အမေ​ရိ​ကန် ရုပ်​သံ​ဌာန​တစ်​ခု​၏ တင်​ဆက်​သူ မြန်မာ​ကပြား အဲ လက်စ် ဝဂ်​နာ နှင့် ခင်ပွန်း​ဖြစ်​သူ အိမ်​ဖြူတော်​စားဖို​မှူး ဆမ် ကက်စ် တို့ မြန်မာ​နိုင်ငံ​သို့ အလည်​အပတ် ရောက်​ရှိ​နေ​ကြ​ကြောင်း အမေ​ရိ​ကန်​သံ​ရုံး (ရန်ကုန်) မှ သိ​ရ​သည်။

မြန်မာ​နိုင်ငံ​သို့ အလည်​အပတ်​ရောက် ရှိ​နေ​စဉ်​အတွင်း ဆမ်​ကက်စ်​အနေ​ဖြင့် မြန်မာ​နိုင်ငံ အစားအစာ​များ​ကို လေ့​လာ​လျက်​ရှိ​ပြီး ဗ​ဟန်း​ဈေး​သို့ ဈေး​ဝယ်​ထွက်​ခြင်း၊ တိုင်း​ရင်း​သား အစား အစာ​များ စမ်းသပ်​ခြင်း​တို့​ကို ပြုလုပ်​လျက် ရှိ​သည်။ ၎င်း​သည် နန်း​ကြီး​သုပ်​ကို ကိုယ်တိုင်​ချက်​ပြုတ် ပြင်ဆင်​ပြ​ခဲ့​သကဲ့သို့ အို​ဘား​မား​နှစ်သက်​သည့် pesto with chi-cken ကို​လည်း ချက်​ပြုတ်​ပြီး သူ့​လက်ရာ​ကို မြည်းစမ်း​ခွင့် ပြု​ခဲ့​သည်။

ယင်း​အစားအစာ​ကို အရေးကြီး အစည်းအဝေး​များ​နှင့် အခမ်းအနား​များ​တွင် တည်​ခင်း​ရန်​အ တွက် အို​ဘား​မား​က ပြော​ကြား​လေ့​ရှိ​သည်​ဟု ဆို​သည်။ ထို့​အပြင် ၎င်း​နှင့် မြန်မာ​တိုင်း​ရင်း​သား စားဖို​မှူး​များ ပူးပေါင်း​ချက်​ပြုတ် ၍ ရန်ကုန်​ရှိ ကု​မာ​ရာ ရာ​မ​ကျောင်းတိုက်​တွင် မိဘ​မဲ့​ကလေး​ငယ်​များ အတွက် အာဟာရ​ဒါန ပြုလုပ်​ခဲ့ သေး​သည်။

၂​၀​၁​၄ ခု​နှစ် ဩဂုတ်​လ အ တွင်း​က​ပြုလုပ်​ခဲ့​သည့် ၎င်း​တို့​နှစ်​ဦး​၏ မင်္ဂလာ​ပွဲ​သို့ အမေ​ရိ​ကန်​သမ္မတ အို​ဘား​မား​နှင့် မိသား​စု တက်​ရောက် အားပေး​ခဲ့​ကြ​ပြီး ၂​၀​၁​၄ ခု​နှစ်​၏ စုံ​တွဲ​အဖြစ် ကမ္ဘာကျော် ဖက်​ရှင်​မဂ္ဂဇင်း​ကြီး ဖြစ်​သည့် VOGUE ၏ သတ်​မှတ်ခံ​ထား​ရ​သူ​များ ဖြစ်​သည်။

