သူနာ​ပြု​ဆရာ​မ​လေး

ဒီ​တစ်​ခေါက် ချင်းပြည်နယ် မင်း​တပ်-မ​တူ​ပီ​ခရီး​မှာ ကျွန်တော်​တို့​နဲ့​အတူ သူနာ​ပြု​ဆရာ​မ​လေး​တစ်​ယောက် ပါလာ​တယ်။ စကားပြော​ကြည့်​ရုံ​နဲ့​တင် ထက်မြက်​တဲ့​မိန်း​ကလေး​တစ်​ယောက်​ဆို​တာ သိသာ​တဲ့​သူ​ပါ။ ဒါပေမဲ့ ခု​လို ခရီး​အတူ​ထွက်​ကြ​တော့​မှ သူ့​အကြောင်း​တွေ ပို​သိ​ခဲ့​ရ​တယ်။ သူ့​ဇာတိ​က ညောင်​လေးပင်​မြို့​နယ်​ထဲ​က ရွာ​လေး​တစ်​ရွာ​မှာ၊ လူ​မျိုး​ကတော့ ကရင်။ မွေး​ချင်း​၂​ယောက်​ရှိ​တဲ့​အနက် သူ​က အငယ်။ သူ့​အစ်မ​က ငယ်⁠ငယ်​ကတည်းက ချူချာ​တော့ မိဘ​တွေ​က သူ့​ထက် သူ့​အစ်မ​ကို ပို​ဦးစားပေး​လေ့​ရှိ​တယ်။ ဒါ​ကို သူ​က မ​ကျေနပ်​ဘူး။ ဒါပေမဲ့ သူ့​ရဲ့​မ​ကျေနပ်​ချက်​တွေ​ကို အရွဲ့တိုက်​ပြီး အဖြေ​မ​ရှာ​ဘူး၊ သူ့​ဟာ​သူ ရပ်​တည်​နိုင်​အောင် ကြိုးစား​ရင်း ထွက်ပေါက်​ပေး​တယ်။ သူ ငါး​တန်း​နှစ်​မှာ သူ့​အမျိုး​တစ်​ယောက်​က တစ်​နေရာ​ကို ပြောင်း​အခြေ​ချ​တော့​မှာ​မို့ သူ့​တို့​အိမ်​နား​မှာ ရှိ​တဲ့ စံပယ်​ခြံ​ကို ပေး​သွား​တယ်၊ လုပ်​ချင်​လုပ်​ကြ၊ ရ​တဲ့​အကျိုး​အမြတ် ကိုယ့်ဟာ​ကိုယ်​ယူ​ကြ သဘော​နဲ့​ပေါ့။ တစ်​အိမ်​လုံး စိတ်​မ​ဝင်စား​ပေ​မဲ့ သူ့​အတွက်​တော့ အရမ်း​အသုံးကျ​သွား​တယ်။ အဲ​ဒီ​နေ့​က​စ​ပြီး စ​ပယ်​ခြံ​ထဲ​မှာ မိုး​မ​လင်း​သေး​ဘူး၊ အလုပ်​လုပ်​တယ်၊ ပြီး​ရင် စ​ပယ်​ပွင့်​တွေ​ကို သီ​ပြီး ဘုရား​တင်​ဖို့ မှာထား​တဲ့​အိမ်​တွေ​နဲ့ ဈေး​ထဲ​က ဒိုင်​မှာ သွား​သွင်း၊ ပြီး​မှ ကျောင်း​သွား​တယ်။ စ​ပယ်​မြစ်​တွေ​ကို ကြိုက်​တတ်​တဲ့ လင်းမြွေ​တွေ လ​ရောင်​ခံ​နေ​ကြ​တဲ့​အချိန်၊ သူ​က​လည်း မနက်​၄​နာရီ​လောက် စ​ပယ်​ပွင့်​တွေ ဆင်း​အခူး၊ မီး​က​လည်း​မ​ရှိ​တော့ အဲ​ဒီ​မြွေ​တွေ​ကို ကိုင်​မိ၊ ပျော့​အိ⁠အိ​ကြီး​ဖြစ်​နေ​မှ မြွေ​မှန်း​သိ​ပြီး လွှတ်​ချ​လိုက်​နဲ့ သူ​ရယ် မြွေ​ရယ် စ​ပယ်​ရယ် ဇာတ်​လမ်း​အကြောင်း​ကို သူ​က ရယ်​ကာ​မော​ကာ ပြော​ပြ​တာ့ နားထောင်​နေ​ရ​တဲ့ ကျွန်တော့်​မှာ အသည်း​တ​ယား​ယား။ အဲ​ဒီ​လို ခြံ​အလုပ်​လုပ်​တာ​က စ​ပယ်​တစ်​မျိုး​တည်း​မဟုတ်​ဘူး၊ ကင်း​မွန်​လည်း စိုက်​သေး​တယ်။ အဲ​ဒါ​က​လည်း အရမ်း​ရောင်း​ကောင်း​တယ်။ အဲ​ဒီ​လို ကိုယ့်​ဘာသာ အလုပ်​လုပ်​ရင်း ရ​တဲ့​ပိုက်ဆံ​နဲ့ ကျောင်း​တက်​ရ​တဲ့ အရသာ​ကို သူ​အရမ်း​ကြိုက်​သွား​တယ်၊ အဲ​ဒီ​က​စ​ပြီး ခု​ချိန်​ထိ မိဘ​ဆီ​က​နေ တစ်​ပြား​မှ​မ​တောင်း​တော့​ဘဲ ကိုယ့်​အား​ကိုယ်​ကိုး ကိုယ့်​ခြေ​ထောက်ပေါ် ကိုယ်​ရပ်​ခဲ့​တော့​တယ်။

