လောက​မှာ ရှိ⁠ရှိ​သ​မျှ ဆင်းရဲ​အားလုံး​ထဲ​မှာ “ခန္ဓာ​ဆင်းရဲ၊ သို့မဟုတ် ခန္ဓာ​ဝန်​ထမ်း​ရ​ခြင်း​ဆင်းရဲ”ဟာ​အနှိုင်း​မဲ့​ဆင်းရဲ ဖြစ်​ပါ​တယ်။ ဘာ​လို့​လဲဆို​တော့​ခန္ဓာ​ဝန်​ထမ်း​ရ​ခြင်း​ဆင်းရဲ​ထက်​ပို​ပြီး သတ္တဝါ​တွေ​ကို​နှိပ်စက်​တတ်​ပါ​တယ်၊ တူး​ဖြိုဖျက်​ဆီး​တတ်​ပါ​တယ်​လို့​နှိုင်းယှဉ်​စရာ၊ အစားထိုး​စရာ၊ ထပ်တူပြု​စရာ​တခြား​ဆင်းရဲ မ​ရှိ​တော့​လို့​ပါ​ပဲ။

ခန္ဓာ​ဝန်​ထမ်း​ရ​ခြင်း​ဆင်းရဲ​နဲ့ လဲ​လှယ်​သင့်၊လဲ​လှယ်​ထိုက်​တဲ့ တခြား​ဆင်းရဲ လောက​မှာ​မ​ရှိ​တော့​တဲ့​အတွက် ခန္ဓာ​ဝန်​ထမ်း​ရ​ခြင်း​ဆင်းရဲ​ဟာ“အနှိုင်း​မဲ့​ဆင်းရဲ” ဖြစ်​ရ​ပါ​တယ်။

ကာယကံ​ရှင်​ရဲ့ ကိုယ်​စိတ်​နှစ်​ပါး​ကို​နှိပ်စက်​တတ်​တဲ့​သဘော၊ကာယကံ​ရှင်​ရဲ့ ဘဝ​ကို တူး​ဖြိုဖျက်​ဆီး​တတ်​တဲ့​သဘော​ကို​ဆင်းရဲ (ဒုက္ခ) လို့ ခေါ်​ပါ​တယ်။တစ်​နည်း​အား​ဖြင့် စက်ဆုပ်​ရွံ​မုန်း​စရာ​ကောင်း​တဲ့​သဘော၊အားကိုး​အား​ထား​စရာ မ​ကောင်း​တဲ့​သဘော​ကို ဆင်းရဲ(ဒုက္ခ) လို့ ခေါ်​ပါ​တယ်။ အလွယ်​ဆုံး ပြော​ရ​ရင်​တော့​ဆင်းရဲ (ဒုက္ခ) ဆို​တာ မ​ကောင်း​တဲ့​သဘော​ပါ​ပဲ။

သတ္တဝါ​တွေ​ရဲ့ ကိုယ်​စိတ်​နှစ်​ပါး​နဲ့ ဘဝ​ကို​နှိပ်စက်​ဖျက်ဆီး​တတ်​တဲ့ စက်ဆုပ်​ရွံ​မုန်း​စရာ​ဆင်းရဲ​ဒုက္ခ​တွေ အားလုံး​ထဲ​မှာ ခန္ဓာ​ဝန်​ထမ်း​ရ​ခြင်း​ဆင်းရဲ​ဟာ အဆိုး​ဝါး​ဆုံး​ဆင်းရဲ၊ ကြောက်မက်​ဖွယ်​အကောင်း​ဆုံး​ဆင်းရဲ ဖြစ်​ပါ​တယ်။ဘာ​လို့​လဲဆို​တော့ ခန္ဓာ​ဝန်​ထမ်း​ရ​ခြင်း ဆင်းရဲ​ဟာ​ခန္ဓာ​ရှိ​နေ​သ​မျှ အချိန်​တိုင်း ရှိ​နေ​လို့၊ အချိန်​ပြည့် ရှိ​နေ​လို့​ပါ​ပဲ။

လောက​မှာ ဆန်​အိတ်​စ​တဲ့ လေး​လေးပင်​ပင်​ဝန်ထုပ်​တွေ​ကို​ထမ်းပိုး​သယ်​ဆောင်​ပြီး အသက်မွေး​ဝမ်း​ကျောင်း​ပြု​ရ​တဲ့​ဝန်ထုပ်​ထမ်းသမား​တွေ၊ ကူလီ​ထမ်းသမား​တွေ ရှိ​ကြ​ပါ​တယ်။သူ​တို့​ထမ်း​ရ​တဲ့ ဝန်ထုပ်​တွေ​ဟာ လေးလံ​လွန်း​လို့​အား​ကောင်း​မောင်းသန် ယောက်ျား​ကြီး​တွေ​ပဲ​ထမ်း​နိုင်​ကြ​ပါ​တယ်။

ဒါပေမဲ့ ဘယ်လောက်​လေးလံ​တဲ့ ဝန်ထုပ်​ကို​ပဲ​ဖြစ်⁠ဖြစ်​တစ်​မိ​နစ်၊ နှစ်​မိ​နစ်​စ​သည် မိ​နစ်​ပိုင်း​လောက်​ပဲ​ထမ်း​ကြ​ရ​ပါ​တယ်။ တစ်​နာရီ၊ နှစ်​နာရီ​စ​သည်၊တစ်​နေ့​လုံး၊ နှစ်​နေ့​လုံး​စ​သည် အချိန်​အကြာ​ကြီး​ထမ်း​မ​ထား​ကြ​ရ​ပါ​ဘူး၊ အမြဲ​တမ်း ထမ်း​မ​ထား​ကြ​ရ​ပါ​ဘူး။တကယ်​လို့ အမြဲ​တမ်း ထမ်း​ထား​ရ​မယ်​ဆို​ရင်​လည်း​သေ​ဖို့​ပဲ ရှိ​ပါ​တယ်။

မိ​နစ်​ပိုင်း​လောက် ဝန်ထုပ်​ကြီး​ထမ်း​ထား​ရ​တာ​တောင်​အင်မတန် ပင်ပန်း​ဆင်းရဲ​ပါ​တယ်။ချ​ရ​မယ့်​နေရာ​ရောက်​လို့ ဝန်ထုပ်​ကြီး ပစ်​ချ​လိုက်​ရ​တဲ့​အခါ​ကျ​မှ​ပဲ​ခန္ဓာ​ကိုယ်​ပေါ့ပါး​ပြီး နေသာ​ထိုင်​သာ​ရှိ​သွား​ပါ​တယ်။စိတ်သက်သာ​ရာ၊ စိတ်​ချမ်းသာ​ရာ ရ​သွား​ပါ​တယ်။

