“အမေ ဟို​နေ့​ည​က မ​အိပ်​ချင်​သေး​တာ​နဲ့ ဝ​ရံ​တာ​ထွက်​ကြည့်​နေ​တုန်း လမ်း​ထဲ​ကို ကလေး​လေး​နှစ်​ယောက် ဝင်​လာ​တယ်။ အသက်​တွေ​က ရှိ​လှ​မှ ​၁​၁ နှစ် ​၁​၂ နှစ်​ပေါ့။ လမ်း​ထဲ​မှာ ပစ်ထား​တဲ့ အအေး​ဗူး​ခွံ​တွေ​ကို လိုက်​ကောက်​နေ​ကြ​တာ၊ အဲ​ဒါ​ကို ကား​စောင့်​တဲ့​လူကြီး​တွေ တွေ့​လည်း​တွေ့​ရော​ကွယ်၊ တစ်​ယောက်​က ကလေး​လည်ပင်း​ကို နောက်​က​နေ​ညှစ်​ပြီး နောက်​တစ်​ယောက်​က ပါးရိုက်​တာ နှစ်​ချက်၊ အ​ငယ်​လေး​ကတော့ ကြောက်​အား​လန့်​အား​နဲ့ ပြေး​လိုက်​တာ​မှ တန်း​နေ​တာ​ပဲ။ သူ​တို့​မြေး​အရွယ်​လောက်​ပဲ ရှိ​တဲ့ ကလေး​ကို လုပ်​ကြ​တာ​များ​ကွယ်၊ ယောက်ျား​အားကြီး​တွေ​နဲ့၊ အမေ​ဖြင့် လှမ်း​အော်​လိုက်​ချင်​တာ​လေ​ဆို​တာ ပြော​မ​နေ​နဲ့။”

ကျွန်​တော့်​အမေ​ရဲ့​စကား​ကို နားထောင်​ရင်း ကိုယ်တိုင်​မ​မြင်​လိုက်​ရ​တာ​တောင် အဲ​ဒီ​ကလေး​တွေ​ကို တော်တော်​သနား​မိ​သွား​တယ်။ တစ်​ဆက်​တည်း​မှာ​ပဲ ကား​ပိုင်​ရှင်​တွေ​ကို တွေ့​တဲ့​အခါ ပြုံး​ဖြီး​ဖြီး​နဲ့ လက်ဖက်ရည်​ဖိုး တောင်း​တတ်​တဲ့ သူ​တို့​မျက်နှာ​တွေ​ကို​ပါ တစ်​ပါ​တည်း ပြေး​မြင်​မိ​လိုက်​တယ်။ လူ​တွေ​ဟာ ကိုယ်​နဲ့​တန်းတူ​တဲ့​သူ​တွေ၊ ကိုယ့်​ထက်​မြင့်​သူ​တွေ​နဲ့ ဆက်ဆံ​တဲ့​အခါ အဆင့်​အတန်း​ရှိ​သ​ယောင်၊ ယဉ်ကျေး​သ​ယောင်​နဲ့ မ​သိသာ​ပေ​မဲ့ သူ့​ထက်​နိမ့်​သူ​တွေ​နဲ့ ဆက်ဆံ​တဲ့​အခါ​မှာ​တော့ လူ​တစ်​ယောက်​ရဲ့ အတွင်း​စိတ်​က ပေါ်လာ​တတ်​ပါ​တယ်။

