ဟံ​သာ​ဝ​တီ အပြည်​ပြည်​ဆိုင်​ရာ လေ​ဆိပ်​စီမံ​ကိန်း ရင်းနှီး​မြှုပ်​နှံ လုပ်​ပိုင်​ခွင့်​ကို ဂျပန်-စင်​ကာ​ပူ ပူးပေါင်း​ဖွဲ့​စည်း​ထား​သည့် Yongnam-CAPE-JGC Consortium မှ ရ​ရှိ​သွား​ပြီ​ဖြစ်​ကြောင်း လေ​ကြောင်း​ပို့ဆောင်​ရေး ညွှန်​ကြား​မှု​ဦး​စီ​ဌာန ညွှန်​ကြား​ရေး​မှူး​ချုပ် ဦး​ဝင်း​ဆွေ​ထွန်း​က ပြော​သည်။

အောက်တိုဘာ ၂​၉ ရက်​နေ့​က လေ​ကြောင်း​သိပ္ပံ ကျောင်း​ဝန်း​တွင် ပြုလုပ်​သည့် အဆို​ပါ စီမံ​ကိန်း​တင်​ဒါ ခေါ်​ယူ​ခြင်း​ဆိုင်​ရာ ရှင်းလင်း​သော အခမ်းအနား​တွင် အထက်​ပါ​အတိုင်း အတည်ပြု ပြော​ကြား​ခဲ့​ခြင်း​ဖြစ်​သည်။

စီမံ​ကိန်း ရင်းနှီး​မြှုပ်​နှံ လုပ်ကိုင်​ခွင့်​ပေး​ရန် တင်​ဒါ​ကို ၂​၀​၁​၃ ခု​နှစ် ဖေဖော်ဝါရီ​လ​တွင် စ​တင်ခေါ်​ယူခဲ့​ခြင်း​ဖြစ်​ပြီး ယခု ၂​၀​၁​၄ ဖေဖော်ဝါရီ​တွင် ပြန်လည်​ပြင်ဆင်​၍ ဒုတိယ​အကြိမ် ခေါ်​ယူခဲ့​ခြင်း ဖြစ်​သည်။ တင်​ဒါ​တွင် လုပ်ကိုင်​မည့် အဖွဲ့​များ​အနေ​ဖြင့် စီမံ​ကိန်း​တန်ဖိုး​၏ ၅​၀ ရာ​ခိုင်​နှုန်း​ထက် မ​များ​သော ငွေ​ကြေး​အကူအညီ​ကို ရ​ယူ​၍ ဆောင်ရွက်​နိုင်​ကြောင်း ထည့်​သွင်း ပြင်ဆင်​ခဲ့​ခြင်း ဖြစ်​သည်။

တင်​ဒါ ပထမ​အကြိမ် ခေါ်​ယူခဲ့​မှု​တွင် ကို​ရီး​ယား စီးပွား​ရေး​လုပ်​ငန်း​စု​များ ပူးပေါင်း​ဖွဲ့​စည်း​ထား​သည့် Incheon Airport Consortium က ဦးစားပေး​အနေအထား ရွေးချယ်​ခံ​ခဲ့​ရသော်​လည်း ဆက်လက် ညှိနှိုင်း​မှု​များ​တွင် အဆင်​မ​ပြေ​ခြင်း​များ ရှိ​ခဲ့​ပြီး ယခု ဒုတိယ​အကြိမ် တင်​ဒါ​တွင် Yongnam-CAPE-JGC Consortium က ရွေးချယ်​ခံ​ခဲ့​ရ​ခြင်း ဖြစ်​သည်။