ခန္ဓာ​ဝန်ထုပ်​ကျ​တော့ ကူလီ​ထမ်းသမား​တွေ​ထမ်း​ရ​တဲ့​ဝန်ထုပ်​မျိုး​နဲ့ မ​တူ​ပါ​ဘူး။အချိန်​အကန့်​အသတ်​နဲ့ ထမ်း​ရ​တဲ့ ဝန်ထုပ်​မဟုတ်​ဘဲ ၊အချိန်​ပြည့်​ထမ်း​ရ​တဲ့ ဝန်ထုပ်​ဖြစ်​နေ​ပါ​တယ်။ခန္ဓာ​ဝန်​ထမ်းသမား​တစ်​ယောက်​အနေ​နဲ့ ခန္ဓာ​ဝန်ထုပ်​ပစ်​ချထား​ရ​မယ့်​အချိန်၊အနား​ယူ​ရ​မယ့်​အချိန်​ဆို​လို့​ခေတ္တ​ခဏ​လေး​တောင် မ​ရှိ​ပါ​ဘူး။အား​ချိန်​မ​ရှိ၊ နား​ချိန်​မ​ရှိ အချိန်​ရှိ​သ​မျှ စက္ကန့်​တိုင်း​ခန္ဓာ​ဝန်ထုပ်​ကို ထမ်းပိုး​ရွက်​ဆောင်​နေ​ရ​ပါ​တယ်။

ကိုယ်​ရထား​တဲ့ ခန္ဓာ​လေး ကျန်းမာ​အောင်၊ချမ်းသာ​အောင်၊ ပျက်စီး​သေ​ဆုံးမ​သွား​ဘဲ​တည်​မြဲ​ရှင်​သန်​နေ​အောင် နည်း​အမျိုး​မျိုး​နဲ့​ပြုစု​မွေး​မြူ​ပြီး ခန္ဓာ​ဝန်​ထမ်း​နေ​ရ​ပါ​တယ်။အချို့​ဆို ကိုယ့်​ခန္ဓာ​ဝန်​တစ်​ခု​တည်း ထမ်း​ရ​တာ​နဲ့​အား​မ​ရ​လို့ သူ​များ​ခန္ဓာ​ဝန်​တွေ​ပါ​အငှား​ယူ​ပြီး​အဆစ်​ပို​ထမ်း​နေ​ကြ​ပါ​သေး​တယ်။

မိ​နစ်​ပိုင်း၊ နာရီ​ပိုင်း​လောက်​လည်း မဟုတ်​ဘူး၊လ​ပိုင်း၊ နှစ်​ပိုင်း​လောက်​လည်း မဟုတ်​ဘူး၊အသက်​နဲ့​ခန္ဓာ အိုး​စား​မ​ကွဲ​ဘဲ တည်​မြဲ​နေ​သ​မျှ​ဘဝ​တစ်​သက်​တာ​လုံး မ​သေမ​ချင်း ထမ်း​နေ​ကြ​ရ​ပါ​တယ်။

ဒီ​ဘဝ​ကျ​မှ ထမ်း​ရ​တာ​လား​ဆို​တော့ မဟုတ်​ပါ​ဘူး။မ​ရေ​မ​တွက်​နိုင်​တဲ့ ကမ္ဘာ​ပေါင်း အသင်္ချေ​အနန္တ​အစ​မ​ထင် သံသရာ​က စ​ပြီး​တော့ ထမ်း​လာ​ခဲ့​ကြ​ရ​တာ​ပါ။ဒီ​ဘဝ​သေ​ရင် ထမ်း​ခြင်း​ကိစ္စ ပြီး​ပြီ​လား ဆို​တော့​မ​ပြီး​သေး​ပါ​ဘူး။ “ရဟန္တာ” အဖြစ်​နဲ့ ခန္ဓာ​ပရိနိဗ္ဗာန်​မ​စံ​မ​ချင်း ထမ်း​နေ​ကြ​ရ​ဦး​မှာ​ပါ။

ရဟန္တာ​ဖြစ်​သွား​တာ​တောင် ခန္ဓာ​ဝန်​ထမ်း​ဆောင်​ရ​တဲ့​ဆင်းရဲ​က မ​လွတ်မြောက်​သေး​ပါ​ဘူး။နိဗ္ဗူ​စံ​ကြွ ခန္ဓာ​ဝန်ချ​တော့​မှ​ပဲ လွတ်မြောက်​ပါ​တယ်။ခန္ဓာ​အသစ် ထပ်​မ​ဖြစ်​တော့​တဲ့ သေ​ခြင်း​မျိုး​နဲ့​မ​သေမ​ချင်း အမြဲ​တမ်း အချိန်​ပြည့် တွေ့​ကြုံ​ခံစား​ရ​မယ့်​ဆင်းရဲ​ဖြစ်​လို့ ခန္ဓာ​ဝန်​ထမ်း​ရ​ခြင်း​ဆင်းရဲ​ဟာ“အနှိုင်း​မဲ့​ဆင်းရဲ” ဖြစ်​ရ​ပါ​တယ်။

ကိုယ့်​ခန္ဓာ ပဋိသန္ဓေနေ​နေ​စဉ်​တုန်း​ကတော့​ကိုယ့်​ရဲ့​ခန္ဓာ​ဝန်​ကို ကိုယ့်​မိဘ​က၊အဓိက​အား​ဖြင့် ကိုယ့်​မိ​ခင်​က ထမ်း​ဆောင်​ပေး​ခဲ့​ပါ​တယ်။အသွားအလာ၊ အနေအထိုင် ဆင်ခြင်​တာ​က​အစ၊အစားအသောက် ဆင်ခြင်​တာ​အလယ်၊ခန္ဓာ​ကောင်း⁠ကောင်း​လေး​ဖြစ်လာ​ဖို့ ကုသိုလ်​ကောင်းမှု​ပြု​ပေး​တာ​အဆုံး၊ ကိုယ့်​ရဲ့ ခန္ဓာ​ဝန်​ကို ကိုယ့်​ရဲ့​ကိုယ်စား မိ​ခင်​ဖ​ခင်​ကျေးဇူးရှင်​တို့​က ထမ်း​ဆောင်​ပေး​ခဲ့​ကြ​ပါ​တယ်။