အဲ​ဒီ​လို အလုပ်​တစ်ဖက်​နဲ့ ကျောင်း​တက်​နေ​ပေ​မဲ့ ကျောင်း​စာ​မှာ​လည်း လစ်ဟင်း​မ​သွား​ဘူး။ နှစ်​တိုင်း ကျောင်း​မှာ ဆု​ရ​တယ်။ ဒီ​လို​နဲ့ သူ ကိုး​တန်း​ရောက်​တော့ သူ့​အစ်မ​က ဆယ်​တန်း​ကျ​တယ်၊ ကျူ​ရှင်​တွေ ဂိုက်​တွေ​ထား​ပေး​တဲ့​ကြား​က စာ​မေး​ပွဲကျ​ပေ​မဲ့​လည်း မိဘ​တွေ​က အပြစ်​မ​မြင်​ရှာ​ဘူး။ နောက်​နှစ်​ဆက်​ထား​တယ်၊ အဲ​လို ကျူ​ရှင်​တွေ ဂိုက်​တွေ​နဲ့​ပဲ။ ဒါပေမဲ့ သူ​ကတော့ အိမ်​ရဲ့​အခြေအနေ​ကို မြင်​တယ်၊ အဖေ​က အသက်ကြီး​လာ​ပြီ၊ န​ဂို​ကတည်းက​မှ အဖေ​ရော အမေ​ပါ ကျောင်းဆရာ ဆရာ​မ​တွေ​ဆို​တော့ အိမ်​က ချောင်​လည်​တယ်​ဆို​ဦး​တော့၊ သိပ်​ပြီး​ပို​လျှံ​လှ​တယ် မဟုတ်​ဘူး။ အဲ​ဒါ​နဲ့ သူ​ဆုံးဖြတ်ချက်​ချ​လိုက်​တယ်၊ ဘာ​ကျူ​ရှင်၊ ဘာ​ဂိုက်​မှ​မ​ယူ​ဘဲ စာ​မေး​ပွဲ​မှာ ဂုဏ်​ထူး​တွေ​နဲ့ အောင်​အောင် ကြိုးစား​မယ်​ဆို​ပြီး။ တကယ် ဆယ်​တန်း​အောင်​တော့​လည်း လေး​ဘာသာ​ဂုဏ်​ထူး​ပါ​တယ်၊ သူ​တို့​ကျောင်း​ရဲ့ ဂုဏ်​ဆောင် ကျောင်း​သူ​တစ်​ယောက် ဖြစ်လာ​ခဲ့​တယ်၊ လေး​ဘာသာ​ဂုဏ်​ထူး​ထွက်​တဲ့ စ​ပယ်​ပန်း​ရောင်း​တဲ့ ကောင်​မ​လေး ဆို​ပြီး အားလုံး​က ချီး​ကျူး​ရ​တဲ့​သူ ဖြစ်လာ​ခဲ့​တယ်၊ အတန်း​ငယ်​တဲ့ ကျောင်းသား​ကျောင်း​သူ​တွေ​အတွက်​လည်း အတု​ယူ​စရာ ဖြစ်လာ​ခဲ့​ပါ​တယ်။ ဆယ်​တန်း​အမှတ်​စာရင်း​က ယောက်ျား​လေး​သာ ဖြစ်​ခဲ့​ရင် ဆေး​ကျောင်း​တက်​လို့​ရ​မှာ ဖြစ်​ပေ​မဲ့ မိန်း​ကလေး​ဖြစ်​နေ​ခဲ့​တဲ့​အတွက် သူနာ​ပြု​တက္ကသိုလ်​ကို​ပဲ တက်​ခဲ့​ရ​တယ်။ အဲ​ဒီ​တက္ကသိုလ်​တက်​နေ​တဲ့​တစ်​လျှောက်​လုံး​မှာ​လည်း မိဘ​ဆီ​က ပိုက်ဆံ​မ​ယူ​ဘူး၊ ငယ်⁠ငယ်​ကတည်းက စု​ထားခဲ့​တဲ့ ပိုက်ဆံ​တွေ​ရယ်၊ ဂိုက်​သင်​လို့​ရ​တဲ့ ပိုက်ဆံ​တွေ​ရယ်​နဲ့ ကျောင်း​ပြီး​အောင် တက်​ခဲ့​တယ်၊ ကျောင်း​ပြီး⁠ပြီး​ချင်း​ပဲ ဝိ​တို​ရိ​ယ​မှာ အလုပ်​ရ​တယ်၊ အဲ​ဒီ​နောက်​တော့ NGO လောက​ထဲ​ကို ဝင်​လာ​ခဲ့​ပါ​တယ်။ ခု​တော့ သူ့​မိဘ​တွေ​ကို သူ​နိုင်​သ​လောက် ပြန်​ထောက်​နေ​တဲ့ အနေအထား​မျိုး​တောင် ရောက်လာ​ခဲ့​ပါ​ပြီ။ အသက်​၂⁠၂​နှစ်​ပဲ​ရှိ​သေး​တဲ့ သူ့​မှာ အသက်အရွယ်​နဲ့​မ​မျှ​တဲ့ အတွေ့​အကြုံ​တွေ​ရှိ​နေ​တယ်။ လူ​ငယ်​တစ်​ယောက်​ရဲ့ မာန်​တွေ​လည်း လူ​ငယ်​ပီပီ ရှိ​နေ​ပြန်​တယ်။ နောက်​ပြီး ကိုယ့်​အား​ကိုယ်​ကိုး​မယ်၊ မ​ဖြစ်⁠ဖြစ်​အောင်​လုပ်​မယ် ဆို​တဲ့ စိတ်​ဓါတ်​ပြင်းထန်​မှု​တွေ​ကို​လည်း တွေ့​နေ​ရ​တယ်။