အဆို​ပါ အဖွဲ့​အစည်း ၂ ခု​တွင် ကို​ရီး​ယား​အဖွဲ့ Incheon Airport Consortium က ၎င်း​တို့ လုပ်ဆောင်​မည်​ဆို​ပါ​က စီမံ​ကိန်း​တန်ဖိုး​မှာ အမေ​ရိ​ကန်ဒေါ်​လာ ၁​၅​၀​၉ သန်း​ဖြစ်​ပြီး စီမံ​ကိန်း တန်ဖိုး​၏ ၇​၀ ရာ​ခိုင်​နှုန်းကျော်​ဖြစ်​သည့် ဒေါ်လာ ၁​၀​၅​၆.၆​၂ သန်း​အား အတိုး​နှုန်း ၇ ရာ​ခိုင်​နှုန်းကျော်​ဖြင့် ကို​ရီး​ယား KDB ဘဏ်​မှ ချေး​ယူ​မည် ဖြစ်​ကြောင်း၊ အဆို​ပါ ပုဂ္ဂလိက​ဘဏ်​မှ ချေး​ယူ​ရန်​အတွက် မြန်မာ​အစိုးရ​မှ အာမခံပေး​မှ​သာ လုပ်ဆောင်​နိုင်​မည် ဖြစ်​ကြောင်း တင်ပြ​ခဲ့​သည်​ဟု သိ​ရ​သည်။

ဂျပန်-စင်​ကာ​ပူ အဖွဲ့​ဖြစ်​သည့် Yongnam-CAPE-JGC Consortium က ၎င်း​တို့ လုပ်ဆောင်​မည်​ဆို​ပါ​က စီမံ​ကိန်း​တန်ဖိုး​မှာ အမေ​ရိ​ကန်ဒေါ်​လာ ၁​၄⁠၄​၅ သန်း​ဖြစ်​ပြီး ဒေါ်လာ ၇​၀​၆ သန်း​ကို အတိုး​နှုန်း သက်သာ​သော ဖွံ့ဖြိုး​ရေး အကူအညီ​ချေး​ငွေ​ကို JICA မှ ရ​ယူ​မည်​ဖြစ်​ကြောင်း၊ ဒေါ်လာ ၅​၁​၇ သန်း​ကို အတိုး​နှုန်း ၄ ရာ​ခိုင်​နှုန်း​ဝန်းကျင်​ဖြင့် တခြား ပုဂ္ဂလိက​ချေး​ငွေ​အဖြစ် ယူသွား​မည်​ဖြစ်​ကြောင်း၊ ကိုယ်​ပိုင်​ရင်းနှီး​မြှုပ်​နှံ​ငွေ​အဖြစ် ဒေါ်လာ ၂⁠၂​၂ သန်း​ဖြင့် လုပ်ကိုင်​မည့် အခြေအနေ ဖြစ်​ကြောင်း သိ​ရ​သည်။ ၎င်း​တို့ အဖွဲ့​က ငွေ​ကြေး​ဆိုင်​ရာ​အတွက် မြန်မာ​အစိုးရ​က အာမခံပေး​ရ​မည်​ဟု တောင်း​ဆို​မှု မ​ပါရှိ​ခဲ့​ပေ။

အဆို​ပါ အခြေအနေ ၂ ခု​တွင် အတိုး​နှုန်း​သက်သာ​စွာ​နှင့် ဖွံ့ဖြိုး​ရေး​ချေး​ငွေ​ယူ​ကာ လုပ်ဆောင်​မည် ဖြစ်​သကဲ့သို့ မြန်မာ​အစိုးရ​ဘက်​က ချေး​ငွေ​အတွက် အာမခံ​မှု လုပ်ဆောင်​စရာ​မ​လို​ဘဲ လုပ်ဆောင်​မည် ဖြစ်​သော Yongnam-CAPE-JGC Consortium ကို ရွေးချယ်​ခဲ့​ခြင်း ဖြစ်​သည်။