မွေး​ဖွား​ပြီး​လို့ ကိုယ့်​ခန္ဓာ​ဝန်​ကို ကိုယ်​မ​ထမ်း​ဆောင်​နိုင်​သေး​တဲ့​အရွယ်​မှာ​လည်း အမိ​အဖ၊ အစ်ကို​အစ်မ စ​တဲ့ လူကြီး​တွေ​က​မေတ္တာ​စေတနာ​အပြည့်​နဲ့ ကိုယ့်​ရဲ့ ခန္ဓာ​ဝန်​ကို​စိတ်ရှည် လက်ရှည် ထမ်း​ဆောင်​ပေး​ခဲ့​ကြ​ပါ​တယ်။နို့​ချို​တိုက်​ကျွေး​တာ​က​အအ​ညစ်​အကြေး​သုတ်သင်​ပေး​တာ အဆုံး​ပေါ့။

အချိန်​တန်​အရွယ်​ရ​လို့ လူ​မှန်း​သိ​တတ်​လာ​တဲ့​အခါ​မှာ​တော့​ကိုယ့်​ရဲ့ ခန္ဓာ​ဝန်​ကို ကိုယ်​တတ်နိုင်​သ​လောက်​က​နေ​စ​ပြီး​ကိုယ်​ကိုယ်တိုင်​ပဲ ထမ်း​ဆောင်​ရ​ပါ​တော့​တယ်။နေ့စဉ်​နဲ့​အမျှ​ပါ​ပဲ။

မနက်​အိပ်ရာ​ထ​တဲ့​အချိန်​က စ​ပြီး​တော့ မျက်နှာသစ်​ပေး​ရ၊သွား​တိုက်​ပေး​ရ၊ ရေချိုး​ပေး​ရ၊ စားစရာ​သောက်​စရာ​တွေ​ပြုလုပ်​ပေး​ရ၊ စား​သောက်​ပေး​ရ၊ ဝတ်​စရာ​ဆင်​စရာ​တွေ စီမံ​ပေး​ရ၊ ဝတ်ဆင်​ပေး​ရ၊နေ​စရာ​ထိုင်​စရာ​တွေ ဖန်တီး​ပေး​ရ၊ နေထိုင်​ပေး​ရ၊ကျင်ကြီး​ကျင်ငယ် စွန့်​ထုတ်ပေး​ရ၊ သန့်ရှင်း​ပေး​ရ၊လက်သည်း​ခြေသည်း ရှည်​လာ​ပြန်​တော့ ညှပ်​ပေး​ရ၊ဆံပင်​ရှည်​လာ​ပြန်​တော့ ဖြတ်​ပေး​ရ၊ ရိတ်​ပေး​ရ၊ခေါင်းလျှော်​ပေး​ရ။

တစ်​နေ့​တစ်​နေ့ ထမ်း​ဆောင်​လိုက်​ရ​တဲ့ ခန္ဓာ​ဝန်၊တစ်​နေ့​တစ်​နေ့ ခံ​လိုက်​ရ​တဲ့ ခန္ဓာ​ဆင်းရဲ၊နည်း​မှ မ​နည်း​ပါ​ပဲ​လား။တော်​ကြာ ဟို​ဟာ လုပ်​ပေး​ပါ​ဦး​ဆို ဟို​ဟာ ထ​လုပ်​ပေး​ရ၊တော်​ကြာ ဒီ​ဟာ လုပ်​ပေး​ပါ​ဦး​ဆို ဒီ​ဟာ ထ​လုပ်​ပေး​ရ၊နား​မှ မ​နား​ရ​ပါ​ပဲ​လား။

ကိုယ်​ဝါသနာ​ပါ​တဲ့​အလုပ်၊ ကိုယ့်​ဘဝ​ရဲ့ မ​လုပ်​မ​ဖြစ်​အရေးကြီး​တဲ့​အလုပ်​တွေ​ကို လုပ်​လို့​ကောင်း​နေ​တုန်း​ရှိ​သေး။ခန္ဓာ​က စား​ချင်​တယ်​ဆို​တော့ စား​ပေး​ရ​ပြန်​ပြီ။ခန္ဓာ​က ပူ​တယ်​ဆို​တော့ အေး​အောင် လုပ်​ပေး​ရ​ပြန်​ပြီ။ခန္ဓာ​က အေး​တယ် ဆို​တော့ နွေး​အောင် လုပ်​ပေး​ရ​ပြန်​ပြီ။ကိုယ့်​အလုပ်​ကို​တောင် ကောင်း⁠ကောင်း​ဖြောင့်⁠ဖြောင့်​မ​လုပ်​ရ​ဘူး။တော်တော်​အလုပ်​ရှုပ်​တဲ့ ခန္ဓာ၊တော်တော် ပြဿနာ​ရှာ​တဲ့ ခန္ဓာ။

ထိုင်​တာ​ကြာ​တော့ ညောင်း​လို့ ရပ်​ပေး​ရ၊ရပ်​တာ​ကြာ​တော့ ညောင်း​လို့ သွား​ပေး​ရ၊သွား​တာ​ကြာ​တော့ ညောင်း​လို့ လျောင်း​ပေး​ရ၊လျောင်း​တာ​ကြာ​တော့ ညောင်း​လို့ ထိုင်​ပေး​ရ၊ဣရိယာပုတ်​လေး​ပါး တစ်ပါး ညောင်း​တိုင်း​တစ်ပါး​ပြောင်း​ပြီး ပြုပြင်​ပေး​နေ​ရ​တာ​က​လည်း​ဆင်းရဲ​ဒုက္ခ​တစ်​မျိုး။ဣရိယာပုတ်​တစ်ပါး​အတွင်း​မှာ​ကို​ပဲ သက်သက်သာသာ​ရှိ​အောင်ဆို​ပြီး ကွေး​လိုက်၊ ဆန့်​လိုက်၊ စောင်း​လိုက်၊လှုပ်​လိုက်​လုပ်​ရ​တာ​တွေ အများ​ကြီး​ပါ​သေး​တယ်။

