၎င်း​တို့ အသစ်​ထုတ်​လုပ် ရောင်းချ​မည့် စ​မတ်​ဖုန်း​များ​တွင် Nokia ဆို​သော အမှတ်​တံဆိပ်​ကို ဖယ်ရှား​တော့​မည်​ဟု Microsoft ကော်​ပို​ရေး​ရှင်း​က ကြေညာ​ခဲ့​သည်။

တစ်​ချိန်​က ကမ္ဘာပေါ်​တွင် လူ​သုံး​အများ​ဆုံး မိုဘိုင်းဖုန်း အမှတ်​တံဆိပ်​တစ်​ခု အနေ​ဖြင့် ရပ်​တည်​ခဲ့​သည့် Nokia သည် ယခု​အခါ စ​မတ်​ဖုန်း နယ်ပယ်​တွင် လုံး​ဝ​ပျောက်​ကွယ်​သွား​မည့် အလားအလာ ရှိ​လာ​ခဲ့​သည်။ ဖင်​လန် အခြေ​စိုက် Nokia ကုမ္ပဏီ​၏ စ​မတ်​ဖုန်း ထုတ်​လုပ်​မှု လုပ်​ငန်း​များ​ကို Microsoft က သိမ်း​သွင်း ဝယ်​ယူ​ပြီး​နောက် တစ်​နှစ်​မျှ အကြာ​တွင် ယခုကဲ့သို့ ဆုံးဖြတ်​ခဲ့​ခြင်း ဖြစ်​သည်။

ထို့​ကြောင့် Nokia Lumia မျိုး​ဆက်​သစ် စ​မတ်​ဖုန်း​သည် Microsoft Lumia အမည်​ဖြင့်​သာ ဈေး​ကွက်​ထဲ ရောက်လာ​တော့​မည် ဖြစ်​သည်။ Nokia တွင် မိုဘိုင်းဖုန်း ထုတ်​လုပ်​မှု​နှင့် မ​သက်ဆိုင်​သည့် အခြား​လုပ်​ငန်း​များ ရှိ​နေရာ ထို​အမည်​ကို ဆက်လက် သုံးစွဲ​နေ​မည် ဖြစ်​သည်။ Microsoft က Nokia ၏ စ​မတ်​ဖုန်း​ကဏ္ဍ တစ်​ခု​တည်း​ကို​သာ လွှဲ​ပြောင်း ဝယ်​ယူထား​ခြင်း ဖြစ်​သည်။ ဧပြီ​လ အတွင်း​က Microsoft သည် Nokia ၏ မိုဘိုင်းဖုန်း ထုတ်​လုပ်​ရေး ယူ​နစ်​ကို ဒေါ်လာ (၇.၂) ဘီ​လီ​ယံ​ဖြင့် အပြီးသတ် ဝယ်​ယူခဲ့​ခြင်း ဖြစ်​သည်။

Nokia ၏ ပြင်​သစ်​နိုင်ငံ​ဆိုင်​ရာ Facebook စာ​မျက်နှာ​တွင် ဖုန်း​အမည် အပြောင်း​အလဲ သတ်​မှတ်ချက် သ​တင်း​ကို အတည်ပြု ဖော်​ပြ​ခဲ့​သည်။ အစော​ပိုင်း​က Microsoft သည် Nokia ၏ အမည်​ကို စ​မတ်​ဖုန်း​များ ထုတ်​လုပ်​ရောင်းချ​မှု​တွင် (၁​၀)နှစ်​ထိ ဆက်လက်​သုံးစွဲ​နေ​ရန် သဘောတူ​ညီ​မှု ရ​ရှိ​ထားသော်​လည်း (၁)နှစ်​မ​ပြည့်​မီ ယင်း​အမှတ်​တံဆိပ်​ကို ဖယ်ရှား​ရန် ဆုံးဖြတ်​ခဲ့​ခြင်း ဖြစ်​သည်။

Credit to 7Day Daily