ထန်​ထန်

သူ့​နာမည်​က ထန်​ထန်၊ ချင်း​လူ​မျိုး၊ မောင်​နှမ(၇)ယောက်​မှာ နံပါတ် ၆။ ခက်ခဲ​ပါ့ ကြမ်းတမ်း​ပါ့​ဆို​တဲ့ ချင်း​တောင်​တက်​လမ်း​တွေ​မှာ အသက်(၁​၅)နှစ်​နဲ့ ကျွမ်းကျင်​အဆင့် ကား​ဆရာ ဖြစ်​နေ​တော့ ကျွန်တော် စိတ်ဝင်စား​မိ​သွား​တာ အမှန်​ပဲ။ မ​တူ​ပီ​မြို့​ရောက်​တိုင်း ကျွန်တော်​တို့​စား​နေကျ နော်​မီ​ထွေး ဆို​တဲ့​ထမင်းဆိုင်​လေး​က သူ​တို့​မိသား​စု ဖွင့်​ထား​တာ။ အဲ​ဒီ​မှာ သွား​စား​ရင်း သူ့​အမေနဲ့ သူ့​အကြောင်း​တွေ​ပြော​ဖြစ်​ခဲ့​ကြ​တယ်။

“သား​ထန်​က ငယ်⁠ငယ်​ကတည်းက ဆိုင်​ကယ်​တွေ ကား​တွေ သိပ်​စိတ်ဝင်စား​တာ၊ ဘယ်​လို​မောင်း​တယ်၊ ဘယ်​လို​ပြင်​ရ​တယ် ဒါ​တွေ​ပဲ လိုက်​ကြည့်​နေ​တာ”