သွား​တဲ့​လာ​တဲ့​အခါ ခလုတ်​မ​ထိ၊ ဆူး​မ​ငြိ​အောင် ဂရုစိုက်​ရ၊လုပ်​တဲ့​ကိုင်​တဲ့​အခါ မ​ထိ​မ​ခိုက်မိ​အောင် ကြောင့်ကြ​ရ။ဘေးရန်​အန္တရာယ် မ​တွေ့​အောင်၊အနာ​ရောဂါ မ​ဖြစ်​အောင် သတိထား​ရ။ဒီ​လောက်​သတိထား​နေ​တဲ့​ကြား​ထဲ​က​ဘေးရန်​အန္တရာယ်​တစ်​ခု⁠ခု​တွေ့​လာ​ပြီ၊အနာ​ရောဂါ​တစ်​ခု​ခု ဖြစ်လာ​ပြီ​ဆို​ရင်​လွတ်မြောက်​အောင်​ကြိုးစား​ရ။ပျောက်ကင်း​အောင် ကု​သရ​နဲ့၊ ဘဝ​တစ်​သက်​တာ​မှာ​အချိန်​နဲ့​အမျှ ထမ်း​ဆောင်​နေ​ရ​တဲ့ ခန္ဓာ​ဝန်​တွေ​ဟာ​ပြော​ပြ​လို့ မ​ကုန်​နိုင်​အောင်​ကို များပြား​လွန်း​လှ​ပါ​တယ်။

ထမ်း​ဆောင်​နေ​ရသ​မျှ ခန္ဓာ​ဝန်​တွေ​ထဲ​မှာ​အပင်​ပန်း အဆင်း​ရဲ​ဆုံး၊ ဝန်​အလေး​ဆုံး​ကတော့“စား​သောက်​ရေး​ဝန်​လို့ ခေါ်​တဲ့ ဝမ်း​ရေး​ဝန်”ပါ​ပဲ။အစာ​အာဟာရ ဖြည့်တင်း​ပေး​နေ​ရ​တဲ့ ဝမ်း​ရေး​ဝန်ထုပ်​ဟာ​အကြီး​လေး​ဆုံး ခန္ဓာ​ဝန်ထုပ်​ပါ။သူ့​ထက် ပို​နှိပ်စက်​တတ်​တဲ့ ခန္ဓာ​ဝန်ထုပ် မ​ရှိ​တော့​ပါ​ဘူး။

လူ​သား​အပါအဝင် သတ္တဝါ​တွေ​အားလုံး​နေထွက်​က နေဝင်၊ နေဝင်​က နေထွက်၊မိုးလင်း​က မိုးချုပ်၊ မိုးချုပ်​က မိုးလင်း ရုန်း​ကန်​လှုပ်ရှား​ပြေးလွှား​သွား​လာ ရှာဖွေ​နေ​ကြ​တာ​ဟာ​အဓိက​အား​ဖြင့် ခန္ဓာ​ရဲ့ “ဝမ်း​ရေး​ဝန်ထုပ်”ကို ဖြေ​ရှင်း​ဖို့ အတွက်​ပါ​ပဲ။

တစ်​ခါ​တုန်း​က ပွဲတော်​စာ (ထမင်း)ကို တခမ်းတနား​စား​ပြ​လေ့​ရှိ​တဲ့ “ဘော​ဇ​န​သုဒ္ဓိ​က” ဆို​တဲ့ ရှင်ဘုရင်​ကြီး​တစ်ပါး ရှိ​ခဲ့​ဖူး​ပါ​တယ်။ သူ​ဟာ ပွဲတော်​စာ​ထမင်း​ကို​နန်းတော်​ထဲ​မှာ စား​လေ့​မ​ရှိ​ပါ​ဘူး။နန်းတော်​တံခါး​ဝ​က တခမ်းတနား တန်ဆာ​ဆင်​ထား​တဲ့​မဏ္ဍပ်​ကြီး​ထဲ​မှာ​ပဲ စား​လေ့​ရှိ​ပါ​တယ်။

ရတနာ​မဏ္ဍပ်​ကြီး​ထဲ​က ထီးဖြူ​အုပ်​မိုး​ထား​တဲ့​ရွှေ​သား​ပကတိ​ရာဇ​ပလ္လင်ပေါ်​မှာ မင်း​သွေး​မင်း​နွယ် ၊မင်းသမီး​အချော​အလှ​တွေ ခြံရံ​ပြီး တစ်​သိန်း​တန်​ရွှေ​ခွက်​နဲ့​တစ်​သိန်း​တန် ရ​သာ​မွန် အစားအစာ​တွေ​ကို မြိန်​ယှက်​စွာ​စား​ပြ​ပါ​တယ်။

သူ့​ရဲ့​ရည်​ရွယ်​ချက်​ကတော့ သူ အခု​လို တခမ်းတနား​နဲ့​အမွန်​အမြတ်စား​သောက်​နေ​ရ​တဲ့ စည်းစိမ်​ချမ်းသာ​ကို​လာ​ရောက်​ကြည့်​ရှု​လို့ မြင်​တွေ့​ကြ​ရ​တဲ့​တိုင်း​သူ​ပြည်​သူ​တွေ​ဟာ သူ့​ကို အားကျ​ပြီး“ကုသိုလ်​ကောင်းမှု​တွေ” ပြုလုပ်​ကြ​လိမ့်​မယ်​ဆို​တဲ့​ရည်​ရွယ်​ချက်​ပါ​ပဲ။ ကြွား​ချင်၊ဝါ​ချင်​လို့ မဟုတ်​ပါ​ဘူး။မြင်​တွေ့​ရ​သူ​တွေ ကုသိုလ်​ပြု​ချင်​စိတ် ထက်သန်​စေ​ချင်​လို့​ပါ။ကုသိုလ်​ကောင်းမှု​ရဲ့ အကျိုး​ဆက်​ကြောင့်​အခု​လို စား​နိုင် သောက်​နိုင်​တာ မဟုတ်​လား။

တစ်​နေ့ ရှင်ဘုရင်​ကြီး​ပွဲတော်တည်​နေ​တဲ့​အချိန်၊ပွဲတော်တည်​တာ​ကို လာ​ကြည့်​ကြ​တဲ့ ပရိသတ်​ထဲ​က​အမျိုးသား​တစ်​ယောက်​ဟာ ရှင်ဘုရင်​ပွဲတော်တည်​တာ​ကို​ကြည့်​ရင်း​ကြည့်​ရင်း​နဲ့ ရှင်​ဘု​ရင့်​ပွဲတော်​စာ​ကို စား​ချင်​တဲ့​စိတ်​တွေ​အငမ်း​မ​ရ​တ​ဖွား⁠ဖွား ပေါ်ပေါက်​လာ​ပါ​တယ်။