လောက​မှာ ပါ​ဝါ​တွေ​က အမျိုး​မျိုးရှိ​နိုင်​တယ်၊ ရာထူး၊ အာဏာ၊ ငွေ​ကြေး၊ ခွန်အား၊ လုပ်​ပိုင်​ခွင့်၊ ပညာ၊ အသက်အရွယ် စ​သ​ဖြင့် တစ်​ယောက်​နဲ့​တစ်​ယောက် ပါ​ဝါ​တွေ​မ​တူ​ကြ​ဘူး၊ တူ​အောင်​လည်း ဘယ်​လို​မှ လိုက်​ညှိ​လို့​မ​ရ​ဘူး။ ဒီ​လို တစ်​ယောက်​နဲ့​တစ်​ယောက် ပါ​ဝါ​တွေ​မ​တူ​ကြ​တဲ့​အခါ လူ​တွေ​ဟာ ကိုယ့်​မှာ​ရှိ​တဲ့ ပါ​ဝါ​ကို အလွဲ​သုံး​လာ​ကြ​တယ်၊ ကိုယ်​မို့​လို့ အသာ​စီး​လေး မ​ရ​လိုက်​နဲ့၊ စိတ်တို​င်း​ကျ အနိုင်​ယူ​ကြ​တယ်။ ကိုယ့်​ထက်​နိမ့်​သူ​ကို အနိုင်ကျင့်​ထား​တဲ့​သူ​ဟာ သူ့​ကို​သူ လေးစား​မှု​ပျောက်​ဆုံး​သွား​တယ်၊ အဲ​ဒီ​အတွက် သူ့​ထက်​မြင့်​တဲ့​သူ​ရှေ့​မှာ​ဆို​ရင် ဒူး​ထောက်​ဖို့​လည်း ဝန်​မ​လေး​တော့​ဘူး။ ဒီ​လို​နဲ့ အထက်​ဖား​အောက်​ဖိ သံသရာ​လည်​လာ​တယ်။

ကျွန်တော်​တို့​ပတ်ဝန်းကျင်​မှာ ကြည့်​လိုက်​ရင်​လည်း ဒီ​အတိုင်း​ပဲ၊ သူဌေး​ဘာ​ခိုင်း​ခိုင်း လုပ်​ပေး​ဖို့ အဆင်သင့်​ဖြစ်​နေ​တတ်​တဲ့ မန်နေဂျာ​က သူ့​ထက် လုပ်​ပိုင်​ခွင့်​အရ အားနည်း​တဲ့ လက်ထောက်​မန်နေဂျာ​ကို၊ လက်ထောက်​မန်နေဂျာ​က​လည်း သူ့​ထက် ရာထူး​အရ အားနည်း​တဲ့ စာရေး​လေး​ကို၊ အဲ​ဒီ​စာရေး​က​လည်း သူ့​ထက် ဝင်ငွေ​အရ အားနည်း​တဲ့ ရုံး​ကို ရေ​သန့်​လာ​ပို့​သူ အလုပ်​သမား​ကို၊ အဲ​ဒီ​အလုပ်​သမား​က သူ့​ထက် ခွန်အား​အရ၊ လူ​မှု​ရေး​သတ်​မှတ်ချက်​အရ အားနည်း​တဲ့ သူ့​မိန်းမ​ကို၊ သူ့​မိန်းမ​က​လည်း သူ​လို​ပဲ ဈေး​ထဲ​မှာ ဈေးရောင်း​တယ်​ဆို​ပေ​မဲ့ သူ့​ထက် အသက်အရွယ်​အရ အားနည်း​တဲ့ ကလေး​တွေ​ကို၊ အဲ​ဒီ​လို ပါ​ဝါ​အလွဲ​သုံး​နေ​ကြ​တယ်၊ ကိုယ့်​ထက်​နိမ့်​ပါး​သူ​ကို အနိုင်​ယူ​နေ​ကြ​တယ်၊ အဲ​ဒီ​လို​အ​န်ို​င်​ယူ​နေ​ရ​တာ​ကို​ပဲ ဂုဏ်​ယူ​နေ​ကြ​ပြန်​တယ်။ ကိုယ့်ကို ဘာ​မှ​ပြန်​မ​လုပ်​နိုင်​တဲ့​သူ​ကို ​ဓါး​နဲ့​ခုတ်​ရင်း သူရဲကောင်း​ဘွဲ့ ခံယူ​နေ​ကြ​တယ်။

