ဧရာဝတီတိုင်း လေးမျက်နှာ​မြို့​နယ်​မှ ရန်ကုန်မြို့​တွင် အိမ်ဖော်​အဖြစ် လာ​ရောက်​လုပ်ကိုင်​သူ အသက် ၁​၇ နှစ် အရွယ် မိန်း​ကလေး​တ​ဦး​သည် အိမ်ရှင်​မှ ရိုက်​နှက်​သ​ဖြင့် ထွက်ပြေး​ခဲ့​ရ​သည့် ဖြစ်​စဉ် တ​ခု ဧပြီ ၁​၇ ရက် က ဖြစ်ပွား​ခဲ့​ကြောင်း သိ​ရ​သည်။

မ​အိ⁠အိ​ဖြိုး​ဆို​သူ​သည် ၎င်း​နေ့ မနက်​ပိုင်း ၆ နာရီ​ခန့်​က သူမ​အလုပ်​လုပ်ကိုင်​သည့်​နေအိမ်​မှ ထွက်ပြေး​လာ​ခဲ့​ရာ လမ်းခရီး​တွင် သု​ဝဏ္ဏ ၂​၉ ရပ်​ကွက် မြ​ကန်​သာ​လမ်း​မှ လမ်း​သူ​လမ်း​သား​များ​နှင့် ဆုံ​တွေ့​ခဲ့​သည်​ဟု သိ​ရ​သည်။

”မနက်​ပိုင်း ၆ နာ​ရီကျော်ကျော်​လောက် အဲ​ဒီ​ကောင်​မ​လေး​က မြို့​ထဲ​လမ်း​ကို ဘယ်​လို​သွား​ရ​မှာ​လဲဆို​ပြီး ငို​ပြီး​လာ​မေး​တယ်။ ဒါ​နဲ့ အကျိုးအကြောင်း​မေး​ကြည့်​တော့ သူ​ရိုက်​ခံထား​ရ​တဲ့​ဒဏ်ရာ​တွေ​ပြ​ပြီး ထွက်ပြေး​လာ​ခဲ့​တဲ့​အကြောင်း ပြော​ပြ​တယ်။ ကျွန်တော်​တို့​လည်း သက်ဆိုင်​ရာ​ရပ်​ကွက်​အုပ်ချုပ်​ရေး​မှူး၊ ရဲ​စခန်း​တွေ​ကို အကြောင်းကြား​ခဲ့​ပါ​တယ်”ဟု ၎င်း​လမ်းတွင် နေထိုင်​သူ​တ​ဦး​က ပြော​သည်။

မ​အိ⁠အိ​ဖြိုး​သည် ဧရာဝတီတိုင်း လေးမျက်နှာ​အပိုင် ဘဲ​များ​ကုန်း​အုပ်စု​တွင် နေထိုင်​သူ​တ​ဦး​ဖြစ်​ပြီး ရန်ကုန်​သို့ အိမ်ဖော်​အဖြစ် တ​လ​လျှင် ကျပ်​ငါး​သောင်း​ဖြင့် လာ​ရောက် အလုပ်​လုပ်ကိုင်​သည်မှာ ၁ နှစ်​နှင့် ၇ လ​ခန့်​ရှိ​ပြီ​ဖြစ်​ကြောင်း သူမ​က News Watch ကို ပြော​သည်။
”သမီး​သူ​တို့​ဆီ​တော့ မ​ပြန်​ချင်​တော့​ဘူး။ ရွာ​ပဲ​ပြန်​ချင်​တော့​တယ်။ အရင်​က​လည်း ထွက်ပြေး​ဖူး​တယ်။ ၂ ခါ၊ ၃ ခါ လောက်​ရှိ​ပါ​ပြီ။ ပြန်​မိ​တယ်။ ပြန်​ပြီး အရိုက်​ခံ​ရ​တာ​ပါ​ပဲ။ နှာခေါင်း​ထဲ​က သွေး​တွေ​ပါ ထွက်​တယ်။ တ​ခု⁠ခု​ကို အတင်း ဝန်ခံ​ခိုင်း​တယ်။ ဝန်​မ​ခံ​မ​ချင်း ရိုက်​နေ​သေး​တယ်။ ခေါင်း​ကွဲ​တာ ၃ ခါ​ရှိ​ပါ​ပြီ။ မိဘ​တွေ​က အဆင်​မ​ပြေ​တော့ နေ⁠နေ​ရ​တာ​ပါ”ဟု သူမ က ပြော​သည်။