ပွဲတော်​စာ စား​ချင်​တဲ့​စိတ်​ကို ဘယ်​လို​မှ မျိုသိပ်​မ​ထား​နိုင်​တော့​တဲ့​အဲ​ဒီ​အမျိုးသား​ဟာ အကြံ​တစ်​ခု​ရ​တာ​နဲ့ ပုဆိုး​ကို မြဲ​အောင်​ဝတ်၊လက်​နှစ်​ဖက်​ကို အပေါ်​မြှောက်​ပြီး…

“အို…ပရိသတ်​အပေါင်း​တို့၊ ကျွန်ုပ်ဟာ တ​မန်တော်​ပါ၊ကျွန်ုပ်ဟာ တ​မန်တော်​ပါ”
လို့ အသံ​ကုန် ဟစ်အော်​ရင်း မင်းကြီး​ရှိ​ရာ​နေရာ​ကို​တန်း⁠တန်း​မတ်​မတ် လျှောက်​သွား​ပါ​တယ်။လူ​အုပ်​ကြီး​က​လည်း “တ​မန်တော်”လို့ ဆို​တဲ့​အတွက်​ကြောင့်​သူ့​ကို မ​တားမြစ်​ဘဲ လမ်းဖယ်​ပေးလိုက်​ကြ​ပါ​တယ်။

မင်းကြီး​ရှေ့မှောက် ရောက်​တယ်​ဆို​ရင်​ပဲ​ဘာ​မ​ပြော ညာ​မ​ပြော​နဲ့ ပွဲတော်​ခွက်​ထဲ​က​နေ​ထမင်း​တစ်​လုတ် ဆုပ်​ယူ​ပြီး ပါး​စပ်​ထဲ အငမ်း​မ​ရ​ထည့်​လိုက်​ပါ​တော့​တယ်။

မင်းကြီး​ရဲ့​အနား​မှာ အသင့်​စောင့်​နေ​တဲ့​ကိုယ်ရံတော်​သန်လျက်​စွဲ​က သူ့​ကို ခေါင်း​ဖြတ်​ဖို့​သန်လျက်​ရွယ်​လိုက်​တာ​ကို မင်းကြီး​က​ဟန့်​တား​ထား​လိုက်​ပါ​တယ်။

“မ​ဖြတ်​ပါ​နဲ့…၊ စား​ပါ​စေ”
“အမောင်​လုလင်…၊ မ​ကြောက်​နဲ့နော်၊
စား​သာ​စား၊ ဝ​အောင်​စား၊ ပြည့်စုံ​အောင်​စား”

မင်းကြီး​က ပွဲတော်​ဆက်​မ​တည်​တော့​ဘဲ လက်ဆေး​ပြီး ၊သူ ထမင်းစား​တာ​ကို​ပဲ ဘေး​က​နေ အားပေး​ရင်း​ထိုင်​ကြည့်​နေ​လိုက်​ပါ​တယ်။ ထမင်းစား​ပြီး​သွား​တော့​လည်း​မိမိ​သောက်​နေကျ ရွှေ​ခွက်​နဲ့ ရေတိုက်​လိုက်​ပါ​သေး​တယ်။
ပြီး​တော့​မှ…

“အမောင်​လုလင်၊ အမောင်​လုလင်​က ကိုယ့်ကိုယ်ကို​တ​မန်တော် လို့ ပြော​တယ်၊ ဘယ်​သူ့​ရဲ့ တ​မန်တော်​ပါ​လဲ၊ဘယ်​ရှင်ဘုရင် ဘယ်​မင်း​မြတ်​ရဲ့ တ​မန်တော်​ပါ​လဲ။”

“မှန်​လှ​ပါ အရှင်မင်းကြီး၊ ကျွန်တော်​မျိုး​ဟာ​တခြား​ဘယ်​ဘုရင်​မင်း​မြတ်​ရဲ့​တ​မန်တော်​မှ မဟုတ်​ပါ​ဘူး။ဝမ်းဗိုက်​ရဲ့​တ​မန်တော်​ပါ။ ဝမ်းဗိုက်​တည်း​ဟူ​သော​ဘုရင်​မင်း​မြတ်​ရဲ့ တ​မန်တော်​ပါ”

“အရှင်မင်းကြီး၊ ကျွန်တော်​မျိုး​အပေါ် အမျက်တော်​မ​ရှ​လိုက်​ပါ​နဲ့။ကျွန်တော်​မျိုး​ပြော​မယ့်​စကား​ကို အသေ​အချာ​အလေး​အနက် ဆင်ခြင်​သုံးသပ်​ကြည့်ပါ”

“သတ္တဝါ​တွေ​ဟာ ဒီ​ဝမ်းဗိုက်​ရဲ့ အကျိုး​အတွက်​ပဲ​နေ့စဉ်​အမျှ ရုန်း​ကန်​လှုပ်ရှား ပြေး​သွား​ဖွေ​ရှာ​နေ​ကြ​ရ​ပါ​တယ်။ဝမ်းဗိုက်​အတွက်​ဆို​ရင် ဘယ်လောက်​ဝေး​တဲ့​နေရာ​ကို​ပဲ ဖြစ်⁠ဖြစ်​သွား​ကြ​ရ​ပါ​တယ်။ ဘယ်လောက်​ရန်သူ​ပေါ​တဲ့​နေရာ၊ဘယ်လောက် ဘေးရန်​အန္တရာယ်​များ​တဲ့​နေရာ​ကို​ပဲ​ဖြစ်​ဖြစ် သွား​ကြ​ရ​ပါ​တယ်။”

“ကိုယ့်ကို ဒုက္ခ​ပေး​မယ့် ရန်သူ​မှန်း သိ​ပေ​မယ့်​လည်း ၊သူ့​ဆီ​က ရ​စရာ​ရှိ​တာ​ရ​မှ ဝမ်းဗိုက်​ကိစ္စ အဆင်​ပြေ​မယ်​ဆို​ရင်​သူ့​ဆီ​က တောင်း​စရာ​ရှိ​တာ​ကို ကြောက်​မ​နေ​အား​ဘဲ​အရဲ​စွန့်​တောင်း​ကြ​ရ​ပါ​တယ်။”