အဲ​ဒီ​စကား​ကို​တော့ အပြည့်​အဝ လက်ခံ​တယ်။ လမ်း​မှာ​တစ်​ထောက်​နား​ကြ​တုန်း ဘေး​မှာ​လာ​ထိုင်​ပြီး ဂိမ်း​ကစား​နေ​လို့ ဘာ​ကစား​နေ​တာ​လဲ ကြည့်​လိုက်​တော့ ကား​မောင်း​တဲ့​ဂိမ်း၊ ဒါ​တောင် ကား​မောင်း​ပြိုင်​ရ​တဲ့​ဂိမ်း မဟုတ်​ဘူး၊ ကုန်ကား​ကြီး​တွေ​ကို ပါ​ကင်​ထိုး​တာ၊ ချိုင့်​တွေ​ကြား​ထဲ​မှာ လွတ်​အောင် မောင်း​ရ​တာ လုပ်​ရ​တဲ့ ဂိမ်း။ အဲ​ဒါ​နဲ့​ပြော​ရ​တယ်၊ မင်း​ကွာ၊ ဒီ​လောက် အပြင်​မှာ မောင်း​နေ​ရ​တာ​တောင် မ​ပျင်း​သေး​ဘူး​လား လို့။ လောက​မှာ အကောင်း​ဆုံး​အလုပ်​ဟာ လုပ်​လို့​လုပ်​နေ​မှန်း​တောင် မ​သိ​ရ​တဲ့​အလုပ် လို့​ပြော​ကြ​တယ်၊ ဆိုလို​တာ​က ကိုယ်လုပ်​နေ​ရ​တဲ့​အလုပ်​နဲ့ ကိုယ့်​ဝါသနာ တစ်​ထပ်​တည်း​ကျနေ​ခဲ့​တယ်​ဆို​ရင် ဒီ​အလုပ်​လုပ်​နေ​ရ​တဲ့​အတွက် မ​ပင်ပန်း​တော့​ဘူး၊ လုပ်​နေ​ရ​ရင်​ကို ပျော်​နေ​တာ၊ အလုပ်​လို့​ကို မဟုတ်​တော့​ဘဲ ကိုယ့်​ဘဝ​အစိတ်​အပိုင်း​လို​ကို ဖြစ်လာ​တာ။ အန္တရာယ်​များ​ပြီး ပင်ပန်း​လှ​တဲ့ ဒီ​ကား​မောင်း​တဲ့​အလုပ်​ဟာ သူ့​အတွက်​တော့ ဒီ​လို​သဘော​မျိုး ဖြစ်​နေ​လိမ့်​မယ် ထင်​တယ်။

“နောက်​ပြီး သူ​က ပိုက်ဆံ​သိပ်​ရှာ​တာ၊ ငယ်⁠ငယ်​ကတည်းက ဒီ​က ဗျူဟာ​မှူး​တို့၊ ဆေး​ရုံ​က ဆရာဝန်​တို့​တွေ ဂေါက်​ရိုက်​ကြ​ရင် သူ​က ဂေါက်​အိတ်​လိုက်⁠လိုက်​ထမ်း​ပေး​တာ၊ သား​ထန် ကျောင်း​မ​တက်​လို့ ပျောက်​နေ​ပြီ​ဆို အဲ​ဒါ ဂေါက်​အိတ်​သွား​ထမ်း​နေ​တာ​ပဲ။ ပြီး​ရင် ရ​တဲ့​ပိုက်ဆံ​ကို ဘယ်​သူ့​မှ​မ​ပေး​ဘူး၊ သူ့​အစ်မ​တွေ​ယူ​မှာ​စိုး​လို့ အိမ်​က​ထုတ်​တန်းပေါ်​မှာ ဖွက်⁠ဖွက်​ထား​တတ်​တယ်” လို့ သူ့​အမေ​က ရယ်​ကာ​မော​ကာ ပြော​ပါ​တယ်။

