ပြည်ထောင်​စု လွှတ်တော်​က အတည်ပြု​ပြီး တောင်း​ဆို​ထား​တဲ့ ၆ ပွင့်​ဆိုင် တွေ့​ဆုံ ဆွေးနွေး​ရေး တောင်း​ဆို မှု​ဟာ လောလောဆယ် ဖြစ်​နိုင်​မှာ မဟုတ်​သေး ဘူး​လို့ သမ္မတ ဦး​သိန်း​စိန်​ရဲ့​ပြော​ခွင့်​ရ​သူ ပြန်ကြား​ရေး ဝန်ကြီး​ဦး​ရဲ​ထွဋ် က ဒီ​က​နေ့ ပြော​ကြား လိုက်​ပါ​တယ်၊

အစိုးရ​အနေ​နဲ့ န်ိုင်​ငံ​ရေး တွေ့​ဆုံ ဆွေးနွေး​ပွဲ တွေ​ကို အဖွဲ့​အစည်း တွေ​ကို အခြေ​ခံ​ပြီး စဉ်းစား ဆောင်ရွက် တာ ဖြစ်​ပေ​မဲ့ အခု ၆ ပွင့်​ဆိုင် တွေ့​ဖို့​တောင်း​ဆို​တာ​ဟာ လူ​ပုဂ္ဂိုလ်​ကို အခြေ​ခံ​တာ​မို့ လက်တွေ့​နဲ့ မ​နီးစပ်​ဘူ လို့ ဦး​ရဲ​ထွဋ်​က RFA ကို ပြော​ပါ​တယ်။

“ကျနော်​တို့​အမြင်​ကတော့ ချဉ်းကပ်​ပုံ​ချင်း​က အတော်​ကွဲပြား​နေ​တဲ့​အတွက်​ကြောင့် လောလောဆယ်​တော့ ဖြစ်​နိုင်​ဦး​မယ်​မ​ထင်​ဘူး၊ ကျနော်​တို့​ရဲ့ ချဉ်းကပ်​ပုံ​ချင်း​က အဖွဲ့​ကို​အခြေ​ခံ​ပြီး​တော့ စဉ်းစား​ပါ​တယ်၊ ဒါပေမဲ့ ဒေါ်​အောင်​ဆန်း​စု​ကြည်​ရော၊ လွှတ်တော်​ရော ချဉ်းကပ်​ပုံ​တွေ​က ပုဂ္ဂိုလ်​ကို အခြေ​ခံ​တာ​ဖြစ်​လေ​တော့ ကျနော်​တို့​နဲ့ အတော်​ကွာ​ပါ​တယ်၊ နောက်​တစ်​ခု​က မနေ့​က​ဆွေးနွေး​ပွဲ​မှာ​လည်း တိုင်း​ရင်း​သား​ပါ​တီ​ထဲ​က တိုင်း​ရင်း​သား​အားလုံး​ထဲ​က တစ်​ယောက်​ဆို​တာ​က မ​ဖြစ်​နိုင်​ဘူး၊ ဘာ​ဖြစ်​လို့​လဲဆို​တော့ ကွဲပြား​တဲ့​တိုင်း​ရင်း​သား​တွေ ရှိ​တဲ့​အတွက်​ကြောင့်​မို့ ကွဲပြား​တဲ့​အမြင်​ကို​ပြော​နိုင်​ဖို့ များ⁠များ​လိုချင်​တယ်​လို့​ပြော​တယ်၊ နောက်​တစ်​ခု​က တကယ်​ရွေး​မယ်​ဆို​ရင်​လည်း လွှတ်တော်​ကတင်​မဟုတ်​ဘဲ​နဲ့ သူ​တို့ တိုင်း​ရင်း​သား​ပါ​တီ​တွေ​အားလုံး​က ရွေး​တာ​မျိုးပဲ​ဖြစ်​သင့်​တယ် သဘော​ပြော​တော့ သူ​တို့​ရဲ့ ၆ ပွင့်​ဆိုင်​က လက်​တွေ​နဲ့ သိပ်​မ​နီးစပ်​ဘူး​လို့ ကျနော်​တို့​ထင်​ပါ​တယ်”

ဖွဲ့​စည်း​ပုံ​အခြေ​ခံ​ဥပဒေ ပြင်ဆင်​နိုင်​ရေး​နဲ့ မြန်​မာ့​နိုင်ငံ​ရေး အခြေအနေ​တွေ​အတွက် ခြောက်​ပွင့်​ဆိုင်​တွေ့​ဆုံ ဆွေးနွေး​မှု​ကို ဆော​လျင်​စွာ​ပြုလုပ်​ရေး​အတွက်​ဆို​ပြီး နိုဝင်ဘာ ၂​၅ ရက်​နေ့​က ကျင်းပ​တဲ့ ပြည်ထောင်​စု လွှတ်တော်​မှာ ပြည်ထောင်​စု ကြံ​ခိုင်​ရေး​နဲ့ ဖွံ့ဖြိုး​ပါ​တီ​ရဲ့ လွှတ်တော်​ကိုယ်စားလှယ်​တစ်​ဦး​က အရေးကြီး​အဆို တင်​သွင်းခဲ့​ပြီး၊ ပြည်ထောင်​စု လွှတ်တော်​က​လည်း အဲ​ဒီ​အဆို​ကို ကန့်ကွက်​သူမ​ရှိ အတည်ပြု​ခဲ့​တာ​ဖြစ်​ပါ​တယ်။

အဲ​ဒီ ၆ ပွင့်​ဆိုင် တွေ့​ဆုံ​ဆွေးနွေး​ရေး​အစီ​အစဉ်​ကို ၄ ပွင့်​ဆိုင် တွေ့​ဆုံ​ရေး​တောင်း​ဆို​ထား​တဲ့ NLD ပါ​တီ​ဥက္ကဌ ဒေါ်​အောင်​ဆန်း​စု​ကြည်​က သဘောတူ​လက်ခံ​ကြောင်း ပြောဆို​ထား​ပါ​တယ်။

Credit to RFA