ယင်း​အနေအထား​နှင့်​ပတ်သက်​၍ လေ​ကြောင်း​ပို့ဆောင်​ရေး ညွှန်​ကြား​မှု​ဦး​စီ​ဌာန ညွှန်​ကြား​ရေး​မှူး​ချုပ် ဦး​ဝင်း​ဆွေ​ထွန်း​က “ဒီ​နှစ်​ခု​ကို နှိုင်းယှဉ်​တော့ Incheon က မြန်မာ​နိုင်ငံ​ရဲ့ အာမခံ​ချက်​ပေး​မှ​သာ​လျှင် ဖြစ်​မယ်​ပေါ့။ ပုဂ္ဂလိက​အတွက် အစိုးရ​အနေ​နဲ့ အာမခံ ထုတ်ပေး​လို့ မ​ရ​ဘူး။ ဒီ​အနေအထား​ကြောင့် Incheon အနေ​နဲ့ စီမံ​ကိန်း​ဆောင်ရွက်​ဖို့ ဖြစ်​နိုင်​ခြေ မ​ရှိ​တော့​ဘူး​ပေါ့။ Yongnam ကတော့ အတိုး​နှုန်း နှိုင်းယှဉ်​တဲ့​အချိန်​မှာ​လည်း ဖွံ့ဖြိုး​ရေး​ချေး​ငွေ​က သက်​တာ⁠တာ​တယ်​ပေါ့။ ဒီ​အခြေအနေ​တွေ​ကြောင့် Yongnam အဖွဲ့​ကို ရွေးချယ်​ဖို့ ဖြစ်လာ​ပါ​တယ်” ဟု ပြော​သည်။

စီမံ​ကိန်း စတင် အကောင်​အထည်ပေါ် လည်ပတ်​နိုင်​မည့် အခြေအနေ​နှင့် ပတ်သက်​၍​လည်း ၎င်း​က “သူ​တို့ မူလ​တင်ပြ​ချက်​က တည်ဆောက်​ရေး​ကာလ​ဟာ ၃ နှစ်​ခွဲ ၄ နှစ်​လောက်​ကြာ​မယ်။ ၂​၀​၁​၉ ဒီဇင်ဘာ​မှာ စ​ပြီး​တော့ လည်ပတ် နိုင်​မယ်​လို့ ပါ⁠ပါ​တယ်။ ဒီ​တော့ ၂​၀​၁​၈ ခု​နှစ်​အတွင်း​ပဲ လုပ်​နိုင်​မယ်​လို့ အကြမ်း​ဖျဉ်း ပြော​လို့​ရ​ပါ​တယ်” ဟု ဆို​သည်။

ဟံ​သာ​ဝ​တီ​လေ​ဆိပ်​ကို ရန်ကုန်​နှင့် မိုင် ၅​၀ အကွာ၊ ပဲခူးမြို့​နယ်​အတွင်း​ရှိ ကျောက်တိုင်​ကန်​ရွာ​အနီး ယခင် လေ​ယာဉ်​ကွင်း​ဟောင်း နေရာ​တွင် တည်ဆောက်​သွား​မည် ဖြစ်​ပြီး ရန်ကုန် အပြည်​ပြည်​ဆိုင်​ရာ​လေ​ဆိပ် ထပ်မံ တိုး​ချဲ့​တည်ဆောက်​ရန် မြေ​နေရာ အခက်​အခဲ​ရှိ​ခြင်း​နှင့် ပြည်​တွင်း နိုင်ငံ​တကာ​အဆင့်​မီ လေ​ဆိပ်​အသစ် တ​ခု လို​အပ်​ချက်​ရှိ​လာ​ခြင်း​ကြောင့် တည်ဆောက်​ခြင်း​ဖြစ်​သည်​ဟု သိ​ရ​သည်။

ဟံ​သာ​ဝ​တီ အပြည်​ပြည်​ဆိုင်​ရာ လေ​ဆိပ်​ကို ၁ နှစ်​လျှင် ခရီးသည် ၁​၂ သန်း​အထိ ကိုင်တွယ် လည်ပတ်​နိုင်​သည့် လေ​ဆိပ်​အဖြစ် တည်ဆောက်​မည်​ဖြစ်​ပြီး ရန်ကုန် အပြည်​ပြည်​ဆိုင်​ရာ လေ​ဆိပ်​ကို​လည်း ၁ နှစ်​လျှင် ခရီးသည် ၆ သန်း​အထိ ကိုင်တွယ်​နိုင်​သည့် အနေအထား​ဖြစ်​အောင် လုပ်ဆောင်​နေ​ဆဲ ဖြစ်​သည်။
Credit to Irrawaddy