အသက် (၂​၇)နှစ်​အရွယ် မော်​ဒယ်​တစ်​ဦး​ဖြစ်​သ​လို ဒီ​ဇိုင်​နာ​တစ်​ဦး​လည်း ဖြစ်​တဲ့ Kelly Lee Dekay ဟာ သူမ​လိုချင်​တဲ့ ခါး​ဆိုက်ဒ်​အရွယ်​ရ​ရှိ​ဖို့​အတွက် သေး​လွန်း​တဲ့​အပြင်၊ ကျပ်​လွန်း​တဲ့ ကိုယ်​လုံး​လှ​အတွင်းခံ​ဘောင်းဘီ​ကို ဝတ်​ဖို့ စိတ်​ဆန္ဒ​ပြင်းပြ​နေ​ခဲ့​ပါ​တယ်။ သူမ​ကြိုက်​နှစ်သက်​တဲ့ ကာ​တွန်း​ကာ​ရိုက်​တာ Jessica Rabbit နဲ့ အမျိုးသမီး​စွမ်းအား​ရှင်​တွေ​လို ခါး​သေး​ရင်​ချီ​ပုံစံ​မျိုး လိုချင်​နေ​ခဲ့​တာ​ပါ။

“အရွယ်ရောက်​လာ​တဲ့​အခါ သူ​များ​နဲ့​မ​တူ​တဲ့ စ​တိုင်လ်၊ လှပ​တဲ့ ဝတ်​စုံ​တွေ​ကို ဝတ်​ချင်​လာ​တယ်။ ဒါ​တွေ​အားလုံး​ကို ကာ​တွန်း​တွေ​ထဲ​မှာ တွေ့​ရ​တယ်။ အဲ့​ဒါ​နဲ့​ပဲ တော်တော်​လေး​ကျပ်​တဲ့ အား​ကစား​လုပ်​တဲ့​အခါ​ဝတ်ဆင်​နိုင်​တဲ့ အတွင်းခံ​အကျပ်​တွေ​ကို စ​ဝတ်​ဖြစ်​တာ​ပဲ။ ဒါ​ပေ​မယ့် အတွင်းခံ​တွေ စ​ဝတ်​ကတည်းက ဘယ်​လို အစ​မျိုး​ကို ဘယ်​လို​ချုပ်​ရင် ကိုယ်​လိုချင်​တဲ့​အရွယ်​အစား​ကို ရ​နိုင်​မယ်​ဆို​ပြီး သေချာ​ကို တွက်​ဆ​ချုပ်​ခဲ့​တာ​ပါ။ ကာ​တွန်း​ကာ​ရိုက်​တာ​တွေ​လို ဖြစ်​ချင်​ပေ​မယ့် ကိုယ့်​ကိုယ်​ပိုင်​ပုံစံ​ဒီ​ဇိုင်း​လည်း ဖြစ်​ချင်​ပါ​သေး​တယ်။ စူ​ပါ​ဟီး​ရို​ဆို​ပေ​မယ့် လူဆိုး​နေရာ​က ပါဝင်​ရ​တံ စူ​ပါ​ဟီး​ရိုး​မျိုး​ကို ပို​ကြိုက်​လို့​ပါ”လို့ သူမ​က Daily Mail Uk ကို ပြော​ခဲ့​ပါ​တယ်။

သူမ​အတွက်​ကတော့ ခါး​သေး​ဖို့​တစ်​ခု​တည်း​တင် ခု​လို​ဝတ်ဆင်​တာ​မဟုတ်​ပဲ ဒါ​ဟာ လိင်​ပိုင်း​ဆိုင်​ရာ​သာ​မက အနု​ပညာ​တစ်​ရပ်​လည်း ဖြစ်​တယ်​လို့ ခံယူ​ထား​ပါ​တယ်။

ဒါ့​အပြင် Kelly က သူမ​ခု​လို​လုပ်​ခြင်း​ဟာ သူမ​အတွက် သူမ​လုပ်ဆောင်​ခဲ့​တာ​သာ​ဖြစ်​ပြီး အမျိုးသား​တွေ ငေး​သွား​ရအောင် လုပ်​ရ​ခြင်း​မျိုး​မဟုတ်​ပါ​ဘူး​တဲ့။ သူမ​ကိုယ်​သူမ မိန်းမ​ဝါ​ဒီ​သမား​အဖြစ်​သာ​မက လိင်​တူ​ချင်း ချစ်ခင်​တာ​မျိုး​ကို အားပေး​သ​လို ဖိုက်​တာ​တစ်​ယောက်​ဆို​ရင်​လည်း မ​မှား​ပါ​ဘူး​လို့ ဆို​ထား​ပါ​တယ်။ Kellyဟာ သူမ​ခါး​ဆိုက်ဒ်​သေး​အောင် မ​လုပ်​ခင်​မှာ ဆရာဝန်​နဲ့​တိုင်ပင်​တာ​မျိုး​တွေ ဘာ​တွေ​မ​လုပ်​ခဲ့​ပေ​မယ့် ခု​နောက်​ပိုင်း ဆေး​စစ်​တဲ့​အခါ​မှာ​တော့ သူမ​ရဲ့​ကျန်းမာ​ရေး​ဟာ ဘာ​ချို့​ယွင်း​ချက်​မှ မ​ရှိ​ဘူး​လို့ သူမ​က ဖြေ​ကြား​သွား​ပါ​တယ်။

