လူ(၁​၅​၀) သေ​ဆုံး​သည့် လေ​ယာဉ်​ပျက်​ကျ​မှု ဖြစ်ပွား​ပြီး​နောက် Germanwings လေ​ကြောင်း​လိုင်း​မှ လေ​ယာဉ်​မှူး​များ တာဝန်​ယူ မောင်း​နှင်​ရန် ငြင်းဆန်​မှု​များ​ကြောင့် ခရီး​စဉ်​တစ်​ခု​ကို ဖျက်​သိမ်း​ခဲ့​ရ​ကြောင်း သတင်းရ​ရှိ​သည်။

မတ်​လ ၂​၄​ရက်​က Germanwings လေ​ကြောင်း​လိုင်း​မှ Airbus A320 အမျိုး​အစား ခရီးသည်​တင် လေ​ယာဉ်​တစ်​စီး​သည် ပြင်​သစ်​တောင်​ပိုင်း​ရှိ အဲ့လ်ပ်စ်​တောင်တန်း ဒေသ​တွင် ပျက်​ကျ​ရာ လိုက်​ပါသွား​သည့် ခရီးသည် (၁​၄​၄)ဦး​နှင့် အမှုထမ်း (၆)ဦး​စလုံး သေ​ဆုံး​ခဲ့​သည်။

ဂျာမန် နာ​မည်ကျော် လေ​ကြောင်း​လိုင်း Lufthansa ၏ လက်အောက်​ခံ ဘတ်​ဂျတ် လေ​ကြောင်း​လိုင်း တစ်​ခု​ဖြစ်​သည့် Germanwingsသည် ယခင်​က လုံခြုံ​ရေး ကဏ္ဍ​တွင် အကောင်း​ဆုံး မှတ်တမ်း​များ ရှိ​နေ​ခဲ့​ရာ ယခု​ဖြစ်​ရပ်​သည် အံ့ဩ​ချောက်ချား​စရာ ဖြစ်လာ​သည်။

Lufthansa လေ​ကြောင်း​လိုင်း​မှ ပြော​ရေး​ဆို​ခွင့်​ရ အမျိုးသမီး​က “Lufthansaရဲ့ ခရီး​စဉ်​တွေ​ကတော့ မူလ အစီ​အစဉ်​အတိုင်း ပျံ​သန်း​ပါ​မယ်။ Germanwingsရဲ့ ခရီး​စဉ် တစ်​ခု​ကတော့ ဖျက်​သိမ်း​လိုက်​ပါ​တယ်။ ဒါ​က​လည်း လေ​ယာဉ်​မှူး​တွေ​က သူ​တို့​အနေ​နဲ့ ခရီး​စဉ်​ကို တာဝန်​ယူ​ဖို့ စိတ်​ပိုင်း​ဆိုင်​ရာ အဆင်သင့် မ​ဖြစ်​သေး​တာ​ကြောင့်​ပါ”ဟု ပြော​ကြား​ခဲ့​သည်။

ဖျက်​သိမ်း​လိုက်​သော ခရီး​စဉ်​သည် ဂျာမနီ​နိုင်ငံ ဒူ​ဆယ်လ်​ဒေါ့ဖ်​မြို့​မှ စ​ပိန်​နိုင်ငံ၊ ဘာ​စီ​လို​နာ​သို့ ပျံ​သန်း​ရန် ဖြစ်​သည်။ ဖြစ်​ရပ်​ဆိုး ကြုံ​ခဲ့​သည့် လေ​ယာဉ်​သည် ဘာ​စီ​လို​နာ​မှ ဒူ​ဆယ်လ်​ဒေါ့ဖ်​သို့ ဦးတည်​ပျံ​သန်း​ရင်း ပျက်​ကျ​သွား​ခြင်း ဖြစ်​သည်။ ဂျာမန်​လေ​ယာဉ်​မှူး​များ ယူ​နီ​ယံ​က လေ​ယာဉ်​မှူး​များ အနေ​ဖြင့် လေ​ယာဉ်​ကို မောင်း​နှင်​ရန် ငြင်း​ဆို​ခြင်း​သည် စိတ်​ပိုင်း​ဆိုင်​ရာ အခြေအနေ​ကြောင့်​ဖြစ်​ပြီး လုံခြုံ​ရေး အားနည်း​ချက်​ကြောင့် မဟုတ်​ဟု ကြေညာ​ခဲ့​သည်။

“ဒီ​ကိစ္စ​က လုံခြုံ​ရေး​နဲ့ မ​ဆိုင်​ပါ​ဘူး။ ပျက်​ကျ​တဲ့ လေ​ယာဉ်​ကို မောင်း​ခဲ့​တဲ့ လေ​ယာဉ်​မှူး​တွေ​ဟာ အခု​လေ​ယာဉ်​မှူး​တွေ​နဲ့ အရင်း​နှီး​ဆုံး သူငယ်ချင်း လုပ်ဖော်​ကိုင်​ဖက်​တွေ​ပါ”ဟု ယူ​နီ​ယံ​မှ တာဝန်ရှိ​သူ ဂျော့ဂ်ျ ဟန်း​ဝက်ဂ်​က ပြော​ကြား​ခဲ့​သည်။ ၎င်း​က “စိတ်​ပိုင်း​ဆိုင်​ရာ ဖိစီး​မှု အရမ်း​များ​နေ​ချိန်​မှာ လေ​ယာဉ်​ကို တာဝန်​ယူ မောင်း​နှင်​ဖို့ ငြင်းဆန်​တာ​ဟာ ဖြစ်​သင့်​ပါ​တယ်”ဟု​လည်း ဆို​သည်။

ယင်း​နှင့်​ပတ်သက်​ပြီး “ကျွန်တော်​တို့ အနေ​နဲ့ လေ​ယာဉ်​မှူး​တွေ​ရဲ့ ဆုံးဖြတ်ချက်​အပေါ် နားလည်​ပေး​နိုင်​ပါ​တယ်”ဟု Germanwings၏ အမှုဆောင်​ချုပ် သော​မတ်စ် ဝင်​ကဲလ်​မန်း​က ပြော​ကြား​သွား​သည်။