အဲ​ဒီ​လို ကျောင်း​တက်​လိုက် ငွေ​ရှာ​လိုက် စု​ထား​လိုက်​နဲ့ ပျော်​စရာ​ကောင်း​နေ​တဲ့ သူ့​ဘဝ​အတွက် အလှည့်​အပြောင်း​တစ်​ခု ပေါ်လာ​တယ်။ ဘာ​လဲဆို​တော့ သူ​တို့​ညီမ​အငယ်​ဆုံး နော်​မီ​ထွေး​လေး သွေး​ကင်​ဆာ​ဖြစ်​လို့ မန္တလေး​ဆေး​ရုံ​မှာ တင်​လိုက်​ရ​တာ​ပါ​ပဲ။ သွား​ရ​လာ​ရ​ခက်​တဲ့ မ​တူ​ပီ​မြို့​က​နေ ပ​ခုက္ကူ​ဆေး​ရုံ​ကို တစ်​ခါ​လွှဲ၊ အဲ​ဒီ​က​မှ​တစ်​ဆင့် မန္တလေး​ကို ဆက်​သွား​ရ​တာ ဆို​တော့ သွား​စရိတ်​လာ​စရိတ်​တင် မ​နည်း​ဘူး။ ဖြစ်​တာ​က​လည်း သွေး​ကင်​ဆာ​ဆို​တော့ ကုန်​မဲ့​ပိုက်ဆံ​က မှတ်ထား​လို့​တောင် မ​ရ​တော့​ဘူး၊ ဆိုင်​ကယ်​ပြင်​ဆိုင်ဖွင့်​ထား​တဲ့ သူ​တို့​မိသား​စု​လေး​မှာ​ရှိ⁠ရှိ​သ​မျှ ပိုင်ဆိုင်​မှု​တွေ အကုန်​ရောင်းချ​လိုက်​ရ​တယ်၊ သိန်း​ကို ရာ​ချီ​ကုန်​သွား​ခဲ့​တယ်။ ဒီ​ကြား​ထဲ အဲ​ဒီ​အချိန်​မှာ သူ့​အစ်ကို​တစ်​ယောက်​က Theology အထူး​ပြု​နဲ့ ကျောင်း​တက်​နေ​တုန်း။ အဲ​ဒီ​ကျောင်း​စရိတ်​တွေ​လည်း ရှိ​သေး​တယ်။ သူ့​အဖေ​တစ်​ယောက်​တည်း​ရဲ့ ဝင်ငွေ​နဲ့​တင် မ​လောက်​တော့​ဘူး၊ သူ့​အစ်မ​အကြီး​တွေ​ပါ အလုပ်​တွေ​လုပ်​နေ​ရ​ပြီ၊ ဒီ​လို​အချိန်​မှာ အသက်​၁​၃​နှစ်​ပဲ ရှိ​သေး​တဲ့ ထန်⁠ထန်​တစ်​ယောက်​လည်း ထိုင်​မ​နေ​ချင်​တော့​ဘူး။ ကျောင်း​ထွက်၊ ကုန်ကား​နောက်​လိုက် လုပ်​ပြီး အိမ်​အတွက် ပိုက်ဆံ​ထွက်​ရှာ​ရ​တော့​တယ်။ အရင်​က သူ​ရှာ​တဲ့​ပိုက်ဆံ သူ​များ​ယူ​မှာ အင်မတန်​ကြောက်​ခဲ့​တဲ့ ထန်⁠ထန်​တစ်​ယောက် ခု​တော့ သူ​ရှာ​ထား​သ​မျှ သူ့​ညီမ​လေး​အတွက် ပို့⁠ပို့​ပေး​နေ​ရ​တယ်။ “အမေ သား နော်​မီ​ထွေး​လေး​အတွက် ပိုက်ဆံ​ပို့​ပေးလိုက်​တယ်နော် လို့ သူ ဖုန်း​ဆက်​ပြော​တဲ့​အချိန်​တိုင်း ကျွန်မ​မျက်ရည်ကျ​ခဲ့​ရ​တယ်” တဲ့။ အဲ​ဒီ​လို​နောက်​လိုက်​လုပ်​ရင်း​က​နေ ကား​မောင်း​သင်​ခဲ့​တယ်၊ နှစ်⁠နှစ်​အတွင်း​မှာ​ပဲ သူ​ကိုယ်တိုင် ကား​ဆရာ​ဖြစ်လာ​ခဲ့​ပြီ။ ခု​တော့ အသက်​နဲ့​မ​လိုက်​တဲ့ ကိုယ်​ခန္ဓာ​အရပ်အမောင်း၊ ရုပ်​ရည်၊ မိသား​စု​ထဲ​မှာ အသား​အမည်း​ဆုံး​ဆို​တဲ့ ဂုဏ်​ပုဒ်​တွေ​နဲ့ သူ့​ဘဝ​သူ​ကျေနပ်​ပြီး မိသား​စု​အတွက် ငွေ​ရှာ​ပေး​နေ​လေ​ရဲ့။