MSNBC မှ နာ​မည်ကျော် ရုပ်​သံ​သ​တင်း တင်​ဆက်​သူ အဲ​လက်စ်​ဝဂ်​နာ​၏ မိ​ခင်​ဖြစ်​သူ​မှာ ဒေါ်​တင်​ဆွေ​သန့် အမည်​ရှိ မြန်မာ​လူ​မျိုး​တစ်​ဦး ဖြစ်​သည်။ အဲ​လက်စ်​၏​ခင်ပွန်း ဆမ်​ကက်စ်​မှာ အမေ​ရိ​ကန်​သမ္မတ အိမ်​ဖြူတော်​စားဖို​မှူး ဖြစ်​သကဲ့သို့ အာဟာရ​မူ​ဝါဒ​အတွက် အိမ်​ဖြူတော် အကြီး​တန်း​မူ​ဝါဒ အကြံပေး​လည်း ဖြစ်​သည်။ ထို့​အပြင် သမ္မတ ကတော် မီ​ရှဲလ် အို​ဘား​မား​၏ ကလေး​ဘ၀ အဝ​လွန်​မှု​ဖြေ​ရှင်း​ရန် ရည်​ရွယ်​သည့် Let’s Move လှုပ်ရှား​မှု​အစီ​အစဉ်​တွင် အမှုဆောင်​အရာရှိ​အဖြစ် တာဝန်​ထမ်း​ဆောင်ခဲ့​သူ​ဖြစ်​သည်။

၎င်း​တို့​ဇနီးမောင်နှံ​သည် မြန်မာ​နိုင်ငံ အလည်​အပတ် ခရီး​စဉ်​အဖြစ် ဒီဇင်ဘာ နောက်ဆုံး​ပတ်​က တည်း​က ရောက်​ရှိ​နေ​ခြင်း ဖြစ်​သည်။ သို့သော် ခရီး​စဉ်​အစီ​အစဉ်​များ​နှင့်​ပတ်သက်​၍ အသေး​စိတ် ထုတ်ဖော်​ပြော​ကြား​မှု မ​ရှိ​ဘဲ မီ​ဒီ​ယာ​များ​နှင့်​လည်း တွေ့​ဆုံ​မှု မ​ရှိ​ပေ။ အဲ​လက်စ် အနေ​ဖြင့် မြန်မာ​နိုင်ငံ​သို့ ရောက်​နေ​စဉ်​အ တွင်း ၎င်း​၏​မိ​ခင်​ဘက်​မှ တော်စပ်​သည့် အဘွား​ဖြစ်​သူ​ထံ အလည်​အပတ် သွား​ရောက်​ခဲ့​ကြောင်း အမေ​ရိ​ကန်​သံ​ရုံး​က စီစဉ်​သည့် ကျောင်းသား​များ​နှင့် တွေ့​ဆုံ​ပွဲ​တွင် ပြော​ကြား​ခဲ့​သည်။ အဘွား​မှာ​အသက် (၉​၀) ကျော် အရွယ်​ဖြစ်​ကြောင်း​သာ ပြော​ခဲ့​ပြီး ၎င်း​း​မိသား​စု​ဆွေ​မျိုး​များ​နှင့် ဆိုင်​သည့် မေးခွန်း​များ​ကို ဆက်လက်​ဖြေ​ကြား​မှု မ​ပြု​ဘဲ ရှောင်​လွှဲ​ခဲ့​ကြောင်း သိ​ရ​သည်။

အဲ​လက်စ် ဝဂ်​နာ​ကို ရန်ကုန်​မှ​နေ​၍ အမေ​ရိ​ကန်​သို့ ရွှေ့​ပြောင်း​နေထိုင်​ခဲ့​သူ မြန်မာ​လူ​မျိုး ဒေါ်​တင်​ဆွေ​သန့်​နှင့် အမေ​ရိ​ကန် ပြည်ထောင်​စု အိုင်​အို​ဝါ​တွင် နေထိုင်​သူ ဂျာမန်-အိုင်း​ရစ် ကပြား​ကားလ်​ဝဂ်​နာ​တို့​မှ မွေး​ဖွား​ခဲ့​သည်။ အဲ​လက်စ်​၏ ဖ​ခင်​မှာ ဘီလ်​က​လင်​တန်​၏ မဲ​ဆွယ်​စည်း​ရုံး​ရေး​ပွဲ​များ​တွင် ပူးတွဲ​သ​ဘာ​ပတိ​အဖြစ် ထမ်း​ဆောင်ခဲ့​သူ၊ ဒီ​မို​က​ရက်​တစ်​ပါ​တီ​၏ ထင်​ရှားကျော်​ကြား​သည့် နိုင်ငံ​ရေး အတိုင်​ပင်​ခံ ပုဂ္ဂိုလ်​တစ်​ဦး ဖြစ်​သည်။ ဝါ​ရှင်​တန်​ဒီ​စီ​တွင် မွေး​ဖွား​ကြီးပြင်း​ခဲ့​သူ အဲ​လက်စ်​မှာ ယခု​အခါ MSNBC ၏ Now with Alex Wagner အမည်​ရှိ အစီ​အစဉ်​၌ အစီ​အစဉ် တင်​ဆက်​သူ ဖြစ်​သည်။

