လာ​မည့်​နှစ်​အတွက် အလည်​အပတ် ခရီးသွား​ရန် အကောင်း​ဆုံး နိုင်ငံ​အဖြစ် စင်​ကာ​ပူ​ကို Lonely Planet က ရွေးချယ်​လိုက်​ကြောင်း သိရှိ​ရ​သည်။

ခရီးသွား ဝန်​ဆောင်​မှု​ဆိုင်​ရာ မီ​ဒီ​ယာ ကုမ္ပဏီ​ကြီး​က စင်​ကာ​ပူ​နိုင်ငံ​ကို (၂​၀​၁​၅)ခု​နှစ်​အတွက် ခရီး​ထွက်​ရန် အသင့်တော်​ဆုံး နိုင်ငံ​အဖြစ် ဖော်​ပြ​ခဲ့​ပြီး Lonely Planet Best in Travel 2015 ဆု​ကို ချီးမြှင့်​ခဲ့​သည်။ Lonely Planet အနေ​ဖြင့် နှစ်စဉ်​နှစ်​တိုင်း ရွေးချယ်​ချီးမြှင့်​သည့် ဆု​၏ (၁​၀)ကြိမ်​မြောက်​အတွက် စင်​ကာ​ပူ​ကို ရွေးချယ်​ခဲ့​ခြင်း ဖြစ်​သည်။

Lonely Planet ၏ အဆို​အရ စင်​ကာ​ပူ​သည် ခရီးသွား​များ​အတွက် အဆင်​ပြေ​စွာ တည်းခို​နိုင်​မည့် အဆင့်​မြင့်​ဟိုတယ် များ​စွာ ဆောက်​လုပ်​ခဲ့​သ​လို သွား​ရောက်​လည်ပတ် အပန်း​ဖြေ​စရာ နေရာ​အများ​အပြား ရှိ​နေ​ခြင်း အပါအဝင် ယခု​ဆု​နှင့် ထိုက်တန်​သည့် အကြောင်း​အချက် အများ​အပြား ရှိ​နေ​ကြောင်း ဆို​သည်။ အထူးသဖြင့် စင်​ကာ​ပူ Sports Hub နှင့် လာ​မည့်​နှစ်​တွင် ဖွင့်​လှစ်​မည့် အမျိုးသား အနု​ပညာ ပြ​ခန်း​တို့​ကို သွား​ရောက် လည်ပတ်​သင့်​ကြောင်း Lonely Planet က အကြံ​ပြု​ထား​သည်။

Lonely Planet က (၂​၀​၁​၅)ခု​နှစ်​အတွက် သွား​ရောက် လည်ပတ်​ရန် ဒုတိယ အသင့်တော်​ဆုံး​အဖြစ် န​မီး​ဘီး​ယား နိုင်ငံ​ကို ရွေးချယ်​ခဲ့​သည်။ ထို့နောက်​တွင်​မူ လစ်​သူ​ယေး​နီး​ယား​နှင့် နီ​ကာ​ရာ​ဂွာ နိုင်ငံ​တို့​က အဆင့်(၃)နှင့် (၄)တို့​တွင် အသီး​သီး ရပ်​တည်​နေ​သည်။ ထိပ်​ဆုံး(၁​၀)နေရာ စာရင်း​တွင် အိုင်​ယာ​လန်၊ ကွန်​ဂို၊ ဆာ​ဘီး​ယား၊ ဖိ​လစ်​ပိုင်၊ စိန့်​လူ​စီ​ယာ​နှင့် မော်​ရို​ကို​တို့​လည်း ပါဝင်​ခဲ့​ကြ​သည်။

(၂​၀​၁​၅)ခု​နှစ်​တွင် မြို့​တစ်​မြို့​ချင်း​စီ​အလိုက် သွား​ရောက်​လည်ပတ်​ရန် အကောင်း​ဆုံး အနေ​ဖြင့်​မူ အမေ​ရိ​ကန် ပြည်ထောင်​စု​၏ မြို့တော် ဝါ​ရှင်​တန် ဒီ​စီ​ကို Lonely Planet က ရွေးချယ်​ခဲ့​သည်။ ဒေသ​တစ်​ခု အနေ​ဖြင့် သွား​ရောက် လည်ပတ်​ရန် အသင့်တော်​ဆုံး အနေ​ဖြင့်​မူ တူရကီ​၏ ဂယ်​လီ​ပို​လီ ဒေသ​ကို ထောက်ခံ​ထား​ကြောင်း သိ​ရ​သည်။

Credit to Planet.com