သူမ​ခု​လို ခါးစည်း အတွင်းခံ​ကို တောက်​လျှောက်​ဝတ်ဆင်​ခဲ့​ပေ​မယ့် အခက်​အခဲ​တွေ​ရှိ​တယ်​ဆို​တဲ့​အကြောင်း​ကို​လည်း “ခါး​က ကျပ်စည်း​ထား​သ​လို ဖြစ်​နေ​တဲ့​အတွက် လှေကား​တက်​တဲ့​အခါ၊ လေး​တဲ့​အရာ​တစ်​ခု⁠ခု​ကို မ​တဲ့​အခါ​တွေ​မှာ​တော့ နည်း⁠နည်း​ခက်ခဲ​တာ​မျိုး​တွေ ရှိ​ပါ​တယ်။ ဒါ​ပေ​မယ့် ကျွန်မ​ကတော့ ခါးစည်း​အတွင်းခံ​ကို တောင်​တက်​တဲ့​အခါ​လည်း ဝတ်တက်​တာ​ပဲ။ အား​ကစား​လုပ်​တဲ့​အခါ​တွေ​မှာ​တောင် မချွတ်​ခဲ့​ပါ​ဘူး”လို့ ဆို​ပါ​တယ်။ ဒါ​တင်​မက​သေး​ပါ​ဘူး။ ခု​လို လုပ်ဆောင်​တဲ့​နေ​တဲ့​သူမ​ကို facebook နဲ့ instagram စာ​မျက်နှာ​တွေ​မှာ ဝိုင်းဝန်း​ပြောဆို​နေ​ကြ​ပေ​မယ့် သူမ​ကတော့ နည်း⁠နည်း​မှ ဂရု​မ​စိုက်​ခဲ့​ပါ​ဘူး​တဲ့။

“ဒါ​ကို​စ​လုပ်​ကတည်းက ငါ့ကို ဝိုင်း​ပြီး​ပြော​ကြ​ဦး​မယ်။ စိတ်​အနှောင့်​အယှက်​ဖြစ်​ရ​ဦး​မယ်​ဆို​တာ သိ​ပြီး​သား​ပါ။ ဒါ​ပေ​မယ့် ဒါ​ကို​ဝတ်ဆင်​တဲ့​အတွက် ကိုယ့်​ဘာသာ​ကိုယ်​ကျေနပ်​တယ်။ ဖြစ်လာ​တဲ့​အကျိုး​ရ​လာဒ်​ကို ကျေနပ်​တယ်။ လူ​တိုင်း​ဟာ ကိုယ့်​စိတ်​နဲ့​ကိုယ်​ပါ​ပဲ။ ကိုယ့်​ခန္ဓာ​ကိုယ်​အတွက် ကိုယ့်​ဆုံးဖြတ်ချက်​က အရေးကြီး​ပါ​တယ်။ လူ​တွေ​ပြော​သ​မျှ လိုက်​နေ​ပေး​ရ​မယ်​ဆို​ရင် ကိုယ့်​စိတ်ကူး၊ ကိုယ့်​အိပ်မက်​တွေ​ကို ဘယ်​သုံး​စား​လို့​ရ​တော့​မှာ​လဲ။ ဒါ့​ကြောင့် သူ​များ​တွေ​ရဲ့ အဆို​ပြု​ချက်​တွေ​ကို ပယ်​ချ​လိုက်​ပြီး ကိုယ့်​စိတ်​ကြိုက် ပျော်​ရွှင်​အောင်​နေ​တယ်။ ဒါ​ဟာ မိန်းမ​ဝါ​ဒီ​ပဲ။ ကိုယ့်​ရဲ့​ခန္ဓာ​ကိုယ်၊ ကိုယ့်​ရဲ့​ရွေးချယ်​မှု။”လို့ သူမ​က Cosmopolitan.com ကို ဖွင့်​ဟ​သွား​ပါ​တယ်။

Credit to Trend Myanmar