ထိုင်း​နိုင်ငံ​တောင်​ပိုင်း လိပ်​ကျွန်း လူသတ်​မှု​နှင့် ပတ်သက်​ပြီး မျိုး​ဗီဇ(DNA) စစ်ဆေး​ခံ​ရန် ငြင်း​ဆို​ထား​သော AC အရက်​ဘား ပိုင်​ရှင် ကျွန်း သူကြီး​သား Warot Tuwichianက ယခု​အခါ လူ​သိ​ရှင်​ကြား စစ်ဆေး​ခံယူ​တော့​မည်​ဟု ယမန်နေ့​က သတင်းစာ ရှင်းလင်း​ပွဲ ပြုလုပ်​၍ ပြောဆို​လိုက်​သည်။

လူသတ်​မှု​တွင် ပါဝင်​ပတ်သက်​နေ​သည်​ဟု ကောလာဟလ​များ ပျံ့နှံ့​နေ​၍ DNA စစ်ဆေး​ခံ​ရန် ဆုံးဖြတ်​ခြင်း​ဖြစ်​ကြောင်း ယမန်နေ့​ထုတ် ဘန်​ကောက်​ပို့စ် သတင်းစာ​တွင် ဖော်​ပြ​ထား​သည်။

သတင်းစာ ရှင်းလင်း​ပွဲ​၌ ထိုင်း အမျို​သား ရဲ​တပ်ဖွဲ့ ရဲ​ချုပ် မစ္စတာ Somyot Pumpanmuang နှင့် ထိုင်း အာဏာပိုင် တချို့ လည်း အတူ​ရှိ​နေ​ခဲ့​ကြောင်း သိ​ရ​သည်။

သတင်းစာ ရှင်းလင်း​ပွဲ​မ​တိုင်​ခင် AC ဘား​ဆိုင်​ပိုင်​ရှင် လိပ်​ကျွန်း​သူကြီး မစ္စတာ Woraphan က ထိုင်း​အမျိုးသား ရဲ​တပ်ဖွဲ့ ရဲ​ချုပ် နှင့် သွား​ရောက်​တွေ့ ဆုံ​ပြီး ထိုင်း​လူ​မှု​ကွန်ရက် စာ​မျက်နှာများ​က လိပ်​ကျွန်း​လူသတ်​မှု​တွင် ၎င်း​တို့​မိသား​စု ပါဝင်​ပတ်သက် နေ သည်​ဟူ​သော စွပ်စွဲ​နေ​မှု​များ​ကို သံသယ​ရှင်းလင်း​စေ​ရန် သား​ဖြစ်​သူ​က DNA စစ်ဆေး​ပြ​မည်​ဖြစ်​ကြောင်း၊ ထို့​အပြင် ထိုင်း​နိုင်ငံ ဆိုင်​ရာ ဗြိ​တိန်​သံ​ရုံး​မှ တာဝန်ရှိ​သူ​များ​နှင့်​အတူ သတင်းစာ​ရှင်းလင်း​ပွဲ လုပ်​မည်​ဖြစ်​ကြောင်း သ​တင်း​ထောက်​များ​ကို ပြောဆို​ခဲ့ သည်။

လိပ်​ကျွန်း သူကြီး မစ္စတာ Woraphan ၏ ညီ​ဖြစ်​သူ အသက် ၄​၅ နှစ်​ရှိ မစ္စတာ Montriwat Tuwichian နှင့် သား​ဖြစ်​သူ အသက် ၂​၂ နှစ် ရှိ တက္ကသိုလ် ကျောင်းသား Warot Tuwichian တို့​သည် လိပ်​ကျွန်း လူသတ်​မှု​နှင့် ပတ်သက်​၍ DNA စစ် ဆေး​မှု ခံယူ​ခြင်း မ​ရှိ​သေး​ကြောင်း ထိုင်း​သ​တင်း​များ​က ရေးသား​ကြ​သည်။

၎င်း​တို့ ၂ ဦး​သည် အခင်း​ဖြစ်ပွား​သည့်​ကာလ​က CCTV မှတ်တမ်း​များ​တွင် လူသတ်​မှု ကျူးလွန်​သည်​ဟု သံသယ​ရှိ​သူ​များ​အဖြစ် CSI LA ဆို​သည့် ထိုင်း လူ​မှု​ကွန်ရက် စာ​မျက်နှာ​အပါအဝင် အခြား​သော လူ​မှု​ကွန်ရက် စာ​မျက်နှာများ​က ကျယ်⁠ကျယ်​ပြန့်​ပြန့် ဝေဖန်​နေ​ခြင်း ဖြစ်​သည်။

