အကျင့်​သီလ ဘယ်လောက်​ကောင်း​ကောင်း၊ စိတ်ထား ဘယ်လောက်​ကောင်း​ကောင်း ဆင်းရဲ​တယ်​ဆို​ရင် အထင်​သေး​တယ်။ အကျင့်​သီလ ဘယ်လောက်​ညံ့​ညံ့ ချမ်းသာ​တယ်၊ ရာထူး​ရှိ​တယ်​ဆို​ရင် အထင်ကြီး​တယ်။ အဲ​ဒီ​လို သဘောထား​တွေ ဖြစ်လာ​တယ်။ လူ့​ဂုဏ်​သိက္ခာ လူ့​တန်ဖိုး​ဟာ ကျ​သွား​တယ်။ အဲ​ဒီ​လို လူ့​တန်ဖိုး​နဲ့ လူ့​ဂုဏ်​သိက္ခာ​ကို တန်ဖိုး​မ​ထား​တဲ့ လူ့​အသိုင်းအဝိုင်း​မှာ လူ​တွေ​ဟာ စိတ်​အေးအေး​ချမ်း​ချမ်း မ​နေ​နိုင်​ဘူး။ ဟန်လုပ်​ပြီး ဆက်ဆံ​နေ​ရ​တဲ့ လူ့​အသိုင်းအဝိုင်း​မှာ အဖေါ်​ဆို​တာ​လည်း ဘယ်​မှာ ရှိ​နိုင်​တော့​မ​လဲ။

သူ​တ​ပါး​ကို ရင်း​ရင်းနှီး​နှီး ပွင့်​ပွင့်လင်း​လင်း မ​ပြောဆို​တတ်​ဘူး၊ မ​ဆက်ဆံ​တတ်​ဘူး၊ မ​ယုံကြည်​ဘူး၊ စိတ်​မ​ချ​ဘူး ဆို​ရင် ကိုယ့်​မှာ အဖေါ်​မ​ရှိ​တော့​ဘူး။ လူ​တွေ​ကို မ​ယုံကြည်​တဲ့​သူ၊ လူ​တွေ​ကို သည်း​မ​ခံ​နိုင်​တဲ့​သူ၊ ခွင့်​မ​လွှတ်​နိုင်​တဲ့​သူ​ဟာ​လည်း အဖေါ်​မဲ့​တတ်​တယ်။ သူ​များ​အကြောင်း မ​ကောင်း ပြော​တတ်​တဲ့​သူ​ဟာ​လည်း အဖေါ်​မဲ့​တယ်။ အကြီးအကဲ ခေါင်းဆောင်​နေရာ​မှာ နေ​ရ​တဲ့​သူ​တွေ ဆို​ရင်​လည်း ကိုယ်​က လက်အောက်​ငယ်သား​တွေ​နဲ့ ရင်း​ရင်းနှီး​နှီး မ​ပြော​ချင်​ဘူး။ ပြော​ရင် ရင်းနှီး​မှု​ကို အခွင့်​ကောင်း​ယူ​ပြီး​တော့ မ​ရိုသေ​မှာ၊ မ​လေးစား​မှာ ကြောက်​တယ်။ ဒါ​ဟာ ရာထူး​ကြီး​တဲ့ လူ​တွေ​မှာ အများ​ကြီး ဖြစ်​တတ်​ပါ​တယ်။ ဒီ​အချက်​က​လည်း အဖေါ်​မဲ့ အထီးကျန် ဖြစ်​ဖို့​ရာ အကြောင်း​တ​ခု​ဘဲ။ တချို့​လူ​တွေ​မှာ အဖေါ်​မဲ့ အထီးကျန်​ဖြစ်​ရ​တာ ဘာ​ကြောင့်​လဲဆို​တော့ သူ​တို့​ကိုယ်တိုင်​က သူ​တ​ပါး​ကို ပစ်​ပယ်​လေ့ ရှိ​တယ်။ ဂုဏ်တုဂုဏ်ပြိုင် စိတ်​ကြောင့်၊ မ​နာလို​တဲ့​စိတ်​ကြောင့် အဖေါ်​မဲ့​သွား​တယ်။ ကိုယ့်ကိုယ်ကို သိမ်ငယ်​တဲ့ ခံစား​မှု ရှိ​တဲ့​လူ​က​လည်း အများ​နဲ့ ဆက်ဆံ​တဲ့​အခါ​မှာ အောက်​ကျ​သ​လို ခံစား​ရ​တဲ့​အတွက်​ကြောင့် လူ​တွေ​ကို ရှောင်​ချင်​လာ​တယ်။ မ​ဆက်ဆံ​ချင်​တော့​ဘူး။ အဲ​ဒီ​တော့ ကိုယ့်ကိုယ်ကို အထင်​သေး​တဲ့​လူ​က​လည်း အဖေါ်​မဲ့​တဲ့ ခံစား​မှု​မျိုး ဖြစ်​တော့​မယ်။

