“ လူ​တွေ​ဆီ​ကို​သွား​ဖို့၊ လူ​ကြား​ထဲ​မှာ​နေ​ဖို့ ငါ့​အတွက် တော်တော်​ခက်​တယ်။ ငါ က အင်​တာ​နက်​လည်း​မ​သုံး​ဘူး။ အီး​မေးလ်​လည်း​မ​ရှိ​ဘူး။ ဒါ​တွေ​က စိတ်​မ​ချ​ရ​ဘူး​လေ ” လို့ ပြော​လာ​တဲ့ ယူ​ကေ​နိုင်ငံ​က အသက် ( ၇​၂ ) နှစ် အဖွား စ​တက်​ဖ​နီ အကြောင်း​က တစ်​မျိုး​လေး​ပါ။

အဖွား​ဟာ သူ့​အိမ်​ကို စ​တာ​လင်​ပေါင် ( ၄​ဝ⁠ဝ​ဝ ) အကုန်ခံ​ပြီး ဆေးသုတ်​တယ်။ ရိုး⁠ရိုး​တောင်​မဟုတ်​ဘူး .. ဆေး​ကို ( ၄ ) ထပ်​သုတ်​တာ​ပါ။ သုံး​တဲ့​ဆေး​က အထူး​စီမံ​ထား​တဲ့ ဝါ​ယာ​လက်​အသံ​လှိုင်း​ကို တားဆီး​နိုင်​တဲ့ ဆေး​အမျိုး​အစား ဖြစ်​ပါ​တယ်။ တစ်​နည်း​အား​ဖြင့် ဒီ​အိမ်​ထဲ​မှာ ဘယ်​လို​ကြိုး​မဲ့​ခေတ်​မီ​ကိရိယာ​မှာ ကွန်​နက်​ရှင် မ​မိ​အောင် လုပ်​လိုရင်း​ဖြစ်​တယ်။ အဖွား​က ဘာ​လို့ ဒီ​လို​စီစဉ်​ရ​တာ​လဲ?

အထူး​ကု​ဆရာဝန်​နဲ့ မ​ပြ​ဖူး​ပေ​မယ့် အဖွား​ရဲ့ ကျန်းမာ​ရေး​ကို​ကိုင်တွယ်​တဲ့ အထွေ​ထွေ​သ​မားတော် GP Surgery က သိ​တယ်။ အဖွား​ဟာ လျှပ်စစ်​လှိုင်း – အသံ​လွှင့်​လှိုင်း ဖြတ်​စီး​မှု​ကို​မ​ခံ​နိုင်​တဲ့ Electro-Sensitivity Impairment ရောဂါ​အသေး​စား​တစ်​မျိုး​ကို ခံစား​နေ​ရ​တာ​ဖြစ်​ပါ​တယ်။ လှိုင်းမိ​ရင် အဖွား​ခေါင်း​ကိုက်​တယ်။ နာ​တာ​ကျင်​တာ အရမ်း​ဆိုး​တယ်။ ဒါ​ကြောင့် သူမ​ဟာ ဘတ်စ်ကား စီး​လို့​မ​ရ​ဘူး။ အကြောင်း​က ရောက်​လေ​ရာ​နေရာ​တိုင်း လူ​တွေ​ရဲ့​လက်​ထဲ​မှာ မိုဘိုင်းဖုန်း​တွေ​နဲ့​လေ။

“ အခု​မှ​ပဲ အဖွား ကိုယ့်ကို​ကိုယ်​လုံခြုံ​တယ်​လို့ ခံစား​ရ​တော့​တယ်။ ပို​စိတ်ချ​ရအောင် ဘယ်​လို ဝိုင်​ဖိုင်​ကိရိယာ​တွေ ကိုယ့်​အနား​နီး​လာ​တယ်​ဆို​တာ​ကို​ပြ​တဲ့ စက်​ကလေး​ကို လက်​ထဲ​မှာ အမြဲ​ကိုင်​ထား​တယ်။ ငါ့​ဆီ​ကို ဝိုင်​ဖိုင်​သုံး​တဲ့ ဧည့်သည်​တွေ မ​ကြိုဆို​ပဲ​ရောက်လာ​ရင် အိမ်​ထဲ​ပေး​ဝင်​မှာ​မဟုတ်​ဘူး .. ဒါ​သိပ်​သေချာ​တယ်။ ” လို့ အဖွား​က သူ့​မ ပြသ​နာ​ဖြေ​ရှင်း​နည်း​ကို ရှင်း​ပြ​တယ်။

နောက်​ပြီး ကလေး​တွေ​နဲ့ ကျောင်းသား​တွေ​ကို ဝိုင်​ဖိုင်​ဟာ ကျန်းမာ​ရေး​ကို ထိခိုက်​စေ​တဲ့ အဓိက တရားခံ​ဆို​တာ​ကို ပြော​ပြ​ရ​မယ် လို့ ရှေ့​ဆက်​လုပ်​မယ့် ခြေလှမ်း​ကို အဖွား စ​တက်​ဖ​နီ​က ပြော​ပြ​ပါ​တယ်။ မ​ဖြစ်​မ​နေ အသံ​လွှင့်​လှိုင်း​သုံး​ရ​မယ်​ဆို​ရင် Broadband က Wi-Fi ထက် စိတ်ချ​ရ​တယ်​လို့ သူမ ယုံကြည်​နေ​ပါ​တယ်။

ဆောင်းပါး​ရှင် – ကို​ညီ​ညီ ( တောင်​ကြီး )