သက်ဆိုင်​ရာ ရပ်​ကွက်​အုပ်ချုပ်​ရေး​မှူး​နှင့် ရဲ​တပ်သား​များ​က အဆို​ပါ​ကိစ္စ​နှင့် ပတ်သက်​၍ သု​ဝဏ္ဏ​ရဲ​စခန်း​အတွင်း အိမ်ရှင်​ဖြစ်​သူ​များ​နှင့် ဖြေ​ရှင်း​မှု​ပြုလုပ်​ပေး​ခဲ့​ကြောင်း၊ မ​အိ⁠အိ​ဖြိုး​အနေ​ဖြင့် အိမ်ရှင်​များ​အား ပေးလျော်​ရန် ငွေ​ကျပ် ၄ သိန်း​ခန့် ကျန်​ရှိ​နေ​သေး​ကြောင်း သု​ဝဏ္ဏ​မြို့မ ရဲ​စခန်း​မှ ရဲ​အုပ်​မြင့်ဇော်​ဦး က ပြော​သည်။

”ကောင်​မ​လေး ဒဏ်ရာ​တွေ​က လွန်​ခဲ့​တဲ့ ၁ လ​လောက်​က ရထား​တဲ့​ဒဏ်ရာ​တွေ​ပါ။ ဒီ​မှာ ရဲ​မေ​တွေ သက်သေ​တွေ​နဲ့ စစ်ဆေး​ထား​တာ​ပါ။ ဘယ်​လို​လုပ်​မ​လဲဆို​တာ သေချာ​ဆုံးဖြတ်​လို့ မ​ရ​သေး​ဘူး” ဟု မြို့မ​ရဲ​စခန်း​မှူး​က ပြော​သည်။

”သူ​တို့​က ပြန်​ပို့​ပေး​မယ်​လို့​တော့ ပြော​နေ​တယ်။ ကျွန်မ​တို့​က ထိ⁠ထိ​ရောက်​ရောက် မ​လုပ်​နိုင်​လို့ စိတ်​မ​ကောင်း ဖြစ်​မိ​တယ်။ ပြန်​လိုက်​သွား​ရင်​တော့ ကောင်​မ​လေး​အတွက် မ​ကောင်း​ဘူး။ သူ့​ရဲ့ ခြေထောက်​တွေ၊ တင်ပါး​တွေ၊ မျက်လုံး​တွေ​က ဒဏ်ရာ​တွေ​ကတော့ ဘယ်​တုန်း​က​ပဲ​လုပ်​ခဲ့​လုပ်​ခဲ့ အခု​ထိ​တောင် ဒဏ်ရာ​တွေ​ရှိ​နေ​သေး​တယ်”ဟု လိုက်​ပါ​ကူညီ​ပေး​ခဲ့​သူ​တ​ဦး​က ဆို​ပါ​သည်။

မ​အိ⁠အိ​ဖြိုး​သည် ရန်ကုန်တိုင်း​ဒေသ​ကြီး သင်္ဃန်း​ကျွန်း​မြို့​နယ် သု​ဝဏ္ဏ၊ ရန်ကုန်​သစ်​ရပ်​ကွက်​အတွင်း​ရှိ အိမ်​တ​အိမ်​တွင် အိမ်ဖော်​အဖြစ် လာ​ရောက်​လုပ်ကိုင် ခြင်း​ဖြစ်​သည်​ဟု သိ​ရ​သည်။

မင်း​ဗ​ညား
News Watch(စောင့်​ကြည့်​သ​တင်း​ဂျာနယ်)

https://www.facebook.com/NewsWatchJournal

Facebook