လက်ဖက်ရည်​ဆိုင်​ရဲ့ ပိုင်​ရှင်

နောက်ဆုံး​တစ်​ယောက်​ကတော့ နည်း⁠နည်း​ထူးခြား​တယ်၊ မ​တူ​ပီ​မြို့ပေါ်​က ရွှေ​ညာ​သား ဆို​တဲ့ လက်ဖက်ရည်​ဆိုင်​ရဲ့ ပိုင်​ရှင်။ အသက်​က ၁​၉​နှစ်​ပဲ ရှိ​သေး​တယ်၊ ပ​ခုက္ကူ​သား။ သူငယ်ချင်း​လက်ဖက်ရည်​ဆိုင်​မှာ စိတ်ဝင်စား​လို့ သွား​လေ့​လာ​ရင်း လက်ဖက်ရည်ဖျော်​နည်း​တွေ၊ ပ​လာ​တာ​လုပ်​နည်း​တွေ တတ်​လာ​ခဲ့​တယ်။ ခု​ဆိုင်​မှာ​တော့ သူ​ပဲ ဆိုင်ရှင်၊ သူ​ပဲ စားပွဲ​ထိုး၊ သူ​ပဲ အဖျော်​ဆရာ၊ သူ​ပဲ မုန့်​ဆရာ။ သူ့​ကို ကူ​ဖို့ ပ​ခုက္ကူ​က​နေ ခေါ်​လာ​တဲ့ ကလေး​လေး​တစ်​ယောက်​ရှိ​တယ်၊ နောက်​ပြီး မ​တူ​ပီ​မြို့ပေါ်​က သူ့​သူငယ်ချင်း​တွေ​က​လည်း ဆိုင်​မှာ လာ​ကူညီ​ပေး​ကြ​တယ်။ “ကျွန်တော်​က လူ​ငယ်​ဆို​တော့ လူ​ငယ်​အချင်းချင်း​လည်း အဆင်​ပြေ​တယ်၊ လူကြီး​တွေ​က​လည်း သဘောကျ​ကြ​တယ်” တဲ့။ သွား​ရေး​လာ​ရေး​ခက်​ပြီး လူ​ဦးရေ​က​လည်း နည်း​တဲ့ မ​တူ​ပီ​လို​မြို့​မှာ တ​ကူး​တ​က စီး​ပွါး​ရေး​လာ​လုပ်​နေ​လို့ မေး​ကြည့်​တော့ မ​တူ​ပီ​မှာ​က စီး​ပွါး​ရေး​လုပ်​လို့​ကောင်း​တယ်၊ ပ​ခုက္ကူ​မှာ​လို ဆိုင်​တစ်​ဆိုင်ဖွင့်​ရင် တီ​ဗွီ​တွေ စလောင်း​တွေ​နဲ့ ပကာသန​တွေ ဘာ​မှ​မ​လို​ဘူး လို့​ဆို​တယ်။ ဒီ​လောက်​လူ​တကာ အဆိုး​မြင်​တဲ့ မ​တူ​ပီ​မြို့​မှာ စီး​ပွါး​ရေး​လုပ်​ကောင်း​တယ် ဆို​တဲ့ သူ့​အသံ​ကို ကြား​တော့ ဖတ်​ဖူး​တာ​လေး​တစ်​ခု သွား​သတိရ​မိ​တယ်။ တစ်​ခါ​က ကျွန်း​တစ်​ကျွန်း​ကို ဖိနပ်​ကုမ္ပဏီ​တစ်​ခု​က အရောင်း​ကိုယ်စားလှယ်​တစ်​ယောက် လွှတ်လိုက်​တယ်။ အခြေအနေ​အကဲခတ်​ပြီး​တဲ့​အခါ အကြောင်း​ပြန်​ပါ​တယ်။ ဒီ​မှာ​တော့ အောင်မြင်​မှာ​မဟုတ်​ဘူး၊ ဘာ​လို့​ဆို​တော့ ဒီ​ကလူ​တွေ​က ဖိနပ်​မှ​မ​စီး​ကြ​ဘဲ တဲ့။ အဲ​ဒီ​နောက် သူ့​လို​ပဲ အရောင်း​ကိုယ်စားလှယ်​တစ်​ယောက် ထပ်​လွှတ်​တယ်။ အဲ​ဒီ​လူ​က ကျွန်း​ကို​ရောက်​ပြီး ကျွန်း​သူ​ကျွန်း​သား​တွေ ဖိနပ်စီး​မ​ထား​ကြ​တာ​လည်း တွေ့​ရော၊ ဝမ်းသာ​အားရ​နဲ့ ဖုန်း​ဆက်​လာ​တယ်၊ ကျွန်တော့်​ဆီ​ကို ဖိနပ်​အရံ​တစ်​ထောင် ပို့​ပေးလိုက်​ပါ၊ ဒီ​ကလူ​တွေ ဘာ​ဖိနပ်​မှ မ​စီး​ရ​သေး​ဘူး တဲ့။ စိန်ခေါ်​မှု​လို့​ထင်​ရ​တဲ့ အခြေအနေ​တစ်​ရပ်​ကို မ​တူ​တဲ့​ရှု​ထောင့်​တစ်​ခု​က ကြည့်​ပြီး အခွင့်​အလမ်း​အဖြစ် ပြောင်း​ဖို့​လို​ကြောင်း ဒီ​ပုံပြင်​လေး​က ပြော​သွား​တယ်၊ ဒီ​လူ​ငယ်​လေး​က​လည်း လက်တွေ့​လုပ်​ပြ​သွား​တယ်။

