တစ်​ပတ်​တစ်​ခါ​နီးပါး ထွက်​ရှိ​လာ​တဲ့ အိမ်ထောင်​ရေး​တည်​မြဲ​စေ​မယ့် အကြောင်းအရာ​တွေ သင်​သိရှိ​ပြီး​သား​ဖြစ်​ပါ​လိမ့်​မယ်။ စစ်တမ်း​ကောက်ချက်​တွေ​အရ၊ သု​တေ​သီ​တွေ​နဲ့ နှလုံးသား​ရေးရာ​အကြံပေး စ​သူ​တို့​ရဲ့ ဖွင့်​ဟ​ချက်​တွေ​အရ အိမ်ထောင်​ရေး​ခိုင်​မြဲ​စေ​ဖို့၊ ကြာရှည်​စေ​ဖို့ ထိန်းသိမ်း​ရ​မယ့်​နည်း​တွေ​ဟာ အသစ်​တွေ တိုး​လာ​ပါ​ပြီ။ ဒီ​တော့ ဖော်​ပြ​ပြီး​သား​အချက်​တွေ​ရော၊ အသစ်​ထွက်​ရှိ​လာ​တဲ့​အချက်​တွေ​အားလုံး​ကို ခု​လို ဖော်​ပြ​ပေးလိုက်​ပါ​တယ်။

၁။စေ့စပ်​လက်​စွပ်​ကို အပေါ​စား​မ​ဝယ်​ပါ​နဲ့။ တတ်နိုင်​သ​လောက် ကောင်း⁠ကောင်း​ဝယ်​ဖို့​လို​ပါ​တယ်။

ဒါ​ဟာ ဘာ​ကြီး​များ​လဲဆို​ပြီး အူ​ကြောင်ကြောင်​ဖြစ်​စေ​မယ့် အချက်​ပါ​ပဲ။ ဒါ​ပေ​မယ့် Emory တက္ကသိုလ်​က လေ့​လာ​ချက်​တွေ​အရ စေ့စပ်​လက်​စွပ်​ကို ဈေး​ကြီး​ပေး​ဝယ်​ကာ လက်ထပ်​ခွင့်​တောင်း​တဲ့ သူ​တွေ​ဟာ အပေါ​စား​လက်​စွပ်၊ ဖြစ်​သ​လို ဝယ်​ကာ လက်ထပ်​ခွင့်​တောင်း​သူ​တွေ​ထက် အိမ်ထောင်​ကွဲ​ဖို့ ရာ​ခိုင်​နှုန်း​နည်း​တယ်​လို့ သိ​ရ​ပါ​တယ်။ ရာ​ခိုင်​နှုန်း​အတိ​အကျ​ကတော့ ၃​၉​ရာ​ခိုင်​နှုန်း​ပို​နည်း​တာ​ပါ။

၂။ငွေ​ရှာ​နိုင်​တဲ့​သူ ဖြစ်​ပါ​စေ။

အထက်​တန်း​စား ချမ်းသာ​တဲ့​သူဌေး​မဟုတ်​တောင် လူတန်းစေ့​နေ​နိုင်၊ သွား​နိုင်၊ သုံး​နိုင်​တဲ့​သူ ဖြစ်​နေ​ရ​ပါ​မယ်။ သင်​ငွေ​ရှာ​နိုင်​မှ ဖြစ်​မှာ​ပါ။ ပျော်​ရွှင်​မှု​ကို ငွေ​နဲ့​ဝယ်​လို့​မ​ရန်ိုင်​ရင်တောင် ငွေ​ရှိ​တော့ သင့်​မှာ စိတ်​ဖိစီး​မှု​နည်း​သွား​ပါ​လိမ့်​မယ်။ ဒါ​အရေးကြီး​တဲ့ အချက်​ပါ။

၃။ဘုရား​သွား​ကျောင်း​တက် အတူ​ဖြစ်​ပါ​စေ။

ခရစ်ယာန်​ဘာသာ​ဝင်​ဆို တနင်္ဂနွေနေ့​တိုင်း နှစ်​ဦး​သား ဘုရား​ကျောင်း​အတူ​တက်​တာ​မျိုး၊ ဒါ​မှ​မဟုတ် ဗုဒ္ဓ​ဘာသာ​ဆို​ရင်​လည်း အပတ်​တိုင်း ဘုရား​သွား​တာ၊ လ​တိုင်း ဘုရား​သွား​တာ​မျိုး​လေး ပုံ​မှန်​လုပ်​ပေး​ဖို့​လို​ပါ​တယ်။