“အရှင်မင်းကြီး၊ သတ္တဝါ​တွေ​ဟာ နေ့စဉ်​နဲ့​အမျှ နေ့​ရော ၊ည​ပါ ဝမ်းဗိုက်​ရဲ့ အလို​ကို လိုက်​နေ​ကြ​ရ​ပါ​တယ်။ဝမ်းဗိုက်​ရဲ့ လိုအင်​ဆန္ဒ​ကို ဖြည့်​ဆည်း​ပေး​နေ​ကြ​ရ​ပါ​တယ်။ဝမ်းဗိုက်​ခိုင်း​သ​မျှ လုပ်​နေ​ကြ​ရ​ပါ​တယ်။ဒါ့​ကြောင့် သတ္တဝါ​တွေ​အားလုံး​ဟာ ဝမ်းဗိုက်​ရဲ့​တ​မန်တော်​တွေ၊ ဝမ်းဗိုက်​ရဲ့ ကျေးကျွန်​တွေ ဖြစ်​ကြ​ပါ​တယ်။”

“သတ္တဝါ​အားလုံး​ထဲ​မှာ တစ်​ယောက်​အပါအဝင်​ဖြစ်​တဲ့​ကျွန်တော်​မျိုး​ဟာ​လည်း ဝမ်းဗိုက်​ရဲ့ တ​မန်တော်​ဖြစ်​ပါ​တယ်။ဝမ်းဗိုက်​ရဲ့ ကျေးကျွန်​ဖြစ်​ပါ​တယ်။ဝမ်းဗိုက်​တည်း​ဟူ​သော အရှင်​သခင် ဘုရင်​မင်း​မြတ်​က“သွား​စား​ချေ​စမ်း” လို့ စေခိုင်း​လိုက်​တဲ့​အတွက်​ကြောင့်​အရှင်မင်းကြီး​ရဲ့ ပွဲတော်​စာ​ကို ကျွန်တော်​မျိုး လာ​ပြီး​ယူစား​မိ​ခြင်း​ဖြစ်​ပါ​တယ်။ကျွန်တော်​မျိုး​အပေါ်​အမျက်တော်​မ​ရှ​လိုက်​ပါ​နဲ့ အရှင်မင်းကြီး။”

ချက်​ကျ​လက်​ကျ လျှောက်ထား​နေ​တဲ့ အမျိုးသား​ရဲ့​စကား​ကို“ဘော​ဇ​န​သုဒ္ဓိ​က​မင်းကြီး”က ဘုရားလောင်း​ပီပီ​အင်မတန် သဘောကျ​နှစ်ခြိုက်​သွား​ပါ​တယ်။
“ဟုတ်​လိုက်​လေ၊ မှန်​လိုက်​လေ” လို့​လည်း​တ​ဖွ⁠ဖွ​ထောက်ခံ​နေ​ပါ​တယ်။

“သတ္တဝါ​တွေ​ဟာ ဝမ်းဗိုက်​ရဲ့ တ​မန်တော်​တွေ၊ဝမ်းဗိုက်​ရဲ့ ကျေးကျွန်​တွေ” ဆို​တဲ့ အချက်​တစ်​ခု​တည်း​နဲ့​ကို​ခန္ဓာ​ရဲ့ ဆင်းရဲ​ဒုက္ခ​က ပေါ်လွင်​နေ​တာ​မို့ ခန္ဓာ​အပြစ်​ကို​ကွက်ကွက်ကွင်းကွင်း​မြင်​အောင် နှုတ်​တွေ့၊ လက်တွေ့(စာ​တွေ့၊ လက်တွေ့) သင်ကြား​ပေး​တဲ့ အဲ​ဒီ​အမျိုးသား​ကို​ဘော​ဇ​န​သုဒ္ဓိ​က​မင်းကြီး​က ဆုတော်​လာဘ်တော်​တွေ၊စည်း​စိမ်း​ချမ်းသာ​တွေ အများ​ကြီး ချီးမြှင့်​လိုက်​ပါ​တယ်။တရား​ကို တန်ဖိုး​ထား​လို့ တရား​ကို ပူဇော်​တာ​ပါ​ပဲ။

“ရူပက္ခန္ဓာ၊ ဝေ​ဒ​နာက္ခန္ဓာ၊ သ​ညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ဝိညာဏက္ခန္ဓာ” လို့ ခန္ဓာငါးပါး​ရှိ​တဲ့​အထဲ​မှာ အခု​ပြော​ခဲ့​တဲ့​ခန္ဓာ​ဝန်​တွေ​ကတော့ “ရူပက္ခန္ဓာ” လို့ခေါ်​တဲ့​ရုပ်​ကိုယ်​ခန္ဓာ​ကြီး​ရဲ့ ခန္ဓာ​ဝန်​တွေ​ပါ​ပဲ။

●ကိုယ်​ဆင်းရဲ၊ စိတ်​ဆင်းရဲ​ကင်း​အောင်၊
ကိုယ်​ချမ်းသာ၊ စိတ်​ချမ်းသာ​မှု​နဲ့
ထာဝရ​ပြည့်စုံ​အောင် ပြုစု​စောင့်ရှောက်​နေ​ရ​တာ​တွေ​ကတော့
“ဝေ​ဒ​နာက္ခန္ဓာ”လို့ခေါ်​တဲ့ ခံစား​မှု​ဝေဒနာ ၊
နာမ်​ခန္ဓာ​ကြီး​ရဲ့ ခန္ဓာ​ဝန်​တွေ​ပါ​ပဲ။

●စိတ်ညစ်​စရာ၊ စိတ်ပျက်​စရာ၊ ရွံ​စရာ၊
မုန်း​စရာ အာရုံ​တွေ စိတ်​ထဲ​မှာ စွဲ​ကျန်​မ​နေရစ်​အောင်၊
စိတ်​ချမ်းသာ​စရာ၊ စိတ်ပျော်​စရာ၊ ချစ်စရာ၊
ကြိုက်​စရာ​အာရုံ​တွေ စိတ်​ထဲ​မှာ စွဲမြဲ​နေ​အောင်၊
ကိုယ့်ကို ကောင်းကျိုး​ပြု​မယ့် အသိ​ပညာ၊
အတတ်​ပညာ၊ အတွေး​အခေါ်၊ တရား​ဓမ္မ​တွေ
ဘယ်​တော့​မှ ပျောက်ပျက်​မ​သွား​ဘဲ အမြဲ​မှတ်မိ​နေ​အောင်
ကြိုးစား​အားထုတ်​နေ​ရ​တာ​တွေ​ကတော့
“သ​ညာက္ခန္ဓာ” လို့ခေါ်​တဲ့ “မှတ်သား​မှု​သညာ
နာမ်​ခန္ဓာ​ကြီး” ရဲ့ ခန္ဓာ​ဝန်​တွေ​ပါ​ပဲ။

