည်​က​နေ့​တော့ ဦး​ထင်ကျော် ရုံး​မှာ တော်တော်​အလုပ်​ရှုပ်​သည်။ လုပ်​ပိုင်​ခွင့်​လိုင် စင် ချထား​ပေး​ရ​မည့်​ကိစ္စ​များ​နှင့် ပတ်သက်​၍ ရုံး​ခန်း​အသီး​သီး​သို့ ဝင်​ထွက်​သွား​လာ စောင့် ဆိုင်း​နေ​ကြ​သူ​များ​နှင့်​လည်း ရုံး​မှာ လူ​တွေ ရှုပ်​ယှက်​ခတ်​နေ​သည်။ ထိုသို့ လူ​ရှုပ် အလုပ်​ရှုပ်သော်​လည်း ဦး​ထင်ကျော် ပျော်​ပါ​သည်။ ထို့ အတူ သူ့​ရှေ့ ခပ်​လှမ်း⁠လှမ်း​စားပွဲ​က ရုံး​အုပ် ကြီး​လည်း ပျော်​မည်​ထင်​ပါ​သည်။ ဦး​ထင်ကျော် စားပွဲ​ရှေ့​နှင့် ရုံး​အုပ်​ကြီး​စားပွဲ​ရှေ့​မှာ အလုပ်​ကိစ္စ​နှင့် လူ​တွေ​တန်း​စီ​နေ​ကြ​သည်။

ရုံး​အုပ်​ကြီး​က သူ့​စား​ပွဲပေါ်​က စာ​ရွက်​တွေ ကို တစ်​ခု​ချင်း လက်မှတ်ထိုး​ပေးလိုက်၊ စာ ရွက်​ပိုင်​ရှင်​ဆီ​ကရ​သော ပိုက်ဆံ​ထည့်​ပေး​ထား သည့် စာ​အိတ်​ခေါက်​ကလေး​တွေ​ကို အံ​ဆွဲ ထဲ​ထိုး​ထည့်​လိုက် လုပ်​နေ​သည်​ကို တစ်​ချက် လှမ်း​ကြည့်​ရင်း ဦး​ထင်ကျော့်​စိတ်​ထဲ မြင်​ကွင်း တစ်​ခု​က ရုတ်​တရက် ပြန်ပေါ်​လာ​သည်။ ပြီး တော့ ရုံး​အုပ်​ကြီး လှမ်း​ယူ​နေ​သည့် လက်​အစား ရွှေစက်တော် စောင်းတန်း​ဘေး​က ထွက်​လာ​သည့် ခွက်​နှင့်​လက်​တွေ​ကို​သာ သူ​မြင်​နေ​မိ တော့​သည်။ ရုံး​အုပ်​ကြီး ရွှေစက်တော်​တွင် ပြော​ခဲ့​သော နိုင်ငံသား​တစ်​ယောက်​၏ ခံယူ​မှု၊ အလွယ်​တ​ကူ လက်​ဖြန့်​တောင်း​တတ်​သည့် စိတ်​ဓာတ် အစ​ရှိ​သည့်​စကား​တို့​ကို​လည်း သူ့ ဘာ​သူ​ပင် ပြန်​သတိရ​တော့​မည် မ​ထင်​ပါ။ လက်မှတ်​ကလေး​ထိုး​လိုက်၊ လက်​ကလေး ကမ်း​လိုက်​နှင့်​သာ အလုပ်​များ​နေ​တော့​သည်။

သည်လို​ဆို​လျှင် ရှေ့က​လူ​တွေ​ဆီ​မှာ ဖြန့် လိုက်​သည့် ဦး​ထင်ကျော် လက်ဖဝါး​သည်​လည်း သည်​အတိုင်း​ပင် ဖြစ်​နေ​ပေ​လိမ့်​မည်။ သို့သော် လည်း အိန္ဒိယ​ဝန်ကြီး​ချုပ်​ပြော​သကဲ့သို့ အလုပ်​နှစ်​ခု၊ လုပ်​အား​နှစ်​ဆ မ​လုပ်​ဖြစ်​သေး​ဟု ဆို​ရ​ပါ​မည်။ အကြောင်း​မှာ ဦး​ထင်ကျော် စားပွဲ​၌ စာ​အိတ်​ကလေး​များ​ထည့်​ရန် အံ​ဆွဲ​နှစ်​ခု မ​ရှိ​သေး​သော​ကြောင့် ဖြစ်​ပါ​၏။

Written by ဆောင်း​ဖြူ

Credit to The Ladies News Journal