လိပ်​ကျွန်း​လူသတ်​မှု​နှင့်​ပတ်သက်​၍ တရားခံ​အဖြစ် ထိုင်း​ရဲ​က ဖမ်းဆီး​ထား​သူ မြန်မာ​နိုင်ငံသား မောင်​ဝင်းဇော်​ထွန်း​နှင့် မောင် ဇော်​လင်း​တို့​က​လည်း ၎င်း​တို့​အား ရဲ​နှင့် စကားပြန်​တို့​က အသက်​အန္တရာယ် ခြိမ်းခြောက်​နှိပ်စက်​၍ ဝန်ခံ​ခဲ့​ရ​ခြင်း​ဖြစ် ကြောင်း ၎င်း​တို့​၏​မိသား​စု​အပါအဝင် မြန်မာ​သံ​ရုံး အထူး​အဖွဲ့​ကို တရားဝင် ပြောဆို​ထား​သည်။

ယမန်နေ့​က မောင်​ဝင်းဇော်​ထွန်း​နှင့် မောင်ဇော်​လင်း​တို့​၏ ပြစ်​မှု လုံး​၀ မ​ကျူးလွန်​ကြောင်း​ထွက်​ဆို​ချက်​နှင့် ရဲ​စခန်း​ထွက်​ဆို​ချက် ကို တရားဝင်​ရုပ်သိမ်း​သည်​စာ​အား ၎င်း​တို့​၏ မိဘ​များ​နှင့်​အတူ မြန်မာ​သံ​ရုံး​အထူး​အဖွဲ့​တို့​က ထိုင်း​နိုင်ငံ အမျိုးသား​လူ့​အခွင့် အရေးကော်​မရှင်​ထံ ပေး​အပ်ခဲ့​သည်။

လိပ်​ကျွန်း လူသတ်​မှု​နှင့်​ပတ်သက်​၍ တရား​မျှတ​မှု ရ​ရှိ​ရေး အတွက် ထိုင်း​နိုင်ငံ​ဆိုင်​ရာ မြန်မာ​သံ​ရုံး သံ​အမတ်​ကြီး ဦး​ဝင်း​မောင်၊ အတွင်းဝန် ဦး​ထွန်း​အေး အပါအဝင် သံ​ရုံး အထူး​စုံစမ်း​ရေး အဖွဲ့​နှင့် မောင်​ဝင်းဇော်​ထွန်း၊ မောင်ဇော်​လင်း​တို့​၏ မိဘ​များ​က လည်း အမှု​ကို တရားဝင် လိုက်​ပါ​ဆောင် ရွက်​ခွင့်​အတွက် ထိုင်း​နိုင်ငံ ရှေ့နေ​များ ကောင်​စီ​ထံ ယနေ့ နံနက်​ပိုင်း​က အပ်နှင်း လိုက်​ကြောင်း သိ​ရ​သည်။

မောင်​ဝင်းဇော်​ထွန်း​နှင့် မောင်ဇော်​လင်း​တို့​ကို ထိုင်း​နိုင်ငံ​တောင်​ပိုင်း Koh Tao ခေါ် လိပ်​ကျွန်းပေါ်​၌ ပြီး​ခဲ့​သည့် စက်တင်ဘာ လ ၁​၅ ရက်​က ဗြိ​တိန်​နိုင်ငံသား နှစ်​ဦး အသတ်​ခံ​ခဲ့​ရ​မှု​တွင် တရားခံ​များ​အဖြစ် ထိုင်း​ရဲ​က စွပ်စွဲ​ဖမ်းဆီး​ထား​ပြီး လူသတ်​မှု၊ မုဒိန်း​မှု၊ ပစ္စည်း လုယူ​မှု၊ တရားမ​ဝင် ခိုး​ဝင်​မှု၊ အမှု​ထိန်​ချန်​မှု များ​နှင့် စွဲဆို​ထား​သည်။

Credit to Irrawaddy