ဘဝ​ဆို​တာ​ကို ကျောင်း လို့​တင်စား​ရင် အဲ​ဒီ​ကျောင်း​မှာ အောင်မြင်​မှု​ရ​ဖို့ ကျွန်တော်​တို့​တွေ စာ​မေး​ပွဲ​ဖြေ​ကြ​ရ​ပါ​တယ်။ ဒါပေမဲ့ အဲ​ဒီ​စာ​မေး​ပွဲ​တွေ​က တစ်​ယောက်​နဲ့​တစ်​ယောက် မ​တူ​ဘူး။ ကိုယ့်ကို ပေး​လာ​တဲ့ ပုစ္ဆာ​တွေ​ကို​ပဲ ဖြေ​ဆို​ကြ​ရ​တယ်။ သူ​များ​ပုစ္ဆာ​သွား​ဖြေ​ချင်​လို့ မ​ရ​ဘူး။ ဆရာဝန်​ဖြစ်​သွား​တာ​ချင်း တူ​ရင်တောင် မိဘ​ပံ့ပိုး​မှု​ရှိ​တဲ့​သူ​က ကျောင်း​ဆက်​တက်​ဖို့၊ နိုင်ငံ​ခြား​ထွက်​ဖို့ လုပ်​နေ​ချိန်​မှာ ပံ့ပိုး​မှု​မ​ရှိ​တဲ့​သူ​က ကိုယ့်​ပိုက်ဆံ​ကိုယ်​ရှာ​နေ​ရ​တယ်၊ အလုပ်​လုပ်​နေ​ရ​တယ်။ ဒါ​ကို ငါ သူ​တို့​လို မ​ဖြစ်​ရ​ကောင်း​လား ဆို​ပြီး လောက​ကြီး​ကို အပြစ်​ထိုင်​တင်​နေ​ရင်​တော့ အချိန်ကုန်​သွား​တာ​ပဲ အဖတ်တင်​မယ်၊ ဘာ​မှ​ဖြစ်လာ​မှာ​မဟုတ်​ဘူး။ အရှိ​ကို​အရှိ​အတိုင်း​လက်ခံ၊ ကိုယ့်​ဘဝ​ကိုယ်​သိ၊ ကိုယ့်​ပုစ္ဆာ​ကိုယ်​နားလည်​အောင် လုပ်​ပြီး စာ​မေး​ပွဲ​အောင်​အောင် ကြိုးစား​ကြ​ရ​ပါ​တယ်။

Youth is an opportunity to do something and to become somebody in life.

ဘဝ​မှာ တစ်​စုံ​တစ်​ရာ ဖြစ်လာ​ဖို့​အတွက် လူ​ငယ်​ဘဝ​ဟာ အချိန်ကောင်း​ပဲ။ ကျွန်တော်​တို့​လူ​ငယ်​တွေ​မှာ ပြသ​နာ​တွေ​အများ​ကြီး ရင်ဆိုင်​နေ​ရ​တယ်၊ အလုပ်အကိုင်​ရှားပါး​မှု၊ မူး​ယစ်​ဆေး၊ ကူး​စက်​ရောဂါ​တွေ စ​သ​ဖြင့်​ပေါ့။ အဲ​ဒီ​ထဲ​မှာ အဆိုး​ဆုံး​ပြဿနာ​ကတော့ သူ့​ပုစ္တာ​ကို ကိုယ့်​ပုစ္တာ​အမှတ်​နဲ့ ဝင်​ဖြေ​ချင်​နေ​တဲ့​ပြသ​နာ​ပဲ။ အဲ​ဒီ​လို​အမှတ်​မှား​ပြီး လိုက်​တိုင်း​နေ​တဲ့​အခါ​ကျ​တော့ ကိုယ့်​ဘဝ​ကို အား​မ​ရ​တော့​ဘူး၊ သူ​များ​လို ဖြစ်​ချင်​လာ​တယ်၊ အပြစ်တင်​ခြင်း၊ မ​ကျေနပ်​ခြင်း​တွေ​နဲ့ ပြည့်​နှက်​လာ​တယ်၊ စိတ်​ဖိစီး​မှု​တွေ များ​လာ​တယ်၊ အလွယ်​လမ်း​လိုက်​ချင်​လာ​တယ်။ နောက်ဆုံး ဘာ​မှ​မ​ဖြစ်ထွန်း​လိုက်​ဘဲ တန်ဖိုး​ရှိ​တဲ့​လူ​ငယ်​ဘဝ​ကို ကုန်​ဆုံး​လိုက်​ရ​တယ်။