တရား​ကို ရေ​ရှည် စွဲ​စွဲမြဲ​မြဲ အားထုတ်​ထား​တဲ့ လူ​ဆို​ရင် အဲ​ဒါ​မျိုး​တွေ မ​ဖြစ်​ဘူး။ တရား​အားထုတ်​လို့ အသိ​ဥာဏ် ရင့်​ကျက်​လာ​တဲ့​အတွက်​ကြောင့် စိတ်​မှာ လေးနက်​မှု၊ စင်ကြယ်​မှု၊ မြင့်မြတ်​မှု ရှိ​နေ​တယ်။ သူ့​ကိုယ်​သူ အင်မတန် ကျေနပ်​နေ​တယ်။ ဒါ​ကြောင့် သူ​များ​နဲ့ တွေ့​တဲ့​အခါ​မှာ အားငယ်​စိတ်၊ သိမ်ငယ်​စိတ် မ​ဖြစ်​ဘူး။ သိမ်ငယ်​စိတ် ပျောက်​ဖို့​ရာ တရား​နည်း​နဲ့​မှ ရ​တယ်။ တခြား​နည်း​နဲ့​လုပ်​လို့ မ​ရ​ဘူး။ အဖေါ်​မဲ့​အထီးကျန် ဖြစ်​ဖို့​ရာ အရင်း​ခံ​အကြောင်း​ဟာ အတ္တ​စွဲ​ပါ​ပဲ။ နောက်​တ​ခု ပြော​ရ​ရင်​တော့ မာန​ပါ​ပဲ။ မာန သိပ်​ကြီး​သွား​ရင် အဖေါ်​မဲ့​သွား​တယ်။ ငါ​က အောက်​ကျ​နောက်ကျ ဖြစ်​နေ​တယ်​ဆို​တဲ့ ခံစား​ချက်​ကြောင့် အဖေါ်​မဲ့​သ​လို ခံစား​ရသ​လို၊ ငါ​က​အထက်​တန်း​စား​ပါ​ဆို​တဲ့​စိတ် ဝင်​နေ​ရင်​လည်း အဖေါ်​မဲ့​ဦး​မှာ​ပါ​ဘဲ။ ဒီ​နှစ်​ခု​စလုံး မ​ကောင်း​ပါ​ဘူး။
လူ​မ​သိ​အောင် ဖုံး​ရ​တာ​တွေ များ​ရင်​လည်း အဖေါ်​မဲ့​အထီးကျန်​ဖြစ်​တယ်။ တချို့ ရောဂါ​တ​ခု⁠ခု​ရှိ​ရင်​လည်း အဲ​ဒီ​ရောဂါ​ရှိ​ကြောင်း လူ​မ​သိ​စေ​ချင်​လို့ လူ​တွေ​ကို ရှောင်​တယ်။ တချို့​ကျ​တော့​လည်း ကိုယ်​လက်​အင်္ဂါ တ​ခု​ခု ချို့တဲ့​နေ​တာ​ကြောင့် လူ​ကြား​ထဲ မ​သွား​ချင်​ဘူး၊ တ​ယောက်​တည်း​နေ​ချင်​တယ်။ အဲ​ဒါ​ကြောင့်​လည်း အဖေါ်​မဲ့​သွား​တယ်။ တကယ်​လို့ ကိုယ့်​ဘဝ​မှာ အဖေါ်​မဲ့ အထီးကျန် ခံစား​မှု ဖြစ်​နေ​ပြီ​ဆို​ရင် ကိုယ့်ကိုယ်ကို သေသေချာချာ​ပြန်​သုံးသပ်​ပါ။ ငါ့​မှာ​ဒီ​လို ခံစား​ချက် ရှိ​တယ်​ဆို​တာ သိ​ဖို့​က ပထမ အရေးကြီး​တယ်။

အခု​ခေတ်​မှာ လူ​တွေ​ဟာ အလုပ် အင်မတန်​များ​ကြ​ပါ​တယ်။ အလုပ် များ​သ​လောက် သောက​လည်း များ​ကြ​တယ်။ ကိုယ့်​ပူပင်​သောက​နဲ့​ကိုယ် စိတ်​မ​အား​ကြ​လို့ သူ​များ​စိတ်​ထဲ​မှာ ဘယ်​လို​ခံစား​နေ​ရ​မ​လဲ ဆို​တာ သေသေချာချာ အာရုံ​စိုက်​ပြီး​တော့ မ​စဉ်းစား​နိုင်​ကြ​တော့​ဘူး။ အဲ​ဒီ​လို မ​စဉ်းစား​နိုင်​ကြ​ရင် တ​ယောက်​ကို​တ​ယောက် နားလည်​မှု နည်း​သွား​ပြီး​တော့ အားလုံး​ပဲ အထီးကျန် ဖြစ်​တဲ့ ခံစား​မှု​ကို ခံစား​နေ​ရ​မယ်။