အဲ​လက်စ်​နှင့် သမ္မတ အို​ဘား​မား​၏ စားဖို​မှူး​ဖြစ်​သူ ဆမ်​ကက်စ်​တို့​သည့် ၂​၀​၁​၄ ဩဂုတ်​က လက်ထပ်​ခဲ့​ကြ​၏။ ဆမ်​သည်​အို​ဘား​မား မိသား​စု​နှင့် အိမ်​ဖြူတော်​သို့​မ​ရောက်​မီ ချီ​ကာ​ဂို​တွင် နေထိုင်​စဉ်​ကတည်းက မိတ်ဆွေ​များ​ဖြစ်​ခဲ့​ကြ​သည်။ ထို့​အတွက်​ပင် ဆမ်​နှင့် အဲ​လက်စ်​၏ မင်္ဂလာ​ပွဲ​သို့ အို​ဘား​မား၊ မီ​ရှဲလ်​နှင့် သမီး​များ​ဖြစ်​သူ မာ​လီ​ယာ​နှင့် ဆာ​ရှာ​တို့ တစ်​မိသား​စု​လုံး တက်​ရောက်​ခဲ့​ကြ​သည်။

ဆမ်​ကက်စ် အနေ​ဖြင့် အဲ​လက်စ်​နှင့် လက်ထပ်​ပြီး​နောက် တွင် အဲ​လက်စ်​နေထိုင်​ရာ န​ယူး​ယောက်​၌ အတူ​နေထိုင်​ရန်​အတွက် သူ​ခြောက်​နှစ်ကျော်​ကြာ ထမ်း​ဆောင်ခဲ့​သော အိမ်​ဖြူတော်​စားဖို​မှူး အလုပ်​မှ ထွက်​ခွာ​တော့​မည်​ဖြစ်​ကြောင်း မ​ကြာ​မီ​က ကြေညာ​ခဲ့​သည်။

‘‘ဒီ​နိုင်ငံ​အနှံ့​မှာ မိသား​စု​တွေ​နဲ့ ကလေး​တွေ ပို​ကျန်းမာ​တဲ့​ဘဝ​တွေ​နဲ့ နေထိုင်​သွား​ကြ​ဖို့​အ တွက် လှုံ့ဆော်​လုပ်ဆောင်​ခဲ့​တာ တွေ​နဲ့​ဆို​ရင် ဆမ်​ဟာ ကျွန်တော်​တို့​ရဲ့ နောက်​မျိုး​ဆက်​အတွက် တ​ကယ့်​ခြား​နား​ချက် တစ်​ခု​ကို ပြုလုပ်​ခဲ့​ပါ​ပြီ။ ဒီ​နှစ် အတောအတွင်း​မှာ ဆမ်​ဟာ ရင်းနှီး​တဲ့​မိတ် ဆွေ​တစ်​ယောက် အဖြစ်​က​နေ ကျွန်တော့်​အဖွဲ့​ရဲ့ အရေးကြီး​အဖွဲ့​ဝင်​တစ်​ယောက် ဖြစ်လာ​ခဲ့​ပါ​တယ်’’ဟု ပြီး​ခဲ့​သည့်​လ နှောင်း​ပိုင်း​အိမ်​ဖြူတော်​က ထုတ်​ပြန်​ခဲ့​သည့် ကြေညာ​ချက်​တွင် သမ္မတ အို​ဘား​မား​က ပြော​ကြား​ခဲ့​သည်။

Credit to 7Day Daily