အလုပ်အကိုင်​ရှားပါး​တာ​ကို လက်ဖက်ရည်​ဆိုင် ထိုင်​ရင်း ညည်းညူ​နေ​မဲ့​အစား အလုပ်အကိုင်​ပေါ​လာ​မဲ့ တစ်​နေ့​အတွက် ကြိုတင်​ပြင်ဆင်​ထား​ကြ​သင့်​တယ်။ သား​သူငယ်ချင်း​တွေ​က ဘာ​ဖုန်း​ကိုင်​တာ လို့ မိဘ​ကို မ​ကျေ​မ​နပ် ပြော​နေ​မဲ့​အစား မိဘ​အလုပ်​မှာ နိုင်​သ​လောက် ဝင်​ကူ​ပေး​နေ​ရင် ဘယ်လောက်​ကောင်း​မ​လဲ။ ငယ်​ငယ်ရွယ်​ရွယ်​နဲ့ ကျောင်း​ထွက်​အလုပ်​လုပ်​နေ​ရ​လို့ လောက​ကြီး​ကို အပြစ်တင်​နေ​မဲ့​အစား အဲ​ဒီ​လို​ဘဝ​က​နေ သူဌေး​ကြီး​တွေ​ဖြစ်​ကုန်​ကြ​တဲ့ လူ​တွေ​အကြောင်း​ကို အတု​ယူ​ပြီး အိပ်မက်​မက်​နေ​သင့်​တယ်။

တကယ်​တော့ အောင်မြင်​မှု​ဆို​တာ အဓိပ္ပါယ်​ဖွင့်​ရ​ခက်​ပါ​တယ်၊ ဘာ​ကို အောင်မြင်​တယ်ခေါ်​တာ​လဲ၊ ဘယ်​သူ့​ကို အောင်မြင်​သူ​အဖြစ် သတ်​မှတ်​ရ​မှာ​လဲ။

ဒေါ်​အောင်​ဆန်း​စု​ကြည်​လည်း အောင်မြင်​သ​လို၊ ဒေါက်​တာ အောင်​ထွန်း​သက်​လည်း အောင်မြင်​တာ​ပဲ။

ဦးကျော်​သူ အောင်မြင်​သ​လို ဓမ္မ​စေတီ​လမ်းပေါ်​က ယာဉ်​ထိန်း​ရဲ​လည်း အောင်မြင်​တာ​ပဲ။

နေ​တိုး အောင်မြင်​သ​လို သူ့​ကို​ညွှန်​ကြား​နေ​တဲ့ ဒါ​ရိုက်​တာ မောင်​မျိုး​မင်း​လည်း အောင်မြင်​တာ​ပဲ။

ဦးဇော်ဇော်​မှ အောင်မြင်​တာ မဟုတ်​ပါ​ဘူး။ အနိုင်​ဂိုး​ရှင် သန်း​ပိုင်​လည်း အောင်မြင်​တာ​ပါ​ပဲ။

တကယ်​တော့ အောင်မြင်​သူ​တွေ​ဆို​တာ ဘဝ​ဆို​တဲ့​ကျောင်း​က ကိုယ့်​အတွက်​ပေး​လာ​တဲ့ ပုစ္တာ​ကို အကောင်း​ဆုံး​ဖြေ​ဆို​နိုင်​သူ​တွေ​ပဲ ဖြစ်​ပါ​တယ်။ “ကိုယ်” ဟာ “သူ” ဖြစ်​စရာ မ​လို​ဘူး၊ ဘယ်လောက်​ကြိုးစား​ကြိုးစား ဖြစ်လာ​မှာ​လည်း မဟုတ်​ဘူး၊ “ကိုယ်” လုပ်​ဖို့ လို​တာ​က “အကောင်း​ဆုံး​သော​ကိုယ်” ဖြစ်လာ​ဖို့​ပဲ။

ဒီ​လူ​ငယ်​လေး​သုံး​ယောက်​ဟာ ငွေ​ကြေး၊ ဂုဏ်ဒြပ်၊ ပညာ​အဆင့်​အတန်း​အရ အရမ်း​ကြီး ခမ်းနား​မ​နေ​သေး​ပါ​ဘူး။ ဒါ​ဖြင့် ဘာ​လို့ အရေး​တယူ ပြော​နေ​ရသ​လဲဆို​ရင်​တော့ သူ​တို့​ဟာ သူ​တို့​အတွက် ရ​လာ​တဲ့​မေးခွန်း​လွှာ​ကို ညည်းညူ​ခြင်း​တစ်​စက်​မ​ရှိ၊ အပြစ်တင်​ခြင်း​အလျဉ်းမရှိ​ဘဲ အရှိ⁠အရှိ​အတိုင်း လက်ခံ​ကာ အကောင်း​ဆုံး​ဖြေ​ဆို​နေ​ကြ​သူ​တွေ ဖြစ်​လို့​ပါ​ပဲ။

Written by Phio Thiha
Credit to Phio Thiha