ကမ္ဘာကျော်​ဝတ္ထု​ကို အသက်​သွင်း​ပုံဖော်​ထား​တဲ့ လျှို့​ဝှက်​ဆန်းကြယ်​သည်း​ထိတ်​ရင်​ဖို ဇာတ်​ကား​လေး​အကြောင်း ဖော်​ပြ​ချင်​ပါ​တယ်။ စိတ်​သောက​ရောက်​စရာ မတော်တဆ​မှု​ကြောင့် မှတ်ဉာဏ်​ပျောက်​ဆုံး​နေ​တဲ့ အမျိုးသမီး​တစ်​ဦး​အကြောင်း ဇာတ်​အိမ်ဖွဲ့​ရိုက်​ကူး​ထား​တာ​ပါ။

အသက် (၄​၀) အရွယ် ခ​ရစ္စ​တင်း​လူ​ကက်စ်​အိပ်ရာ​က နိုး​လာ​ချိန်​မှာ​တော့ ဘယ်​မှန်း​မ​သိ​တဲ့ အမျိုးသား​တစ်​ယောက်​နဲ့ အကျွမ်းတဝင်​မ​ရှိ​တဲ့ အိမ်​ထဲ​မှာ အိပ်​နေ​တာ​ကို တွေ့​ရ​ပါ​တယ်။ အဲ​ဒီ​အမျိုးသား​က ခ​ရစ္စ​တင်း​ရဲ့ ခင်ပွန်း ဖြစ်​သူ ဘန်​ဖြစ်​ပြီး လွန်​ခဲ့​တဲ့ ၁​၀ နှစ်​လောက်​တုန်း​က ယာဉ်​မတော်တဆ​မှု ပြင်း​ပြင်းထန်​ထန်​ဖြစ်​ခဲ့​တာ​ကြောင့် မှတ်ဉာဏ်​ပျောက်​တဲ့ ရောဂါ​ကို ခ​ရစ္စ​တင်း​ခံစား​နေ​ခဲ့​ရ​တာ​ပါ။

ခ​ရစ္စ​တင်း​ဟာ ဦးနှောက်​နဲ့ အာရုံကြော​ပါ​ရ​ဂူ ဒေါက်​တာ နက်စ်ခ်ျ​နဲ့ ရောဂါ​ကု​သ​နေ​တာ​ဖြစ်​ပြီး ခ​ရစ္စ​တင်း​ရဲ့ နေ့စဉ်​ပြု​မှု​လှုပ်ရှား​တာ​တွေ​ကို ဘန်​မ​သိ​အောင် ကင်​မ​ရာ​နဲ့ ရိုက်​ကူး​ထား​စေ​ပြီး မနက်​တိုင်း ပြန်​ကြည့်​ခိုင်း​ခဲ့​ပါ​တယ်။ ဒီ​လို​နဲ့ ကု​သလာ​ရင်း တစ်​နေ့​မှာ ခ​ရစ္စ​တင်း​ဟာ​က​လဲ​လို့ခေါ်​တဲ့ ဆံပင်​အနီ​နဲ့ အမျိုးသမီး​တစ်​ယောက်​ကို ခပ်​ရေးရေး​မှတ်မိ​နေ​ခဲ့​ပါ​တယ်။ ဘန်​ကတော့​က​လဲ​ဟာ ခ​ရစ္စ​တင်း​ရဲ့ သူငယ်ချင်း​ဖြစ်​ပြီး ခ​ရစ္စ​တင်း​ကျန်းမာ​ရေး မ​ကောင်း​ချိန်​က​စ​လို့ အဆက်​အသွယ်​ပြတ်​နေ​ခဲ့​တာ​လို့ ပြော​ပြ​ခဲ့​ပါ​တယ်။

နောက်​ပိုင်း​မှာ​တော့ ခ​ရစ္စ​တင်း​ဟာ​သူ့​သား​လေး​နဲ့ ပတ် သက်​ပြီး ပြန်​မှတ်မိ​ခဲ့​ပြီး ကလေး​ကို ဖုံးကွယ်​ထား​မှု​နဲ့​ဘန်​နဲ့ စကား များ​ခဲ့​ကြ​ပါ​တယ်။ သူ​တို့​ရဲ့​သား လေး​ဟာ အသက် (၈)နှစ်​အရွယ် က ဦးနှောက်​အမြှေး​ရောင်​ရောဂါ​နဲ့ ကွယ်​လွန်​ခဲ့​တယ်​လို့ ဘန်​က ရှင်း​ပြ​ခဲ့​ပါ​တယ်။ ခ​ရစ္စ​တင်း​ဟာ သူ့​ကို​တိုက်ခိုက်​သူ​ရဲ့​နာမည်​လို့ ယူဆ​ရ​တဲ့ မိုက်ခ်​ဆို​တဲ့ အမည်​တစ်​ခု​ကို မှတ်မိ​လာ​ခဲ့​ပါ​တယ်။

ဆေးကု​သ​မှု​တွေ​ကြောင့် ခ​ရစ္စ​တင်း​ဟာ တ​ဖြည်း⁠ဖြည်း​မှတ်မိ​လာ​ခဲ့​ပြီး သူ​နဲ့​အတူ​ရှိ​နေ​တဲ့ ဘန်​ဆို​သူ​က သူ့​ခင်ပွန်း​အစစ် မဟုတ်​ဘူး​ဆို​တဲ့ အချက်ပေါ်​လာ​ပါ​တော့​တယ်။ သူ​နဲ့​အတူ ရှိ သူ​က ဘယ်​သူ​လဲ။ ခင်ပွန်း​နဲ့ ကလေး​က​ကော ဘယ်​မှာ​ရှိ​နေ​တာ​လဲ။ ခ​ရစ္စ​တင်း​တစ်​ယောက် မှတ်ဉာဏ်​အကုန်​ပြန်​ရ​နိုင်​မ​လား​ဆို​တာ​တော့ ဇာတ်​လမ်း​အရသာ ပျက်​မှာ​စိုး​လို့ အကုန်​မဖော်​ပြ​တော့​ဘူးနော်။ ဒီ​ဇာတ်​ကား​ထဲ​မှာ ခ​ရစ္စ​တင်း​အဖြစ် နစ်​ကိုး​ကစ်ဒ်​မန်း၊ ဘန်​အဖြစ် ကော​လင်း​ဖာ့သ်၊ ဒေါက်​တာ​နက်စ်ခ်ျ​အဖြစ် မာ့ခ်​စ​ထ​ရောင်း၊ က​လဲ​အဖြစ် အန်​နီ​မာ​ရီ​ချက်ပ်​မန်း​တို့​က သရုပ်ဆောင်​ထား​ကြ​တာ​ပါ။

Credit to 7Day Daily