ဂျပန်​က တို့ အမေ​ရိ​ကား က တို့​လို့
ပြော​လိုက်​တာ​နဲ့ များ​သော​အား​ဖြင့်
မြန်မာ​ပြည်​က သူ​တွေ​အနေ​နဲ့
အဲ​ဒီ​လူ​တွေ​ကို အလိုလို အထင်ကြီး​သွား​တတ်​တယ်

ကျွန်တော်​တို့ ဘော်ဘော်​တွေ ရပ်​ကွက်​ထဲ​က လက်ဖက်ရည်​ဆိုင်​မှာ​ထိုင်​ရင်း
ဂျပန်​ရောက်​နေ​တဲ့ သူငယ်ချင်း​အကြောင်း​ပြော​ရင်း
သူ့​ဘဝ​ကို အရမ်း​အားကျ​ဖူး​တယ်

နောက် တစ်​ကောင်​က
ဂျပန်​စာ​ကျောင်း​တွေ တက်​ပြီး
ဂျပန်​သွား​ဖို့ လုပ်​နေ​တုန်း​က​လည်း

ဂျပန်​မ​ပြော​နဲ့ ပုဂံ​တောင်
မ​ရောက်​ဖူး​တဲ့ ကိုယ် ..

သူငယ်ချင်း​အတွက်
ဝမ်းသာ​တယ် ဂုဏ်​ယူ​တယ် ပြော​နေ​ပေ​မယ့်
စိတ်​ထဲ​တော့ အားငယ်​ခဲ့​ဖူး​တယ်

အမှန်​ဆို
ကိုယ့်​ပြည်​တွင်း​မှာ လုပ်ကိုင်​စား​သောက်​ရင်​လဲ
ကြီးပွား​နိုင်​ပါ​တယ်

ဘာ​ကြောင့် ဒီ ဂျပန်​ရောက်​နေ​တဲ့ သူ​တွေ
သွား​နေ​တဲ့ သူ​တွေ​ကို
အားကျ အထင်ကြီး​နေ​ရ​တာ​လဲ

ဘာ​ဖြစ်​လို့​လဲဆို​ပြီး
အနီး​စပ်​ဆုံး အဖြေ​ထုတ်​ရ​ရင်
ဂျပန်​ရောက်​ရင် ဘောစ့်​ဖြစ်​ပြီ ဆို​တဲ့
တရား​သေ စွဲကိုင်​ထား​တဲ့ အမြင်​တွေ​ကြောင့် ထင်​ပါ​တယ်

အဲ​ဒီ​အမြင်​ကြီး ဘာ​ကြောင့်
ကျုပ်​တို့ လူ​မျိုး​တွေ​ရဲ့ စိတ်​ထဲ စွဲ​နစ်​နေ​ရ​တာ​လဲ

ရုပ်​ရှင်​ကား​တွေ​ထဲ​မှာ မင်းသမီး​ကို
သာမန်​ဘဝ​သမား မင်းသား​လေး​နဲ့ အပြိုင်​လိုက်​တဲ့ သူ​က
ဂျပန်​ပြန် သူဌေး ဇတ်​ရုပ်​တွေ​နဲ့
အရေ​ထူ​အောင် မြင်​ခဲ့​ရ​လို့​လား

နောက် ကြီးကျယ်​တဲ့ မင်္ဂလာ​ပွဲ​တွေ​မှာ
သတို့သား သတို့သမီး​အောက်​က
ခေတ္တ​ဂျပန် ဆို​တဲ့ စာတန်း​တွေ​ကြောင့်​လား

ဒီ​လူ​က ဂျပန်​က ပြန်လာ​တာ​လေ​လို့
တစ်​ယောက်⁠ယောက်​က မိတ်​ဆက်​ပေး​ရင်
အဲ​ဒီ​လူ​ရဲ့ အနေအထား​က
ချမ်းသာ​နေ​တာ မြင်​ရ​လို့​လား

ထား​ပါ​တော့
အကြောင်း​တွေ ရှိ​လို့ အကျိုး​ဖြစ်လာ​တယ် ဆို​ရင်တောင်

ဂျပန်​ကို ရောက်​တာ​နဲ့ ဂျပန်​က​ပြန်​တာ​နဲ့
သူဌေး​ဖြစ်​ပြီ​ဆို​တဲ့ အနေအထား​တစ်​ခု​ဟာ

ဆယ်​စု​နှစ်​တစ်​ခုကျော်​လောက်
ကျန်​ခဲ့​ပါ​ပြီ

ဒါ​ကို ကျွန်တော်​တို့ မ​သိ​ခဲ့​ဘူး
ခု​ထိ​လည်း ဂျပန်​ရောက်​ရင် ချမ်းသာ​မယ်​ဆို​တဲ့ အမြင်​က မ​ပျောက်​ကြ​သေး​ဘူး

ဥပမာ တစ်​ခု
ရိုး⁠ရိုး​လေး​ပဲ စဉ်းစား​ကြည့်ပါ

လွန်​ခဲ့​တဲ့ ၁​၀ နှစ်​က
သိန်း ၁​၅​၀ တန် တိုက်ခန်း​ရောင်း​ပြီး
ဂျပန်​လာ​ခဲ့​တဲ့ လူ​တစ်​ယောက်​ဟာ

ခု​ချိန် သူ​ရောင်း​လာ​တဲ့ တိုက်ခန်း​ရဲ့ လက်​ရှိ ပေါက်​ဈေး​တန်ဖိုး​ကို ပိုက်​ပြီး ပြန်​နိုင်​သလား​လို့