သမိုင်း​ဆို​တာ မ​အအောင် သင်​တာ တဲ့။ ကျွန်တော်​တို့​သမိုင်း​က​နေ ဘာ​တွေ သင်​ခန်း​စာ​ယူ​လို့​ရ​လဲ၊ အများ​ကြီး​ပဲ​ရှိ​တဲ့​အ​ထဲ​က တစ်​ခု​ကတော့ ပါ​ဝါ​ရှိ​တဲ့​လူ​တွေ သူ​တို့​ပါ​ဝါ​ကို အလွဲ​သုံး​စား​လုပ်​တဲ့​အခါ လူ့​အသိုင်းအဝိုင်း​တစ်​ခု ဘယ်လောက်​တောင် ဒုက္ခရောက်​သွား​ခဲ့​ရ​တယ် ဆို​တာ​ပါ​ပဲ။ အဲ​ဒီ​တော့ အဲ​ဒီ​လို ပါ​ဝါ​ပိုင်ဆိုင်​ထား​ပြီး အလွဲ​သုံး​စား​လုပ်​နေ​သူ​တွေ​ကို ဝေဖန်​နေ​တဲ့ ကျွန်တော်​တို့​တွေ​ကိုယ်တိုင်​လည်း ကိုယ့်​မှာ​ရှိ​နေ​တဲ့​ပါ​ဝါ​တွေ​ကို အလွဲ​မ​သုံး​ကြ​ဖို့ လို​တယ်။ ဒီ​လောက်​စုတ်ပြတ်​သတ်​နေ​တဲ့ သမိုင်း​ကို ဖြတ်​သန်း​ခဲ့​ရ​တဲ့ ကျွန်တော်​တို့​တွေ​အတွက် ဒီ​လို​မှ သင်​ခန်း​စာမ​ယူ​နိုင်​ရင်​တော့ ကျွန်တော်​တို့​လောက် ရှုံး​တဲ့​လူ လောက​မှာ မ​ရှိ​နိုင်​တော့​ဘူး။

“လူ​တစ်​ယောက်​ရဲ့​အဆင့်​အတန်း​ကို သိ​ချင်​ရင် သူ့​ထက်​နိမ့်​ပါး​တဲ့​သူ​တွေ​ကို သူ​ဘယ်​လို​ဆက်ဆံ​သလဲ ဆို​တာ​ကို ကြည့်​ရ​တယ်” တဲ့။ လူ​တစ်​ယောက် အဆင့်​အတန်း​မြင့်​မ​မြင့် သူ​ဘာ​ဝတ်​ထား​တယ်၊ သူ​ဘယ်လောက်​ချမ်းသာ​တယ်၊ သူ​ဘာ​ဘွဲ့​တွေ​ရထား​တယ်၊ သူ​ကိုင်​တဲ့​ဖုန်း​က ဘာ ဆို​တာ​တွေ​က မ​ပြော​ပြ​နိုင်​ဘူး၊ သူ့​ထက်​နိမ့်​ပါး​တဲ့​လူ​တွေ​အပေါ် သူ​ဘယ်​လို​ဆက်ဆံ​သလဲ​ဆို​တာ​က​ပဲ ဖော်​ပြ​ပေး​နိုင်​တယ်။

ကျွန်တော်​တို့​တွေ​ရဲ့​ဘဝ​မှာ ကိုယ့်​ထက်​မြင့်​တဲ့​သူ​တွေ​ကို မ​ဖား​ဖူး​ပါ​ဘူး​ဆို​တောင် မ​ပြုံး​ချင်​ဘဲ ပြုံး​ပြ​ရ​တာ​တွေ၊ မ​ကောင်း​တတ်​လို့ အလိုက်​အ​ထိုက် ဆက်ဆံ​နေ​ရ​တာ​တွေ ရှိ​ကောင်း​ရှိ​နိုင်​ပါ​တယ်၊ ကိစ္စ​မ​ရှိ​ပါ​ဘူး။ ဒါပေမဲ့ ကိုယ့်​ထက်​နိမ့်​ပါး​တဲ့​သူ​တွေ​အပေါ်​မှာ​တော့ တစ်ဖက်​သတ်​အနိုင်​မ​ယူ​မိ​ဖို့ လို​ပါ​တယ်၊ ဘာ​လို့​ဆို​တော့ အဲ​ဒါ​ဟာ ကျွန်တော်​တို့ အဆင့်​အတန်း​ဘယ်လောက်​မြင့်​သလဲ​ဆို​တာ​ကို ပြသ​နေ​မဲ့​အချက်​တစ်​ချက် ဖြစ်​လို့​ပါ​ပဲ။

Written by Phio Thiha