၄။သူ့​ရဲ့​အတွင်း​စိတ်​ကို ချစ်​နိုင်​အောင်​ကြိုးစား​ပါ။ အူ​ကြောင်ကြောင်​လုပ်​ရပ်​တွေ​ကို​လည်း နားလည်​အောင်​ကြိုးစား​ပါ။

သင့်​ချစ်​သူ​ရဲ့ မျက်နှာ​လေး​ကို သဘောကျ​ပြီး လက်ထပ်​လိုက်​တာ​မျိုး​ထက် သူ့​ရဲ့ စိတ်​နေ​စိတ်ထား​ကို​ပါ သဘောကျ​အောင် ကြိုးစား​ပါ။ စိတ်​အလှ​ကို မြင်​အောင်​ကြည့်ပါ။ အရေးကြီး​တာ​က သူ့​ရဲ့​ဆိုး​ကွက်​ကို​လည်း သည်းခံ​နိုင်​တဲ့​သူ ဖြစ်​ရ​ပါ​မယ်။

၅။မင်္ဂလာဆောင်​တဲ့​အခါ ဈေး​သက်သာ​ပြီး ပွဲ​ကြီး⁠ကြီး​ကျင်းပ​နိုင်​အောင် လုပ်​ပါ။

နောက်ဆုံး​ထွက်​ရှိ​ထား​တဲ့ လေ့​လာ​ချက်​တွေ​အရ မင်္ဂလာဆောင်​တဲ့​အခါ အသိမိတ်ဆွေ​များ⁠များ​နဲ့ သိုက်⁠သိုက်​ဝန်း​ဝန်း မင်္ဂလာ​ပွဲ​ကျင်းပ​နိုင်​တဲ့​သူ​တွေ​ဟာ ပို​အိမ်ထောင်​မြဲ​ပါ​တယ်​တဲ့။ ဒါ​ဟာ နောက်​ပိုင်း အိမ်ထောင်​ကွဲ​တဲ့​အခါ လူ​သိ​ရှင်​ကြား လက်ထပ်​ထား​တဲ့​အတွက် ရှက်​တာ​မျိုး​ကြောင့်​လည်း ဖြစ်​နိုင်​သ​လို နှစ်​ဦး​သား ကတောက်​က​ဆ​ဖြစ်​တဲ့​အခါ ဝိုင်းဝန်း​ပြောဆို​ပေး​မယ့်၊ ကူညီ​ပေး​မယ့်​သူ​တွေ များ​တာ​ကြောင့် ဖြစ်​နိုင်​တယ်​လို့ ဆို​ထား​ပါ​တယ်။

၆။ဟန်း​နီး​မွန်း သွား​ဖြစ်​အောင်​သွား​ပါ။

The Emory က လေ့​လာ​တွေ့​ရှိ​ချက်​နောက်​တစ်​ခု​ကတော့ မင်္ဂလာဆောင်​ပြီး ဟန်း​နီး​မွန်း​သွား​တဲ့​သူ​တွေ​ဟာ မ​သွား​တဲ့​သူ​တွေ​ထက် ၄​၁​ရာ​ခိုင်​နှုန်း အိမ်ထောင်​ကွဲ​ခြင်း​ကို လျှော့​ချ​ပစ်​နိုင်​တယ်​လို့ ဆို​ထား​ပါ​တယ်။

၇။အိမ်​မှု​ကိစ္စ​တွေ​ကို တာဝန်​ခွဲ​ပြီး​လုပ်ဆောင်​ပါ။

Missouri တက္ကသိုလ်၊ Brigham Young တက္ကသိုလ် နဲ့ Utah တက္ကသိုလ်​ရဲ့ လေ့​လာ​ချက်​တွေ​အရ အိမ်​မှု​ကိစ္စ​တွေ​ကို ခွဲဝေ​လုပ်ဆောင်​ခြင်း​ဟာ နှစ်​ဦး​စလုံး​အတွက် ပျော်​ရွှင်​မှု​ပို​ရ​စေ​လို့ သိ​ရ​ပါ​တယ်။ တကယ်​လို့ အိမ်​အလုပ်​တွေ လုပ်​ရ​တာ မုန်း​တဲ့​သူ​ဆို​ရင်​လည်း အဲ့​ဒီ​အစား​တစ်​ခု⁠ခု​ကို ပို​တာဝန်​ယူ​ပေး​တာ​မျိုး အစားထိုး​လုပ်ဆောင်​ပေး​တာ​မျိုး ဖြစ်​သင့်​ပါ​တယ်။