●ကိုယ့်​ရဲ့ အလို​ဆန္ဒ​အတိုင်း ပြီးစီး​ပြည့်စုံ​အောင်
ကြံစည်​ပြောဆို လုပ်ကိုင်​နေ​ရ​တာ​တွေ၊
လောဘ ဒေါသ​စ​တဲ့ စိတ်​အပူ​ဓာတ်​တွေ
အလောင်​မြိုက်​မ​ခံ​ရအောင်၊ သဒ္ဓါ၊ ပီ​တိ​စ​တဲ့
စိတ်​အအေး​ဓာတ်​တွေ လွှမ်း​ခြုံ​နေ​အောင်
ပြုလုပ်​အားထုတ်​နေ​ရ​တာ​တွေ​ကတော့
“သင်္ခါရက္ခန္ဓာ” လို့ခေါ်​တဲ့ “စေ့ဆော်​ဖန်တီး​မှု
သင်္ခါရ နာမ်​ခန္ဓာ​ကြီး” ရဲ့ ခန္ဓာ​ဝန်​တွေ​ပါ​ပဲ။

●အဆင်း​ကောင်း​ကောင်း၊ အသံ​ကောင်း​ကောင်း၊
အနံ့​ကောင်း​ကောင်း၊ အရသာ​ကောင်း​ကောင်း ဆို​တဲ့
ဣဋ္ဌာ​ရုံ အာရုံ​ကောင်း⁠ကောင်း​လေး​တွေ​ချည်း​ပဲ
တွေ့​ကြုံ​သိရှိ​ရအောင် ရွက်​ဆောင်​ဖန်တီး
နေ​ရ​တာ​တွေ​ကတော့
“ဝိညာဏက္ခန္ဓာ” လို့ခေါ်​တဲ့
“သိ​မှု​ဝိညာဉ် နာမ်​ခန္ဓာ​ကြီး” ရဲ့ ခန္ဓာ​ဝန်​တွေ​ပါ​ပဲ။

ခန္ဓာငါးပါး​ကို သဘောတူ​ရာ​ပေါင်း​ပြီး အတို​ချုပ်​လိုက်​ရင်
ရုပ်​နာမ်​နှစ်​ပါး​ပဲ ရ​ပါ​တယ်။
“ရုပ်​နာမ်​နှစ်​ပါး ခန္ဓာငါးပါး” ဟာ ဆင်းရဲ​ဒုက္ခ​အားလုံး​ရဲ့
တရားခံ​လက်သည် ပင်မ​ရေသောက်မြစ် ဖြစ်​ပါ​တယ်။

အို​ခြင်း​ဆင်းရဲ၊ နာ​ခြင်း​ဆင်းရဲ၊ သေ​ခြင်း​ဆင်းရဲ၊
ချစ်​သူ​ကွဲ​ဆင်းရဲ၊ မုန်း​သူ​တွဲ​ဆင်းရဲ၊ စိုးရိမ်​ပူဆွေး​ဆင်းရဲ၊
တမ်း​တငို​ကြွေး​ဆင်းရဲ၊ အပါယ်​လေး​ပါး​ဆင်းရဲ စ​တဲ့
ဆင်းရဲ​တွေ၊ ရာဂ​ကြောင့် ပူလောင်​ရ​တဲ့​ဆင်းရဲ၊
ဒေါသ​ကြောင့် ပေါက်ကွဲ​ရ​တဲ့​ဆင်းရဲ၊ မာန​ကြောင့်
လဲ​ပြို​ရ​တဲ့​ဆင်းရဲ၊ မ​နာလို​ဝန်တို​မှု ဣ​ဿာ​မစ္ဆ​ရိ​ကြောင့်
အခြောက်​တိုက်​ပင်ပန်း​နွမ်းနယ်​ရ​တဲ့ ဆင်းရဲ​စ​တဲ့
ဆင်းရဲ​တွေ၊ ဆင်းရဲ​ဒုက္ခ​တွေ အားလုံး​ဟာ
ဟော​ဒီ “ရုပ်​နာမ်​ခန္ဓာ” ကို အမှီပြု​ပြီး​တော့၊
ဟော​ဒီ ရုပ်​နာမ်​ခန္ဓာ​နဲ့ ဆက်​စပ်​ပြီး​တော့ ဖြစ်​ရ​တဲ့
ဆင်းရဲ​ဒုက္ခ​တွေ​ချည်း​ပါ​ပဲ။
ဒါ့​ကြောင့် ဆင်းရဲ​ဒုက္ခ​အစစ်​ဟာ ခန္ဓာ​ပါ​ပဲ၊
ရုပ်​နာမ်​နှစ်​ပါး ခန္ဓာငါးပါး​ပါ​ပဲ။
(လောကုတ္တရာ​ခန္ဓာ မ​ပါဝင်​ပါ။)

ဆင်းရဲ​က​လည်း….
သိသိ​သာသာ​ဆင်းရဲ၊
မ​သိ​မသာ​ဆင်းရဲ​နဲ့
သိ​စရာ​ဆင်းရဲ ဆို​ပြီး​တော့ သုံး​မျိုး ရှိ​ပါ​တယ်။

(၁)။“သိသိ​သာသာ​ဆင်းရဲ”
ဆို​တာ​ကတော့ အို​ခြင်း၊ နာ​ခြင်း​စ​တဲ့ လူ​တိုင်း​သိ​တဲ့
ကိုယ်​ဆင်းရဲ၊ စိတ်​ဆင်းရဲ​မျိုး​စုံ​ပါ​ပဲ။
ဆင်းရဲ​ဆို​မှ တ​ကယ့်​ဆင်းရဲ​ဖြစ်​လို့ “ဒုက္ခ​ဒုက္ခ”
လို့ ခေါ်​ပါ​တယ်။ ဒုက္ခ​မဟုတ်​ပါ​ဘူး လို့
ဘယ်​သူ​မှ၊ ဘယ်​လို​မှ၊ ငြင်းပယ်​လို့​မ​ရ​တဲ့ ဆင်းရဲ​ပါ။