ကိုယ်​မြင်​တဲ့ လောက​ကြီး​ဟာ ကိုယ့်​စိတ်​ရဲ့ ရောင်​ပြန်​ဟပ်​မှု​ပဲ။ လောက​ကို မ​ထိန်းသိမ်း​တဲ့​သူ တန်ဖိုး​မ​ထား​တဲ့​သူ​ဟာ ဘယ်​သူ​လဲဆို​တော့ empty , lonely ဖြစ်​နေ​တဲ့​သူ​တွေ​ပဲ။ လောက​ကြီး​ကို ထိန်းသိမ်း​နေ​တဲ့​သူ များ​လာ​အောင် ဘယ်​လို​လုပ်​ရ​မ​လဲဆို​တော့ လူ​များ​စု​ဟာ သူ​တို့​ဘဝ​ကို​သူ​တို့ ကျေနပ်​မှု​ရအောင် တန်ဖိုး​ရှိ​လာ​အောင် ဘယ်​လို​လုပ်​ရ​မ​လဲ ဆို​တာ​က စ စဉ်းစား​ရ​တယ်။ ကိုယ့်ကိုယ်ကို ကိုယ်​မှ မ​ထိန်းသိမ်း​ဘူး၊ တန်ဖိုး​မ​ထား​တော့​ဘူး​ဆို​ရင် ကိုယ်​နေ​တဲ့ လောက​ကြီး​ကို ထိန်းသိမ်း​မှာ၊တန်ဖိုး​ထား​မှာ မဟုတ်​တော့​ဘူး။ ထိန်းသိမ်း​ဖို့ စိတ်​မ​ကူး​နိုင်​ဘူး။ အေးချမ်း​နေ​တဲ့​သူ​ဟာ ဘယ်​သူ့​ကို​မှ ဒုက္ခ​မ​ပေး​ဘူး။ ကိုယ့်​ဘဝ​ကို​ကိုယ် ကျေနပ်​တဲ့​သူ​ဟာ အများ​ကို ဒုက္ခ မ​ပေး​ဘူး။

လူ​တွေ​က လောက​ကြီး​ထဲ​မှာ ကြာ​လေ​များ​လေ ဖြစ်လာ​နေ​တာ။ လူ​ဦးရေ များ​လာ​သ​လောက် လူ​တွေ​ဟာ အဖေါ်​မဲ့​အထီးကျန် ပို​ဖြစ်လာ​တယ်။ အပျော်အပါး​တွေ​လည်း အခု​ခေတ်​မှာ ပို​များ​လာ​တယ်။ အပျော်အပါး များ​သ​လောက် အဖေါ်​လည်း ပို​ပြီး​မဲ့​လာ​တယ်။ လူ​မ​ရှိ​လို့၊ ကိုယ့်​အနား​မှာ ဘယ်​သူ​မှ​မ​ရှိ​လို့ အထီးကျန်​ဖြစ်​တာ မဟုတ်​ဘူး။ ကိုယ့်​အနား​မှာ လူ​တွေ​အများ​ကြီး ရှိ​နေ​ပေ​မဲ့​လည်း ကိုယ်​ဟာ တ​ကိုယ်တည်း အထီးကျန် အဖေါ်​မဲ့ ဖြစ်​နေ​တယ်။

lonely ဆို​တာ အဖေါ်​မဲ့​လို့ အားငယ်​သွား​တာ​ကို ပြော​တာ။ alone ဆို​တာ သူ့​ဟာ​သူ အဖေါ်​မ​ရှာ​ပဲ​နဲ့ တ​ကိုယ်တည်း နေ​တာ​ကို​ပြော​တာ။ အားငယ်​တာ မဟုတ်​ဘူးနော်။
I am alone, but I’m not lonely. အဲ​ဒီ​လို နေ​တတ်​ဖို့ လို​တယ်နော်။ ငါ တ​ကိုယ်တည်း နေ​တယ်။ ဒါပေမဲ့ ငါ့​မှာ အဖေါ်​လိုချင်​တဲ့​စိတ် မ​ရှိ​ဘူး။ အဖေါ်​မ​ရှာ​ဘူး။ အဖေါ်​မ​ရှိ​လို့ အားငယ်​တဲ့​စိတ်​လည်း မ​ရှိ​ဘူး။ အဲ​ဒီ​လို နေ​နိုင်​ရင် မြို့​ထဲ​မှာ​ဘဲ​နေ​နေ၊ တော​ထဲ​မှာ​ဘဲ​နေ​နေ ကောင်း​ပါ​တယ်။ အဲ​သ​လို ရင့်⁠ရင့်​ကျက်​ကျက်၊ ခိုင်​ခိုင်မာ​မာ တ​ကိုယ်တည်း နေ​နိုင်​အောင် ကြိုးစား​ကြ​ပါ။

ဆရာတော်​ဦး​ဇောတိ​က
( မဟာ​မြိုင်​တော​ရ ) ၏
“ တွေး​မိ​တိုင်းပျော်​တယ် ” စာအုပ်​မှ ကူး​ယူဖော်​ပြ​ပါ​သည်၊၊

အများ​အတွက် အကျိုး​ရှိ​စေ​မဲ့ စာပေ​တွေ​ကို Share လုပ် မျှဝေ​ပေး​ခြင်း​ဟာ မေတ္တာ​တ​မျိုး၊ ကုသိုလ်​တ​မျိုး ဖြစ်​ပါ​တယ်၊၊

Credit to FB LIFE