၈။အိမ်ထောင်​ပြု​ပြီး​တဲ့​အခါ အခြား​သူငယ်ချင်း​စုံ​တွဲ​တွေ​နဲ့ တွေ့​ဆုံ​တာ၊ အပြင်​ထွက်​လည်ပတ်​တာ​မျိုး​တွေ လုပ်​ပေး​ပါ။

ကယ်​လီ​ဖိုး​နီး​ယား​တက္ကသိုလ်​က လေ့​လာ​တွေ့​ရှိ​ချက်​တစ်​ခု​ကတော့ အိမ်ထောင်သည် အတွဲ​နှစ်​တွဲ မ​ကြာ​ခဏ​တွေ့​ဆုံ​ပြီး အတူ​သွား​လာ​ခြင်း​ဟာ သူ​တို့​ရဲ့​အိမ်ထောင်​ရေး​ကို ပို​ခိုင်​မြဲ​စေ​ပါ​တယ်​တဲ့။ အိမ်ထောင်​တစ်​ခု​မှာ ဘာ​တွေ​လို​အပ်​တယ် ဆို​တာ ပြော​ဖြစ်​တယ်၊ ကိုယ်​ကတော့​ဘယ်​လို၊ သူ​ကတော့ ဘယ်​လို​စ​သ​ဖြင့် အကြံ​ဥာဏ်​တွေ​လည်း ယူ​ဖြစ်​တာ​ကြောင့် ဖြစ်​ပါ​တယ်။

၉။ဆေးလိပ်​မ​သောက်​ပါ​နဲ့။

ဒီ​လေ့​လာ​တွေ့​ရှိ​ချက်​ကတော့ Minnesota တက္ကသိုလ်​က​နေ ထုတ်​ပြန်​ထား​တာ​ပါ။ ဆေးလိပ်​မ​သောက်​တဲ့​သူ​ရဲ့ အိမ်ထောင်​ရေး​ဟာ ဆေးလိပ်​သောက်​သူ​ရဲ့​အိမ်ထောင်​ရေး​ထက် ပိုမို​ရှည်​ကြာ​တတ်​တယ်​လို့ ရာ​ခိုင်​နှုန်း​နဲ့​ကို ဖော်​ပြ​ထား​တာ​ပါ။ ပိုမို​နည်းပါး​တဲ့ ရာ​ခိုင်​နှုန်း​ကတော့ ၅​၃​ရာ​ခိုင်​နှုန်း​ပါ။

၁​၀။အိမ်ထောင်​ရေး​အကြောင်း၊ နှစ်​ဦး​သားမျှော်​လင့်​ချက်​အကြောင်း​ကို ဆွေးနွေး​ပါ။

အိမ်ထောင်ကျ​ပြီး​တာ​နဲ့ အချစ်​အကြောင်း၊ အိမ်ထောင်​ရေး​သာယာ​စေ​ဖို့​အကြောင်း​တွေ ဆွေးနွေး​ဖို့ မ​လို​အပ်​တော့​ဘူး​လို့ မ​ထင်​လိုက်​ပါ​နဲ့။ ရုပ်​ရှင်​ကြည့်​ရင်း ရုပ်​ရှင်​ကား​ထဲ​က အိမ်ထောင်​ရေး​ကိစ္စ​ရပ်​ကို နှစ်​ဦး​သား ဆွေးနွေး​တာ၊ သူ့​အမြင် ဘယ်​လို​ရှိ​တယ်၊ သူ မျှော်လင့်​နေ​တာ၊ ဖြစ်​ချင်​နေ​တာ ဘာ​လဲဆို​တာ သိ​ထား​မယ်​ဆို​ရင် နှစ်​ဦး​သား​သံယောဇဉ် ပိုမို​ခိုင်​မြဲ​မှာ အမှန်​ပါ​ပဲ။

Credit to Trend Myanmar