(၂)။“မ​သိ​မသာ​ဆင်းရဲ” ဆို​တာ​ကတော့ အများ​က
ကောင်း​တယ်၊ ချမ်းသာ​တယ်​လို့ သတ်​မှတ်ထား​တဲ့
ကိုယ်​ချမ်းသာ၊ စိတ်​ချမ်းသာ သုခ​ဝေဒနာ​ပါ​ပဲ။
သုခ​အဖြစ်​နဲ့ မ​တည်​မြဲ​ဘဲ ဒုက္ခ​အဖြစ်
ဖောက်​ပြန်​ပြောင်းလဲ​သွား​တတ်​တဲ့ ဆင်းရဲ​ဖြစ်​လို့
“ဝိ​ပရိ​ဏာ​မ​ဒုက္ခ” လို့ခေါ်​ပါ​တယ်။
ချမ်းသာ​လို့ တ​ဒင်္ဂ​တစ်​ခဏ​ထင်​ရ​တဲ့ ဆင်းရဲ​ပါ။

(၃)။“သိ​စရာ​ဆင်းရဲ” ဆို​တာ​ကတော့ “ဖြစ်​ပျက်​ဆင်းရဲ”ပါ​ပဲ။
သင်္ခါရ လို့ခေါ်​တဲ့ ရုပ်​တရား၊ နာမ်​တရား​တွေ​ရဲ့
ပင်​ကို​သ​ဘာ​ဝ ဆင်းရဲ​ဖြစ်​လို့ “သင်္ခါရ​ဒုက္ခ”
လို့ ခေါ်​ပါ​တယ်။
ခေတ္တ​ခဏ​လေး​တောင် တည်တံ့​ခိုင်​မြဲ​မ​နေ​တဲ့
ရုပ်​နာမ်​ခန္ဓာ​ရဲ့ ဖြစ်​ပြီး ချက်ချင်း​ပျက်၊
ဖြစ်​ပြီး ချက်ချင်း​ပျက်​နေ​တဲ့ ဆင်းရဲ​ပါ။
သံသရာ​ဝဋ် ခန္ဓာ​ညွတ်​မှ ကျွတ်လွတ်​လို​သူ​တိုင်း
မ​သိ​မ​ဖြစ် သိ​အောင်​လုပ်​ရ​မယ့် ဆင်းရဲ​ပါ။

■ဒုက္ခ⁠ဒုက္ခ​နဲ့ “ဝိ​ပရိ​ဏာ​မ​ဒုက္ခ” ကို သိ​ရုံ​နဲ့
ခန္ဓာ​ဆင်းရဲ​က မ​လွတ်မြောက်​နိုင်​သေး​ပါ​ဘူး။
“သင်္ခါရ​ဒုက္ခ” ကို သိ​မှ ခန္ဓာ​ဆင်းရဲ​က
လွတ်မြောက်​နိုင်​ပါ​တယ်။

သင်္ခါရ​ဒုက္ခ​ကို သိ​အောင်​လုပ်​တဲ့​နည်း​က​လည်း
သတိ​ပဋ္ဌာန်​ဝိပဿနာ​တရား​က လွဲ​လို့ တခြား​မ​ရှိ​ပါ​ဘူး။
ဒွါရ​ခြောက်​ပါး​မှ ပေါ်လာ​တဲ့ အာရုံ​ခြောက်​ပါး​ကို
ပေါ်​တိုင်းပေါ်​တိုင်း၊ ပေါ်​ခိုက်ပေါ်​ခိုက်​မှာ
ပစ္စုပ္ပန်​ကျ​ကျ ရှု​မှတ်​သွား​မယ်​ဆို​ရင် ရုပ်​နာမ်​ခန္ဓာ​ရဲ့
သင်္ခါရ​ဒုက္ခ​ကို သိမြင်​နိုင်​ပါ​တယ်။

မြင်​သ​မျှ၊ ကြား​သ​မျှ၊ နံ​သ​မျှ၊ စား​သ​မျှ၊ ထိ​သ​မျှ၊
သိ​သ​မျှ အာရုံ​တွေ​ကို မြင်​တိုင်း၊ ကြား​တိုင်း၊
နံ​တိုင်း၊ စား​တိုင်း။ ထိ​တိုင်း၊ သိ​တိုင်း၊
မြင်​ခိုက်၊ ကြား​ခိုက်၊ နံ​ခိုက်၊ စား​ခိုက်၊ ထိခိုက်၊
သိ​ခိုက်​မှာ မြင်-မြင်​တယ်၊ ကြား-ကြား​တယ်၊
နံ-နံ​တယ်၊ စား-စား​တယ်၊ ထိ-ထိ​တယ်၊
သိ-သိ​တယ်​လို့ သတိ​ပဋ္ဌာန်​နည်း​လမ်း​အတိုင်း
ဝိပဿနာ​ရှု​ပွား​သွား​မယ်​ဆို​ရင်​ရုပ်​နာမ်​နှစ်​ပါး၊
ခန္ဓာငါးပါး​ကို ရှု​ပွား​ရာ​ရောက်​ပြီး သတိ၊ သမာဓိ၊
ဉာဏ် အား​ကောင်း​လာ​တာ​နဲ့​အမျှ ရုပ်​နာမ်​ကွဲ၊
ကြောင်း​ကျိုး​သိ၊ ဖြစ်​ပျက်​မြင်၊ လက္ခဏာ​ထင်​ပြီး
ခန္ဓာ​ဆင်းရဲ​တို့​ရဲ့ ချုပ်​ငြိမ်း​ရာ နိဗ္ဗာန်​ချမ်းသာ​ကို
မျက်မှောက်ပြု​နိုင်​ပါ​လိမ့်​မယ်။

တစ်​လောက​လုံး​ရဲ့ အနှိုင်း​မဲ့​ကျေးဇူးရှင်​ဖြစ်​တဲ့
မြတ်​စွာ​ဘုရားရှင်​က ခန္ဓာ​ဆင်းရဲ၊ ခန္ဓာ​ဝန်​ထမ်း​ရ​ခြင်း​ဆင်းရဲ​ဟာ
အနှိုင်း​မဲ့​ဆင်းရဲ​ဖြစ်​တယ်​လို့ “နတ္ထိ ခန္ဓာ​သ​မာ ဒုက္ခာ”
ဆို​တဲ့ စ​ကားတော်​နဲ့ ဟောကြား​ညွှန်ပြ​ထား​တာ​မို့
လူ​သား​တိုင်း၊ လူ​သား​တိုင်း ခန္ဓာ​ဆင်းရဲ​ဆို​တဲ့
“အနှိုင်း​မဲ့​ဆင်းရဲ” ကို အကြွင်းမဲ့ ချုပ်​ငြိမ်း​အောင်
ရုပ်သိမ်း​နိုင်​ကြ​ပါ​စေ​လို့
ဆု​မွန်​ကောင်း​တောင်း​လိုက်​ပါ​တယ်။
credit to Youngbuddhist