ပြင်​သစ်​ရေနံ​ကုမ္ပဏီ​ကြီး Total ၏ အမှုဆောင် အရာရှိ​ချုပ် ခ​ရစ္စ​တို​ဖာ ဒီ​မာ​ဂျ​ရီ​သည် ရုရှား​နိုင်ငံ​တွင် ဖြစ်ပွား​သည့် လေ​ယာဉ် မတော်တဆ​မှု တစ်​ခု​အတွင်း သေ​ဆုံး​သွား​ကြောင်း သိ​ရ​သည်။

မော်​စ​ကို​ရှိ လေ​ဆိပ်​တာဝန်ရှိ အမျိုးသမီး အီ​လီ​နာ ခ​ရိုင်​လို​ဗာ​က “အောက်တိုဘာ (၂​၀)ရက် ည​ပိုင်း​က လေ​ယာဉ်​တစ်​စီး​ဟာ ဆီးနှင်း​ရှင်းလင်း​တဲ့ ကိရိယာ တစ်​ခု​ကို ဝင်တိုက်​ခဲ့​ပါ​တယ်။ လေ​ယာဉ်​အမှုထမ်း (၃)ဦး​နဲ့ ခရီးသည်(၁)ဦး သေ​ဆုံး​ပါ​တယ်။ သေ​ဆုံး​တဲ့ ခရီးသည်​ဟု Totalရဲ့ အကြီးအကဲ ဒီ​မာ​ဂျ​ရီ​ဖြစ်​ကြောင်း ကျွန်မ အတည်ပြု​ပါ​တယ်”ဟု ပြော​ကြား​ခဲ့​သည်။

ဒီ​မာ​ဂျ​ရီ​သည် ဥ​ရော​ပ​၏ တတိယ အကြီး​ဆုံး ရေနံ​ကုမ္ပဏီ​ကြီး Total ၏ အမှုဆောင်​အရာရှိ​ချုပ် တာဝန်​ကို (၂​၀⁠၀​၇)ခု​နှစ်​တွင် စတင်​ထမ်း​ဆောင်ခဲ့​သည်။ ဒီ​မာ​ဂျ​ရီ သေ​ဆုံး​မှု သ​တင်း​ကို Total က​လည်း သီးခြား​ထုတ်​ပြန် ကြေညာ​ခဲ့​သည်။

ရုရှား​၏ အရေးပေါ် အခြေအနေ ထိန်းသိမ်း​စီမံ​ရေး ဝန်ကြီး​ဌာန​က Falcon-50 အမျိုး​အစား လေ​ယာဉ်​တစ်​စီး​သည် မော်​စ​ကို စံတော်​ချိန် ည​သန်းခေါင် ဝန်းကျင်​တွင် ပျက်​ကျ​ခဲ့​ကြောင်း သိ​ရ​သည်။ လေ​ယာဉ်​သည် ပြင်​သစ်​နိုင်ငံ၊ ပဲ​ရစ်​မြို့တော်​သို့ ဦးတည်​ပျံ​သန်း​ခဲ့​ခြင်း ဖြစ်​ပြီး လေ​ယာဉ်​အမှုထမ်း (၃)ဦး​စလုံး​သည်​လည်း ပြင်​သစ်​နိုင်ငံသား​များ ဖြစ်​ကြ​သည်။

အသက်(၆​၃)နှစ်​ရှိ ဒီ​မာ​ဂျ​ရီ​သည် ရေနံ​နှင့် စွမ်း​အင်​လုပ်​ငန်း​တွင် ကမ္ဘာ​သိ ထင်​ရှားကျော်​ကြား​သည့် ပုဂ္ဂိုလ်​တစ်​ဦး ဖြစ်​သည်။ ၎င်း​သည် Total ကုမ္ပဏီ​တွင် ဝန်​ထမ်း​လုပ်​သက် တစ်​ဘဝ​လုံး​စာ မြှုပ်​နှံ​ခဲ့​သူ ဖြစ်​ပြီး ၎င်း​သေ​ဆုံး​ခြင်း​က Totalအတွက် ကြီးမား​သည့် ဆုံးရှုံး​မှု​တစ်​ရပ်​လည်း ဖြစ်လာ​သည်။

Shell ရေနံ​ကုမ္ပဏီ​၏ ဥက္ကဋ္ဌ​ဟောင်း ဂျွန်​ဟော့ဖ်​မိုင်​စ​တာ​က “ပြော​ရ​မယ်​ဆို​ရင် ဒါ​ဟာ ရေနံ​လုပ်​ငန်း တစ်​ခု​လုံး​နဲ့ ဒီ​လုပ်​ငန်း နယ်ပယ်​ရဲ့ အနာဂတ် မျှော်လင့်​ချက်​တွေ​အတွက် ထိုး​နှက်​ချက် တစ်​ရပ်​ပါ။ Total အတွက် သူ​လုပ်ဆောင်​ခဲ့​သ​မျှ​ဟာ အားလုံး လေးစား အားကျ​ရ​တဲ့ အခြေအနေ​မျိုး ရှိ​ခဲ့​ပါ​တယ်”ဟု ပြော​ကြား​ခဲ့​သည်။

ဒီ​မာ​ဂျ​ရီ​သည် ၎င်း​၏ အမှုဆောင်​ချုပ် တာဝန်​ထမ်း​ဆောင်​မှု ကာလ​အတွင်း Total ကုမ္ပဏီ အနေ​ဖြင့် ကုလသမဂ္ဂ​က အီ​ရတ်​နိုင်ငံ​တွင် အကောင်အထည် ဖော်​နေ​သည့် လောင်စာ​နှင့် စားနပ်​ရိက္ခာ အစီ​အစဉ်​တွင် အကျင့်​ပျက် ခြ​စား​မှု​များ ရှိ​ခဲ့​ကြောင်း စွပ်စွဲ​မှု​များ​ကို အောင်​အောင်မြင်​မြင် တွန်း​လှန် ရပ်​တည်​နိုင်​ခဲ့​သည်။

Credit to 7Day Daily