ဘယ်​လို​လုပ် ပြန်​နိုင်​မှာ​လဲ

အဲ​တော့ တစ်​လ တစ်​လ
နဖူး​က​ချွေး ခြေမ​ကျအောင်​ရှာ
ဘယ်​တော့​မှ ပြောင်းလဲ မ​လာ​တဲ့
ပုံ​မှန် လ​စာ​လေးကိုင်​ပီး
ပြောင်းလဲ​သွား​တဲ့
လိုက်​မ​မှီ​တော့​တဲ့ ပြည်​တွင်း​က တန်ဖိုး​တွေ
ရပ်​တည်​မှု​တွေ ကြည့်​ပြီး
ငိုင်​နေ​ကြ​ရ​တော့​တယ်

မြန်မာ​ပြည်​က တိုက်ခန်း​တွေ မြေ​ဈေး​တွေ
တက်​သွား​ခဲ့​လို့ အကြောင်း​တစ်​ခု​တည်း​နဲ့
ပြန်​မ​ရ​ကြ​တော့​တာ​လား ဆို​တော့​လည်း
မဟုတ်​ပြန်​ဘူး

ဂျပန်​မှာ နှစ်​ကြာ​လေ
ဒီ​က လူ​နေ​မှု​ဘဝ​နဲ့ အံ​ဝင်​ဂွင်​ကျ​လာ​လေ

ဒီ​မှာ သူ​များ​တန်းတူ နေထိုင်​စား​သောက် ဝတ်ဆင်​ဖို့​အတွက်
ကုန်ကျ​စရိတ်​တက်​လာ​လေ ..

ရောက်​စ​က​လောက် ဘယ်​သူ​မှ မ​စု​မိ မ​ဆောင်း​မိ​တာ အမှန်​တရား​တစ်​ခု​ပါ

အကောင်း​ဆုံး​က နှစ်​နည်း⁠နည်း​နေ
ရသ​လောက်​စု ပြီး​ရင်​ပြန်
ဒီ​လို​မှ မဟုတ်​ရင်
ဂျပန်​လူ​နေ​မှု​ဘဝ​က ကိုယ့်​လ​စာ​တွေ​ကို
တစ်​ရက်​ထက် တစ်​ရက် တစ်​လ​ထက် တစ်​လ
အမှည့်​ခြွေ ခြွေ​သွား​တော့​တာ​ပါ​ပဲ

ဒီ​လို မ​အေး သူ့​အမေ​ရိုက်
လုံး​လည်​ချာလည် ရိုက်​နေ​တုန်း​မှာ

ဂျပန်​ဆို အထင်ကြီး​တဲ့
ဂျပန်​ပြန်ဆို သူဌေး​ဖြစ်​ပြီ​လို့ သတ်​မှတ်ထား​တဲ့
အမြင်​တွေ​နဲ့ ပတ်ဝန်းကျင်​ကြား
ပြန်​ချ​သွား​ဖို့​ဆို​တာ

ကိုယ့်​ပိုက်ဆံ​အိတ်​လေး ကိုယ်​ကြည့်​ပြီး
ကိုယ့် ဘဏ်​စာရင်း​လေး ကိုယ်​ကြည့်​ပြီး​တဲ့​အခါ

ဒီ​မှာ ဆက်​နေ​တာ​မှ လူ​ရှိန်​သေး​တယ် ဆို​ပြီး
ဂျပန်​မှာ နှစ်​တွေ ကြာ​ကုန်​ကြ​တာ​ပဲ

အဲ​တော့ ကျွန်တော် ပြော​ချင်​တာ

တစ်​ချိန်​တုန်း​ကတော့
ဂျပန်​နိုင်ငံ​ဆို​တာ ဘဝ​ကြီးပွား​ချမ်းသာ​ဖို့​အတွက်
ထွက်ပေါက် လမ်းကြောင်း​တစ်​ခု

ဖြစ်​ကောင်း ဖြစ်​ချင် ဖြစ်​ခဲ့​လိမ့်​မယ်

အခု​တော့ ပြောင်းလဲ​လာ​တဲ့
ခေတ်​တွေ စနစ်​တွေ​အရ

မြန်မာ​လူ​ငယ်​တွေ​အတွက်
ရာ​နှုန်း​ပြည့် ကြီးပွား​မယ့် လမ်းကြောင်း​တစ်​ခု​လို့
အာမ မ​ခံ​နိုင်​တော့​တာ အသေ​အချာ​ပါ​ပဲ

ခု​ချိန်​ထိ
ဂျပန်​ဆို​တာ မြန်မာ​လူ​ငယ်​တွေ​အတွက်
ဟီး​ရိုး​နိုင်ငံ ဖြစ်​နေ​တုန်း​ပဲ​မို့

မ​လာ​ပါ​နဲ့ မ​တား​ပါ​ဘူး
တား​လို့​လည်း လက်ခံ​ကြ​မှာ မဟုတ်​ပါ​ဘူး

ဒါ​ပေ​မယ့် ..

ဂျပန်​နဲ့ ပတ်​သတ်​ပြီး
လာ​ရ​ခက် ပြန်​ရ​ခက် ဆို​တာ
ဒီ​မှာ အရမ်း​ကြီးပွား​နေ​လို့ မဟုတ်​ပဲ

ဘာ​မှ ဖြစ်​မ​လာ​လို့ ပြန်​ရ​ခက်​တယ် ဆို​တာ​လေး
နားလည်​ကြ​ရင်​ပဲ တော်​ပါ​ပြီ​ဗျာ

Written by ဆရာ ကြယ်
Credit to ဆရာ ကြယ်